Tuesday, March 24, 2015

ဝရမ်းပြေး (ကျော်ကိုကို)

မေမေက စားသုံးသူတွေအတွက် ကုန်စည်တွေဖြန့်ခင်းလိုက်ချိန်မှာ သားက ဆိုင်ခန်းတွေကြားမှာ ဝရမ်းပြေးဖြစ်ခဲ့ရတယ်။ ဖေဖေက ကျောင်းစာကြည့်တိုက်က စာအုပ်အချို့ငှားလာပေးတော့ သားက ဗီရိုကိုဖွင့်လိုက် စာမျက်နှာတွေထဲ ပြေးဝင်လိုက်နဲ့ တသက်လုံး ပြေးနေတော့မယ့် ဝရမ်းပြေးကလေးပေါ့။ 

သစ်ပင်တွေအောက် အရိပ်ကောင်းကောင်းရှာပြီး နေပူထဲက အာဖရိကကို လိုက်ရှာကြည့်တယ်။ စိန်တွင်းတွေထဲက အလုပ်ကြမ်းသမားတယောက် ထွက်ပြေးသလို… ဂျုံခင်းထဲက လူမည်းတယောက် ထွက်ပြေးသလို… စာသင်ခန်းထဲက ဦးနှောက်ပျက်လုဆဲဆဲ ကျောင်းသားတယောက် ထွက်ပြေးသလို… စိမ်းကားမုန်းတီးနေသူရဲ့ မြင်ကွင်းထဲက ချစ်သူရဲ့ အနမ်းရထားဆီကို ဦးတည်ပြီး ထွက်ပြေးသလို သားဟာ ဝရမ်းပြေးဘဝကို စိတ်ချလက်ချ ရွေးချယ်ခဲ့ပြီးပြီ။ 


"ခဏငယ်တခုမဆုံးခင် လူလုံးမပြချင်သေးပါ" ဆိုတဲ့ ဖော်ဝေးရဲ့ စာသားတလျောက်ပြေးရင်း ကျောတခင်းစာနေရာကို ခက်ခက်ခဲခဲ ရှာနေရတာပါ။ ငှက်ပျောတောထဲကို ဖြတ်ပြေးပြီး ရေခန်းခြောက်စပြုနေတဲ့ ချောင်းရိုးကလေးကို ကျော်တက်ခဲ့တယ်။ ကလေးတွေအတွက် ဆော့စရာအရုပ်က လက်ထိပ် မဟုတ်ပါဘူး မေမေ။ သားတို့ခေတ်မှာ ပုန်းကွယ်ဖို့၊ ခိုအောင်းဖို့ အသင့်ဖောက်လုပ်ထားတဲ့ ဥမင်လိုဏ်ခေါင်းတွေ၊ ဝပ်ကျင်းတွေ လင့်စင်တွေဟာ တကြောင်းချင်း အစီအရီ ရေးဖွဲ့ထားတဲ့ ကဗျာတွေပါပဲ။ 

အင်တာနက်က လိုင်းမကောင်းတော့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်မရဘူး။ နေပါစေ လိုင်ဇာနဲ့ မိုင်ဂျာယန်က ကလေးတွေ ဘေးကင်းလုံခြုံနေဖို့က အဓိကပါ။ ညအမှောင်ထဲမှာ ခြင်တွေ တအားကိုက်နေတယ်။ နေပါစေ ပက်ရှ်ဝါနဲ့ ဘဂ္ဂဒက်က ကလေးတွေ စာကောင်းကောင်းသင်ခွင့်ရဖို့က အဓိကပါ။ သွပ်မိုးက ပူလွန်းလို့ ချွေးဒီးဒီးကျနေပြီ။ နေပါစေ နိုင်ဂျာမြစ်ဝှမ်းနဲ့ ဗော်လ်ဂါမြစ်ကမ်းက မိန်းကလေးတွေ လွတ်လပ်စွာ တေးသီဆိုခွင့်ရှိနေဖို့ လိုပါတယ်။ သွေးအားနည်းပြီး ကယ်လ်စီယမ်ဓာတ်ချို့တဲ့လို့ လမ်းတောင် ကောင်းကောင်း မလျှောက်နိုင်တော့ဘူး။ နေပါစေ ချင်းတွင်းနဲ့ သံလွင်တဖက်ကမ်းဆီက ညီမလေးတွေ ပျော်ပျော်ရွှင်ရွှင် ကစားနေဖို့ လိုပါတယ်။ 

ဝရမ်းပြေးဟာ ရန်ကုန်မြို့ကြီးနဲ့ ဘဝတူပဲလေ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြာပြီ။ ဘက်ထရီ တရိပ်ရိပ်ကျဆင်းနေတဲ့ ဖုန်းတလုံးနဲ့ စကားတွေပြောနေတယ်။ အာခေါင်တွေခြောက်ပြီး အသံတွေ တိုးဝင်သွားတဲ့အထိ ပြောနေတယ်။ ဘားတော့ဗ်ဘရက်နဲ့ ဗန်းမော်တင်အောင်အကြောင်းကို ၂၁ ရာစုမှာ လျှို့လျှို့ဝှက်ဝှက် ပြောနေခဲ့ရတယ်။ ဒါပါပဲ အမေရယ်… လမင်းဆီက ဖြာဆင်းလာတဲ့ သွေးစက်နီတွေ စိန်ပန်းပင်ပေါ်အကျမှာ သား လွတ်လမ်းကို ရှာဖွေရ ခက်ခဲ့ပါတယ်။ 

မနေ့တနေ့ကအထိ အလံတွေ ဝဲပျံနေတာကို မြင်ခဲ့တယ်။ မနေ့ညက အိပ်မက်ထဲမှာတောင် ကြွေးကြော်သံတွေ ကြားခဲ့တယ်။ ခုတော့ သားနောက်ကို စစ်ခွေးတွေ လိုက်လာနေပြီဖြစ်ကြောင်း၊ ဟောင်သံတွေက အကြောင်း ကြားတယ်။ နာဇီတွေရဲ့ အမှောင်ခန်းတွေ အကျဉ်းခန်းတွေထဲမှာ သားရဲ့ရဲဘော်တွေ အထပ်ထပ်ကျရောက်နေပြီလေ။ သိပ်ပင်ပန်းနေတဲ့၊ စိတ်ပင်ပန်းနေတဲ့ နိုင်ငံကြီးတခုလုံးကို ကယ်တင်မယ်ဆိုရင် လောလောဆယ် ကျောမှီထားတဲ့ နံရံပေါ်မှာ တော်လှန်ရေးအလံကို ရေးဆွဲလိုက်ပါ။ 

သားလက်ထဲက ပျောက်ဆုံးစာရင်းဟာ တညပြီးတည ရှည်လျားလာခဲ့ပြီ။ သားခြေရင်းက ပြာခံခွက်ထဲမှာ စီးကရက် အစီခံတွေလည်း မျိုးပွားနှုန်းမြန်လာခဲ့ပြီ။ လေးဖက်လေးတန် အခန်းငယ်ထဲက အသံစူးစူးတွေ ထွက်လာတယ်။ မွန့်ရှ်သာရှိခဲ့ရင် ကြားစေချင်ပါတယ်။ ဒါ ငါတို့အလံ ပြီးတော့ ဒါ ငါတို့အသံတွေပေါ့။ သားချစ်သူရဲ့ တီးတိုးညင်သာ ရယ်သံတွေကိုပါ တလွှာပြီးတလွှာ ပေါင်းထည့်ပေးလိုက်ပါရစေ မေမေ။ တော်လှန်သွေးတဝက် အနုပညာသွေးတဝက် ပေါင်းဖက်ပြီးစအချိန်မှာ မနက်ဖြန်ဆိုတဲ့ သားအိမ်ကြီးထဲက ကြယ်နီလေးတပွင့် ဝင်းပထွက်ပေါ်လာမှာ အသေအချာပေါ့။ ။ 

ကျော်ကိုကို 

No comments: