Monday, January 26, 2015

အပ်နဲ့ထွင်းရမှာကို ပေါက်ဆိန်နဲ့ မပေါက်မိပါစေနဲ့ (ကျော်စွာမြင့်)

မြင်းခြံမြို့မှာရောက်ရှိနေကြတဲ့ မန္တလေးက ရန်ကုန်အထိ လမ်းလျှောက်ချီတက် သပိတ်မှောက်စစ်ကြောင်း ကျောင်းသားတွေကို မနက်ဖြန် တောင်သာမြို့အဖြတ်မှာ အစိုးရက တောင်သာ လူမိုက်စွမ်းအားရှင်ဆိုသူတွေကို အသုံးချပြီး ထောက်ခံသူနဲ့ ကန့်ကွက်သူ ပြည်သူချင်းဖြစ်ကြတဲ့ ပဋိပက္ခသဏ္ဍာန် ဖန်တီးပြီး ဖြိုခွင်းဖို့ကြံစည်ထားကြောင်း သတင်းတွေမှာ ကြားသိလာရပါတယ်။ 

တချိန်က ဒီပဲယင်းအရေးအခင်းလို ထောက်ခံသူနဲ့ ကန့်ကွက်သူ တိုက်ခိုက်တဲ့ ပြဿနာလိုမျိုး ဇာတ်လမ်းအဟောင်းကြီးကို တကျော့ပြန် ဖန်တီးမယ်ဆိုရင်တော့ အစိုးရ အကြီးအကျယ် မှားယွင်းနိုင်တယ်။ 

ဘာကြောင့်လဲဆိုတော့ ဒီပဲယင်း အရေးအခင်းတုန်းက အခြေအနေ အနေအထားမျိုး မဟုတ်တော့ဘူး။ သမ္မတ ဦးသိန်းစိန်တို့၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကိုယ်တိုင် နိုင်ငံတကာအလယ်မှာ တဖွဖွပြောနေ ကတိတွေပေးနေတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အချိန်ကာလနော်။ ယနေ့အချိန်မှာ အမေရိကန်အစိုးရ အပါအဝင် အနောက် အင်အားကြီးနိုင်ငံတွေ၊ ကူညီထောက်ပံမှု အများဆုံးပေးနေတဲ့ ဂျပန်လိုနိုင်ငံတွေကပါ စောင့်ကြည့်နေတဲ့အချိန်နော်။ 


ဒီလိုအချိန်မျိုးမှာ လက်နက်မဲ့ အကြမ်းမဖက်တဲ့ ကျောင်းသားလူငယ်တွေရဲ့ ငြိမ်းချမ်းစွာဆန္ဒပြ သပိတ်မှောက်မှုကို ပြည်သူချင်းဖြစ်တဲ့ ပြဿနာမျိုး လက်နက်အားကိုးနဲ့ ဖန်တီးမယ်ဆိုရင် အဲဒီနိုင်ငံတွေက အကြောင်းပြချက် အဟောင်းကြီးကို လက်ခံလိမ့်မယ် ထင်သလား၊ နိုင်ငံတကာအလယ်မှာ အရှက်ရစေမယ့်အဖြစ်ဆိုတာ အစိုးရအနေနဲ့ သတိပြုသင့်ပါတယ်။ 

မနက်ဖြန်မှာ မြင်းခြံက တောင်သာကိုဖြတ်သန်းတဲ့ ကျောင်းသား ၁၀၀ လောက်ကို ဖမ်းဆီး အကြမ်းဖက်ဖြိုခွင်းလိုက်ရုံနဲ့ ဇာတ်လမ်းပြီးမယ်လို့ ထင်ပါသလား၊ မြေလတ်ဒေသက ကျောင်းသားတွေကိုရော ရေနံချောင်း၊ ချောက်လို အစဉ်အလာရှိတဲ့ မြို့ကြီးဒေသကြီးတွေမှာ တောင်သာလို စွမ်းအားရှင်ဆိုတာမျိုးတွေနဲ့ ဖြိုခွင်းလို့ ရပါ့မလား၊ ဧရာဝတီတိုင်းက ချီတက်လာမယ့် ကျောင်းသားတွေကိုရော လွယ်လွယ်ကူကူ ဖြိုခွင်းလို့ရနိုင်မယ် ထင်ပါသလား။ 

နောက်ဆုံး ယခုအချိန်အထိ ငြိမ်သက်စွာ အခြေအနေကိုစောင့်ကြည့်နေတဲ့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေက ကျောင်းသား ပြည်သူတွေကရော အကြမ်းဖက်ဖြိုခွင်းမှုတွေကို သိမြင်လာရင် ငြိမ်သက်နေပါ့မလား အစိုးရအနေနဲ့ စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။ 

အမှန်တကယ်ကတော့ ဥပဒေပြုရေးအာဏာရှိတဲ့ လွှတ်တော်နဲ့ အုပ်ချုပ်ရေးအာဏာရှိတဲ့ အစိုးရအဖွဲ့အကြားက အာဏာလွန်ဆွဲပွဲမှာ ကျောင်းသားတွေကို မြေစာပင် အသုံးမချစေချင်ပါ။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေနဲ့တောင် မျက်နှာချင်းဆိုင်နေချိန်မှာ သားသမီးအရွယ် ကျောင်းသားတွေနဲ့ မျက်နှာချင်းဆိုင် မဖြေရှင်းချင်တဲ့ မှားယွင်းသော မာနတွေကို ဖယ်ရှားစေချင်ပါတယ်။ 

ကျောင်းသားများ တောင်းဆိုထားတဲ့ ပြင်ဆင်ဖြည့်စွက်လိုတဲ့ အချက် ၁၁ ချက်ကို ပြည်သူက ရွေးကောက် တင်မြောက်ထားပါတယ်လို့ ပြောပြောနေတဲ့ လွှတ်တော်ကရော ဘာကြောင့် အရေးမစိုက် မဆွေးနွေး မညှိနှိုင်းနိုင်နေရတာလဲ။ ပြည်သူ့အသံ လွှတ်တော်အသံဆိုရင် ယနေ့ ပြည်သူ့ရင်သွေးကျောင်းသားတွေ တောင်းဆိုနေတဲ့ အမျိုးသားပညာရေးဥပဒေ ပြန်လည်သုံးသပ် ဆွေးနွေးရေးကို ယခုအချိန်အထိ ဘာကြောင့်မလုပ်တာလဲ။ 

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ချီတက်နေပါပြီလို့ အစိုးရရော၊ လွှတ်တော်ရောပြောနေပေမယ့် ဒီမိုကရေစီမဆန်တဲ့ အကြမ်းဖက် ဖြိုခွင်းရေးလမ်းစဉ်ကို ယနေ့အချိန်ထိ ဆက်လက် လုပ်ဆောင်နေဦးမယ်ဆိုရင် တိုင်းပြည်နစ်နာမယ်ဆိုတာ သိမြင်ကြဖို့ ကောင်းနေပါပြီ။

နိုင်ငံသား ပြည်သူတွေ မအကြပါ။ ကန့်ကွက်တောင်းဆိုနေတဲ့ ကျောင်းသားကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ဖြစ်စေ၊ အစိုးရဖြစ်စေ မျက်နှာချင်းဆိုင် ဆွေးနွေးညှိနှိုင်းရက်သားနဲ့ တဖက်ဖက်က အလွန်အကျွံ တောင်းဆိုတာမျိုးတွေရှိလာခဲ့ရင် ပြည်သူဆိုတာ မှန်တဲ့ဘက်မှာ ရပ်တည်ကြမှာပါ။ 

အခုတော့ မျက်နှာချင်းဆိုင် ဆွေးနွေးဖြေရှင်းတာမျိုးမလုပ်ဘဲ အကြမ်းဖက်ဖြိုခွင်းမယ်ဆိုတာချည်း ဆက်လုပ်နေမယ်ဆိုရင် ၁၉၈၈ ခုနှစ်ကလို ပြည်သူတစ်ရပ်လုံး အုံကြွတော်လှန်မှုမျိုးဖြစ်လာနိုင်မယ်ဆိုတာ သတိချပ်ဖို့လိုအပ်ပါတယ်။ ပြောတော့ ဒီမိုကရေစီ၊ လုပ်လိုက်ရင် အကြမ်းဖက် နှိမ်နင်းဆိုတာမျိုးများလာရင် ပြည်သူတွေ လမ်းပေါ် ထပ်မံ ရောက်လာနိုင်တယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။ 

နိဂုံးချုပ်အနေနဲ့ မနက်ဖြန် ကျောင်းသားတွေ ခရီးဆက် ချီတက်မယ့်အရေးမှာ မြန်မာစကားပုံရှိပါတယ်၊ “အပ်နဲ့ထွင်းရမယ့်အရေးကို ပေါက်ဆိန်နဲ့ မပေါက်မိပါစေနဲ့” လို့ နိုင်ငံသား ပြည်သူတစ်ယောက်အနေနဲ့ အကြံပြု တင်ပြလိုက်ရပါတယ်။ ။ 

ကျော်စွာမြင့် 
(၁၉၈၈-၁၉၉၂ ဗ.က.သ) 
Tomorrow သတင်းဂျာနယ် 

No comments: