Monday, March 9, 2015

အလုပ်သမားခေါင်းဆောင်တွေ လွှတ်ဖို့ တောင်းဆို

ရွှေပြည်သာ စက်မှုဇုံ အလုပ်သမားသပိတ်ကော်မတီက အလုပ်သမား ခေါင်းဆောင်တွေ အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ 

အဲဒီအချက် အပါအဝင် သူတို့တောင်းဆိုချက်တွေကို မလိုက်လျောရင် ကျောင်းသားတွေအပါဝင် လယ်သမားနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ပေါင်းပြီး ထိရောက်စွာတုံ့ပြန်မယ်လို့ ပြောလိုက်ပါတယ်။ 

ရွှေပြည်သာစက်ရုံ အလုပ်သမားတွေဘက်က အထွေထွေသပိတ်ပုံစံနဲ့ တုံ့ပြန်မယ်လို့ ရာဇသံပေးလာတာ သပိတ်မမှောက်တဲ့ ရက်ပေါင်း ၄ဝ ကျော်လာပြီးမှ ဖြစ်ပါတယ်။

အစိုးရ ဖမ်းထားသူ ၁၄ ယောက် ကျော်ရှိပြီး ဒီလူတွေကို ပြန်လွှတ်ဖို့၊ အလုပ်သမားတွေနဲ့ အမြန်ဆုံး ညှိနှိုင်းဖို့၊ သပိတ်ကို အကြမ်းဖက်ဖြိုခွင်းသူတွေကို ဖော်ထုတ်ပေးဖို့ ရွှေပြည်သာ စုပေါင်းသပိတ် အလုပ်သမားတွေက တောင်းဆိုလိုက်ပါတယ်။ 

လုပ်ခတိုးပေးရေးကိုပဲ တောင်းဆိုခဲ့တဲ့ အလုပ်သမားသပိတ်ဟာ အခုအခါမှာ အထွေထွေ သပိတ်လမ်းကြောင်းကို စပြောလာပြီ ဖြစ်ပါတယ်။ 

ဒီသပိတ်တွေအပေါ်မှာ အစိုးရဘက်က ကိုင်တွယ်မှုပေါ်မှာ အများကြီးမူတည်နေပြီး ကိုင်တွယ်ပုံမှန်ရင် ပြဿနာတွေ ဒီလောက်ဖြစ်လာစရာမရှိဘူးလို့ မြန်မာတိုင်း သတင်းစာက အယ်ဒီတာချုပ် ဦးသီဟစောက ပြောပါတယ်။ 

အလုပ်သမားကိစ္စမှာလည်း အစိုးရအနေနဲ့ တရားမျှတတဲ့ လုပ်ခရရှိအောင် လုပ်ပေးသင့်တယ်၊ လက်ရှိ မြန်မာနိုင်ငံ လူနေမှုစရိတ်နဲ့ကာမိတဲ့ လုပ်ခဖြစ်အောင်လုပ်ပေးသင့်တယ်လို့ ပြောသွားပါတယ် ။ 

ရွှေပြည်သာ စုပေါင်းအလုပ်သမားသပိတ်ဟာ အခုလို ရာဇသံပေးထားသလို လက်ပံတန်း ကျောင်းသားသပိတ်ကလည်း မနက်ဖြန် ရန်ကုန်ကို ချီတက်မယ်လို့ ပြောထားပါတယ်။ 

ရန်ကုန်က အရပ်ဖက် အဖွဲ့စည်းတွေကလည်း ကျောင်းသားသပိတ် ထောက်ခံသူတွေကို စွမ်းအားရှင်သုံးပြီး ဖြိုခွင်းခဲ့တာကို ဝိုင်းပြီးကန့်ကွက်နေကြတော့ ဒီသပိတ်တွေ ရန်ကုန်မှာပေါင်းပြီး အထွေထွေသပိတ်ပုံစံနဲ့ အစိုးရကို ဆန့်ကျင်မယ့် အခြေအနေတွေ တွေ့နေရပါတယ်။ ။ 

သတင်း - ဘီဘီစီ 

 

No comments: