သူ့ရွာ ရှိနေရဲ့
ပုပ္ပါးတောင်အနီးမှာ
ရှုမငြီးတဲ့
ချစ်ဇနီးနဲ့ သား၊ သူ ချန်ထားခဲ့
သူ့မြေမှာ၊ သူ မနေသာခဲ့
အရှေ့ရဲ့ခေါ်သံ သူ နာခံခဲ့။
ညီအကိုတော်တွေနဲ့
သူ အနေပျော်ခဲ့ပါရဲ့
ရိုးသားမှုနဲ့ နေတတ်သူ
ပွင့်လင်းတဲ့သူ
အလုပ်ကို မြတ်နိုးသူ
အဆိုးဆုံးတွေကြားမှာ
နေသားကျတတ်သူ
လက်ရဲ ဇက်ရဲ
အမျက်ထွက်ခဲသူ
တကယ်တော့ သူဟာ
အမှန်တရားမှာ ပျော်မွေ့သူပါ။
ဆောင်းအပြောင်း နွေမကူးမီ
ပေါင်းလောင်းမှာ နေဦးမယ်တဲ့
အစားအသောက် ဆင်းရဲပေမယ့်
ဓားကောက် ‘ချင်း’ ဆဲပါ တဲ့။
သူ့နှစ်မွှာ ရင်သွေးသားသစ်တို့အတွက်
သူ့ရာဇဝင် ရေးထားရစ်ခဲ့မယ် တဲ့
ဒဏ်ရာအကျက်မှာ
ရန်တကာ သူ ထွက်တိုက်ဦးမယ် တဲ့
ပေါင်းလောင်းချောင်းနားမှာ
သူ ဖျားနာနေပေမယ့်
ဆင်သေတောင်ခြေမှာ
သူ အနေကြာပေမယ့်
မိုးကျရင် ရိုးမကူးမယ် တဲ့။
မျက်လုံးအကြည်ဓာတ်မှာ
ပြတ်သားမှုတွေနဲ့ သူ
သတိမလွတ် ဦးမညွတ်ခဲ့သူ
အဆုံးထွက်သက်မှာ
အပြုံးမပျက်၊ ကြုံးဝါးချက်နဲ့ သူ
ဝိဉာဉ်အလွင့်မှာ၊ ကြည့်မြင်တာ မစွန့်ခဲ့သူ
ခန္ဓာကိုယ် အိုးစားအကွဲမှာ
ရန်တကာဖြို၊ အညှိုးထားရဲခဲ့သူ
အခု ... သူ
ဒဏ်ရာဒဏ်ချက် တနင့်တပိုးနဲ့
ပေါင်းလောင်းမြစ်ရိုးတလျောက်မှာ
သွေးသောက်ညီနောင် နှစ်ယောက်နဲ့အတူ
အင်အားချင်း မမျှတဲ့
သုံးယောက်နဲ့ တခွဲ
အဲ့ဒီနေ့က တိုက်ပွဲမှာ။
ဓားကို ဓားနဲ့၊ တုံ့ပြန်ခဲ့ကြ
လှံကို လှံချင်း၊ တုံ့နှင်းခဲ့ကြ
မြင်းကို မြင်းခြင်း၊ စီးချင်းထိုးကြ
သွေးချင်းချင်း အံထွက်
ပုပ္ပါးမီးတောင် ထပွက်သလို
လျှံထွက်
ပေါင်းလောင်းရေပြင်ထက်မှာ
အနီရောင် လက်စေခဲ့တယ်။
ပုပ္ပါးတောင်ထိပ်မှာ
ဝိဉာဉ်တို့ အိပ်စက်နေပါပြီ၊
ပုပ္ပါးတောင်ကလပ်မှာ
ရာဇဝင်ကမ္ပည်း ကပ်ခဲ့ပါပြီ၊
အဆုံးအဖြတ် နောက်ဆုံးတိုက်ပွဲမှာ
စိတ်ဓာတ်ခိုင်မာ မပြိုလဲခဲ့တဲ့ ဝိဉာဉ်တို့
အစဉ်ထာဝရ
ငြိမ်းချမ်းကြပါစေ။ ။
ထွန်းခိုင်
သရုပ်ဖော်ပန်းချီ - K M Sann Mandalay
No comments:
Post a Comment