Wednesday, March 4, 2015

ဂျေးဘာရိုး... ထောင်တွေကို ဖြည့်ကြ... (ရဲဘော်ကျော်သန်း)

ဂျေးဘာရိုး (Jail Bharo) ဆိုတာ အိန္ဒိယရဲ့လွတ်လပ်ရေးဖခင်ကြီး၊ အကြမ်းမဖက် အနုနည်း တော်လှန်ရေး ခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီရဲ့ ကြွေးကြော်သံ တပ်လှန့်သံဖြစ်ပါတယ်။ ထောင်တွေကို ပြည့်စေကြ၊ ထောင်တွေကို ဖြည့်ကြ၊ မတရားမှုကို ခေါင်းငုံ့မခံဘဲ ဆန့်ကျင်ခုခံရင်း အဖမ်းခံကြလို့ လှုံ့ဆော်တာဖြစ်တယ်။ အတိုက်အခံ ခေါင်းဆောင်ဆိုသူတွေက မဟာပဒုမ ဇာတ်ထုတ်ခင်းနေချိန်မှာ အာဏာရှင်ဖက်ဆစ် စစ်အုပ်စုက ကျောင်းသားနဲ့ အလုပ်သမား လယ်သမားတွေအပေါ် သမိုင်းမှာ မကြုံဖူးလောက်အောင် ရက်စက်ယုတ်မာ မတရားကျင့်ချင်တိုင်း ကျင့်နေတဲ့အခြေအနေမှာ ဗမာပြည်လူထုကြီးအတွက်က ဂျေးဘာရိုး... ထောင်တွေကို ဖြည့်ကြလို့ ကြွေးကြော် ဆန့်ကျင် အဖမ်းခံကြဖို့ပဲ ရှိပါတော့တယ်။ 

ကျောင်းသားတွေနဲ့ လက်မှတ်ထိုး သဘောတူထားချက်တွေ ဖောက်ဖျက်နေတဲ့ စစ်အုပ်စုဟာ ရန်ကုန်အရောက်ချီတက်ပြီး သပိတ်ရပ်နားဖို့ အချက် ၈ ချက်ပါ ကျောင်းသားတွေရဲ့ကမ်းလှမ်းချက်ကို လစ်လျူရှုပြီး မနေ့က (၃.၃.၂၀၁၅) ပြန်လည် ချီတက်လာတဲ့ ကျောင်းသားတွေကို လက်ပံတန်းမြို့၊ မဟာအောင်မြေဗိမ္မာန်ကျောင်းက အထွက်မှာပဲ ရဲအင်အား တထောင်လောက်နဲ့ ပိတ်ဆို့ ဝိုင်းရံထားလိုက်တယ်။ ဒီ ဝိုင်းရံပိတ်ဆို့ထားတဲ့ပုံစံကိုကြည့်ရင် စစ်အုပ်စုဟာ ဒီမိုကရေစီဖြစ်နေပြီလို့ ကမ္ဘာကိုလိမ်ညာနေတဲ့ကြားကပဲ သူတို့ဟာ လူမဆန်တဲ့ အရိုင်းအစိုင်း အမူအကျင့်တွေကို ဆက်ပြီး ကျင့်တုန်းဆိုတာကို ဖော်ပြနေတယ်။ 


တပေါင်းလနေပူပူ ကတ္တရာလမ်းမပေါ်မှာ ကျောင်းသားနဲ့ ရဟန်းသံဃာတွေကို အမိုးအကာမဲ့ တကိုယ်ရေ သန့်ရှင်းမှုနဲ့ ကျင်ကြီးကျင်ငယ် စွန့်ခြင်းဆိုတဲ့ ကာယိကဒုက္ခတွေကို ဖြေရှင်းဖို့ ဘာမှစီစဉ်ပေးတာမရှိဘဲ ဒီအတိုင်း နင့်ထိုက်နဲ့နင် ခံကြစမ်းဆိုတဲ့ စာနာမဲ့ စိတ်ယုတ်စိတ်ပုပ်နဲ့ ပစ်ထားတယ်။ တမင်လုပ်တာလို့ ယူဆပါတယ်။ သူတို့အတွက်ကျတော့ နေပူဒဏ်တောင်မခံနိုင်လို့ ယာယီတဲတွေ အကျအနထိုးပြီး သူတို့ပေးတဲ့ဒုက္ခကို ရဟန်းသံဃာတွေနဲ့ ကျောင်းသားတွေ ခံစားနေကြရတဲ့ အခြေအနေ အရသာခံ ကြည့်နေကြတယ်။ 

တကယ်တော့ ဒါဟာ ကုလသမဂ္ဂရဲ့ လူမှုစီးပွားနဲ့ ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေး (International Covenant on Economic, Social and Cultural Rights) ပြဌာန်းချက်နဲ့ အပြည်ပြည်ဆိုင်ရာ နှိပ်စက်ညှဉ်းပမ်းမှု တားဆီးကာကွယ်ရေး သဘောတူညီချက်ပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်နေကြတာ ဖြစ်တယ်။ နိုင်ငံတိုင်း အာဏာပိုင်တွေဟာ လူတဦးချင်းစီရဲ့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်ဖြစ်တဲ့ သောက်ရေသန့် ရရှိရေး၊ တကိုယ်ရေသန့်ရှင်းမှုအတွက် ထိုင်သင့်တဲ့ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေ ဖန်တီးပေးဖို့တာဝန်ရှိတယ်။ တခါ နှိပ်စိက်ညှဉ်းပမ်းမှုကာကွယ်ရေး သဘောတူညီချက်အရ လူတဦးရဲ့ ကိုယ်ခန္ဓာလိုအပ်ချက် ဇီဝကမ္မဝတ္တရားတွေဖြစ်တဲ့ ကျင်ကြီးကျင်ငယ် စွန့်ပစ်မှု၊ တကိုယ်ရေသန့်ရှင်းမှုတို့ကို ပိတ်ပင်မှု အနှောက်အယှက်ဖြစ်စေမှုတို့ကို လူသားမဆန်တဲ့ နှိပ်စက်ညှဉ်းပမ်းမှုလို့ သတ်မှတ်ပါတယ်။ 

အိန္ဒိယမှာ မဏိပူရပြည်နယ်က အီရွမ်ရှမိလာဆိုတဲ့ အမျိုးသမီးဟာ သူ့ပြည်နယ်တွင်းမှာ ပြဌာန်းထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေကို အထူးအာဏာပေးထားတဲ့ ဥပဒေကို မကျေနပ်လို့ ရုပ်သိမ်းဖို့ အစာငတ်ခံဆန္ဒပြနေတာ ၁၅ နှစ်လောက်ရှိပြီ ဖြစ်ပါတယ်။ အစိုးရရဲ့ဆောင်ရွက်ချက်ကို ဆန့်ကျင်တဲ့ဆန္ဒပြမှုဖြစ်တဲ့အတွက် အစိုးရက သူ့ကို အစာပြတ်ပြီး သေဆုံသွားတာမျိုး အဖြစ်မခံနိုင်တဲ့ အိန္ဒိယအစိုးရက တခြားနည်းဥပဒေတခုနဲ့ဖမ်းဆီးပြီး ဆေးရုံအချုပ်မှာ ဆရာဝန်တွေ ကြီးကြပ်မှုနဲ့ အဓမ္မအစာကြွေး(သွင်း)ပါတယ်။ အဲလို သူ့ကို ထိန်းသိမ်းထားချိန်မှာ သူ့ရဲ့ကိစ္စအဝဝကို အစိုးရက တာဝန်ယူ ဖြည့်ဆည်းပေးရတယ်။ ဒါ နိုင်ငံတကာ သဘောတူညီချက်တွေကို လေးစားတဲ့ လူယဉ်ကျေးအစိုးရတွေရဲ့ လုပ်ထုံးလုပ်နည်းပါ။ 

ခုဖြစ်စဉ်မှာ ကျောင်သားတွေ သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးအရ ချီတက်ဆန္ဒပြတယ်။ အာဏာပိုင်တွေက တားဆီး ပိတ်ဆို့တယ်။ ပြီးတော့ သဘာဝတရားနဲ့ ခန္ဓာကိုယ် ကာယိကဒုက္ခတွေဖြစ်အောင် လုပ်တယ်။ ယုတ်မာတယ်။ လူသားမဆန်တဲ့ နှိပ်စက်ညှဉ်းပမ်းမှုကို ကျူးလွန်ဖောက်ဖျက်တယ်။ ကတိပျက်သူက လူအခွင့်အရေးကို ဆက်ပြီး ကျူးလွန် ဖောက်ဖျက်နေတာဖြစ်တယ်။ ဒီအခြေအနေမှာ သင်္ကန်းဝတ် ဘုန်းကြီးပျက်တွေနဲ့ ကျောင်းဆရာ ဖော်လံဖားတွေက စစ်အာဏာပိုင်တွေ အလိုကျ ကျောင်းသားတွေကို နှောက်ယှက်ထိပါးနေတယ်။ ဒီနေ့ဆို မစိုးရိမ်တိုက်က အရေခြုံ လူသတ်သမား ဖက်ဆစ်ခွေး ဝီရသူ ဆိုသူက ကျောင်းသားတွေကို အပြစ်ဖို့ရင်း ရဲတွေကို သတ်ဖြတ်နှိမ်နှင်းဖို့ တဖက်က မြောက်ပေးတဲ့စာ ထုတ်တယ်။ ဒီလို ဖက်ဆစ်ခွေး ခိုးအောင်းနေတဲ့အတွက် အမျိုးသားရေးလှုပ်ရှားမှု အဆက်ဆက်မှာ သမိုင်းအစဉ်အလာကြီးတဲ့ မစိုးရိမ်ကျောင်းတိုက်ကြီးရဲ့ ဂုဏ်သိက္ခာထိခိုက်နေတာကို နာယကဆရာတော်ကြီးတွေ ဘာကြောင့် မသိ၊ မထိန်းသိမ်းလေသလဲ မချင့်မရဲဖြစ်မိတယ်။ ကျောင်းသားတွေရဲ့ ရည်မှန်းချက်နဲ့ တောင်းဆိုချက်ဟာ တရားမျှတတယ်၊ တိုင်းပြည်နဲ့ အနာဂတ်မျိုးဆက်တွေအတွက် ရည်မှန်တယ်။ 

ဒါကြောင့် ရောက်လေရာမြို့ရွာတွေက သောင်းသောင်းဖျဖျ ကြိုဆိုကြ ဧည်ခံကြ ဝန်းရံပေးကြတယ်။ ခုလို ရဲတွေ ပိတ်ဆို့ထားတာတောင် မြို့ခံ နယ်ခံတွေက ဝန်းရံစောင့်ရှောက်နေကြတယ်။ မနေ့ကလည်း မြို့ကြီးအတော်များများမှာ ကျောင်းသားတွေကို အကြမ်းမဖက်ဖို့နဲ့ သူတို့ကိုထောက်ခံတဲ့ ဆန္ဒပြပွဲတွေ လုပ်ကြတယ်။ ဒီလို ရည်ရွယ်ချက်ကောင်းနဲ့ လူထုထောက်ခံအားပေနေတဲ့ အရေးကိုတောင် အတိုက်အခံခေါင်းဆောင်ဆိုသူတွေက တာဝန်မဲ့စွာ လျစ်လျူရှုတယ်၊ ဖိနှိပ်သူတွေနဲ့ ပလူးပလဲလုပ်တယ်။ အကြမ်းမဖက်လှုပ်ရှားမှု ခေါင်းဆောင်ကြီး ဂန္ဒီရဲ့အဆိုအမိန့်နဲ့တော့ လုံးဝ ဆန့်ကျင်ဖီလာပဲ။ မိစ္ဆာတွေနဲ့ အဆက်အဆံမလုပ်ဖို့ဆိုတာဟာ လူကောင်းသူကောင်းတွေနဲ့ ဆက်ဆံဖို့လိုအပ်တဲ့ တာဝန်ဝတ္တရားနဲ့ တတန်းတည်းပဲလို့ ကျနော် ရိုးရိုးရှင်းရှင်းပဲမြင်တယ်...“In my humble opinion, non-cooperation with evil is as much a duty as is cooperation with good.” Mahatma Gandhi။ 

ဒါကြောင့် တရားမျှတတဲ့ ရည်မှန်းချက်နဲ့ တောင်းဆိုချက်တွေအတွက် တိုက်ပွဲဝင်နေကြတဲ့ ကျောင်းသားတွေကို ဝန်းရံရေးဟာ ပြည်သူလူထုတရပ်လုံးရဲ့ တာဝန်ဖြစ်ပါတယ်။ မဟတ္တမဂန္ဒီကြီးရဲ့ ကြွေးကြော်သံအတိုင်း မတရားတဲ့ အမိန့်အာဏာတွေကို ခေါင်းငုံ့မခံကြဘဲ ဂျေးဘာရိုး... ထောင်တွေကို ဖြည့်ကြ... လို့ ကြွေးကြော်ရင်း အာခံဆန့်ကျင်ဝံ့ကြဖို့ လိုပါတယ်။ ကွယ်လွန်သူ ဆရာကြီးဦးဝင်းတင်ရဲ့ အမှာစကားလည်း ရှိပါတယ်။ ခုတော့ သူရဲ့ကြွေးကြော်သံလေးက မိဘမဲ့ ဖြစ်နေရှာပါတယ်။ ရဲ၊ စစ်သား စတဲ့ အစိုးရအောက်ခြေဝန်ထမ်းများ အပါအဝင် ပြည်သူလူထုကပဲ မိဘလုပ် ပြန်လည်မွေးစား အသုံးချပြီး ကျောင်းသားတွေကို ဝန်းရံကြဖို့ နိုးဆော်ပါတယ်။ 

“မတရားတဲ့ အမိန့်အာဏာမှန်သမျှ တာဝန်အရ ဖီဆန်ကြ” 

ရဲဘော်ကျော်သန်း 

No comments: