Thursday, June 5, 2014

နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ပါရမီဖြည့်ဖက် (ခင်ငြိမ်းသစ်)

အသက် ၇၃ နှစ်ရှိပြီဖြစ်လို့ ဆံပင်တွေက အဖြူရောင်သန်းနေခဲ့ပြီ၊ သို့သော် ဆံပင်တွေက အခြားလူတွေလို ပါးလွှာသွားတာမျိုးမရှိလို့ အမြဲတမ်းတစ်ပတ်လျို ဆံတုံးကို ထုံးထားတတ်သည်။ မျက်နှာပေါ်မှာ ဇရာ၏အရေးအကြောင်းများ ပေါ်နေသော်လည်း ငယ်ရွယ်စဉ်ကတော့ ချောမောခဲ့သည့် အသွင်အပြင်ရှိသည်။ ထိုသို့သောသူက အခြားသူတော့မဟုတ်ပါ။ ခင်ပွန်းကနေစပြီး သားနဲ့ မြေးတွေအထိ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီးခံခဲ့ရသည့် မျိုးဆက်တစ်ခု၏မိခင် သို့မဟုတ် ၁၉၉၀ ရွေးကောက်ပွဲတွင် ထီးလင်းမြို့နယ်မှ အနိုင်ရခဲ့သော ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဦးစောဝင်း(စာရေးဆရာ၊ အယ်ဒီတာ ကျော်ဇောလင်း)၏ ဇနီးဒေါ်ခင်တိုးဝင်းပင် ဖြစ်ပါသည်။ 

သူ့ကို ကျွန်မတို့အသိုင်းအဝိုင်းက အမေဟုသာ ခေါ်ဝေါ်ကြသည်။ အမေ့သားတွေရဲ့ သူငယ်ချင်းတွေကလည်း ဒေါ်ခင်တိုးဝင်းကို အမေဟုသာ ခေါ်ဝေါ်ကြလေသည်။ အမေ့တွင် သား ၄ ယောက် သမီး ၃ ယောက်ကို မွေးဖွားခဲ့သော်လည်း ဝမ်းမနာသားသမီး များစွာရှိလေသည်။ အမေ့သားတွေထဲက ပထမသား ကိုဇော်ဇော်မင်းနဲ့ တတိယသား ကိုကျော်ကျော်မင်းတို့က နိုင်ငံရေး အကျဉ်းသားဟောင်းတွေဖြစ်ပြီး၊ ဒုတိယသား ကိုဆလိုင်းယောအောင်က ၁၉၈၈ စစ်တပ်မှ အာဏာသိမ်းပြီးကတည်းက တောခိုသွားခဲ့တာ နှစ်ပေါင်းများစွာ အဆက်အသွယ်ပြတ်သွားခဲ့ရပြီး သေလား ရှင်လားတောင် မသိခဲ့ရသည့်အချိန်တွေရှိခဲ့သည့်အကြောင်း အမေက ပြောပြခဲ့လေသည်။ 


အမေ့ခင်ပွန်းက ၁၉၆၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွေထဲမှာ ပါဝင်ခဲ့သူဖြစ်တော့ သူ့သားသမီးတွေကိုလည်း ကျောင်းသားလှုပ်ရှားမှုသမိုင်းတွေနှင့် ရင်းနှီးကျွမ်းဝင်အောင်သင်ကြားပေခဲ့လေသည်။ ထို့ကြောင့် အမေ့သားများက မတ်လ ကျောင်းသားလှုပ်ရှားမှုတွေမှာလည်း ရှေ့တန်းကပါဝင်ခဲ့သည်။ ဒါကြောင့်လည်း သမိုင်းနောက်ဆုံးနှစ် ကျောင်းသား ကိုဆလိုင်းယောအောင်ကို မတ်လကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့်အတွက် ထာဝရ ကျောင်းမှထုတ်ပယ်ခြင်းခံခဲ့ရသည်။ 

အရေးအခင်းကာလ၌ အမေ့ခင်ပွန်းက အင်းစိန်မြို့နယ်အတွင်းက ကျောင်းသားလူငယ်တွေရဲ့ နိုင်ငံရေးလှုပ်ရှားမှုများကို အားပေးကူညီခဲ့လေသည်။ သို့သော် အစိုးရ၏ မူဝါဒအားမကြိုက်သဖြင့် ဆန့်ကျင်ခြင်းသာဖြစ်တာကြောင့် အစိုးရ အဖွဲ့ဝင်လူကြီးများအား ဆဲဆိုတာတွေမလုပ်ဖို့တော့ အသေအချာမှာကြားခဲ့သည်ဟု အမေက ဝမ်းနည်းကြေကွဲနေသည့် မျက်ဝန်းများဖြင့်ပြန်လည် ပြောပြခဲ့သည်။ 

၈၈ အရေးတော်ပုံမတိုင်ခင်အထိ အမေတို့မိသားစုတွေအားလုံး စည်းစည်းလုံးလုံးနှင့် နေခဲ့ကြလေသည်။ သို့သော် မြန်မာပြည်ထဲက မိဘတိုင်းလိုလိုအတွက် ၈၈ အရေးတော်ပုံကြီးက သားသမီးတွေကို မိမိတို့ ရင်ခွင်ထဲကနေ အဝေးသို့ ရောက်သွားစေခဲ့သည်။ အဲဒီ့လိုပါပဲ အမေ့သား ကိုဆလိုင်းယောအောင်လည်း အမေ့ရင်ခွင်ထဲကနေ လက်နက်ကိုင် တော်လှန်းရေးအတွက် အဝေးဆုံးနေရာကို ရောက်သွားခဲ့သည်။ သေသလား၊ ရှင်သလားဆိုတာကို နှစ်ပေါင်းများစွာ အမေ သိခွင့်မရခဲ့။ အမေ့ခင်ပွန်းကတော့ ၁၉၉၀ ရွေးကောက်ပွဲတွင် မွေးရပ်ဇာတိဖြစ်သည့် ထီးလင်းမှ NLD ပါတီအား ကိုယ်စားပြုကာ ရွေးကောက်ခံခဲ့လေသည်။ ထိုသို့ ရွေးကောက်ခံခဲ့ခြင်းကြောင့်ပဲ အမေတို့မိသားစုရဲ့ ဘဝတစ်ချိုးကို ရောက်ခဲ့သည့်အကြောင်း အမေက ဆွေးဆွေးမြေ့မြေ့ပြောပြခဲ့လေသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာပြည်တစ်နှံတလျားရှိ တက်ကြွလှုပ်ရှားသူများကို တပ်မတော်အစိုးရက လိုက်လံဖမ်းဆီးခဲ့လေသည်။ အမေ့သား ကိုကျော်ကျော်မင်းလည်း ဖမ်းဆီးခံရသည်။ ဘယ်ရောက်လို့ ဘယ်ပေါက်သွားမှန်းမသိတဲ့ သားကို လိုက်ရှာရင်းနေ့ရော၊ ညပါ ဝမ်းနည်းပူဆွေးခဲ့ရသည်။ ဒီအချိန် ငါ့သားလေးကိုများ နှိပ်စက်နေလေမလား၊ ထောက်လှမ်းရေး လက်ထဲခြေလွန် လက်လွန်များဖြစ်သွားမလား ဆိုသည့်အတွေးက အမေ့ကို နေ့စဉ်နဲ့အမျှ နှိပ်စက်နေလိုက်သည့်ဖြစ်ခြင်း။ အိမ်ကနေပျောက်သွားပြီး တော်တော်ကြာမှ အင်းစိန်ထောင်ထဲကို ကိုကျော်ကျော်မင်း ရောက်နေသည်ဟု သိလိုက်ရသည်။ ဘာပဲဖြစ်ဖြစ် အသက်ရှင်နေသေးမှန်းသိရလို့ အမေ စိတ်သက်သာရာရလာခဲ့သည်။ သို့သော် ကံကြမ္မာက အမေ့ကို မျက်နှာသာမပေးခဲ့ပါ။ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်များအား တပ်မတော်အစိုးရက အာဏာမအပ်ခဲ့။ ထို့ကြောင့်လည်း လူများစု အနိုင်ရခဲ့သည့် NLD ပါတီက ဂန္ဒီခန်းမတွင် ညီလာခံတစ်ခုကို ခေါ်ယူခဲ့လေသည်။ အဲဒီ့နေ့ကမြင်ကွင်းအား အမေက မှတ်မှတ်ရရ ပြန်လည် ပြောပြခဲ့လေသည်။ "အဲဒီ့နေ့ကလေ ရွေးကောက်ခံခဲ့ရတဲ့ ကိုယ်စားလှယ်တွေက ဂန္ဒီခန်းမပေါ်မှာ အစည်းအဝေး လုပ်နေတယ်။ အဲဒီ့ကိုယ်စားလှယ်တွေကို အောက်ကနေ ပြည်သူတွေ ဝန်းရံပေးခဲ့ကြတယ်။ ဝန်းရံပေးခဲ့တဲ့ လူတွေက လူပင်လယ်ကြီး၊ တကယ့်ကိုပဲ အမေ့ဘဝမှာ အဲလောက်များတဲ့လူတွေကို အဲဒီ့တစ်ခါပဲ တွေ့လိုက်ရတယ်" ဟု အားတက်သရော ပြောပြခဲ့လေသည်။ 

အမေ့ရဲ့ ပျော်ရွင်မှုတွေက သက်တမ်းမရှည်ခဲ့။ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သည့် ကိုယ်စားလှယ်များအား အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးထောင်ချခဲ့လေသည်။ ထိုသို့ ဖမ်းဆီးထောင်ချခံရသူတွေထဲမှာ အမေ့ခင်ပွန်းလည်း ပါလေသည်။ ဦးစောဝင်းကို နဝတ အစိုးရက ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့လေသည်။ အမေ့ကတော့ သားလုပ်သူရဲ့ ထောင်ဝင်စာနဲ့ ခင်ပွန်းရဲ့ ထောင်ဝင်စာကို ဒိုင်ခံသွားတွေ့ခဲ့သည်။ ဖြစ်ချင်တော့ သားလုပ်သူက သာယာဝတီထောင်မှာ ထောင်ဒဏ်ကျခံနေရပြီး အမေ့ခင်ပွန်းက အင်းစိန်ထောင်မှာ ထောင်ဒဏ်ချခံရလေသည်။ ထောင်ဒဏ်ကျခံရသူတွေအတွက် ထောင်ဝင်စာက ၂ ပတ်တစ်ကြိမ်သာဖြစ်ပေမယ့် အမေ့အတွက်ကတော့ အပတ်တိုင်း ထောင်ဝင်စာသွားတွေ့ရလေသည်။ ဒီအပတ် ခင်ပွန်းကိုသွားတွေ့ပြီးလျှင် နောက်အပတ်အတွက် သားကိုသွားတွေ့ဖို့ ဆက်လက် ပြင်ဆင်ရလေသည်။ ပိုဆိုးတာကတော့ ခင်ပွန်းရှိနေစဉ်ကလို အိမ်ရဲ့ဝင်ငွေက မကောင်းတော့တာလည်း ပါသည်။ ကုန်ဈေးနှုန်းတွေက ကြီးမြင့်လာတာကြောင့်လည်း အမေ့အတွက် စိတ်ဆင်းရဲစရာတွေပိုများလာခဲ့သည်။ အမေက သူဖြတ်သန်းခဲ့ရသည့်အခြေအနေကို ယခုလို ပြောပြခဲ့သည်။ "အမေလေ နောက်ပိုင်းမှာ ထောင်ဝင်စာသွားတွေ့ရင် အပိုစာတွေ မစားဖြစ်တော့ဘူး။ ပိုက်ဆံအကုန် မခံနိုင်တော့ဘူး။ ထောင်ထဲမှာ နှစ်ကြာလာလေ၊ အပြင်က မိသားစုထမ်းရတဲ့ဝန်က ပိုလေးလာလေပဲ။ အပြင်မှာလည်း ကလေးတွေက အသက်အရွယ်လေးရလာတော့ အတန်းတွေက ပိုကြီးလာတယ်။ ကျူရှင်ခ၊ ကျောင်းကတောင်းတဲ့ ငွေပေးရတာနဲ့ အမေ့မှာ အသက်တောင် ကောင်းကောင်းမရှုနိုင်ဘူး ဖြစ်လာတယ်။ ထောင်ထဲကလူတွေကို မပြောပြချင်ဘူး၊ သူတို့အနေနဲ့ ဘာမှ မလုပ်နိုင်တဲ့အချိန်ဆိုတော့ စိတ်ဆင်းရဲတာပဲ အဖတ်တင်မယ်။ အထဲကလူတွေကိုလည်း စိတ်ချမ်းသာစေချင်တယ်။ အမေလည်း ကိုယ့်ကိုကိုယ် စိတ်ဓာတ်မကျအောင် အားတင်းပြီးတော့နေခဲ့ရတယ်" လို့ အမေက အတိတ်ကို ပြန်လည် ထုဆစ်လေသည်။ 

အမေ့သားက ထောင် ၇ နှစ်ပဲကျတာဆိုတော့ ၆ နှစ်လောက်နေပြီး ပြန်လွတ်လာခဲ့သည်။ ကိုကျော်ကျော်မင်း ပြန်လွတ်လာပြီးနောက် ဦးစောဝင်းက သာယာဝတီထောင်ကို ပြောင်းရသည်။ သာယာဝတီထောင်သို့ BBC ဦးနေမင်း၏ အမနှစ်ဦးနှင့်အတူတူ ထောင်ဝင်စာကို သွားတွေ့ကြသည်။ ဖြစ်ချင်တော့ ထောင်ဝင်စာကအပြန်မှာ အမေတို့စီးလာသည့်ကားကို သစ်တင်လာသည့် ကားတစ်စီးက ဖင်ပိုင်းနှင့် ဝင်တိုက်လိုက်သည်။ ကားက ဝင်လာတာကို မြင်လိုက်သည့်အမေက အချိန်မှီရှောင်လိုက်နိုင်လို့ တင်ပါးအရိုးအက်သွားခဲ့သော်လည်း ကိုနေမင်း၏အမ ၂ ယောက်ဖြစ်သည့် မလှိုင်နှင့် အမကြီးကို ထိသွားခဲ့သည်။ အမကြီးက ဒဏ်ရာမပြင်းသော်လည်း မလှိုင်က ဒဏ်ရာ ပြင်းထန်သည်။ စဖြစ်သည့်အချိန်ထဲက သတိမရတော့။ ကားတိုက်မှုဖြစ်တာကြောင့် စီးလာသည့် ကားကလည်း ဆက်မသွားတော့။ အမေနှင့် အမေ့သားကြီး ကိုဇော်ဇော်မင်းတို့က လူနာကို အချိန်မှီဆေးရုံရောက်အောင် ပို့ဆောင်ဖို့ ကြိုးစားခဲ့ပါသည်။ သို့သော် ကားတွေက လူနာတွေကိုတွေ့တိုင်း ရပ်မပေးဘဲ ထွက်ထွက်သွားကြသည်။ ထို့နောက်တော့ ကားကြုံရသည့်အချိန်အထိ နာရီပေါင်းများစွာ ကားလမ်းမပေါ်မှာ စောင့်ဆိုင်းခဲ့ရပြီး ည ၈ နာရီဝန်းကျင်ရောက်တော့မှ လူနာကိုတင်ခေါ်ပေးမည့် ကားတစ်စင်းကို ရခဲ့လေသည်။ အမေတို့သားအမိ ဆေးရုံရောက်တော့ မလှိုင်က ကွယ်လွန်ခဲ့ပြီး ဖြစ်လေသည်။ ထိုအကြောင်းများကိုပြောပြနေစဉ် အမေ့မျက်ဝန်းတွေထဲမှာ စိတ်မကောင်းခြင်းတို့ဖြင့် ပြည့်နေလေသည်။ 

၁၉၉၈ ခုသည် အမေ့အတွက်တော့ ကံဆိုးမိုးမှောင်ကျသည့်နှစ်ဖြစ်သည်။ မေလမှာ သားအငယ်လေး ကိုရဲ ဆုံးပါးသွားခဲ့သည်။ အဲဒီ့အချိန်တွေက အမေထောင်ဝင်စာသွားတိုင်း အမေ့ခင်ပွန်းက အမေ့ကိုကျန်းမာရေး ကောင်းအောင်နေဖို့ အမြဲမှာသည်။ အမေကတော့ သားငယ်လေး ဆုံးပါးခဲ့တဲ့အကြောင်း ပြောမပြရက်ခဲ့။ ဒါပေမယ့် စိတ်ဆိုသည့်အရာက နည်းနည်းတော့ထူးဆန်းသည်၊ အရင်ကလို အမေ နေမကောင်းသိပ်မဖြစ်တော့။ ထောင်ထဲက ခင်ပွန်းနဲ့ သားသမီးတွေအတွက်တော့ အမေရှင်သန်မှဖြစ်မည်ဆိုတာကို အမေ နားလည်သည်။ ဒါကြောင့်လည်း အိမ်စီးပွားရေးက တစ်ဖက်၊ သားသမီးတွေရဲ့ တာဝန်ကတစ်ဖက်၊ ထောင်ဝင်စာကတစ်ဖက်နဲ့ ဇယ်ဆက်သလို လှုပ်ရှားရုန်းကန်နေတာတောင် အမေလဲမသွားနိုင်လောက် အောင်အမေရဲ့ စိတ်ဓာတ်နဲ့ ခန္ဓာက ခံနိုင်ရည်ရှိသွားခဲ့ပြီဆိုတဲ့အကြောင်း ခင်ပွန်းသည်ကို ရယ်ရယ်မောမော ပြောခဲ့ပြီးပြီ။ 

ဇူလိုင်လကုန်မှာ အမေ နောက်ဆုံးဖြစ်မည့် ထောင်ဝင်စာကို သွားခဲ့သည်။ ဒါပေမယ့်လည်း ဒီထောင်ဝင်စာဟာ နောက်ဆုံးပါဆိုတာကိုတော့ အမေကိုယ်တိုင် မသိခဲ့ပါ။ သံတိုင်တွေနောက်က အမေ့ခင်ပွန်းပုံသဏ္ဍန်က အမေ့ရင်ကို ထိခိုက်စေသည်။ ပါးရိုး၊ နားရိုးတွေကျနေပြီး အသားအရောင်ကလည်း ဖြူဖျော့လွန်းနေသည်။ အမေက စိုးရိမ်ထိခိုက်စွာနဲ့ နေကောင်းရဲ့လားလို့ မေးတဲ့အမေးကို တိုးလျှသောအသံဖြင့် "ကောင်းပါတယ်" လို့ ဖြေနေပေမယ့် တစ်ခုခုဖြစ်နေတယ်ဆိုတာ သိသာနေသည်။ ဘယ်တုန်းကမှမတောင်းဆိုခဲ့ဘူးပါပဲ ပိုက်ဆံများများထားခဲ့ဖို့ ခင်ပွန်းသည်က တောင်းဆိုခဲ့သည်။ အမေ့မှာပါသမျှ အိမ်ပြန်ဖို့အတွက် ငွေ ၅၀၀ ကျပ်ကိုပဲချန်ထားပြီး ကျန်တာကို ခင်ပွန်းအတွက် ထားပေးခဲ့သည်။ နမိတ်ပုံဆိုတာကိုယုံလျှင်တော့ အဲဒီ့နေ့က အမေ့အဖြစ်အပျက်တွေက နမိတ်ပဲဖြစ်မည်ထင်သည်။ ထောင်ဝင်စာတွေ့ပြီးအပြန်မှာ အမေ့ ဖိနပ်ပြတ်ခဲ့သည်။ ကားစီးပြန်ဖို့အတွက် ငွေမလုံလောက်တော့လို့ မီးရထားစီးပြန်ရအောင် ဘူတာကိုလာတော့လည်း သာရဝေါရထားက ပျက်သည် တဲ့။ ဘူတာရုံမှာထိုင်ပြီး တစ်ယောက်ထဲ အားငယ်နေမိတယ်လို့ အမေက မျက်ရည်ဝဲနေတဲ့ မျက်ဝန်းများဖြင့် ပြောပြသည်။ ပြည်သွားမည့် ရထားဖြင့် အမေပြန်လာခဲ့သည်။ ဘူတာကအထွက် ဆိုက်ကားစီးဖို့တောင် ငွေမပါတော့တဲ့အခါမှာ အမေက အခြားလူတွေနဲ့အဖော်စပ်ပြီး လမ်းလျောက်ပြန်လာခဲ့ပေမယ့် အိမ်ပြန်ရောက်တော့ ည ၁၀ နာရီကျော်နေပြီ။ အမေ အိမ်ပြန်မရောက်သေးလို့ ဘူတာမှာ ၏သွားစောင့်နေတဲ့ သမီး ၂ ယောက်နဲ့ သားကိုကျော်ကျော်မင်းက အမေ့ကို မတွေ့မချင်း အိမ်ပြန်မရောက်။ အမေထပ်လိုက်သွားချင်ပေမယ့် အိမ်မှာကျန်ခဲ့တဲ့ သားအကြီးနဲ့ ချွေးမက အမေ့ကို တားထားခဲ့သည်။ ပင်ပန်းလွန်းလို့ အိပ်ယာထဲကိုဝင်လှဲနေပေမဲ့ သားနဲ့သမီးတွေ အိမ်ပြန်မရောက်မချင်း အမေ စိတ်ချလက်ချ အိပ်မပျော်နိုင်ခဲ့။ ပူပင်သောကတွေဆိုတာ ဘယ်လောက်များပါတယ်လို့ တိုင်းတာပြဖို့တောင် ခက်ခဲလှသည် လို့ အမေက ပြောပြသည်။ 

နောက်တစ်ပတ် ထောင်ဝင်စာအတွက် သား ကျော်ကျော်မင်းက အဖေ့ကိုသွားတွေ့သည်။ နေ့လည်ခင်းလောက်မှာ သားက အိမ်ကို ဖုန်းဆက်သည်။ အိမ်သားတွေအားလုံး အိမ်မှာ စုစုစည်းစည်းနေပါ တဲ့။ အဲဒီ့မတိုင်ခင်ရက်တွေက အဖေကို သိပ်ချစ်သည့် သမီး ဝင်းဝင်းမင်းက အဖေ အိမ်ပေါ်ကိုတက်သွားတာ မြင်လိုက်သည်ဟုလည်း ဆိုသည်။ သား ကျော်ကျော်မင်း ပြန်မရောက်မချင်း အမေစိတ်က တထင့်ထင့်။ အဖေ ဘာများဖြစ်ပါလိမ့်။ ထင်သည့်အတိုင်းပါပဲ၊ သားအိမ်ပြန်ရောက်တော့ သတင်းဆိုးက တစ်ပါတည်းပါလာသည်။ "လွန်ခဲ့တဲ့ ၂ ရက်က အဖေ ဆုံးသွားပြီ၊ ထောင်ကနေ သဂြိုလ်ပေးခဲ့သည်" တဲ့။ အမေ စိတ်မကောင်းဖြစ်မိသည်။ ခင်ပွန်းသည်ရဲ့ နောက်ဆုံးအချိန် သူ့ဘေးမှာ ဘယ်သူမှ ရှိမနေခဲ့ရ။ သူ ဘယ်လောက်ခံစားသွားရသလဲ။ အမေ့ရင်ထဲမှာ တဆစ်ဆစ် နာလာခဲ့သည်။ တရားနဲ့ဖြေဖို့ဆိုတာ ပြောသလောက်မလွယ်မှန်း လက်တွေ့မှာ အမေ သိလာခဲ့ပြီ။ အဲဒီ့ညက ပြည်ပသတင်းဌာနတစ်ခုက အမေ့ကို အင်တာဗျူးသည်။ အမေ့ရင်ထဲက အနာတွေကို ဖွင့်ထုတ်ပစ်လိုက်သည်။ အိမ်ကိုရောက်လာသည့် ထောက်လှမ်းရေးကိုလည်း ရင်ထဲကအနာနဲ့ ပြောပစ်ခဲ့လိုက်သည်။ အဲဒီ့နေ့ကခံစားချက်ကို ယခုအချိန်အထိ အမှတ်ရနေသည်။ 

အဖေလုပ်သူရဲ့ရက်လည်မှာ အမေ့ရဲ့ မောင်နှမဝမ်းကွဲတစ်ယောက်က ပြောပြသည်။ ဦးစောဝင်းဆုံးတဲ့အကြောင်းကို RFA မှာ သူ့ရဲ့သား အောင်အောင်က "ကျွန်တော်မမေ့နိုင်တဲ့အချက်ကတော့ အဖေဟာ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေကို သမိုင်းနဲ့ မိတ်ဆက်ပေးခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသား လှုပ်ရှားမှုသမိုင်းနဲ့ မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်" လို့ အင်တာဗျူးခဲ့တဲ့အကြောင်း ပြန်ပြောပြခဲ့သည်။ သေလောက်ပြီလို့ထင်ခဲ့တဲ့ သားအကြောင်းကို အဲဒီ့နေ့မှာ မသေသေးကြောင်း သိရသည်။ ဘာပဲဖြစ်ဖြစ်အမေ နည်းနည်းတော့ ဖြေသာခဲ့ပြီ တဲ့။ 

ဒီလိုနဲ့ အမေလက်အတွင်းမှာ ကြီးပြင်းလာတဲ့ ဦးစောဝင်းရဲ့သွေး၊ အမေ့ရဲ့မြေး ဒီငြိမ်းလင်းက လူလားမြောက်လာခဲ့ပြီ။ တက္ကသိုလ်ကျောင်းသားဘဝကို စတင်ရောက်ရှိလာခဲ့ပြီ။ မျိုးဆက်သွေးဆိုတာ အဆက်ပြတ်ဖို့ခက်သည်ထင့်။ ၂၀၀၇ သံဃာ့အရေးတော်ပုံအတွင်းမှာ ဒီမိုကရေစီရရှိအရေးအတွက် ဒီငြိမ်းလင်းလည်း ပေးဆပ်ဖို့အသင့်ရှိနေခဲ့ပြီ။ နှစ်ပေါင်းများစွာ မိခင်အတွက်ရပ်တည်ပေးခဲ့သည့် သားကြီး ကိုဇော်ဇော်မင်းကလည်း သူ့သား ဒီငြိမ်းလင်းနှင့်အတူ တိုက်ပွဲတွင်းကို လက်တွေ့ဆင်းခဲ့လေပြီ။ ဘဝတွေ ထပ်ပေးဆပ်ဖို့အတွက်ဖြစ်လာခဲ့တာက ဒီငြိမ်းရဲ့မိခင်၊ ကိုဇ်ာဇော်မင်းရဲ့ ဇနီးသည်ကို အစိုးရဝန်ထမ်းဘဝမှ ထုတ်ပယ်တာကို ခံခဲ့ရပြန်သည်။ ဒီလိုနဲ့ ၂၀၀၈ ခုနှစ်ထဲမှာ သားရော မြေးပါ မကြားဝံ့တဲ့နှစ်တွေနဲ့ ထောင်ဒဏ်ကျခံခဲ့ရသည်။ ကိုဇော်ဇော်မင်းက ၆၅ နှစ်တဲ့။ အမေအတွက်ကတော့ ချွေးမသွားမယ့် ထောင်ဝင်စာမှာ အဖော်အဖြစ် လိုက်ခဲ့ရပြန်ပါတော့သည်။ မြန်မာပြည်က ထောင်တော်တော်များများကို အမေရောက်ဖူးသွားခဲ့ပြီလို့ ရယ်လျှက် အမေကပြောပြသည်။ အခုတော့ ကျောင်းသားသမဂ္ဂအဖြစ်ရပ်တည်ဖို့ ဒီငြိမ်းတို့ ကြိုးစားနေကြလေပြီ။ 

တူကလေးမွေးပြီး ၇ ရက်သားဘဝက တောခိုသွားတဲ့ ဦးလေးက သူ့တူအသက် ၂၅ နှစ်ပြည့်တော့မှ ပြန်တွေ့ရသည်။ အမေကလည်း မြေးလုပ်တဲ့လူအထိ ထောင်ဝင်စာတွေ့နေရသည်။ တကယ်တော့ ငြိမ်းချမ်းရေးရသလိုလိုရှိနေတဲ့ အခုအချိန်မှာ နှစ်ပေါင်း ၂၅ နှစ်ကြာပြီးမှ မိသားစုတွေ ပြန်လည်ဆုံစည်းခွင့်ရခဲ့သည်။ ဘာပဲဖြစ်ဖြစ် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အမေ တောင့်တသည်။ စစ်မှန်တဲ့ ဒီမိုကရေစီကို အမေ လိုချင်သည်။ ဒါမှလည်း အမေ့လို ဒုက္ခမြစ်တွေ စီးဆင်းနေကြတာက ရပ်တန့်သွားပါလိမ့်မယ်။ အခုတော့ အမေ မမျှော်လင့်ခဲ့ဘဲ ငြိမ်းချမ်းရေးအတွက် ပြန်ရောက်လာသည့်သားကြောင့် ကွယ်လွန်ပြီး နှစ်ပေါင်းများစွာကြာတော့မှ အဖေ့ရဲ့အုတ်ဂူလေးကို လုပ်ခွင့်ရခဲ့ပေပြီ။ အခုအချိန်မျာတော့ အမေ့အတွက် သားငယ်လေးနဲ့ ခင်ပွန်းသည် မရှိတာကလွဲရင် သက်သောင့်သက်သာ ဖြစ်စပြုနေပါပြီ။ လောကဓံက အမေ့ကိုအရှုံးပေးခဲ့ပုံရတယ်လို့ အမေက ရယ်ရယ်မောမော ပြောနိုင်ခဲ့ပေပြီ။ ။ 

ခင်ငြိမ်းသစ် 

ဓာတ်ပုံ - ဦးစောဝင်း(စာရေးဆရာ၊ အယ်ဒီတာ ကျော်ဇောလင်း)၏ ဇနီးဒေါ်ခင်တိုးဝင်း

 

No comments: