လက်ပံတန်းသပိတ်ကျောင်းသားတွေကိုလည်း တရားရုံးထဲ လက်ထိတ်တန်းလန်းတွေနဲ့ ခေါ်သွင်းနေတာတွေ့ရတော့ အတော်လေး အံ့သြတယ်။
ကျောင်းသူ မဖြိုးဖြိုးအောင်က တရားရုံးဥပဒေနဲ့ မလျှော်ညီလို့ လက်ထိတ်ဖြုတ်ပေးပါလို့ တောင်းဆိုတာကြောင့် တရားသူကြီးက လက်ထိတ်ဖြုတ်ပေးလိုက်တယ်လို့ သတင်းကြားရပါတယ်။
မြန်မာနိုင်ငံ တရားရုံးတွေမှာ တရားစီရင်ဆုံးဖြတ်မှုမရှိသေးဘဲ တရားခံလို ပြုမူဆက်ဆံတာမျိုး၊ အာမခံပေးလို့ရမယ့် အမှုတွေဖြစ်သော်ငြားလည်း ရာဇဝတ်သား၊ ဒုစရိုက်မှု ကျူးလွန်တော့မလိုလို တရားရုံးထဲအထိ ခြေကျဉ်း၊ လက်ထိတ်တွေနဲ့ ရုံးထုတ်နေမှုဟာ အတော့်ကို အရုပ်ဆိုးလွန်းပါတယ်။ မြန်မာနိုင်ငံက တရားရုံးတွေ အဲလောက်အထိ လူ့ယဉ်ကျေးမှု မရှိ၊ စာနာဂရုဏာတရား ခေါင်းပါးကုန်ကြပြီလားလို့ မေးခွန်းထုတ်ရတော့မှာ ဖြစ်တယ်။
လွန်ခဲ့တဲ့ ၁၉၈၉ နှစ်ကုန်ပိုင်းက ကျနော်ဟာ ဒုက္ခသည်စခန်းကနေ အပြင်ထွက်မိလို့ အိန္ဒိယနိုင်ငံ မဏိပူရထောင်ထဲ တနှစ်နီးပါး နေခဲ့ဖူးတယ်။ အမှုက ထောင်ဒဏ် ၃ လနဲ့ ပြီးသွားနိုင်တဲ့ တရားမဝင် ပြည်ပခိုးဝင်မှုဆိုပေမယ့် မြန်မာပြည် ပြန်ပို့ရင် ထပ်မံ အဖမ်းခံရမှာစိုးလို့ ရက်အကန့်အသတ်မရှိ ထောင်ကျနေတာပါ။
အဲဒီတုန်းက ကျနော်နဲ့ ထောင်အတူကျတဲ့ ကိုညီညီလွင်ကို လက်ထိတ် အမြဲပူးခတ်ပြီး တရားရုံးထုတ်လေ့ရှိတယ်။ ဒါပေမယ့် တရားရုံးဝင်ခါနီး တာဝန်ကျရဲက လက်ထိတ်ကို ဖြုတ်ပေးတယ်။ တရားရုံးထဲက ပြန်ထွက်ရင် လက်ထိတ် ပြန်ခတ်တယ်။ အမှုရင်ဆိုင်နေသူတိုင်းကို အဲလိုပဲ ရုံးထဲကပြန်ထွက်မှ လက်ထိတ်ပြန်ခတ်တယ်။
ထောင်မကျခင် တခြားမြို့နယ်တခုကနေ ရဲတွေက လက်ထိတ်ခတ်ပြီး တနာရီကြာ ကားမောင်းသွားရမယ့် အင်ဖား အကျဉ်းထောင်ကို ပို့မယ်လုပ်တော့ကျနော်က စခန်းမှုးကို “ကျနော့်ဘဝမှာ ဒါ ပထမဆုံးအကြိမ် လက်ထိတ်ခတ်ခံရတာပဲ” လို့ ရယ်မောပြောလိုက်တော့ ကသဲလူမျိုး စခန်းမှူးကြီးက စိတ်မကောင်းဖြစ်သွားပုံရတယ်၊ ရဲတွေကို လက်ထိတ် ဖြုတ်ခိုင်းလိုက်တယ်။ ဒါဟာ ဘာသာခြား၊ လူမျိုးခြား၊ နိုင်ငံခြားသားပေမယ့် စာနာဂရုဏာဖြစ်မှု၊ ကျောင်းသားအရွယ် လူငယ်လေးတွေမို့ သနားညှာတာမှုရှိတဲ့စိတ်ကို ပြခဲ့တာပါ။ အဲဒီစခန်းမှူးရဲ့ ကြင်နာမှုကို ဒီနေ့အထိ မမေ့နိုင်ဘူး။
အခုတော့ ကျနော်တို့တိုင်းပြည်မှာ တရားရေးမဏ္ဍိုင်တခုလုံး ခြစားပျက်ဆီးနေပါပြီ။ တရားရေးအမှုထမ်းတွေက သီလ၊ သမာဓိတွေပျက်ပြီး ကျောင်းသားငယ်လေးတွေ၊ တိုင်းပြည်ကောင်းဖို့ ကိုယ်ကျိုးမဖက် နိုင်ငံရေးလှုပ်ရှားနေသူတွေကို အညှိုးတကြီးနဲ့ အပြစ်ဒဏ်တွေ ချ၊ လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုမူနေတာတွေကိုမြင်ရတော့ စိတ်မချမ်းမသာ ဖြစ်ရတယ်။ ဒီစိတ်ဓာတ်နဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်လို့ မရနိုင်ပါ။
ကိုထင်ကျော်တို့၊ ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်တို့ကိုလည်း ခြေထိတ်၊ လက်ထိတ်တွေ မဖြုတ်ဘဲ တရားရုံးထဲအထိ ခေါ်သွင်းတာကိုမြင်ရတော့ အတော် ရက်စက်ရာကျပါတယ်။ တကယ်တော့ သံခြေကျင်းတောင် မခတ်သင့်ပါဘူး။
ကျောင်းသားတွေကိုလည်း လက်ထိတ်တန်းလန်းနဲ့ တရားရုံးထဲသွင်းတာဟာ အတော်ရုပ်ဆိုးတယ်။ တရားသူကြီးကိုယ်တိုင် တရားခံအဖြစ် အမိန့်မချရသေးတဲ့ ဘာမှ အန္တရာယ်မပေးနိုင်တဲ့ အကြမ်းမဖက် ဆန္ဒပြကျောင်းသားတွေကို လက်ထိတ်တန်းလန်းနဲ့ တရားရုံးထဲ ဝင်ခွင့်ပေးတာမျိုး အပြုလုပ်သင့်ဘူး။ တရားရုံးရဲ့ ဂုဏ်သိက္ခာလည်း ညှိုးနွမ်းရာကျတယ်။ လူမဆန်ရာကျတယ်။ တရားလက်လွှတ်ပြုမူနေပုံကို ပြသရာရောက်တယ်။
အိန္ဒိယမှာ ကျနော်တို့ကို လက်ထိတ်ခတ်တော့ ရဲက လက်ထိတ်ကြပ်နေလား၊ လက်နာလားဆိုတာ မေးတယ်။ ကြပ်ရင်၊ နာရင် လျှော့ပေးတယ်။ တခါက ကိုညီညီလွင်ရဲ့လက်ထိတ်က ချောင်ပြီး လက်ကိုဆွဲချွတ်လို့ရတဲ့အထိ သက်သက်သာသာ ခတ်ပေးထားတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မဏိပူရထောင်က ရဲတွေတောင် အကျဉ်းသားတွေကို ညှာတာပါတယ်။
အခု မြန်မာပြည်က ပြုမူပုံက နိုင်ငံရေးလှုပ်ရှားသူတွေကို လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပုံစံပေးနေသလိုပဲ။ ပြီးတော့ စိတ်ပိုင်းဆိုင်ရာ ညှင်းဆဲမှုတမျိုးလည်း ဖြစ်တယ်။ တရားရုံးထုတ်တဲ့ လူတယောက်ကို အဲလို စိတ်ကျဉ်းကြပ်အောင် စိတ်ပိုင်းဆိုင်ရာ ဒဏ်မခတ်သင့်ပါဘူး။ ဒါ တရားလက်လွတ်ပြုမူခြင်း ဖြစ်တယ်။
အခု သပိတ်မှောက်ကျောင်းသားတွေဟာ ရာဇဝတ်သားတွေ၊ လူသတ် ဒုစရိုက်သမားတွေ မဟုတ်ဘူး။ တိုင်းပြည်အနာဂတ် ကောင်းမွန်ဖို့ အနစ်နာခံ အားထုတ်နေသူတွေဖြစ်တယ်။ နိုင်ငံတော်ရဲ့ ရင်နှစ်သည်းခြာ သားသမီးတွေ ဖြစ်တယ်။ အနာဂတ် ခေါင်းဆောင်တွေလည်း ဖြစ်တယ်။ သူတို့ကို ပြုစုပျိုးထောင် မြေတောင်မြှောက်ပေးရမယ့်အစား စိတ်ဒဏ်ရာတွေရအောင် လုပ်နေတာ အလွန့်အလွန် မှားယွင်းတယ်။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းထဲမှာ ဒါမျိုးပုံစံတွေ မရှိသင့်ဘူး။
ဒါကြောင့် တရားရုံးထဲ ကျောင်းသားတွေကို လက်ထိတ်ဖြုတ်ပေးဖို့ ရှေ့နေတွေ၊ ဥပဒေဝန်ထမ်းတွေကပါ ဝိုင်းဝန်း တောင်းဆိုသင့်တယ်။ နိုင်ငံရေးသမားတွေကို ခြေကျင်းခတ်၊ လက်ထိတ်ခတ်ပြီး တရားရုံးထဲ သွင်းတာကို ဝိုင်းဝန်း ရှုတ်ချသင့်တယ်။ ကျနော်တို့မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ဟာ အဲလောက် အရိုင်းမဆန်သင့်တော့ဘူး။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းကိုသာ တည်ဆောက်ကြရမှာ ဖြစ်တယ်။ ။
ကိုညို (အော်စလို)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment