ကျမတို့ ထောင်မကျခင် ၁၉၉၃ ခုနှစ်က ပထမအသုတ် ထောင်ကနေလွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ၁၉၉၀ ခုနှစ်က ထောင်တွင်းတိုက်ပွဲတစ်ခုဖြစ်တော့ နိုင်ငံရေးအကျဉ်းသားတွေဘက်က တိုက်ပွဲကြေညာတဲ့အနေနဲ့ “ကမ္ဘာမကြေဘူး” သီချင်းကိုဆိုကြတဲ့အကြောင်း ပြောပြကြပါတယ်။ အာဏာပိုင်တွေဘက်ကလည်း ဒီတိုက်ပွဲကို နှိမ်နှင်းတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပုံစံထိုင်ခိုင်းပြီး ရိုက်နှက်ညှဉ်းပမ်းပါတယ်။ ဒီလိုရိုက်တဲ့ နှက်တဲ့ အသံတွေ၊ အော်ဟစ်သံတွေ၊ ညည်းငြူသံတွေ အပြင်က မကြားရအောင်လို့ ထောင်ဘူးဝတွေမှာ “စာဥရေ၊ ငါ အရောက်ပြန်ခဲ့မှာ” ဆိုတဲ့ သီချင်းကို ဖွင့်ခဲ့ပါတယ်။
အဲဒီ့အချိန်က ကိုယ်တိုင်ထောင်မကျဘူးသေးတော့ သီချင်းဆိုပြီးဆန္ဒပြသူတွေရဲ့ ခံစားချက်အစစ်ကို သေချာမသိခဲ့ပါဘူး။ သူတို့ပြောနေတဲ့အကြောင်းကို ဇာတ်လမ်းတစ်ပုဒ်အဖြစ် နားထောင်နေခဲ့ပါတယ်။ အပြင်မှာ မိသားစုကျန်ခဲ့တဲ့ အိမ်ထောင်သည်တွေက စိုင်းထီးဆိုင်ရဲ့ “ရာသီပြောင်းချိန်” သီချင်းကိုဆိုကြတဲ့ အကြောင်း ပြောတော့ အတော်နုတာပဲလို့ ရယ်မော နောက်ပြောင်ခဲ့ဖူးပါတယ်။
၁၉၉၅ ခုနှစ် ကျမတို့ကိုယ်တိုင်ထောင်ကျတော့မှ စိတ်ခံစားမှုရဲ့ထွက်ပေါက်အဖြစ် သီချင်းဆိုတတ်ကြပါလားဆိုတာကို ခံစားသိရှိတာပါ။ ၁၉၉၅ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ညနေ ၅ နာရီမှာ ကျမနဲ့ အေးအေးမိုး အင်းစိန်ထောင်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရောက်ရှိခဲ့ပါတယ်။ ကျမတို့ကို မ/ချုပ်ဆောင် အရှေ့က တိုက်ခန်းထဲထည့်ပြီး တံခါးပိတ်လိုက်တဲ့ အချိန်မှာကျမတို့ စိတ်ထဲတော်တော် မတင်မကျ ခံစားရပါတယ်။ စစ်ကြောရေးမှာ ၃ ရက်လောက် ဘာမှမစားရတဲ့အပြင် ထောင်ကိုရောက်တဲ့အချိန်ကလည်း ထောင်ထဲမှာ ညနေထမင်းဝေပြီးချိန်ဖြစ်လို့ ထမင်းမကျန်တော့ပါဘူး။ ထောင်ဝန်ထမ်းတစ်ဦးက လိုက်တောင်းပေးပေမယ့်လည်း ထမင်းမရတာကြောင့် အဲဒီ့နေ့က ညစာ ထပ်မံငတ်ပြန်ပါတယ်။
အခန်းထဲမှာလည်း အပေါ့အလေးသွားဖို့ အင်တုံ ခပ်ပြန့်ပြန့်နှစ်လုံး ထားပေးထားပါတယ်။ ပဲ့ရွဲ့ထွက်နေတဲ့ သင်ဖျာကြမ်း ၂ ချပ်နဲ့၊ အကွက်ပေါင်းများစွာနဲ့ ပေပွနေတဲ့ ခြုံစောင် ၂ ထည်လာပေးခဲ့ပါတယ်။ အဲဒီ့ပစ္စည်းတွေကိုကြည့်လိုက် ကျမနဲ့အေးမိုး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်နဲ့ စိတ်ပျက်နေကြပါတယ်။ ခဏနေတော့ ထောင်ဝန်ထမ်းက တံခါးသံတိုင်ခေါက်ပြီး မုံဖက်ထုပ် လေးထုပ် လာပေးပါတယ်။ ကျမတို့ရဲ့ သီးခံနိုင်စွမ်းကုန်သွားပါပြီ၊ ထောင်ဆိုတာ ဆိုးရွားတယ်လို့သိပေမယ့် တကယ်လက်တွေ့ကြုံတဲ့အခါမှာ ခံနိုင်ရည်မရှိတာတော့ သေချာပါတယ်။ ဒါကြောင့် ရင်ထဲ အသည်းထဲကနေ လှိုက်လှိုက်လှဲလှဲဆိုမိတာက ထူးအိမ်သင်ရဲ့ “အမေ့အိမ်သီချင်း” ကို ပေါက်ပေါက်ကွဲကွဲ အော်ဆိုမိလို့ ဝန်ထမ်းကပြေးလာပြီး သီချင်းမဆိုဖို့နဲ့ ပုတီးစိပ်နေပါလားဆိုပြီး ကျမတို့အတွက် စိတ်ပုတီးတစ်ကုံး လာပေးပါတယ်။
ဖေဖော်ဝါရီလ ၂၇ ရက် နေ့လည် ၃ နာရီလာက်မှာ ကျမတို့ ၂ ယောက်ရဲ့ အခန်းတံခါးမှာဖောက်ထားတဲ့ ၂ ပေ ပတ်လည်လောက်ရှိပြီး သံဇကာကာထာတဲ့ အပေါက်လေးကို အလုံလာပိတ်ပါတယ်။ ဘာကြောင့်လဲလို့မေးတော့လည်း မဖြေပါဘူး။ ခဏနေတော့ ကျမတို့ရဲ့ တစ်ခန်းကျော်ကနေ သီချင်းဆိုသံ ထွက်လာပါတယ်။ အေးချမ်းမေ သီဆိုထားတဲ့ “စာမျက်နှာ” သီချင်းကို ဆိုပါတယ်။ သူ့သီချင်းသံကိုကြားလိုက်တော့ ကျမတို့ သိလိုက်ပါပြီ၊ ဒါ ချိုနွယ်ဦး (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်) ပါ။ ဒါကြောင့် ကျမတို့ကလည်း ကျမတို့ရောက်နေမှန်းသိအောင်လို့၊ ချိုနွယ် အားမငယ်ရလေအောင် အမေ့အိမ်သီချင်းဆိုပြီး ရှိကြောင်းပြောကြပါတယ်။
နောက်တစ်နေ့ကျတော့ ဟင်္သာတထွန်းရင်ရဲ့ သီချင်းသံကို ထပ်ဆိုပါတယ်။ ချိုနွယ်ကတော့ ဘယ် ဟင်္သာတထွန်းရင် ဆိုပါ့မလဲ၊ ပြီးတော့ ချိုနွယ့်အသံနဲ့လည်း မတူပါဘူး။ ဒါကြောင့် နောက်တစ်ယောက်တော့ ရောက်နေပြီဆိုတာ သိလိုက်ရတယ်။ ဟုတ်ပါတယ်၊ ကိုအောင်ဇေယျကို လက်ခံထားတဲ့ အိမ်ရှင်အမကိုပါ ဖမ်းလာတာကိုး။ အဲဒီ့အချိန်က ကျမတို့ စူးစူးနစ်နစ်ခံစားပြီးဆိုတဲ့ သီချင်းထဲမှာ ကိုမွန်းအာင် ထိုင်း-မြန်မာနယ်စပ်မှာရေးစပ်သီဆိုတဲ့ “ဧည့်ဆိုး” သီချင်းလည်း ပါပါတယ်။ တကယ်ပါပဲ ကျမတို့ကို ဧည့်ဆိုးက ဖမ်းဆီးခေါ်ဆောင်လာခဲ့တာကိုး။
ဒီလိုနဲ့ ကျမတို့ လေးယောက်ရဲ့ ဆက်သွယ်ရေးဟာ သီချင်းဆိုကြတာပါပဲ။ ဘယ်သူ ဘာဖြစ်နေတယ်ဆိုတာကိုသိရအောင် သီချင်းတွေနဲ့ အချက်ပြပါတယ်။ ၃ ပတ်လောက်အချုပ်ခံရပြီးတော့ အဲဒီ့အမကြီး ပြန်လွတ်သွားလို့ ကျမတို့ ၃ ယောက်ထဲပဲ ကျန်ပါတော့တယ်။ ဒီလိုနဲ့ ၁၉၉၅၊ မေလဆန်းမှာ ကျမတို့ ၉ ယောက် အမှုတွဲတွေဖြစ်တဲ့ ကိုအောင်ဇေယျ၊ ကိုမိုးမောင်မောင်၊ ကိုမောင်မောင်ဦး၊ ကိုတင်ထွန်းဦး၊ မိုးမြတ်သူ၊ ကိုထိုက်၊ ချိုနွယ်ဦး၊ အေးအေးမိုးနဲ့ ကျမတို့ကို ၁၉၅၀ ပြည့်နှစ် အရေးပေါ်အက်ဥပဒေ ၅(ည)နဲ့ ထောင် ၇ နှစ်ချခဲ့ပါတယ်။
အဲဒီ့ညကတော့ ကျမတို့ ၃ ယောက် တစ်ယောက်ကိုတစ်ယောက် အားပေးတဲ့အနေနဲ့ စကားတွေ လှမ်းပြောလိုက်၊ ခိုင်ထူးရဲ့ “အိမ်အလွမ်း” ကိုဆိုလိုက်နဲ့ နေခဲ့ကြပါတယ်။ အဓိကက ကျမတို့ ကိုယ့်ကိုကိုယ် စိုးရိမ်တာထက် ကျမတို့ရဲ့ မိခင်တွေ ဘယ်လောက်များ စိတ်ပူနေမလဲဆိုတာကို တွေးမိနေကြတာပါ။ ချိုနွယ်ဦးကလည်း ကျမ်းမာရေး သိပ်မကောင်းတဲ့သူပါ။ အေးအေးမိုးရဲ့အမေက အေးမိုးကို အရမ်းအားကိုးပြီး သူ့အချစ်ဆုံးသမီးဖြစ်လေတော့ ထောင်ကျသွားတဲ့အချိန်မှာ အေးမိုးအမေ ငိုပါတယ်။ ကျမအမေကတော့ ကျန်းမာရေးမကောင်းလှတဲ့ဖခင်ကို သမီးလုပ်သူ တွေ့ခွင့်ရပါတော့မလားဆိုတဲ့ စိုးရိမ်စိတ်တွေရှိနေတယ် ထင်ပါရဲ့။ ကျမလက်ကိုကိုင်ပြီး “ဖေဖေတော့ သိပ်စိတ်ထိခိုက်သွားမှာ” လို့ ပြောရှာပါတယ်။ ကျမတို့ရဲ့ဝမ်းနည်းစိတ်တွေနဲ့သီဆိုတဲ့ “အိမ်အလွမ်း” သီချင်းကြောင့် အဆောင်ထဲက အချုပ်သူတစ်ချို့ငိုကြတယ်လို့ ကျမတို့ နောက်မှပြန်သိရပါတယ်။
ကျမတို့ထောင်ကျပြီးတော့ မ/ကျတိုက်ကို အပို့ခံရပါတယ်။ မကျတိုက်မှာရောက်နှင့်နေတာက စာရေးဆရာမ ဒေါ်စန်းစန်းနွဲ့ (သာယာဝတီ)နဲ့ သူ့သမီး မြတ်မိုမိုတို့ပါ။ ကျမတို့ ၃ ယောက် ရောက်သွားတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားအင်အားတိုးပြီး ၅ ယောက် ဖြစ်သွားပါတယ်။ အန်တီစန်းက သီချင်းလည်း ဝါသနာပါသူဆိုတော့ ကျမတို့ကို “စမ်းရေ” သီချင်း သင်ပေးပါတယ်။ အင်မတန်ဆိုလို့ကောင်းပြီး စိတ်ညစ်ရင် အားပါးတရဆိုလို့ ကောင်းပါတယ်။
အဲဒီ့အချိန်က ထောင်ပိုင်က ဦးသာဦးပါ။ ဦးသာဦးက မူရင်းစိတ်သဘောထားကောင်းသူဖြစ်လို့ ကျမတို့ နိုင်ငံရေးအကျဉ်းသားတွေအပေါ်မှာလည်း သူနိုင်သမျှ သက်သာအောင်ထားပေးပါတယ်။ ထောင်ရဲ့သတ်မှတ်ချက်အရ ကျမတို့ကို ပိတ်လှောင်ထားတဲ့ အခန်းထဲကနေ တစ်နေ့ကို တစ်နာရီခွဲ ထွက်ခွင့်ပေးထားပေမယ့် ဝန်ထမ်းနဲ့ ညာညှိလို့ရရင် တစ်နေ့ကို ၃ နာရီလောက်တော့ ထွက်ခွင့်ရပါတယ်။ ထောင်ပိုင်ရဲ့ စိတ်သဘောထားအပေါ်လိုက်လို့ ဝန်ထမ်းတွေနဲ့ ညာညှိရတာ မခက်ခဲတတ်ပါဘူး။ တကယ်တော့ ဝန်ထမ်းတွေဆိုတာလည်း လူသားတွေပါပဲ၊ သူတို့ကို မထိခိုက်ဘူးဆိုရင် အကျဉ်းသားတွေအပေါ်မှာ ညှာတာချင်တဲ့ စိတ်သဘောထားတွေလည်း ရှိတတ်ကြပါတယ်။
ဦးသာဦးနောက် ပြောင်းလာတဲ့ထောင်ပိုင်တွေက သဘောထားဆိုးကြပါတယ်။ ဒါကြောင့်လည်း ကျမတို့ရဲ့ နေ့စဉ်ဘဝမှာ စိတ်ကျဉ်းကြပ်မှုနဲ့ ရင်ဆိုင်ရပါတယ်။ အားလုံးထဲမှာ အဆိုးဆုံးကတော့ ဦးလူလှပါ၊ နာမည်ကသာ လူလှဆိုပေမယ့် စိတ်ဓာတ်ကတော့ တော်တော်ကို ဆိုးပါတယ်။ သူထောင်ပိုင်ဖြစ်ခဲ့တဲ့ ထောင်တိုင်းမှာ နိုင်ငံရေးအကျဉ်းသားတွေ နှစ်တိုးအောင် လုပ်လေ့ရှိပါတယ်။ ကျမတို့တိုက်ကိုလည်း တစ်နေ့လုံးမှ ထွက်ချိန်အဖြစ် မနက် နာရီဝက်၊ ညနေ မိနစ် ၂၀ ပဲ ပေးပါတယ်။
ကျမနဲ့ အေးမိုးတို့ ၂ ယောက်ဟာ ၇ ပေ×၈ ပေ ပဲရှိတဲ့ အခန်းကျဉ်လေးထဲမှာ တစ်နေ့ကို ၂၃ နာရီလောက်နေရတော့ တော်တော်လေး စိတ်ပင်ပန်းဆင်းရဲရပါတယ်။ ဒီကြားထဲ ဝန်ထမ်းတွေကလည်း ထောင်ပိုင်အလိုကျ ကျမတို့ကို ကြပ်ပါတော့တယ်။ တစ်ခါတစ်ရံ သိပ်စိတ်ကျဉ်းကြပ်တဲ့အခါမျိုးမှာ သီချင်းကို အားရပါးရ အော်ဆိုတတ်ပါတယ်။ ဝန်ထမ်းတွေကပြေးလာပြီး တိုးတိုးဆိုဖို့ပြောရင်တော့ ကျမတို့က “လူကိုပဲထောင်ချလို့ရမယ်၊ ပါးစပ်ကိုတော့ ထောင်ချလို့မရဘူးဆိုတော့ ဘာဖြစ်လဲ” လို့ ပြန်ပြောလိုက်ရရင် နေရထိုင်ရသက်သာသွားပါတယ်။ အဲဒီ့အချိန်မှာ သီချင်းဆိုတာက အာဏာဖီဆန်ခြင်းတစ်မျိုးပါ။
၁၉၉၇၊ နိုဝင်ဘာလမှာ ကျမတို့ အမျိုးသမီးတိုက်တွေက အမျိုးသမီး ၁၁ ယောက် သာယာဝတီထောင်ကို ပြောင်းရပါတယ်။ အမျိုးသားဘက်ကလည်း လူတွေ ရာနဲ့ချီပြီး ထောင်ပြောင်းကြပါတယ်။ ထောင်ပြောင်းရမယ်လို့ သိလိုက်ကတည်းက ကျမတို့ တော်တော်ပျော်ကြတယ်။ နယ်ထောင်တွေကရဲ့ထုံးစံက အင်းစိန်ထောင်ထက်တော့ နေရတာ သက်သောင့်သက်သာ ရှိပါတယ်။ သာယာဝတီထောင်ကို ရောက်ပြီးတော့မှ ကျမတို့နဲ့အတူတူပြောင်းလာတဲ့ ဒေါ်အုန်းမြနဲ့ မချူးတို့လွတ်သွားလို့ အားလုံး ၉ ယောက်ပဲ ကျန်ပါတော့တယ်။
ကျမတို့ သာယာဝတီထောင်ရောက်ပြီး ၆ လလောက်အကြာမှာ ၄၈၂၈ အဖွဲ့ဝင် ကိုအောင်ကျော်မိုးတို့က သူတို့ကိုလွှတ်ရမယ့် ရက်ကျော်နေတာတောင် လွှတ်မပေးလို့ အစာငတ်ခံဆန္ဒပြကြပါတယ်။ သူတို့ကို လာချုပ်ထားတဲ့ ၈ တိုက်က ကျမတို့နေရတဲ့ အမျိုးသမီးတိုက်နားမှာပါ။ သူတို့ကို အားပေးတဲ့အနေနဲ့ ကျမတို့အမျိုးသမီးတိုက်ကလူတွေ သီချင်းဆိုကြပါတယ်။ အဲဒီ့တုန်းက ထူးအိမ်သင်ကိုယ်တိုင်တောထဲမှာ ရေးသားခဲ့ပြီး ကိုမွန်းအောင် သီဆိုတဲ့ “အရေးကြီးပြီ” ဆိုတဲ့ သီချင်းပါ။ စာသားတွေက စိတ်ဓာတ်ခွန်အား ဖြစ်စေပါတယ်။
“အရေးကြီးပြီ ညီနောင်အပေါင်းတို့ သွေးစည်းကာ ညီစေညီကြစို့၊ ငါတို့ရဲ့သမိုင်းသစ်ကို ငါတို့သွေးနဲ့ ရေးခဲ့ပြီ၊ သွေးသစ္စာလည်း ပြုခဲ့ပြီ… နိုင်ငံတော်အတွက်ဆို အသက်ကိုလည်း ဘာမထီ၊ သေပစေ ခွပ်ဒေါင်းသွေးနဲ့ ရဲရဲရှေ့ကိုချီ… လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက်ရည်၊ အဆုံးသတ်တိုက်ပွဲ ငါတို့နွဲကြမည်” ဆိုတဲ့စာသားတွေကို အားလုံး တညီတညွတ်တည်း အော်ဆိုလိုက်ကြတာ မနက်ကျတော့ ထောင်ပိုင်ရုံးခန်းကို အားလုံး တန်းစီတက်ကြရပါတယ်။ ထောင်ပိုင်က ကျမတို့အားလုံးကို လျော့ရက် ဖြတ်လိုက်ပါတယ်။ ညကျရင် သီချင်းထပ်မဆိုဖို့ကိုလည်း မှာလိုက်ပါတယ်။ ဘာကြောင့်မဆိုနဲ့ဆိုတာကို ထောင်ပိုင်က မရှင်းပြခဲ့သလို ကျမတို့ကလည်း ဘာကြောင့် သီချင်းဆိုတယ်ဆိုတာကို မပြောကြပါ။
နောက်ညရောက်တော့ ထူးအိမ်သင်ရဲ့ “ညီလေးရေ”သီချင်းကို အားလုံးအတူတူ ဝိုင်းဆိုကြတာမဟုတ်ပဲ ဝိနည်းလွတ် လူခွဲပြီး ဆိုပါတယ်။ နောက်ထပ်လည်း စိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်ဆိုတဲ့ ခေတ်လူငယ်ခြေကျတွေ သီချင်းကိုလည်း ဆိုကြပါတယ်။ နောက်ဆုံး ကိုအောင်ကျော်မိုး မဆုံးခင်ညအထိ ဆိုကြတာပါ။ ကျမတို့ရဲ့ရည်ရွယ်ချက်ကတော့ သူတို့ရဲ့ ရပိုင်ခွင့်အတွက်တိုက်တဲ့ တိုက်ပွဲကို ကျမတို့ ထောက်ခံပါတယ်၊ ပြည်သူ့တွေရဲ့ မွေးရာပါအခွင့်အရေးအတွက် တိုက်နေကြတဲ့လူတွေကို ထောက်ခံသီဆိုခဲ့တာပါ။ ကိုအောင်ကျော်မိုး ဆုံးသွားတဲ့အကြောင်းကိုသိရတဲ့အချိန်မှာတော့ ကမ္ဘာမကျေဘူး သီချင်းကို နင့်နင့်နဲနဲ သီဆိုမိခဲ့ပါတယ်။
ကျမတို့နိုင်ငံရေးအကျဉ်းသားတွေမှ ထောင်ထဲမှာ သီချင်းဆိုကြတာ မဟုတ်ပါဘူး။ အခြားအမှုသည်တွေလည်း သီချင်းဆိုကြပါတယ်။ ဒါပေမယ့် ဆိုတဲ့သီချင်းအမျိုးအစားတွေသာ ကွာသွားကြတာပါ။ အိမ်မှာကျန်ခဲ့တဲ့မိသားစုကို လွမ်းလို့၊ ကိုယ့်ရဲ့မိုက်ပြစ်တွေကို နောင်တရလို့၊ ကိုယ့်ရဲ့ ရဲဘော်ရဲဘက်တွေကို အားပေးချင်လို့ စတဲ့ရည်ရွယ်ချက်တွေ ကွာသွားလို့သာ သီချင်းအမျိုးအစား ကွာသွားပေမယ့် စိတ်ရဲ့ထွက်ပေါက်အဖြစ် သီချင်းတွေကို သီဆိုတတ်ကြတာကတော့ အတူတူပါပဲ။
လူဆိုတဲ့အမျိုးက လွတ်လပ်မှုကိုသာ ကြိုက်နှစ်သက်ကြပါတယ်၊ ကိုယ့်ကို ချုပ်နှောင်ထားတဲ့အခါမျိုးမှာ တတ်နိုင်သမျှ ရုန်းထွက်တတ်ကြပေမယ့် လုံးဝ ရုန်းထွက်လို့မရတော့တဲ့အချိန်ကျမှာသာ အချုပ်အနှောင်ခံကြတာကိုး။ ဒီလို ချုပ်နှောင်ခံထားရတဲ့အချိန်မျိုးမှာဆိုရင်တော့ စိတ်ရဲ့ထွက်ပေါက်တွေကို ရှာဖွေတတ်ကြတာလည်း သဘာဝပါ။ ဒါကြောင့်လည်း အကျဉ်းထောင်တွေထဲမှာ သီချင်းတကြော်ကြော်ဆိုနေသံတွေကို ကြားရတာပါ။ နေပျော်နေကြလို့တော့ ဘယ်ဟုတ်ပါ့မလဲ။ ။
ခင်ငြိမ်းသစ်
The Lady ဂျယ်နယ်တွင် ဖော်ပြထားသည့် ဆောင်းပါး။
No comments:
Post a Comment