Wednesday, March 25, 2015

ထောင်ကြားက ရှေ့နေ (ဇော်နောင်လင်း)

ဧည့်ခန်းထဲက နေရာ အတော်များများမှာ စာအုပ်ဗီရိုတွေက နေရာယူထားကြတယ်။ အများစုက ဥပဒေဆိုင်ရာ စာအုပ်တွေဖြစ်ပြီး တခြားစာအုပ်တွေကိုလည်း တွေ့ရတယ်။ ဗီရိုပေါ်မှာ “စာအုပ် လုံးဝ မငှားပါ” ဆိုတဲ့ စာကိုလည်း ကပ်ထားတာ တွေ့ရသေးတယ်။ သပ်သပ်ရပ်ရပ် မရှိလှတဲ့ အပြင်အဆင်က တစ်ကိုယ်တည်းနေထိုင်တဲ့ သူ့ဘဝကို ညွှန်းဆိုနေသယောင်ယောင်။ အလုပ်စားပွဲပေါ်မှာလည်း စာရွက်စာတမ်းတွေ၊ ဖိုင်တွဲတွေ အပြည့်။ တကယ်တော့ ဒီခပ်ရှုပ်ရှုပ် အခန်းလေးဟာ နိုင်ငံရေးအမှုတွေမှာ အခမဲ့ရှေ့နေလိုက်ပေးသူအဖြစ် ထင်ရှားတဲ့ တရားလွှတ်တော်ရှေ့နေ (ဦး) ရောဘတ်စန်းအောင် ရဲ့ အခန်းပေါ့။ 

သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း အထိုက်အလျောက် ပွင့်လင်းလာတဲ့ စာနယ်ဇင်း စာမျက်နှာတွေထက်မှာ ရောဘတ်စန်းအောင် ဆိုတဲ့နာမည်ကို နိုင်ငံရေးမှုခင်းတွေနဲ့တွဲပြီး မကြာမကြာ တွေ့လာရတာ အမှန်ပါ။ ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ ရောဘတ်စန်းအောင်က သူရဲ့လိပ်စာကတ်ပြားမှာတောင် “(၆) ကြိမ်မြောက် နိုင်/ကျဉ်းဟောင်း” ဆိုတဲ့စာသားကို ဂုဏ်ယူစွာရိုက်နှိပ်ထားတာ တွေ့ရတယ်။ တကယ်တမ်းလည်း သူ့ဘဝမှာ ထောင်နံရံတွေနဲ့ ကြိမ်ဖန်များစွာ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်နေတာကို သူနဲ့ စကားပြောဆိုရင်း သိခဲ့ရတယ်။

“နိုင်ငံရေးအမှုတွေကို အခမဲ့လိုက်တဲ့ ရည်ရွယ်ချက်က နိုင်ငံရေးလုပ်တဲ့သူတွေက ပိုက်ဆံချမ်းသာတဲ့သူတွေ မဟုတ်ဘူးလေ။ ခရိုနီ မဟုတ်ဘူး။ ဆင်းရဲသားတွေပဲ လုပ်တာ။ ဆင်းရဲသားတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ဒီမိုကရေစီအရေး တိုးတက်လာတာ ဖြစ်တယ်။ ကိုယ်တိုင်လည်း နိုင်ငံရေး အကျဉ်းသားဖြစ်ခဲ့ဖူးလို့ နိုင်ငံရေးအမှုတွေကို အခမဲ့ ဆောင်ရွက်ပေးနေတာ” လို့ ရောဘတ်စန်းအောင်က သူ့ ခံယူချက်ကို ပြောတယ်။ 

ရန်ကုန်တိုင်း ဒေသကြီး၊ သမိုင်း လင့်လမ်း၊ ခြံနံပါတ် (၁၀၇) မှာ နေထိုင်တဲ့ ဦးထွန်းအောင်နဲ့ ဒေါ်သန်းကြည်တို့က သူ့ကို ၁၉၅၄ ခုနှစ်မှာ မွေးဖွားခဲ့တယ်။ မွေးချင်း သုံးယောက်ရှိတဲ့အနက် သူက ဒုတိယသားပါ။ ငယ်စဉ်က အ.ထ.က (၁)၊ လမ်းမတော်မှာ ပညာသင်ကြားခဲ့ပြီး၊ ဆယ်တန်းကိုတော့ အ.ထ.က (၆) ဗိုလ်တထောင်ကနေ ၁၉၇၃-၇၄ ပညာသင်နှစ်မှာ အောင်မြင်ခဲ့တယ်။ ၁၉၇၄ ခုနှစ်မှာ ရန်ကုန် ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် လက်အောက်ခံ သဘာဝသိပ္ပံ တက္ကသိုလ် (လှိုင်နယ်မြေ)မှာ တက်ရောက် ပညာသင်ကြားနေတုန်း ဦးသန့်အရေးအခင်းမှာ ပါဝင်လှုပ်ရှားမှုကြောင့် အင်းစိန်ထောင်မှာ (၁၂.၁၂.၇၄) ကနေ (၇.၂.၇၅) အထိ ထိန်းသိမ်းခံခဲ့ရတယ်။ အဲဒါကတော့ သူ့ဘဝမှာ ပထမဆုံး အကျဉ်းကျခံခဲ့ရတဲ့ နှစ်လနီးပါးတာ ကာလဖြစ်ခဲ့တယ်။ 

ရှေးမနှောင်းမှာပဲ သွေးမြေကျ အလုပ်သမား နှစ်ပတ်လည်နေ့နဲ့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် တက္ကသိုလ်နယ်မြေ ဆွေးနွေးပွဲတွေမှာ တက်ကြွစွာလှုပ်ရှားခဲ့တဲ့အတွက် ထပ်မံ ထိန်းသိမ်းခံခဲ့ရပြန်တယ်။ ဒီတစ်ကြိမ်ကတော့ (၁၂.၆.၇၅) ကနေ (၃၀.၁၁.၇၅) အထိ ငါးလကျော် ကြာမြင့်ခဲ့တယ်။ 

အဲဒီလို ထိန်းသိမ်းခံနေရစဉ် တက္ကသိုလ်နဲ့ ကောလိပ် စာမေးပွဲတွေကို မြို့နယ်အလိုက် ကျင်းပခဲ့ပေမယ့် သူကတော့ ထောင်ထဲရောက်နေတဲ့အတွက် မဖြေဆိုခဲ့ရပါဘူး။ အဲဒီတော့ ၁၉၇၆ ခုနှစ်မှာ စတင်ပေါ်ပေါက်လာတဲ့ ရန်ကုန်တက္ကသိုလ် စာပေးစာယူ သင်တန်းကိုပဲ ဥပဒေပညာ အဓိကနဲ့ ဆက်လက်သင်ကြားခဲ့ရပါတယ်။ အဲဒီလို သင်ကြားနေတုန်းမှာပဲ ဆရာကြီး သခင်ကိုယ်တော်မှိုင်းမွေးနေ့ ရာပြည့်ပွဲအတွက် ကြိုတင်စီစဉ်နေကြစဉ် မကျင်းပမီ သုံးရက်အလိုမှာ (၂၀.၃.၇၆) ကနေ (၃.၉.၇၆) အထိ ငါးလကျော်ကြာ အင်းစိန်ထောင်မှာ ခေါ်ယူထိန်းသိမ်းခံခဲ့ရပြန်ပါတယ်။ 

“အဲဒီနောက် ကျွန်တော့်ကို တက္ကသိုလ်ကနေ ထုတ်ပယ်လိုက်တဲ့အတွက် ပညာသင်ကြားမှုတွေ ရပ်ဆိုင်းခဲ့တယ်။ ၁၉၈၀ ပြည့်နှစ်မှာ ကျင်းပတဲ့ အထက်တန်း ရှေ့နေစာမေးပွဲကို ဝင်ဖြေတော့ အောင်မြင်ခဲ့တယ်။ တစ်ဖက်ကလည်း စာပေး စာယူနဲ့ ဥပဒေသင်တန်းကို သင်ကြားရင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့အစ်ကို နတ်မောက် ဦးအောင်သန်းဆီမှာ အလုပ်သင် ရှေ့နေအဖြစ် ပညာသင်ယူခဲ့တယ်” လို့ ရောဘတ်စန်းအောင်က သူ့ရဲ့ ကျောင်းသားဘဝ ဖြတ်သန်းမှုကို ပြောပြတယ်။ 

အထက်တန်း ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ရင်း ၁၉၈၂ ခုနှစ် မှာ LLB ဘွဲ့ကို ရရှိခဲ့ပြီး၊ ၁၉၈၃ ခုနှစ်မှာတော့ တရားလွှတ်တော်ရှေ့နေအဖြစ် လိုင်စင်ရရှိခဲ့တယ်။ သူ့ရဲ့ ရှေ့နေသက်တမ်းတစ်လျှောက် အမှုတွေကို လိုက်ပါဆောင်ရွက်ရာမှာ နိုင်ငံရေးအမှုတွေကို အဓိကထားပြီး အခမဲ့ လိုက်ပါဆောင်ရွက်ခဲ့တယ်။ ပထမဆုံးလိုက်ခဲ့တဲ့ နိုင်ငံရေးအမှုကတော့ ပဲခူးရိုးမမှာ စခန်းဟောင်း ပြန်လည် တည်ဆောက်ရေးအတွက် ဆောင်ရွက်တဲ့ ဗိုလ်မင်းသိန်း ခေါင်းဆောင်တဲ့ KNU တပ်ဖွဲ့ဝင်တချို့ကို လက်နက်ချပြီးမှ နိုင်ငံတော်ပုန်ကန်မှုနဲ့ ဖမ်းဆီးခဲ့တဲ့ အမှုဖြစ်ပါတယ်။ 

၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅(ည)အရ ရုပ်ရှင်လက်မှတ် မှောင်ခိုသူတွေ၊ ရထားလက်မှတ် မှောင်ခိုသူတွေကို တရားစွဲဆိုခဲ့တဲ့ အမှုတွေကိုလည်း လိုက်ပါဆောင်ရွက်ခဲ့ပါတယ်။ 

အဲဒီအချိန်တုန်းကတည်ရှိတဲ့ ပါတီကောင်စီ တရားစီရင်ရေးအဖွဲ့တွေရဲ့ မမှန်ကန်တဲ့ လုပ်ဆောင်ချက်တွေကို ထောက်ပြရင်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီလှုပ်ရှားမှုရဲ့ရှေ့ပြေး စက်မှုတက္ကသိုလ်ကျောင်းသားကို ဖုန်းမော် ပစ်သတ်ခံရမှုကြောင့် ပေါ်ပေါက်လာတဲ့ လှုပ်ရှားမှုမှာတော့ သူ့အနေနဲ့ ပါဝင်ပတ်သက်မှုမရှိခဲ့ပါဘဲ (၂၅.၃. ၈၈) ကနေ (၁၄.၇.၈၈) အထိ အင်းစိန်ထောင်မှာ လေးလနီးပါး ထိန်းသိမ်းခံခဲ့ရပြန်ပါတယ်။ 

အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာပြီးနောက် ၈၈ အရေးတော်ပုံ ကာလတစ်လျှောက်မှာတော့ ရှေ့နေတွေ စုပေါင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ တိုက်ပွဲဝင် ရှေ့နေများကော်မတီမှာ အဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင် လှုပ်ရှားဆောင်ရွက်ခဲ့ပြီး နိုင်ငံရေး အကြံပေးအဖြစ် တာဝန်ယူခဲ့တယ်။ 

မ.ဆ.လ ခေတ်ရဲ့ နောက်ဆုံးသမ္မတ ဒေါက်တာမောင်မောင် လက်ထက်ကနေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စောမောင်က အာဏာလွှဲပြောင်းရယူပြီးတဲ့နောက် ပေါ်ပေါက်လာခဲ့တဲ့ ၁၉၉၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲအပြီး ကာလတွေမှာတော့ ရောဘတ်စန်းအောင်ဟာ ပြင်ဦးလွင်မြို့နယ်ကနေ ရွေးကောက်ခံခဲ့ရတဲ့ ဦးပီတာလင်းပင်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ခဲ့တယ်။ 

အခြားတစ်ဖက်မှာလည်း ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ်ခင်ညွန့် ပါဝင်ပတ်သက်နေတဲ့ တရာမကြီး အမှုတစ်ခုနဲ့ပတ်သက်ပြီး လိုက်ပါဆောင်ရွက်ပေးနေစဉ် ၁၉၉၃ ခုနှစ်မှာ ဥပဒေနဲ့အညီ ခိုင်ခိုင်လုံလုံ အထောက်အထားပြဆိုခြင်း မရှိဘဲ နိုင်ငံတော် တရားရုံးချုပ်ကနေ ရှေ့နေလိုင်စင် ပိတ်သိမ်းခြင်းကို ခံခဲ့ရတယ်။ 

“အဲဒီနောက်ပိုင်းမှာတော့ သတင်းအချက်အလက် စုဆောင်းတယ်ဆိုပြီး (၇.၁.၉၇)မှာ ကျွန်တော့်ကို ဖမ်းတယ်။ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးမှာ ပုဒ်မ ၅(ည)နဲ့ တရားစွဲပြီး (၁၁.၄.၉၇)မှာ ထောင်ခုနစ်နှစ် ချခဲ့တယ်။ ပြီးတော့ သာယာဝတီထောင်ကို ပြောင်းရွှေ့တယ်။ သာယာဝတီထောင်ကနေ (၁၁.၈.၂၀၀၃) မှာ ကျွန်တော် ပြန်လွတ်ခဲ့တယ်” လို့ ရောဘတ်စန်းအောင်က သူ့ရဲ့ အကျဉ်းကျကာလတွေကို ရက်စွဲ အတိအကျနဲ့ ပြန်ပြောပြတယ်။ 

ထောင်က လွတ်မြောက်ပြီးတဲ့နောက်မှာလည်း အလုပ်သမား၊ လယ်သမား၊ ကလေးသူငယ်နဲ့ နစ်နာသူတွေရဲ့အမှုတွေကို တစိုက်မတ်မတ် လိုက်ပါဆောင်ရွက်ရင်း (၁၉.၆. ၂၀၀၈) ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၆၃) နှစ်မြောက်မွေးနေ့ပွဲကအပြန် ကားဂိတ်မှာ ကွမ်းယာဝယ်နေတုန်း စွမ်းအားရှင်တစ်စုရဲ့ ရိုက်နှက် ချုပ်နှောင် ခေါ်ယူခြင်းကို ခံခဲ့ရပြန်ပါတယ်။ ခေါ်ယူစစ်ဆေးခံခဲ့ရတဲ့နေရာက အင်းစိန်၊ အောင်ဆန်းမြို့သစ်က GTI စာသင်ခန်းတစ်ခုဖြစ်တယ်လို့ ရောဘတ်စန်းအောင်က ဆိုတယ်။ 

အဲဒီနောက် ဗဟန်းမြို့နယ်တရားရုံးမှာ ပုဒ်မ ၁၄၃၊ ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုပြီး (၂၀.၁၁. ၂၀၀၈) မှာ ထောင်ဒဏ် နှစ် နှစ်ခွဲချမှတ်ပြီး ကလေး အကျဉ်းထောင်ကို ပို့ခဲ့ပါတယ်။ (၁၇.၁၂.၂၀၁၀) မှာတော့ ထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့တယ်။ 

ဦးသိန်းစိန် အစိုးရသစ် တက်လာပြီးတဲ့နောက်ပိုင်း ၂၀၁၂ ခုနှစ်မှာတော့ သူ့ကို ရှေ့နေလိုင်စင် ပြန်ပေးခဲ့တယ်။ အဲဒီတော့ သူဝါသနာပါရာ နိုင်ငံရေးအမှုတွေမှာ ရှေ့နေလိုက်ရင်း အခုဆိုရင် အမှုပေါင်း ၅၀ ကျော်ကို အခမဲ့ ဆောင်ရွက်ပေးခဲ့ပြီးဖြစ်တယ်လို့ သူက ဆိုတယ်။ 

“လိုက်ပါ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံတွေအရ တရားစီရင်ရေးကဏ္ဍဟာ လွတ်လပ်မှု မပြည့်ဝသေးပါဘူး။ တရားစီရင်ရေးပိုင်းမှာ အထက်က တရားသူကြီးတို့၊ ဦးစီးမှူးတို့ရဲ့ သြဇာလွှမ်းမိုးမှုရှိသလို အုပ်ချုပ်ရေး အာဏာပိုင်တွေက သြဇာပြမှုတွေကိုလည်း ကြုံတွေ့ရပါတယ်။ နိုင်ငံရေးအမှုတွေနဲ့ပတ်သက်ရင် တရားသူကြီးတွေဟာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ရတဲ့ သဘောမရှိဘဲ တိုင်းဦးစီးမှူး၊ ပြည်နယ် ဦးစီးမှူးတွေကိုတင်ပြပြီးမှ ဆုံးဖြတ်ရတာကို တွေ့ရတယ်။ ဒါဟာ မဖြစ်သင့်ဘူး” လို့ ရောဘတ်စန်းအောင်က ဝေဖန်တယ်။ 

ဘဝတစ်လျှောက် ထောင်အကြိမ်ကြိမ်ကျခဲ့တဲ့ သူ့အတွက် အိမ်ထောင်ရေးဘက်မှာတော့ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အိမ်ထောင်ပြုပြီး သား တစ်ယောက်၊ သမီး တစ်ယောက်ရခဲ့ပေမယ့် အတူနေထိုင်ခွင့်ကတော့ ရှားပါးခဲ့တယ်။ သူနဲ့ သူ့ရဲ့မိသားစုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ကွဲကွာနေခဲ့ပြီး လက်ရှိလည်း တစ်ဦးတည်း နေထိုင်သူ ဖြစ်ပါတယ်။ သူကလည်း သားသမီးတွေကို ကောင်းကောင်းမွန်မွန် အထောက်အကူမပေးနိုင်ခဲ့တာကို ဝန်ခံတယ်။ သားသမီးတွေဟာ သူတို့ခြေထောက်ပေါ် သူတို့ရပ်တည်ရင်း ဘွဲ့ရအောင် ကြိုးစားခဲ့ရတာကို သူက ပြောပြတယ်။ 

“အခု ဖျက်သိမ်းလိုက်တဲ့ ထောက်လှမ်းရေးတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် မိသားစုတွေဟာ အတူနေထိုင်ရမှာကို စိုးရွံ့လာကြတယ်။ ကျွန်တော့်ရဲ့ ခံယူချက်ကလည်း နိုင်ငံရေးမှာ ဆရာ တပည့် မရှိဘူး။ မိသားစု မရှိဘူး။ ညီအစ်ကို မရှိဘူး။ ပြည်သူပဲ ရှိတယ်။ ပြည်သူ့ အကျိုးစီးပွားပဲ ရှိတယ်။ အဲလိုခံယူတဲ့အတွက် မိသားစုအရေးကို မဆောင်ရွက်နိုင်ခဲ့ဘူး။ လက်တွေ့ကျတဲ့ ပြည်သူ့ အကျိုးစီးပွားကိုပဲ စဉ်းစားတယ်။ ဒါပေမဲ့ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ပြည်သူနဲ့အတူတူ ရှေ့သို့ချီနေတဲ့အတွက် စိတ်အားငယ်စရာအကြောင်း မရှိပါဘူး။ ပြောရမယ်ဆိုရင် အထီးကျန် မဟုတ်ဘူး။ ရဲဘော်ရဲဘက် ပြည်သူတွေ ရှိတယ်။ အဲဒါ ကျွန်တော့် ခံယူချက်ပဲ” လို့ ရောဘတ်စန်းအောင်က ဆိုတယ်။ 

တရားရုံးတွေဟာ လူ့အဖွဲ့အစည်းရဲ့ တည်ငြိမ်အေးချမ်းမှုအတွက် အစိုးရကနေ တည်ဆောက်ပေးထားတာဖြစ်ပြီး ဥပဒေနဲ့အညီ ဆောင်ရွက်ပါမှ အစိုးရကို ပြည်သူတွေက ယုံကြည်မှာပါ။ ဒါပေမဲ့ လက်တွေ့မှာ အဲဒီအတိုင်း ပြည့်ပြည့်ဝဝ ဖြစ်မလာတာက ဝမ်းနည်းစရာကောင်းတဲ့ အချက်ဖြစ်နေတယ်လို့ သူက ဆိုတယ်။ နိုင်ငံရေးအမှုတွေကို လိုက်ပါဆောင်ရွက်လေ့ရှိတဲ့ သူ့ကို မငှားဖို့ အမှုသည်တွေကို ဖိအားပေးတာမျိုးလည်း ကြုံတွေ့ရတယ်လို့ သူက ပြောတယ်။ 

“ရှေ့နေကို ဖယ်လိုက်ရုံနဲ့ အမှုတည်ဆောက်ရေး လုပ်ငန်းစဉ်က ရပ်သွားတာမှ မဟုတ်တာ။ ဒါက လမ်းကြောင်း မမှန်ဘူး။ ဒါမျိုးက မဖြစ်သင့်ဘူး။ နိုင်ငံရေးအမှုတွေမှာ ရှေ့နေတွေ မလိုက်ရဲအောင် ပြန်လုပ်လာတဲ့သဘောလို့ပဲ မြင်တယ်”လို့ ရောဘတ်စန်းအောင်က ပြောတယ်။ 

ရောဘတ်စန်းအောင်ဟာ ဦးဝင်းချို၊ ဒေါ်နော်အုန်းလှ စတဲ့ နိုင်ငံရေးသမားတွေရဲ့အမှုတွေနဲ့ ကလေးစစ်သား၊ အလုပ်သမား၊ လယ်သမားနဲ့ တရားရုံးတွေရဲ့ မမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေအတွက် လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိသလို လတ်တလောမှာ မွန်းတည့်နေ ဂျာနယ်က သတင်းထောက်တွေ တရားစွဲဆိုခံရတဲ့အမှုမှာလည်း လိုက်ပါဆောင်ရွက်နေပါတယ်။ 

“အကူအညီတောင်းတဲ့သူရှိနေသ၍ကတော့ ဆက်လုပ်နေဦးမှာပဲ”လို့ ရောဘတ်စန်းအောင်က ပြောတယ်။ အင်တာဗျူးပြီးလို့ သူ့အခန်းက ပြန်ထွက်လာချိန်မှာတော့ ရောဘတ်စန်းအောင်ဟာ ဧည့်သည်တချို့နဲ့ အမှုကိစ္စ ဆွေးနွေးရင်း ကျန်ခဲ့တယ်။ အင်တာဗျူးလုပ်နေစဉ်အချိန်မှာလည်း သူ့အခန်းကို ဝင်ဝင်လာတဲ့ ဧည့်သည်တချို့ကို သတိပြုမိပါတယ်။ အင်တာဗျူးလုပ်နေတာတွေ့လို့ ပြန်ထွက်သွားကြသူတွေရှိသလို ထိုင်စောင့်နေကြတဲ့သူတွေလည်း ရှိခဲ့တယ်။ “ကိစ္စများမြောင် လူတို့ဘောင်” ကြီးမှာ “အသက် တစ်ရာ မနေရ အမှု တစ်ရာပွေရ” ဆိုတဲ့ စကားအတိုင်းပဲ သူ့ရဲ့အခန်းကတော့ ဧည့်သည်တွေနဲ့ အမြဲစည်ကားနေဦးမယ်ထင်ပါတယ်။ ။ 

ဇော်နောင်လင်း 

No comments: