Friday, February 13, 2015

ရေဆန်လမ်းမှာ အလွမ်းတွေဝေ (ခိုင်မာကျော်ဇော)

အတီးမန်းရှာရေ အတီးက အတီးရဲ့ယုံကြည်ချက်တွေ အတီးရဲ့အချစ်တွေကို ကျမတို့ ကရင်အမျိုးသားထုအတွက်သာမက တိုင်းရင်းသားလူမျိုးပေါင်းစုံကိုပါ ဝေငှထားခဲ့ပြီး ဟောဒီ ကမ္ဘာကြီးထဲကနေ သူရဲကောင်းပီသစွာနဲ့ ထွက်ခွာသွားခဲ့ပေမယ့် ကျမတို့ကတော့ အတီးရဲ့အကြောင်းတွေကို သတိတရနဲ့ မမောနိုင်မပမ်းနိုင် ပြောကြရဦးမှာပါ။ အတီးသွေးနဲ့ ခင်းခဲ့တဲ့၊ အတီးယုံကြည်မျှော်လင့်တဲ့ ခရီးဆုံးပန်းတိုင်ဆီကို ဆက်လက် ချီတက်ရဦးမှာပါ။ 

အတီးကျဆုံးခဲ့တဲ့ ညက ကော်သူးလေကောင်းကင်ယံမှာ ကြယ်ကြီးတလုံး လင်းလက်ခဲ့တယ် အတီးရေ။ အဲဒီကြယ်ကြီးကို မြစ်ဝကျွန်းပေါ်ကပဲ ကြည့်ကြည့်၊ ပဲခူးရိုးမပေါ်ကပဲ ကြည့်ကြည့်၊ ဒေါနတောင်စဉ် တောင်တန်းပေါ်က ကြည့်ကြည့်၊ သံလွင် သောင်းရင်းနဲ့ ယွန်စလင်းကမ်းနံဘေးကပဲ ကြည့်ကြည့် ရွှန်းမြလင်းလက်နေတာကို တွေ့ရတယ်။ အဲဒီကြယ်ကြီးရဲ့ လင်းလက်မှုမှာ တည်ကြည်တဲ့ သစ္စာတရားတွေ၊ မြင့်မြတ်မှု၊ စွန့်လွှတ်မှု၊ အနစ်နာခံမှု၊ ငြိမ်းချမ်းမှုတွေပါတယ်။ တကယ်တော့ အဲဒီကြယ်ကြီးဟာ ကျမတို့အားလုံးကို ခွန်အားများစွာပေးခဲ့တဲ့ ပဒိုမန်းရှာလားဖန်း ဆိုတဲ့ ကြယ်ကြီးပါပဲ အတီးရယ်။ 


ပဒိုမန်းရှာလားဖန်းဆိုတဲ့ အတီးကို တော်လှန်ရေးခရီးတကွေ့မှာ စပြီးတွေ့ခဲ့ရပေမယ့်လို့ တော်လှန်ရေးအပေါ်ထားတဲ့ အတီးရဲ့ယုံကြည်ချက်တွေနဲ့ အတီးရဲ့သစ္စာတရားတွေကတော့ ကျမ ဘဝ သက်ဆုံးတိုင်အောင် သတိတရ ရှိနေဦးတော့မှာပါ၊ အတီးဟာ ကျမ ဆုံဖူး တွေ့ဖူးတဲ့ ကရင်အမျိုးသားခေါင်းဆောင်တွေထဲမှာ ထူးခြားတဲ့ ခေါင်းဆောင်တဦးပါ။ ကျမအတွက်တော့ အတီးဟာ ခေါင်းဆောင်တဦးဖြစ်ရုံမက ဖခင်ဆိုလည်း ဟုတ်၊ ဆရာသမားဆိုလည်း ဟုတ်၊ ရဲဘော်ရဲဘက်လည်း ဟုတ်၊ ရေးဖော်ရေးဖက်ဆိုလည်း ဟုတ်ခဲ့တယ်။ 

တော်လှန်ရေးရဲ့ ဗဟိုဌာနချုပ်ကြီးတခုဖြစ်တဲ့ မာနယ်ပလော သောင်းရင်းမြစ်ကမ်းနံဘေးက ဥယျာဉ်ခြံတခုထဲမှာ အတီးကို ကျမ စပြီးတွေ့ခဲ့ရတာပါ။ ကရင်ပုဆိုးအဟောင်းတထည်ကို ခပ်တိုတိုဝတ်ပြီး ဓားမကြီးတချောင်းနဲ့ ပေါင်းမြက်တွေရှင်းနေတဲ့ အတီးကို တွေ့လိုက်ရတုန်းက ကျမ ယုံတောင် မယုံခဲ့ဘူး။ အဲဒီကတည်းက ငါတို့ခေါင်းဆောင်ကြီးဟာ ရိုးသားလိုက်တာ၊ နှိမ့်ချလိုက်တာ၊ တော်လှန်ရေးသမား ပီသလိုက်တာဆိုပြီး ကျမ လေးစားဂုဏ်ယူခဲ့ရတာပါ။ 

အဲဒီနောက်တော့ မာနယ်ပလော သောင်းရင်းမြစ်ကမ်းနံဘေးက အတီးတို့ရဲ့အိမ်လေးကို ကျမတို့ မကြာခဏ ရောက်ခဲ့တယ်။ အတီးနဲ့ မူဂါး စိုက်ပျိုးထားတဲ့ အသီးအနှံမျိုးစုံကို ကျမတို့ စားသုံးခဲ့တယ်။ အတီးတို့ရဲ့ တော်လှန်ရေး ဖြတ်သန်းမှု၊ စွန့်လွှတ်အနစ်နာခံမှု၊ ကရင်တော်လှန်ရေး သမိုင်းအစ၊ အလှည့်အပြောင်း အချိုးအကွေ့၊ အတက်အဆင်းတွေကို ကျမတို့ သင်အံလေ့လာခဲ့ရတယ်။ “တော်လှန်ရေးသမားကောင်းတွေဟာ အရာရာကို ပေးဆပ်ရဲကြတယ်၊ စိတ်နေစိတ်ထား နှိမ့်ချတယ်၊ လိုအပ်ရင် သူတို့အသက်ကိုတောင်ပေးကြဖို့ ဝန်မလေးကြဘူး၊ ကရင်တော်လှန်ရေးထဲမှာ ဒီလိုပေးဆပ်သွားတဲ့ ခေါင်းဆောင်တွေ ရဲဘော်တွေ အများကြီးရှိတယ်” လို့ အတီး ပြောခဲ့တယ်နော်။ အတီးပြောခဲ့တဲ့ စကားအတိုင်းပဲ အတီးကိုယ်တိုင် ကျမတို့ကို လက်တွေ့ လုပ်ဆောင်ပြသခဲ့တယ်နော်။ 

မယ်သရောထာ တိုင်းရင်းသားနှီးနှောဖလှယ်ပွဲကြီး ကျင်းပပြီးတဲ့နောက် ကေအဲန်ယူ တပ်မဟာ(၆)ဒေသကို နဝတက အင်အားအလုံးအရင်းနဲ့  ထိုးစစ်ဆင်တော့ တပ်မဟာ(၆) အခြေခံဒေသက ပြည်သူတွေဟာ ထိုင်း-မြန်မာနယ်စပ်ကို ကမ္ဘာပျက်သလို ထွက်ပြေးလာကြတယ်။ ကလေးသူငယ်တွေ၊ သားသည်မိခင်တွေ၊ မသန်မစွမ်းတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေဟာ ဘယ်သူ့ဘယ်သူမှ မကူနိုင်မကယ်နိုင်ဘဲ ပြေးလွှားနေရတဲ့အချိန်မှာ ပလိုင်းရှည်ကြီးတလုံးကို ကျောမှာပိုး၊ နို့စို့ကလေးတဦးကို ရင်ဘတ်မှာလွယ်ပြီး ကျန်ကလေးငယ် ၂ ယောက်ကို ဘယ်ညာဆွဲကာ လူတန်းရှည်ကြီးနောက်ကို အမှီလိုက်နေတဲ့ သားသည်မိခင်တဦးအနားကို အတီး အပြေးရောက်သွားခဲ့တယ်။ အတီးက အဲဒီအမျိုးသမီးရဲ့ ပလိုင်းရှည်ကြီးကိုယူပြီး ကျောမှာပိုး၊ ကလေးတယောက်ကို ပွေ့ချီပြီးတော့ ဒုက္ခသည်တွေစုဝေးရာ သက်ကယ်တောအထိ အရောက်ပို့ပေးခဲ့တယ်။ ပလိုင်းရှည်ကြီးကိုလွယ်ပိုးပြီး ဖုန်ထူထူထဲမှာ ဒုက္ခသည်တွေနဲ့အတူ လိုက်ပါသွားတဲ့ အတီးရဲ့ပုံရိပ်ကို ကျမရဲ့အမြင်အာရုံထဲမှာ ဒီနေ့အထိ မြင်ယောင်နေဆဲပါ အတီးရယ်။ 

အတီးနဲ့ သိကျွမ်းရင်းနှီးခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ အတီးအကြောင်းကို ပိုပြီးတော့ သိလာခဲ့ရသလို ပိုပြီးတော့လည်း လေးစားလာခဲ့ရပါတယ်။ ကရင့်တော်လှန်ရေး နေရာဒေသတွေ ဘယ်လိုပဲပြောင်းပြောင်း၊ ရာထူးတာဝန်တွေ ဘယ်လိုပဲပြောင်းပြောင်း အတီးရဲ့ရိုးသားမှု၊ နှိမ့်ချမှု၊ မာန်မာနကင်းမှု၊ အနေအထိုင်၊ အစားအသောက်၊ အသုံးအဆောင်၊ အဝတ်အထည်အပေါ်မှာ ခြိုးခြံချွေတာမှုတွေကတော့ မပြောင်းမလဲပဲ ရှိနေခဲ့တယ်။ 

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းဆိုတဲ့ အတီးမှာရှိတဲ့ အဝတ်အစားတွေကို ရေတွက်ကြည့်ရင် လက် ၁၀ ချောင်းတောင် မပြည့်ပါဘူး။ ခေါက်ဆွဲကို သိပ်ကြိုက်တဲ့အတီးဟာ ဈေးချိုတဲ့ ၃ ဘတ်တန် ခေါက်ဆွဲခြောက်ထုတ်ကိုတောင်မှ တရက်ခြား၊ နှစ်ရက်ခြားလောက်မှ တခါစားခဲ့တယ်။ တကယ်ဆို ဒီထက်မကဈေးကြီးတဲ့ ခေါက်ဆွဲထုတ်ကို နေ့တိုင်းလိုလို အတီးစားနိုင်ပါတယ်။ ဒါပေမယ့် အတီးက မစားခဲ့ဘူး။ အတီးရင်ထဲမှာ ထမင်းငတ်နေ၊ ဆန်ပြုတ်သောက်နေရတဲ့ ပြည်သူလူထုတွေ ဝဥ၊ ကြွေးဥနဲ့  မျှစ်တွေကိုသာ စားနေရတဲ့ ကရင်ပြည်တွင်းဒုက္ခသည်တွေ ရှိနေခဲ့တယ် မဟုတ်လား။ 

အခြေအနေအရ မဲဆောက်မြို့မှာ တိုက်နဲ့ကားနဲ့နေရပေမယ့် အတီးတနေ့မှ မပျော်ဘူးဆိုတာ ကျမ သိတယ်။ “ကျနော် ဒီတိုက်အိမ်ကြီးပေါ်မှာ မနေချင်ဘူး၊ ကားတွေလည်း ကျနော် မစီးချင်ဘူး၊ ဇိမ်ခံရတဲ့ ပစ္စည်းတွေကိုလည်း ကျနော် မလိုချင်ဘူး၊ ကျနော်တို့က တိုက်ကြီးပေါ်မှာနေရပေမယ့် ကျနော်တို့လူမျိုးတွေ ဆင်းရဲဒုက္ခရောက်နေတာ အများကြီးပဲ၊ ဒါကြောင့် ဒီလိုနေရတာကို ကျနော် မနေချင်ဘူး”လို့  အတီး မကြာခဏ ပြောလေ့ရှိတယ်။ တော်လှန်ရေးသမားဘဝဖြစ်ရတာကို ဂုဏ်ယူကျေနပ်တဲ့ အတီးဟာ တော်လှန်ရေးနယ်မြေမှာပဲ လှုပ်ရှားသွားလာချင်သူပါ။ ဒါကြောင့်လည်း ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေထဲက အတီးရဲ့စခန်းလေးကို အမြဲလိုလိုသွားတယ်။ အတီးကိုယ်တိုင် ဦးဆောင်ပြီးတော့ တဲတွေ ဆောက်၊ သင်တန်းခန်းမတွေ ဆောက်ခဲ့တယ်။ သီးပင်စားပင်တွေ၊ သစ်ပင်ပန်းမာန်တွေစိုက်ပျိုးပြီး ကိုယ်တိုင်လည်း ရေလောင်းပေါင်းသင် လုပ်ခဲ့တယ်။ 

ဒုက္ခသည်စခန်းတွေကိုလည်း အတီးရောက်တာပါပဲ။ အတီးနဲ့အတူ ဒုက္ခသည်စခန်းတခုကို သွားခဲ့တုန်းက ဖိနပ်မပါ ခြေဗလာနဲ့  ပြေးလွှားကစားနေတဲ့ ကလေးတွေကိုမြင်တော့ အတီးက အတီးရဲ့ငယ်ဘဝကို သတိတရနဲ့  ပြန်ပြောပြတယ်။ “ကျနော်တို့ငယ်ငယ်က မိဘတွေက အရမ်းချို့တဲ့တာ၊ ကျနော်ငယ်ငယ်လေးထဲကနေ အသက် ၁၂ နှစ်အရွယ်အထိ အမေက ကျနော့်ကို ဖိနပ်တခါ မဝယ်ပေးဖူးဘူး၊ ကျနော်တို့ရွာက ကလေးတွေမှာလည်း ဖိနပ်မရှိကြဘူး၊ ကျနော်ဆို အသက် ၁၂ နှစ်အရွယ်အထိ ခြေဗလာနဲ့ပဲ ကျောင်းတက်ခဲ့ရတာ”။ ဒါကြောင့်လည်း အတီးဟာ ဖိနပ်ဟောင်းတွေဆို မပစ်ရက်ဘူး၊ ဟောင်းလို့ပစ်ထားခဲ့တဲ့ သားသမီးတွေရဲ့ဖိနပ်တွေကို အတီးကိုယ်တိုင် ပြုပြင်ချုပ်လုပ်ပြီးတော့ ပြန်စီးခဲ့တယ်။ အတီးအတွက် ဒီလို ခြိုးခြံချွေတာပေမယ့် ရှေ့တန်းကရဲဘော်တွေ ခြေ၊ လက်၊ မျက်စိ စွန့်လွှတ်ပေးဆပ်လိုက်ရတဲ့ ရဲဘော်တွေ၊ ကျန်းမာရေးချို့တဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက်တော့ အတီးဘယ်တော့မှ လက်မနှေးခဲ့ဘူး။ 

အတီးက အမျိုးသားရေး၊ နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကျောင်းသားလူငယ်တွေနဲ့ အမျိုးသမီးတွေအပေါ်မှာလည်း အားပေးခဲ့၊ မျှော်လင့်ခဲ့၊ ယုံကြည်အားထားခဲ့တဲ့ ခေါင်းဆောင်တဦးပါ။ မိခင်အဖွဲ့အစည်းရဲ့ လုပ်ငန်းတာဝန်တွေ၊ တပ်ပေါင်းစုတာဝန်တွေကို အချိန်ပြည့်နီးပါး ထမ်းဆောင်နေရပေမယ့် လူငယ်တွေ၊ အမျိုးသမီးတွေ ဖိတ်ကြားတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ စကားဝိုင်းတွေကိုလည်း မပျက်မကွက် တက်ရောက်ပြီးတော့ အားပေးစကားတွေပြောခဲ့၊ နိုင်ငံရေးတရားတွေ ဟောခဲ့သူပါ။ လူကြီးလူငယ် မခွဲ၊ လူမျိုးဘာသာ မခွဲ၊ ရာထူးအဆင့်အတန်း မခွဲ၊ အတွေးအခေါ် အယူအဆမခွဲဘဲ လူတိုင်းကို တန်းတူရည်တူ တန်ဖိုးထားပြီး တလေးတစားရှိတဲ့အတီးကို ကျမတို့ ဘယ်လိုမေ့ပျောက်လို့  ရနိုင်မှာလဲ။ 

ကျမအတွက်ကတော့ အတီးရဲ့ စာတွေ ကဗျာတွေအပေါ် ချစ်တဲ့စိတ်၊ သစ်ပင်ပန်းမာန်တွေအပေါ်မှာ မြတ်နိုးတွယ်တာစိတ်က အများနဲ့မတူတဲ့ ထူးထူးခြားခြား အမှတ်ရစရာတွေပါ။ ကျမရေးတဲ့ စာတွေ ကဗျာတွေကို ဘယ်သူမှ သတိမထားမိသေးတဲ့ အချိန်ကတည်းက အတီးက ကျမကို အားပေးခဲ့တယ်။ နောက်ပိုင်း စာတွေ အရေးစိပ်လာတဲ့အခါမှာလည်း ကျမရဲ့စာတွေ၊ ကျမရဲ့ကဗျာတွေကိုဖတ်ပြီး တလေးတစားနဲ့ ချီးကျူးခဲ့တယ်။ “ခိုင်မာရေ ခင်ဗျားရေးတဲ့ စာတွေ ကဗျာတွေ တော်တော်ကောင်းတယ်။ ကျနော်တို့ ကရင်ထဲမှာ ဒီလို စာတွေ ကဗျာတွေရေးတဲ့လူက သိပ်ရှားတယ်၊ တကယ်ဆို ကျနော်တို့လူမျိုးတွေရဲ့ အကြောင်းအရာ၊ အဖြစ်အပျက်၊ အခြေအနေတွေကို ရေးမယ်ဆို ရေးစရာတွေ အများကြီးပဲ ရေးပါဗျာ။ ကျနော်တော့ အားပေးတယ်”။ ကျမကို ဒီလိုအားပေးခဲ့သလို တရင်းတနှီးနဲ့လည်း နောက်ပြောင်ခဲ့ဘူးတယ်၊ “ကျနော်က စာရေးဆရာမ၊ ကဗျာဆရာကို ချွေးမ သိပ်တော်ချင်တာ၊ ကျနော် တော်ချင်တဲ့ ချွေးမကလည်း ကျနော့် သားကို မကြိုက်၊ ကျနော့်သားကလည်း ကျနော်တော်ချင်တဲ့ ချွေးမကို မကြိုက်”လို့ ပြောပြီး ရယ်မောနေတဲ့ အတီးမျက်နှာကို ကျမ မြင်ယောင်နေသေးတယ်။ 

တက္ကသိုလ်ကျောင်းသားဘဝထဲက စာပေတွေကို လေ့လာလိုက်စားပြီး ကလောင်စသွေးခဲ့တဲ့ အတီးဟာ ရေဆန်၊ မန်းရှာ၊ မန်းရှာလားဖန်း၊ နန့်ဇိုယာဖန်း၊ လေ့လာသူတဦး၊ တိုက်ပွဲဝင်ရဲဘော်တဦးဆိုတဲ့ ကလောင်အမည်တွေနဲ့ ကဗျာတွေ အတွေးအခေါ်နဲ့ တော်လှန်ရေး ဆောင်းပါးတွေကို ကေအဲန်ယူကထုတ်တဲ့ သနူးထူးဂျာနယ်၊ ထောမဲပါဂျာနယ်၊ တော်လှန်ရေးနယ်မြေထုတ် မဒတ ဂျာနယ်နဲ့  အခြားသတင်းစာ၊ ဂျာနယ်တွေမှာ အမြဲလိုလို စာတွေရေးခဲ့တယ်။ စာတွေ ကဗျာတွေကိုချစ် စာတွေ ကဗျာတွေကိုကိုယ်တိုင်လည်း သီကုံးရေးဖွဲ့တဲ့ အတီးဟာ ကဗျာဆရာ၊ စာရေးဆရာ၊ ပန်းချီ၊ ကာတွန်း စတဲ့ စာပေရေးရာ ပုဂ္ဂိုလ်ကြီးငယ်အားလုံးကိုလည်း တန်ဖိုးထားလေးစားသူပါ။ 

မာနယ်ပလောကျပြီးနောက် သနူးထူးဂျာနယ် ထုတ်ဝေရေးကို အတီးကိုယ်တိုင် တာဝန်ယူ ဆောင်ရွက်ရတဲ့အချိန်မှာတော့ ဂျာနယ်ထုတ်ဝေရေးအတွက် ကျမကို အမြဲလိုလို တိုင်ပင်ဆွေးနွေးခဲ့၊ အတီးကိုယ်တိုင်လည်း တော်လှန်ရေးနယ်မြေရောက် စာရေးဆရာ၊ ကဗျာဆရာတွေဆီမှာ တလေးတစားနဲ့  စာမူတွေ တောင်းခဲ့၊ ကျမကိုလည်း ကဗျာတွေစာတွေရေးဖို့ တိုက်တွန်းနှိုးဆော်ခဲ့၊ ကိုယ်တိုင်လည်း ကလောင်အမည်မျိုးမျိုးနဲ့ တကုန်းကုန်းနဲ့ ရေးခဲ့တာတွေဟာ ကျမ မျက်ဝန်းထဲမှာ တရစ်ဝဲဝဲပါ။ ကျမ ဘယ်လိုမှ မေ့လို့မရနိုင်တာက ဂျာနယ်အတွက် ကွန်ပြူတာရှေ့မှာ ကျမတို့ စာစီ၊ စာရိုက်၊ ဒီဇိုင်းတွေပြင်ဆင်ချိန်မှာ အတီးက နောက်ဖေး မီးဖိုချောင်ထဲမှာ ငရုပ်သီးစိမ်းတွေ ထောင်း၊ ဟင်းရွက်စုံ တာလပေါ့ဟင်းကို ကျကျနနချက်ပြီး ကျမတို့ကို ကျွေးခဲ့၊ ကျမတို့စားခဲ့တဲ့ ပန်းကန်တွေကိုလည်း အားလုံးသိမ်းကျုံးပြီး ဆေးကြောပေးခဲ့တာတွေပါ။ 

အတီးက တပည့်၊ ရဲဘော်တွေအပေါ်မှာ နားလည်မှု၊ ကြင်နာမှုရှိရုံမက သားသမီးနဲ့ ဇနီးသည်အပေါ်မှာလည်း ကြင်နာမှုအပြည့် ရှိသူပါ။ မူးဂါး နမ့်ကျင်ရွှေ အိပ်ယာထဲ ဘုန်းဘုန်းလဲတော့ အလုပ်တာဝန်တွေကြားက နေ့မအိပ်၊ ညမအိပ် ပြုစုခဲ့တာတွေ၊ မူးဂါးရဲ့အင်္ကျီတွေ၊ ထမီတွေကို ကိုယ်တိုင်လျှော်ဖွတ်ပေးခဲ့တာတွေ၊ အရိုးစုလိုဖြစ်နေတဲ့ မူးဂါး ခန္တာကိုယ်လေးကို ကြင်ကြင်နာနာ ထူမတ်ပြီး ဆန်ပြုတ်ပူပူလေးကို တယုတယနဲ့ တိုက်ကျွေးခဲ့တာတွေကို ကျမ ဘယ်လို မေ့လို့ရမှာလဲ။ အတီးရဲ့ ငယ်ပေါင်းကြီးဖက်လည်းဖြစ်၊ ရဲဘော်ရဲဘက်လည်းဖြစ်၊ တိုက်ဖော်တိုက်ဖက်လည်းဖြစ်၊ အတီးရဲ့ စတုတ္ထမြောက် သူရဲကောင်းလည်းဖြစ်ခဲ့တဲ့ မူးဂါး နမ့်ကျင်ရွှေ ဆုံးပြီးတဲ့နောက်မှာ အတီးဟာ ပန်းပင်တွေအပေါ်မှာ ပိုပြီး သံယောဇဉ်ကြီးတာလာကိုလည်း ကျမ သတိထားမိတယ်။ 

တနယ်တည်းသား၊ တောသူတောင်သား သားသမီးတွေဖြစ်ကြတဲ့ အတီးနဲ့ မူဂါးဟာ ဘဝတူ၊ ဝါသနာတူ၊ စိတ်တူသဘောတူ ရှိခဲ့တယ်။ ခက်ခဲကြမ်းတမ်းတဲ့ တော်လှန်ရေးခရီးကြမ်းထဲမှာ အတူဖြတ်သန်းခဲ့ကြပြီး တဦးနဲ့တဦး နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုတွေ ပိုမိုခိုင်မာလာတဲ့အချိန်မှာ မူးဂါး နမ့်ကျင်ရွှေ အတီးနားက ထွက်ခွာသွားတော့ အတီး အတော် ကြေကွဲခဲ့ရတယ် မဟုတ်လား။ အတီးက မူဂါးကို သားသမီးတွေ အတောင်အလက်စုံတဲ့ အထိ၊ ကရင်တော်လှန်ရေးခရီးဆုံးအထိ အေးအတူပူအမျှ အတူရှိနေစေချင်သေးတယ် မဟုတ်လား။ မူးဂါး ဆုံးပါးပြီးတဲ့နောက်မှာ အတီးရဲ့အဖော်ဟာ မူဂါး နမ့်ကျင်ရွှေ နှစ်သက်တဲ့ ယုဇနပန်းတွေ ဖြစ်လာတယ်။ မူဂါးအတွက်ရည်စူးပြီး စိုက်ပျိုးထားတဲ့ ယုဇနပန်းပင်လေးကို ညနေတိုင်း ရေလောင်းပေးရင်းနဲ့ မူဂါးကိုလွမ်းတဲ့စိတ်တွေကို အတီးဖြေသိမ့်ခဲ့တယ် မဟုတ်လား။ အတီးရဲ့စာအုပ်စဉ် ယိုင်နဲ့နဲ့လေးပေါ်မှာက မူးဂါး နမ့်ကျင်ရွှေရဲ့ဓာတ်ပုံရှေ့မှာ ယုဇနပန်းတွေကို အတီး အမြဲစိုက်ထိုးပေးခဲ့တယ်နော်။ 

အတီးဟာ သားသမီးနဲ့ ဇနီးသည်ကို ကြင်နာခဲ့၊ စာပေတွေကို မြတ်နိုးခဲ့၊ လုပ်ဖော်ကိုင်ဖက် ရဲဘော်ရဲဘက်တွေကို တန်ဖိုးထား လေးစားခဲ့သလို ကရင်အမျိုးသားထုတရပ်လုံးကိုလည်း လွတ်လပ်မှု၊ ငြိမ်းချမ်းမှုနဲ့ စည်းလုံးချစ်ကြည်မှုတွေကို အပြည့်အဝ ရရှိခံစားစေချင်တဲ့ ခေါင်းဆောင်တဦးပါ။ နဝတက ကေအဲန်ယူကို ဘာသာရေးအရ သပ်လျှိုသွေးခွဲခဲ့လို့ သူးမွဲထာဒေသ မြစ်ဆုံအရေးအခင်းဖြစ်တော့ အတီးနဲ့ ကေအဲန်ယူ ခေါင်းဆောင်ကြီးတွေ စိုးရိမ်သောက ဖြစ်ခဲ့ကြ၊ စေ့စပ်ညှိနှိုင်းရေးတွေ လုပ်ခဲ့ကြ၊ အတီးအပါအဝင် မဟာမိတ်ခေါင်းဆောင်ကြီးတွေ ကေအဲန်ယူထဲက ကရင်ဗုဒ္ဓဘာသာဝင်တချို့ ခွဲမထွက်သွားအောင် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြပေမယ့် နဝတရဲ့ ထောင်ချောက်ထဲကို ရောက်ရှိသွားတဲ့ ဗုဒ္ဓဘာသာဝင် ကရင်တချို့ ကို ဘယ်လိုမှ ဆွေးနွေးလို့မရတော့တဲ့အပြင် အတီးတို့ကိုတောင် လုပ်ကြံသတ်ဖြတ်ဖို့အထိ လုပ်ခဲ့တာတွေ၊ အတီးတို့ အသက်ဘေးကလွတ်အောင် ရုန်းထွက်ခဲ့ရတာတွေကိုသိရတော့ ကျမတို့ အတော့်ကို ထိခိုက်နာကျင်ခဲ့ရပါတယ်။ ကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့ရတဲ့ ဗုဒ္ဓဘာသာဝင် ခေါင်းဆောင်ကြီးတဦးဖြစ်တဲ့ အတီး ခံစားရတာကတော့ ကျမတို့ထက် အများကြီးပိုမှာပါ။ ကရင်ဗုဒ္ဓဘာသာဝင်တချို့ ကေအဲန်ယူထဲကခွဲထွက်ပြီး နဝတ လက်အောက်ရောက်သွားတော့ အတီး ယူကျုံးမရဖြစ်ပြီး မျက်ရည်ကျတယ်လို့ မူးဂါး နမ့်ကျင်ရွှေ ပြန်ပြောပြလို့ ကျမတို့ သိခဲ့ရပါတယ်။ 

ဒီကေဘီအေ ခွဲထွက်သွားတဲ့ကိစ္စမှာ “ကျနော်တို့ကရင်တွေ နိုင်ငံရေး အတော်အားနည်းနေသေးတယ်၊ နိုင်ငံရေး အားနည်းတော့ ရန်သူဟာ ကျနော်တို့အပေါ်မှာ ဘယ်လောက်အထိ ကောက်ကျစ်တယ်၊ ယုတ်မာရက်စက်တယ်ဆိုတာကို မသိကြဘူး။ ကျနော်တို့ရဲ့ ကွဲပြားခြားနားချက်၊ အားနည်းချက်တွေကို အသုံးချပြီး ကျနော်တို့ ကရင့်တော်လှန်ရေးနဲ့ ကေအဲန်ယူကို အပြုတ်တိုက်ဖို့ ကြံစည်လုပ်ဆောင်နေတယ်ဆိုတာကို နားမလည်ကြဘူး။ တော်လှန်ရေး နိုင်ငံရေးမှာ အတွေးအခေါ်အရ ကွဲလွဲမှုတွေ ရှိပါတယ်၊ ကျနော်တို့ ကရင့်တော်လှန်ရေး တလျှောက်လုံးမှာလည်း ရှိခဲ့တာပါပဲ။ ဒီတခါကွဲတာကတော့ ကျနော်တို့ ကရင့်တော်လှန်ရေးအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပဲ” လို့ အတီး မှတ်ချက်ချခဲ့တာကို ကျမ ကောင်းကောင်းမှတ်မိနေပါတယ်။ 

ဒီကေဘီအေ ခွဲထွက်သွားပြီးတဲ့နောက်မှာ ကရင်အမျိုးသားအချင်းချင်း ပြန်လည်ပေါင်းစည်းဖို့အတွက် အတီး အပါအဝင် ကေအဲန်ယူခေါင်းဆောင်ကြီးတွေ အကြိမ်ကြိမ် ကြိုးပမ်းခဲ့ကြပါသေးတယ်။ ဒါပေမယ့် နအဖရဲ့ ညွန်ကြားချက်အတိုင်း ကေအဲန်ယူစခန်းတွေကို ဒီကေဘီအေဘက်ကနေ အကြိမ်ကြိမ် တိုက်ခိုက်လာတဲ့အခါမှာတော့ သတင်းမီဒီယာတွေကနေ ရန်ငါ စည်းခြား ပြတ်ပြတ်သားသား ပြောခဲ့သူဟာ အတီးပါ။ ဒါပေမယ့် ကရင်တွေ အကွဲကွဲအပြားပြားဖြစ်နေ၊ ကရင်အချင်းချင်း ပြန်တိုက်နေရတာကိုတော့ အတီး နှလုံးကြေကွဲမတတ် ခံစားခဲ့ရတယ် မဟုတ်လား။ ဒီကေဘီအေကိစ္စ ဆွေးနွေးလိုက်တိုင်း ကြည်လင်နေတဲ့ အတီးမျက်နှာဟာ ရွာတော့မယ့်မိုးလို မှုန်မှိုင်းသွားပြီး “ကျနော်တို့  ကရင်တွေ စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြစ်ကြရင် သိပ်ကောင်းမယ်ဗျာ”လို့ပြောပြီး သက်ပြင်းရှည်ကြီးကို အတီး ချတတ်တယ်။ 

မြစ်ဝကျွန်းပေါ် ဧရာဝတီမြစ်ဝှမ်းလွင်ပြင် ဇာတိ၊ ဗုဒ္ဓဘာသာဝင် အနောက်ပိုးကရင်တဦးဖြစ်တဲ့ အတီးဟာ တောင်ပေါ်မြေပြန့် မခွဲဘဲ စကောကရင်၊ ပိုးကရင် မခွဲ၊ အရှေ့ပိုး၊ အနောက်ပိုး မခွဲဘဲ ကရင်တမျိုးသားလုံးကို တန်းတူရည်တူ ချစ်ခဲ့တယ်။ အခုတော့ အတီးချစ်တဲ့ ကရင်တွေက “မင်္ဂလာညနေခင်းပါ အတီး”လို့ နှုတ်ဆက်ပြီးတော့ အတီး ရင်ဝတည့်တည့်ကို ကျည်ဆံတွေ ပစ်သွင်းသွားခဲ့တယ်။ အတီး အံ့အားသင့်နေခဲ့တယ် မဟုတ်လား၊ အတီး တချက်ကလေးမှ မညီးငြူခဲ့သလို အဲဒီကရင်တွေကိုလည်း အတီး အပြစ်မယူခဲ့ဘူး မဟုတ်လား။ ဒီအကြောင်းကို အတီးကိုယ်တိုင် သတင်းသမားတွေကို ပြောခွင့်ရမယ်ဆိုရင် “ဒါဟာ အိမ်ကြက်အချင်းချင်း အိုးမဲသုတ်တဲ့ နအဖရဲ့ ရက်စက်ယုတ်မာမှု၊ နအဖ စစ်အစိုးရရဲ့ အကြမ်းဖက်မှု”လို့ အတီးပြောမှာ သေချာပါတယ်။ အတီး ကျဆုံးသွားခဲ့တဲ့ ညနေခင်းဟာ ချစ်သူများရဲ့ညနေခင်းပါ။ ကျမတို့အားလုံးအတွက်တော့ အတီးကို မှတ်မှတ်ရရ အမြဲရှိနေမယ့် ညနေခင်းပါပဲ အတီးရယ်။ 

အတီးလျှောက်ခဲ့တဲ့လမ်းကို ပြန်ကြည့်ရင် လွမ်းစရာတွေအတိနဲ့ပါ။ အခုတော့ ရေဆန် ဆိုတဲ့ မန်းရှာလားဖန်းရဲ့အရိုးပြာကို သူ့ရဲ့ရဲဘော်ရဲဘက်တွေက သောင်ရင်းမြစ်ရေလျင်ထဲမှာ မျောချနေကြပြီ အတီးရေ။ အတီးရဲ့အရိုးပြာထဲမှာ ကရင်ပြည်သူတွေနဲ့အတူ တိုင်းရင်းသား လူမျိုးပေါင်းစုံကိုချစ်တဲ့ အတီးရဲ့အချစ်တွေ ပါတယ်။ မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရမယ်ဆိုတဲ့ အတီးရဲ့ယုံကြည်ချက်တွေ ပါတယ်။ စစ်အာအာဏာရှင်စနစ် မုချကျဆုံးရမယ်ဆိုတဲ့ အတီးရဲ့ယုံကြည်ချက်တွေပါတယ်။ သောင်းရင်းမြစ်ရေလျင်ကြောမှာ မန်းရှာလားဖန်းရဲ့ယုံကြည်ချက်၊ မျှော်လင့်ချက်တွေ စီးမျောနေပြီ အတီးရေ။ အတီးရဲ့ ယုံကြည်ချက်၊ မျှော်လင့်ချက်တွေဟာ သောင်းရင်းမြစ်ထဲကနေ သံလွင်မြစ်မကြီးထဲကို စီးမျောသွားလိမ့်မယ်။ သံလွင့်မြစ်မကြီးရဲ့ မြစ်လက်တက် မြစ်ခွဲတွေဆီကတဆင့် အတီးရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေက ဧရာဝတီမြစ်ကြီးထဲကို စီးဝင်ရောက်ရှိသွားလိမ့်မယ်။ ဧရာဝတီမြစ်ကြီးထဲရောက်ရှိသွားတဲ့ အတီးရဲ့ယုံကြည်ချက်၊ မျှော်လင့်ချက်တွေဟာ ရပ်တန့်မနေဘဲ မြန်မာနိုင်ငံတဝှမ်းဆီကို ပြန့်နှံ့ရောက်ရှိသွားမယ်ဆိုတာ ကျမ အခိုင်အမာ ယုံကြည်နေပါတယ်။ ။ 

ခိုင်မာကျော်ဇော 
(ဖေဖော်ဝါရီ ၁၄၊ ၂၀၀၈) 

 

No comments: