Sunday, March 29, 2015

ယမမင်း တိုင်းပြည် (ခင်မမမျိုး)

မတ်လ ၂၅ ရက်နေ့၊ ၂၀၁၅
လက်ပံတန်းတရားရုံး

သာယာဝတီထောင်က ထွက်လာတဲ့ ယာဉ်တန်းတွေနောက်လိုက်ရင်း လက်ပံတန်းတရားရုံးကို သွားဖြစ်ခဲ့ကြပါတယ်။ လက်ပံတန်းတရားရုံးရှေ့မှာတင် စိတ်မကောင်းစရာ မြင်ကွင်းတွေက ဆီးကြိုနေတော့တာပါပဲ။ တရားရုံးဝင်ပေါက်ရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ပိတ်ဆို့တားဆီးထားကြတယ်။

ရဲတွေရှေ့မှာတော့ ငိုယိုနေကြသူတွေ။ တယောက်က ငိုရင်း ပြောတယ်။ မတရားမလုပ်ကြပါနဲ့တဲ့။ ဘာဖြစ်နေတာလဲလို့ သွားမေးတော့ ဖမ်းဆီးခံထားရတဲ့ မိဘတွေကို ဝင်ခွင့်မပြုလို့တဲ့။ အဝေးကြီးက လာရတာပါ။ သမီးလေးကို တွေ့ချင်လို့ပါဆိုတဲ့ မိခင်တယောက်ကို ကူညီဖေးမပေးရင်း၊ ကိုယ်တိုင်မျက်ရည်တွေ စီးကျလာတာကို သတိရလိုက်မိတယ်။ ရက်စက်လိုက်ကြတာ။ ယမမင်းတိုင်းပြည်များ ဖြစ်နေလေရော့သလား။


ရက်ရက်စက်စက် ရိုက်နှက်ခံထားရတွေ ဓာတ်ပုံတွေကို မြင်တွေ့ထားရချိန်မှာ မိဘတွေဟာ သားသမီးတွေအတွက် ဘယ်လောက် သွေးပျက်စိုးရိမ်နေကြမလဲဆိုတာ ခင်ဗျားတို့ မသိကြဘူးလားလို့ ရဲအရာရှိတယောက်ကို သွားပြောမိလိုက်တယ်။ ပေးဝင်ရင်တောင် မိဘတယောက်တည်း ပေးဝင်မယ်ဆိုတော့ ခင်ဗျားတို့က အဖေ မပေါ်၊ အမေမရှိပဲ လူဖြစ်လာကြတာမို့လို့တဲ့လား။ မိဘဆိုမှတော့ ကိုယ့်သားသမီးကို နှစ်ယောက်လုံး တွေ့ချင်တော့မှာပေါ့။

ဒီလိုနဲ့ ငိုသံတွေ၊ မျက်ရည်စက်တွေ၊ နာကြည်းကြေကွဲသံတွေအကြားမှာ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းရှိသော မိဘများ ရှေ့တက်ဖို့၊ မိသားစုဝင်မဟုတ်သူများက အနည်းငယ် နောက်ဆုတ်ပေးကြဖို့ မေတ္တာရပ်ခံဖြစ်ခဲ့တယ်။ အဓိကကတော့ လူအုပ်များလာတုန်းမှာ မသမာသူတွေက နောက်ကဝင်တွန်းပြီး၊ ရှေ့မှာရှိနေတဲ့ မိသားစုဝင်တွေက အလဲလဲအပြိုပြိုနဲ့ ရဲကို ဝင်တိုးမိတဲ့အခါ နံပါတ်တုတ်ကိုင်ထားသူများက သူတို့ကို နာကျင်မှုဖြစ်စေပါတယ်ဆိုပြီး အမှုဆင်ခံရမှာ စိုးလို့ပါ။ တခါတလေကျရင် သူခိုးက လူဟစ်တာမျိုးလည်း ရှိတတ်သေးမဟုတ်လား။

ဒီလို အစီအစဉ်တကျနဲ့ မိဘများကို မျက်ရည်ပေါက်ကြီးငယ် ကျစေပြီးချိန်မှာတော့ မိသားစုဝင်များကို တရားရုံးရှိရာ ပရဝုဏ်ထဲ ဝင်ခွင့်ပေးပါတယ်။ ဒါတောင် အထဲမှာ စည်းတထပ် ထပ်ပြီးထားပါသေးတယ်။ နောက်ပိုင်းမှာ ဆွေမျိုးသားချင်းအချို့နဲ့ ဖမ်းဆီးခံသူအတွက် ရပ်ဝေးကလိုက်လာသူအချို့ကိုပါ ဝင်ခွင့်ပေးတဲ့အတွက် အထဲကို ရောက်သွားပါတယ်။

စည်းတထပ်ကာထားပြန်တဲ့ ရှေ့မှာတော့ မိသားစုဝင်များက နေပူပူမှာ ရပ်ကြ၊ ထိုင်ကြရင်း အမည်ခေါ်သံကို စောင့်နေကြပါတယ်။ ဖမ်းဆီးခံရသူရဲ့ အမည်ခေါ်တဲ့အခါ မိဘဆွေမျိုးများက အတွင်းစည်းထဲကိုဝင်ပြီး သွားတွေ့ကြရပါတယ်။ တွေ့ပြီးမှ သားသမီးကို ဒဏ်ရာတွေနဲ့မို့ မချိမဆန့်သောကနဲ့ အပြင်ထွက်လာပြီး ငိုသူများကိုလည်း ဝိုင်းဝန်းအားပေးကြရင်း ကိုယ့်သားသမီးအလှည့်ကျရင် ဘယ်လိုဖြစ်မလဲလို့ ရင်တမမဖြစ်နေကြသူများရဲ့ ကွင်းပြင်ထဲက ဘဝကို ကိုယ်ချင်းသာ စာကြည့်ကြပါတော့ရှင်။

နောက်တော့ တရားရုံးက ပြန်ထွက်ခါနီးမှာ အချုပ်ကားပေါ်က ကျောင်းသားတွေက အရေးကြီးပြီ သီချင်းဆိုတယ်။ ကမ္ဘာမကြေဘူး သီချင်းတွေ ဆိုတယ်။ နိုင်ငံရေးသီချင်းတွေ ဆိုတယ်။ ဒီအချိန်မှာပဲ အတွင်းစည်းထဲရောက်နေတဲ့ မိဘဆွေမျိုးတွေကလည်း အရေးကြီးပြီသီချင်းတွေ ဆိုလိုက်ကြတယ်။ လက်သီးဆုပ်ပြီးသာ ဆိုနေကြတယ်။ တကယ်ဆို အားလုံးရောက်နေကြတဲ့ နေရာက ထွက်ပေါက်မဲ့နေကြတာ။ လုံခြုံရေးစည်း နှစ်ထပ်အကြားမှာ ရောက်နေကြတာ။ အဲဒီအချိန်မှာတော့ ဒါတွေကို ဘယ်သူမှ မစဉ်းစားနိုင်အားတော့ဘူး။ သားအဖမ်းခံထားရတဲ့ မိခင်တယောက်က လက်ခုပ်တီးပြီးကို အားရပါးရ ဆိုနေရှာတယ်။ သူ့မျက်ဝန်းထဲကနေ မျက်ရည်တွေက စီးကျလို့။ အို ... ဘာပဲဖြစ်ဖြစ် ကျောင်းသားတွေ နိုင်တယ်။ အမေ့သား နိုင်တယ်လို့ သူ့လက်ကိုဆုပ်ပြီး အားပေးဖြစ်ခဲ့ပါတယ်။ အချုပ်ကားတွေကို လက်ပြ အားပေးဖြစ်ခဲ့ကြတယ်။ ကျွန်မနဲ့ ကဗျာရွတ်ဖော်ရွတ်ဖက် ရဲဘော်ကြီးတယောက်က သံတိုင်ကြားထဲကနေ ခေါင်းညိတ် နှုတ်ဆက်ပြတယ်။ ရဲဘော်ကြီးရေ... ခင်ဗျားရဲ့ကဗျာတွေကို ကျုပ် ဆက်ရွတ်သွားမယ်လို့ စိတ်ထဲက ပြောလိုက်မိတယ်။

အချုပ်ကားတွေ ထွက်သွားပြီးတော့ နေ့လည်မှာ အာမခံပေးမယ့်လူ ၁၁ ယောက် စာရင်းထွက်လာတာမို့ ဆက်စောင့်ဖြစ်ခဲ့တယ်။ မောင်လေး ဝင့်ထယ်ကို တွေ့ရဖို့အတွက်ပါ။ နောက်တော့ သာယာဝတီကို ဆက်သွားဖြစ်တယ်။ ထောင်ရှေ့မှာတော့ အဝေးကလာတဲ့ မိဘတွေ ထောင်ဝင်စာတွေ့ဖို့ စောင့်ကြရင်း တနေ့လည်လုံးမှာမှ ဆယ်ဂဏန်းတောင် တွေ့ခွင့်မပေးတာမို့ စိတ်ပင်ပန်းစွာနဲ့ ငုတ်တုတ်ထိုင်ကြလို့။ နောက်နေ့မှ တွေ့ရဖို့အတွက် သာယာဝတီမှာ သူတို့တွေ ညအိပ်ကြရဦးမှာပါလား။ သားငယ်၊ သမီးငယ်၊ အိမ်ထောင်ဖက်များနဲ့ တွေ့ရဖို့အရေးအတွက် နယ်စိမ်းမှာ တညတာကို သူတို့ ဘယ်လို ဖြတ်သန်းကြရရှာဦးမလဲ။ နောက်တနေ့မှာကော ဘယ်လို စိတ်ဒုက္ခတွေ ထပ်ရောက်ကြရရှာဦးမှာလဲ။

အို... ဒီတိုင်းပြည်ကို ယမမင်းနဲ့ ငရဲသားတွေများ အုပ်ချုပ်နေလေရော့သလား။ ။

ခင်မမမျိုး 
(၂၅၊ ၃၊ ၂၀၁၅)

 

No comments: