Wednesday, January 21, 2015

ငွေလရောင်ရဲ့ တိမ်းရှောင်သူ - ၁ (သစ်ကောင်းအိမ်)


(၃)

နှစ်တနှစ်အရောက်တွင်တော့ ထိုသူ့လက်ထဲသို့ စိတ်ပုတီးတကုံး ရောက်လာပါသည်။ သူ၏နှုတ်ကမူ တလှုပ်လှုပ်နဲ့ ဘာတွေ ရွတ်ဆိုနေသည် မသိ။ လက်ဖက်ရည်ဆိုင်ထိုင်ရင်လည်း ထိုပုတီးနှင့်...၊ သို့သော်လည်း သူ့နိုင်ငံရေးသိပ္ပံကို စိတ်အားထက်သန်စွာ ဆွေးနွေးနေချိန်နှင့် ကမ္ဘာ့ရေးမြန်မာ့ရေး သတင်းများအလယ် သူ နစ်မြုပ်နေချိန်များတွင်တော့ သူ့ စိတ်ပုတီးသည် စားပွဲခုံအောက် သူ့ခြေထောက်နားတွင် ပြုတ်ကျလျက် မြင်တွေ့သူ ကျနော်တို့ တယောက်ယောက်က ကောက်ယူကာ စားပွဲပေါ်သို့ ပြန်တင်ပေးထားရတတ်ပါသည်။ 

ကျောင်းပိတ်ရက် နေ့လယ် တနေ့ခင်း ကျနော်တို့ညီအကိုတသိုက် မျိုးကိုတို့အိမ်တွင် ထိုကာလက ထွက်ခါစ ခိုင်ထူးရဲ့ မကျေနပ်ဘူး သိလား... သီချင်းတိတ်ခွေကို စုဝေးနားထောင်နေခိုက် ပုတီးတကုံးနဲ့ သူရောက်ရှိလာကာ နေရာလွတ် ခုံတန်းလျားတခုတွင် ဝင်ထိုင်ရင်း ကျနော်တို့ညီအကိုတသိုက်နဲ့အတူ အကြင်နာသစ်ဆု… အကြင်နာသစ်ဆု… ကို ဝင်တောင်းရမ်းရင်း ပုတီးစိတ်နေပါသည်။ ထိုစဉ် ဘယ်အချိန်ကာလတည်းက သူ့ပုတီးစိတ်နည်းကို စပ်စပ်စုစု လေ့လာထားသည်မသိသော ကျနော့်အကို အောင်ကိုကြီးက ကို(…) ခင်ဗျားစိတ်တဲ့ပုတီးက ဒီနေ့ဘာလို့ တလုံးလျော့နေရတာလည်းဟူ၍ အမေးအမြန်း ထထူပါတော့သည်။ သူကတော့ သူ့ကိုယ်ပိုင် အေးဆေးလေးလံသော လေသံဖြင့် ... … 


ဒီနေ့ အိမ်မှာ ငါ့အဘိုးကြီးက ဘလိုင်းကြီး ငါ့ကို ပြသနာရှာတယ်ကွာ။ အဲဒါကြောင့်...။ အရင်က ငါက အနန္တောအနန္တ ငါးပါး စိတ်တာ။ ဒီနေ့ အဘိုးကြီးနဲ့ ကွိုင်တက်လာလို့ တပါးလျော့ပြီး အနန္တော အန္တ လေးပါးပဲစိတ်တဲ့အနေတဲ့ ပုတီးကို တလုံးလျော့စိတ်တာကွ… ဟူ၏။ (သူက ပုတီးစိတ်လျှင် သူတပါးတွေလို တလုံးချင်းမစိတ်ဘဲ တခါတည်း ငါးလုံးဆွဲ၍ စိတ်ပါသည်) ထိုနေ့တွင်တော့ တခါစိတ်လျှင် ပုတီးလေးလုံးသာ အတိအကျဆွဲ၍ စိတ်နေပါတော့သည်။ သူကား သူ့သီအိုရမ် သူထုတ်ကာ သူ့ခိုင်လုံမှုအပြည့်နဲ့ သူ...။ 

တခါတွင်လည်း ဘယ်သူက လက်ဖက်ရည်ဆိုင်ကို အရင်စရောက်၍ ဘယ်သူ့က ဘယ်သူ့ဝိုင်း ဝင်ထိုင်နေမိတယ် မမှတ်မိတော့...။ ထိုသူနှင့်ကျနော် နှစ်ယောက်တည်း လက်ဖက်ရည်ဆိုင်စားပွဲတခုမှာ နှစ်ယောက်အတူထိုင်လျက်...။ သူကား ကျနော့်ကို လုံးဝ စကားမပြော လှည့်မကြည့်၊ သူ့အတွေးနဲ့သူ တိုင်းပြုပြည်ပြု အခြေခံဥပဒေမူကြမ်းကို ရေးဆွဲလျက်...။ 

ကျနော်ကလည်း သူ တိတ်ဆိတ်နေတော့ ကိုယ်ဘာကိုယ် နားအေးပါးအေး… ပြောင်းလဲခြင်းနဲ့ မူမမှန်ခြင်းကို ဆင်သလိုလို ထင်ကြတယ် ထင်တာတွေ မထင်မရှားနဲ့ မိုးရယ် ဘယ်ဆီမှာညိုဦးမယ်…ဟု ဆင်ရာတိမ်မိုးနေခိုက် ရုတ်တရက်ကြီး ထကာ… 

... ရှုပ်တယ်ကွာ ဇော်ကြီး…။ တို့တိုင်းပြည်က သေးသေးလေး မင်း မြေပုံ ပြန်ကြည့်ကြည့်။ လူမျိုးက ဘယ်နှမျိုးမှန်းတောင် ရေလို့မရ...။ တို့တိုင်းပြည်မှာ တိုင်းပြည်အုပ်ချုပ်တတ်တဲ့ကောင်ကလည်း တယောက်မှ မရှိ။ ဥပမာ ဖဆဖလခေတ်ကို ကြည့်ကွာ။ အဲဒီတော့ ငါတို့ တိုးတက်တဲ့နိုင်ငံတခုက အစိုးရလုပ်တတ်တဲ့သူတွေကို လစာကောင်းကောင်း ပေးငှားပြီး တိုင်းပြည် အုပ်ချုပ်ခိုင်းမယ်။ သူတို့ ကောင်းကောင်းမအုပ်ချုပ်တတ်ရင် အစိုးရအလုပ်က အချိန်မရွေး ဖြုတ်ပစ်ပြီး နောက်ထပ် အရည်အချင်းပြည့်ဝသူကို ခန့်ထားမယ်။ ကိုယ့်ဝန်ထမ်းပဲဟာ။ အဲလိုဆို မကောင်းဘူးလား…ဟု သူ့စိတ်ရူးကို ကောက်ကာငင်ကာ မဲထည့်ခိုင်းတော့ အင်း... ကောင်းသားပဲ... ဆိုတာကလွဲပြီး ကျနော်မှာ ဘာထပ်ပြောရမယ်မှန်းမသိ...။ သူကတော့ သူ့စိတ်ရူး သူသဘောခွေ့ကာ ပြုံး၍များတောင် နေလိုက်သေးသည်။ 

(၄) 

ညနေစောင်းပြီဆိုလျှင် ကျနော်တို့အိမ်အပေါ်ထပ် ဝရန်တာလေးမှ မြင်ခွင့်ရသည့် မြင်ကွင်းတခု ရှိခဲ့ပါသည်။ ပျံလွှားငှက်ဟု ကျနော် ထင်မြင်သော ငှက်ကလေးများအုပ်စုနှင့် မျိုးချစ်မျက်ကန်း ကျီးကန်းများ တအုပ်စုနဲ့တအုပ်စု ထိုးဆိတ် သတ်ဖြတ်သော ငှက်တိုက်ပွဲဖြစ်ပါသည်။ 

ညနေရောက်တိုင်း သူတို့ တအုပ်စုနဲ့ တအုပ်စု ထိုးဆိတ် သတ်ဖြတ်ကြပါသည်။ သူတို့တကိုယ်စာ သူတို့ ငှက်မျိုးနွယ်စု တစုစာ အတောင်ပံများ ပျံသန်းရန်အလို့ငှာ သဘာဝကြီးက သဘောထားကြီးကြီး ကျယ်ပြန့်ပေးထားသော ကောင်းကင်ပြာကြီးသည် ထိုငှက်အုပ်စုများအတွက်မူ ကျဉ်းလွန်းလှသည် ထင်ပါသည်။ 

ငှက်များ၏စစ်ပွဲကို ကျနော့်က အလိုမတူလျက် ငေးမောတွေဝေရင်း ရောက်ရှိလာသော တခုသော နွေဦးရာသီတွင်တော့ ကံကြမ္မာက ခါချဉ်ကောင်များ အသိုက်ဖွဲ့ထားသော အင်းကြင်းပန်းခိုင်တခိုင်အား အမြိုက်တရားအဖြစ် ချိုးယူကာ ချစ်လက်ဆောင်အဖြစ် ၃၁ ဘုံကို ဗုံသားရေကျက်ပြီး တီးချင်မိသည့် သေရာပါမည့် အပြင်းစား စိတ္တရောဂါတခုကို ရရှိခဲ့သူမှာကား ထိုသူလည်း မဟုတ်ခဲ့ပါ။ 

ဆက်လက်ဖော်ပြပါမည်။ 

 

No comments: