Saturday, February 7, 2015

ကျောင်းသားသပိတ်ကိစ္စ ပြည်ထဲရေးဝန်ကြီး သတိပေးပြီ

ပညာရေးဥပဒေပြင်ဆင်ရေးကို အကြောင်းပြုပြီး တိုင်းပြည်မတည်ငြိမ်အောင်လုပ်နေတဲ့ လှုပ်ရှားမှုမှာ ကျောင်းသားလူငယ်တွေကို ရှေ့တန်းတင်ပြီး ကျောင်းသားအမည်ခံသူတွေက နောက်ကွယ်က ကြိုးကိုင်သူတွေ အလိုကျ ဦးဆောင်လုပ်ကိုင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။ 

ဒီလို အားပေးအားမြှောက်လုပ်နေတဲ့ အဖွဲ့အစည်းတွေလည်း ပါဝင်ပတ်သက်နေပြီး နောက်ကွယ်က ကြိုးကိုင်နေသူတွေမှာ အစွန်းရောက်ဝါဒီသမားဟောင်းတွေ ပါဝင်တဲ့အကြောင်း၊ သူတို့ရဲ့ သားသမီးတွေကို မျိုးဆက်သစ်အဖြစ်မွေးထုတ်ပြီး ထိပ်တိုက်ရင်ဆိုင်တဲ့နည်း တောင်းယူတိုက်ယူတဲ့နည်းတွေ သုံးလာနေတယ်လို့ အစိုးရဝန်ကြီးရဲ့ ပြောဆိုချက်ကို အစိုးရပိုင်ရုပ်သံတွေက အထူးထုတ်လွှင့်ချက်အဖြစ် ထုတ်လွှင့်ခဲ့ပါတယ်။


ပညာရေးဥပဒေပြင်ဆင်လိုတဲ့ ကျောင်းသားအစစ်တွေအပေါ် အရေးယူဖို့မရှိသလို လေးပွင့်ဆိုင်ဖြေရှင်းနည်းတွေနဲ့ လုပ်နေတဲ့အကြောင်း၊ နိုင်ငံတော်အလံဖြုတ်ချတာမျိုး မင်းမဲ့စရိုက်ဆန်ဆန်လုပ်ရပ်ကို ဥပဒေက မျက်ကွယ်ပြုလို့ မရတဲ့အကြောင်း၊ နောက်ကွယ်က ကြိုးကိုင်သူတွေကို ဆက်လက်စောင့်ကြည့်သွားမှာဖြစ်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းဖို့အတွက် ပြည်သူတွေအားလုံး အတိတ်က ဆူမူလှုပ်ရှားမှုတွေလိုမဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ပါလို့ ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ပြောဆိုခဲ့ပါတယ်။ မြင်းခြံဒီဂရီကောလိပ်မှာ အလံကိုဖြုတ်ချတာဟာ နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ ဂုဏ်သိက္ခာကို ထိပါးတာဖြစ်သလို ဥပဒေချိုးဖောက်တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ 

တချိန်တည်းမှာပဲ ပညာရေးဝန်ကြီးဌာနက အေးချမ်းစွာပညာသင်လိုတဲ့ ကျောင်းသားနဲ့မိဘတွေ စိုးရိမ်ပူပန်တာမရှိရအောင် လက်ရှိကျောင်းသားသပိတ်တွေကို ရပ်နားပြီး ကျောင်းသားတွေကို မိဘတွေက လိုက်လံခေါ်ယူကြဖို့ မေတ္တာရပ်ခံတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သပိတ်ကြောင့် မလိုလားအပ်တဲ့ ပြဿနာနဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တာမို့ ဆန္ဒပြကျောင်းသားတွေ သက်ဆိုင်ရာကျောင်းအသီးသီးကို ပြန်ကြဖို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ ခေတ်အဆက်ဆက်မှာ ဒီမိုကရေစီရေးနဲ့ လွတ်လပ်ခွင့်တောင်းဆိုတဲ့ ကျောင်းသားဆန္ဒပြမှုတွေ၊ လူထုဆန္ဒပြမှုတွေကို အင်အားသုံးဖြိုခွင်းမှုတွေ မလုပ်ခင်မှာ အလားတူ ကြေညာချက်တွေထုတ်ပြန်လေ့ရှိတာကြောင့် မြို့တွေရွာတွေကိုဖြတ်ပြီး စစ်ကြောင်း ၅ ကြောင်းနဲ့ ရန်ကုန်ကို ချီတက်လမ်းလျှောက်နေတဲ့သပိတ်ကို တုံ့ပြန်တော့မယ်လို့ ယူဆလို့ ရနေပါတယ်။ 

သတင်း - ကမာရွတ် မီဒီယာ 

 

No comments: