Saturday, June 7, 2014

အာဏာရှင်စိတ်တွေ ကြွင်းကျန်သေးလား (ကိုညို)

ကျနော်တို့နိုင်ငံဟာ ရာစုနှစ်ဝက်ကျော်လောက် အာဏာရှင်အောက်ရောက်ခဲ့ရုံမက၊ အုပ်ချုပ်သူတွေ အဆက်ဆက်ကလည်း ဒီနေ့အထိ အာဏာရှင်အဟောင်း အရပ်ဝတ်တွေဖြစ်နေပြန်တော့ အာဏာရှင် ယဉ်ကျေးမှုဟာ လုံးဝ မငုတ်လျှိုးနိုင်တာကို မြင်တွေ့နေရတယ်။ ဖိနှိပ်မှုနဲ့ ကျင့်သုံးတဲ့စနစ်အမှားကြောင့် ဆင်းရဲမွဲတေမှု၊ ပညာမဲ့မှု၊ အမှန်တရား ဆိတ်သုဉ်းမှု ခံစားနေရဆဲဖြစ်သလို ကျနော်တို့ပြည်သူတွေကိုယ်တိုင်ကလည်း အာဏာရှင်စနစ်ရဲ့ သားကောင်တွေအဖြင့် ခေါက်ရိုးကျိုး အတွေးအခေါ်တွေရှိနေတာ မြင်ရတယ်။ 

ဒီတစ်ပတ်မှာတော့ အာဏာရှင်တွေရဲ့ သဘောသဘာဝနဲ့ ပြုမူဆောင်ရွက်တတ်မှုတွေကို တင်ပြချင်တယ်။ အခုဖော်ပြချက်တွေဟာ မိမိကိုယ်တိုင် လေ့လာထားမှုတွေချည်းသက်သက်မဟုတ်ဘဲ သြစတေးလျှားနိုင်ငံ၊ ဆစ်ဒနီမြို့က စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာရေမွန်တင့်ဝေနဲ့ ဆွေးနွေးခြင်း၊ မေးမြန်းချက်တွေကိုအခြေခံပြီး ရေးသားတာဖြစ်ပါတယ်။ 


အာဏာရှင်စိတ် 

အာဏာရှင်တွေ ဘယ်လိုစိတ်အခြေအနေ အရင်းခံစိတ်နဲ့ ပေါ်လာရသလဲ၊ ဗီဇစိတ်အခြေခံလား၊ လူ့အဖွဲ့အစည်းပရောဂကြောင့်လားဆိုတာ လေ့လာကြည့်တဲ့အခါ သူတို့ကလည်း သာမန်လူတွေလိုပါပဲ၊ ဗီဇသဘောအရ အာဏာရှင်ဖြစ်သွားတတ်သူအများစုဟာ တခြားလူတွေပေါ် အလွယ်တကူ ယုံကြည်မှုနဲ့ တဖက်သားကို မယုံကြည်မှု၊ သံသယစိတ်နဲ့ ဆက်ဆံတတ်မှု၊ မိမိကိုယ်ကို အလွန်အမင်း အထင်ကြီးမှုတွေ ရှိနေတတ်တယ်။ 

ဒါကြောင့်မို့ တကိုယ်ကောင်းစိတ်လွန်ကဲမှုတွေ ပေါ်လာတယ်။ သာမန်လူတွေထဲမှာလည်း ဒီလိုစိတ်တွေ အနည်းအကျဉ်း ရှိတတ်ပါတယ်။ ဒါကြောင့် အာဏာရှင်ဖြစ်လာမယ့် လူတယောက်ဆိုပြီး အစောပိုင်းကာလတွေမှာ ထင်ရှားမှုမရှိသလို ခန့်မှန်းရခက်ခဲမှာပါ။ ဒါပေမယ့် အသက်အရွယ်ရလာပြီး အခွင့်အလမ်းတွေ ပွင့်လင်းနေတာမြင်တဲ့အခါ အစောက အကျင့်ဓလေ့ဟောင်းတွေ ပြန်နှိုးဆွပြီး မိမိအခွင့်အရေးကို ရအောင်ယူတတ်ကြတယ်။ မိမိအလိုပြည့်အောင်၊ အောင်မြင်အောင် လုပ်လေ့လုပ်ထရှိတယ်။ 

အာဏာရှင် အရည်အသွေး 

အများသိနေတဲ့ ဂျာမဏီက အဒေါ့ဗ် ဟစ်တလာဟာ စကားပြောကောင်းတယ်၊ သူ့မိန့်ခွန်းဟာ ညှို့အားပါပြီး နားထောင်သူစိတ်ကို တက်ကြွစေတယ်၊ ဒေါမာန်ကြီးစေတယ်၊ အများသဘောကျအောင် ဆွဲဆောင်နိုင်တတ်ကြတယ်။ တချို့က ကျင့်ယူ၊ လုပ်ယူသလို၊ တချို့ရဲ့ပင်ကိုယ်စရိုက်၊ ဗီဇ ပါရမီလို့ ဆိုရမယ်။ တခါတခါ သူတို့ရဲ့သတ္တိတွေကို အများမြင်အောင် ထုတ်ဖော်တတ်တယ်။ သူတို့ သြဇာတက်လာရင်လည်း ပြိုင်ဘက်ကို ရှင်းလင်းဖယ်ရှားရာမှာ လက်မနှေးတတ်ဘူး။ 

ဥပမာ တော်လှန်ရေးကောင်စီခေတ် ဗိုလ်ချုပ်နေဝင်း သြဇာညောင်းစဉ်ကစပြီး နဝတ၊ နအဖ ခေတ်တလျှောက်လုံး အရည်အသွေးရှိတဲ့ တပ်မှူးတွေကို ထုတ်ပယ်တာ၊ ဝန်ကြီးတွေကို တာဝန်က ရပ်စဲတာ၊ ယှဉ်ပြိုင်ဘက် ခေါင်းဆောင်တွေကို လက်ဦးမှုယူ ဖမ်းဆီးအပြစ်ပေးတာတွေ လုပ်လေ့ရှိတယ်။ အာဏာရှင်ဆိုတာကလည်း နေ့ချင်း ညချင်း ဖြစ်မလာပါ။ အချိန်ယူပြီး မိမိကိုယ်ကို ကျစ်လစ်ခိုင်မာအောင် မွေးထုတ်ယူတတ်တယ်။ 

အာဏာရှင်တို့ လုပ်တတ်တာ 

အိုင်ဒီယာလော်ဂျီခေါ်တဲ့ အတွေးအခေါ်တရပ်ကို ချမှတ်ပြင်ဆင်တယ်။ မိမိအယူအဆ၊ အတွေးအခေါ်ကို လက်ခံသူ၊ ပုံစံရိုက်ပြီးသား သစ္စာရှိသူ နောက်လိုက်နောက်ပါးတွေ မွေးမြူပါတယ်။ သူတို့ဟာ လိုအပ်တဲ့ အခွင့်အရေးတွေ လက်ခံရရှိပြီးဖြစ်လို့ စိတ်အားတက်ကြွစွာ အမိန့်နာခံသူ၊ လုပ်ငန်းတာဝန် ကျေပွန်သူတွေဖြစ်တတ်တယ်။ ဒီနေရာမှာ အာဏာဆုတ်ကိုင်ထားသူက မိမိကိုယ်ကို ယုံကြည်မှုရှိလာချိန်၊ လက်အောက်ငယ်သားအပေါ် ယုံကြည်မှု ရလိုက်ချိန်မှာ မိမိရဲ့ဝေဖန်သုံးသပ်မှုလျှော့နည်းပြီး အယုံအကြည်လွယ်မှုပါ ဖြစ်ပေါ်လာတယ်။ 

ဒါကြောင့် ကပ်ငြိလာတဲ့ အားနည်းချက်တစ်ခုက မိမိရဲ့လက်အောက်ငယ်သားတွေရဲ့ အပြန်အလှန် အယုံသွင်းမှုဖြစ်တယ်။ အောက်ခြေက သတင်းအချက်အလက်မှားတွေကို မသိလိုက်ဖာသာ လက်ခံမိပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိတတ်တယ်။ အမှားကိုလည်း အမှားလို့ ယုံကြည်မှုနည်းတတ်တယ်။ ဆင့်ကဲဆင့်ကဲ မှားလာတယ်။ ဒါဟာ အာဏာရှင်တွေရဲ့ အားနည်းချက်ဖြစ်လာတယ်။ 

အမှားကို ဘယ်လိုအကာအကွယ်ယူတတ်လဲ 

အများပြည်သူ လက်ခံကြည်ညိုတဲ့ ဘာသာတရား၊ ဓလေ့ထုံးတမ်း ကျိုးနွံတဲ့လိုက်ပါသူတွေဖြစ်ကြောင်း အများမြင်အောင် ပြသလေ့ရှိတယ်။ အာဏာရှင်တိုင်းရဲ့ တူညီမှုကလည်း မိမိတို့သာ မျိုးချစ်တွေဖြစ်တယ်၊ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသူတွေ ဖြစ်တယ်၊ မိမိတို့ကသာ အရေးပါသူတွေဖြစ်တယ်၊ မိမိတို့ကလွဲလို့ တပါးသူတွေ ဒီအလုပ်ကို လုပ်လို့မရဘူးလို့ စိတ်အထင်ရောက်နေတတ်တယ်။ အယုံအကြည် လွန်ကဲနေတယ်။ မိမိတို့ရှေ့က ခေါင်းဆောင်ကြီးတွေခြေရာကို လိုက်နင်းတယ်။ 

အာဏာရသွားသူတွေဟာ အာဏာအပေါ် ယစ်မူးသွားတာနဲ့ မိမိသာ စွမ်းပကားရှိသူလို့ တဖြည်းဖြည်း ခိုင်ခိုင်မာမာ ယုံကြည်သွားတတ်ကြတယ်။ မိမိပြည်သူတွေ၊ ငယ်သားတွေကလည်း မိမိကို ယုံကြည်တယ်၊ လိုက်နာတယ်လို့ အဟုတ်ထင်တတ်ပြီး အမှားတွေရှိနေငြားလည်း တနည်းနည်းနဲ့ အကာအကွယ်ယူ ဆင်ခြေနဲ့ ကာကွယ်တတ်လာတယ်။ မှားလည်း နောင်တမရတတ်ကြဘူး။ ဥပမာ ဟစ်တလာက ရုရှားကိုတိုက်တော့ ရာသီဥတုကြမ်းတမ်းမှန်းသိရက် မိမိယုံကြည်စိတ်လွန်ကဲပြီး အကြံဉာဏ်ကို အလေးမမူလို့ စစ်ရှုံးတယ်။ ဒါပေမယ့် နောင်တ မရဘူး။ ဝေဖန်မှုမရှိဘူး၊ သူ့ကြောင့် လူပေါင်း ထောင်ချီသေဆုံးခဲ့တာကို နာကျင်မှုမရှိဘူး။ 

အာဏာရှင်တွေ တစုံတရာ အကြပ်အတည်းကြုံရင် မိမိမအောင်နိုင်ခြင်းရဲ့ ရန်သူကိုရှာတတ်တယ်။ မိမိကိုဝေဖန်မှုပြုတဲ့ အတိုက်အခံကို ရန်သူနဲ့ တသားထဲထားလိုက်တယ်။ မိမိလမ်းကြောင်းရဲ့ အခက်အခဲဒုက္ခ တရားခံဟာ ဒီအုပ်စုကြောင့်ပါလို့ လက်ညှိုးညွှန် အပြစ်ပုံတတ်တယ်။ အကြောင်းပြလာတယ်။ သူတို့ဟာ ပြည်တွင်းက လူနည်းစုလည်း ဖြစ်ချင်ဖြစ်မယ်။ ပြည်ပနိုင်ငံက တစိမ်းတရံစာလည်း ဖြစ်ချင်ဖြစ်မယ်။ ဒီအတွက် သူတို့မှာ တာဝန်ရှိတယ်၊ မိမိတို့အမျိုးသားအန္တရာယ်ဖြစ်လို့ မိမိတို့မှတပါး အခြားသူမလုပ်နိုင်လို့ ခံယူနေတတ်တယ်။ ဒါဟာ အာဏာရှင်တွေရဲ့ မိုင်းဆက်လို့ ခေါ်ခေါ်နေတဲ့ ဓလေ့စရိုက်ဖြစ်တယ်။ 

အာခံတုံ့ပြန်မှုကို ဘယ်လိုရှင်းတတ်သလဲ 

အာဏာရှင်တွေရဲ့ တူညီတဲ့စရိုက်က ဆန့်ကျင်ဘက်တွေကို ပြင်းပြင်းထန်ထန် အရေးယူလေ့ရှိတယ်။ ခြောက်ခြား ကြောက်ရွံ့ စိုးရိမ်သွားအောင်၊ ပြန်မလှန်ရဲအောင် လုပ်တတ်တယ်။ အာဏာရှင် ဟစ်တလာနဲ့ စတာလင်တို့မှာ တူညီတဲ့အချက်တွေက ဆန့်ကျင်သူတွေအပေါ် ယုံမှားသံသယကြီးမားတဲ့စိတ် လွန်ကဲတာရယ်၊ မိမိတို့လူမျိုးရေးစိတ်ကြီးမားတာရယ် ဖြစ်နေတယ်။ ဟစ်တလာက ဂျူး၊ စတာလင်က ယူကရိန်းနီးယန်းတွေကို အဲဒီ လူမျိုးကြီးဝါဒနဲ့ ချိုးနှိမ်သုတ်သင်ခဲ့တယ်။ 

အာဏာရှင်အောက် လူထုစိတ်ခံစားမှု 

အာဂျင်တီးနားမှာ အာဏာရှင်တွေ ဖိနှိပ်မှု၊ စောင့်ကြည့်မှု၊ အပြစ်ဒဏ်ပေးမှုလွန်ကဲတာကြောင့် ပြည်သူတွေဟာ ကြောင့်ကျစိုးရိမ်စိတ်လွန်ကဲတဲ့ ဝေဒနာမျိုးတွေ ခံစားခဲ့ရတယ်။ တစ်ဦးနဲ့တစ်ဦးလည်း ယုံကြည်မှုနည်းပြီး သံသယတွေလွှမ်းနေတယ်လို့ သုသေသနပြုခဲ့တဲ့ စိတ်ပညာရှင်တချို့ရဲ့ စစ်တမ်းတခုကဆိုတယ်လို့ ဒေါက်တာ ရေမွန်တင့်ဝေက ပြောပြဖူးတယ်။ 

“အဲဒီနိုင်ငံမှာ အမှားအယွင်းဖြစ်နေသူတွေက အပြစ်မရဘဲ၊ အမှန်တရားနဲ့နေထိုင်သူတွေ၊ မှန်ကန်သူတွေက အပြစ်ပေးခံနေရလို့ ပြည်သူအများစုဟာ အမြဲတစေဒေါသထွက်တဲ့ ဝေဒနာမျိုးဖြစ်နေတယ်၊ ဒေါသဖြစ်လွယ်နေကြတယ်” လို့ ဒေါက်တာတင့်ဝေက ပြောတယ်။ 

အာဂျင်တီးနားမှာ အမှားကျူးလွန်သူတွေက နေရာတွေရပြီး အများအခွင့်အရေးနဲ့ တန်းတူညီမျှမှုအတွက် အမှန်တရားလုပ်နေသူတွေ ဘေးဖယ်ခံနေရလို့ တင်းမာမှုနဲ့ ပဋိပက္ခတွေ အမြဲရှိနေတယ်လို့ သိရတယ်။ 

“မျိုးဆက်သစ်ကလေးတွေကလည်း အမှားနဲ့ အမှန်ကို ဘယ်လိုပိုင်းခြားရမှန်းမသိဘဲ၊ အမှားကျူးလွန်သူတွေက ဂုဏ်ရှိနေတာအမှန်တရားလို့ ထင်ယောင်ထင်မှားတွေဖြစ်လာတယ်။ အမှားလုပ်ဖို့ မရှက်တတ်တော့ဘူး” လို့ အာဂျင်တီးနား လူမှုနေ့စဉ်ဘဝကို လေ့လာခဲ့တဲ့ စိတ်ပညာရှင် ဒေါက်တာတင့်ဝေက ဆက်ပြောပြတယ်။ 

ကလေးတွေရဲ့ ကျောင်းပညာရေးတွေကစလို့ တက္ကသိုလ်ပညာအထိ အစိုးရကို အံတုလို့မရတဲ့ နည်းဥပဒေနဲ့ ပညာရေးစနစ်ကို ပြဌာန်းလိုက်လို့ ပညာရေးဟာ ဆိုးရွားစွာနိမ့်ကျသွားတယ်၊ ပညာရည်နိမ့်ကျပြီး အလုပ်လက်မဲ့ လူငယ်တွေ စိတ်ကျရောဂါတွေဖြစ်ခဲ့သလို၊ မူးယစ်သောက်စားပြီး လေလွင့်ကုန်တယ်၊ သက်တမ်းစေ့မနေရတဲ့ဘဝကို ရောက်ခဲ့ကြတယ်လို့ သိရတယ်။ ထူးခြားမှုတစ်ခုက ဖိနှိပ်မှုများတဲ့ ထွက်ပေါက်တခုအနေနဲ့ အစိုးရကို လှောင်ပြောင်တဲ့ ကောလဟလတွေ၊ သတင်းစကားနဲ့ ပျက်ရယ်ပြုမှုတွေ၊ လှောင်ပြောင်တဲ့သီချင်း၊ ကာတွန်းတွေ၊ ပုံတိုပတ်စတွေ ပြောလာတာပဲဖြစ်ပါတယ်။ 

အာဏာရှင်ရဲ့ အကြောက်တရား 

အာဏာရှင်ရဲ့ အကြောက်တရားဟာ အာဏာလက်လွှတ်ဆုံးရှုံးမှုပါ။ ဒါကြောင့် အာဏာကိုလက်ထဲက ချော်ထွက်မသွားအောင် စီစဉ်ကွပ်ကဲနေရတာဟာ အာဏာရှင်ရဲ့ ဝေဒနာပါ။ ဆန့်ကျင်ဘက်အုပ်စုအပေါ် ယုံကြည်မှုနည်းပါးခြင်း၊ သံသယစိတ်လွန်ကဲခြင်းဟာ အာဏာရှင်တွေရဲ့ စိတ်ဝေဒနာပါ။ သူများဝေဒနာကို မျှဝေခံစားနိုင်တဲ့စိတ်မျိုး လွတ်နေတတ်တယ်။ နောက်တစ်ခုက အာဏာရှင်တွေဟာ စိတ်ကျမှုဝေဒနာ၊ စိတ်ပင်ပမ်းနွမ်းနယ်မှုဝေဒနာတွေလည်း ခံစားရတတ်တယ်။ စိတ်မရှည်မှု၊ ဒေါလွန်မှုလည်းဖြစ်တတ်တယ်လို့ သိရတယ်။ 

စိတ်ထွက်ပေါက်အနေနဲ့ လောင်းကစားမှုတွေလည်း လုပ်တတ်တယ်။ ဟစ်တလာကလည်း သူ့အခြွေအရံတွေနဲ့ လောင်းကစားတတ်တဲ့အကျင့်ရှိတယ်။ အာဏာရှင်တွေဟာ စိတ်ပိုင်းမလုံခြုံမှုကြောင့် အခြံအရံ၊ လုံခြုံရေးအများအပြားနဲ့ ခရီးထွက်တတ်တာ၊ အရက်သေစာမှီဝဲမှု၊ မူးယစ်ဆေးပါတဲ့ အိပ်ဆေး၊ စိတ်ငြိမ်ဆေး မှီဝဲရတာတွေ ဖြစ်တတ်တယ်။ 

အာဏာရှင်တွေရဲ့ စိုးရိမ်မှုနောက်တစ်ခုက အာဏာကို အတိုက်အခံတွေဆီ အလွယ်နဲ့ပေးရမှာပဲဖြစ်တယ်။ ဒါကြောင့် မိမိတို့အရိုက်အရာကို စိတ်ချယုံကြည်ရတဲ့ မိသားစု ဆွေမျိုးနဲ့ သစ္စာခံ လက်အောက်ငယ်သားတွေကို လွှဲပေးတတ်တယ်။ ကျနော်တို့နိုင်ငံက ပြည်သူတွေလည်း တခြား အာဏာရှင်လက်အောက်ကျခဲ့တဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်အခြေအနေနဲ့ ကွဲပြားခြားနားမှုရှိသေးလား အတွေးပွားစရာပါ။     ။

ကိုညို (အော်စလို) 
၀၇ ဇွန်၊ ၂၀၁၄ 

No comments: