စစ်ထွက်တယောက်ဖြစ်တဲ့ ပြန်ကြားရေး ဒုဝန်ကြီးဆိုသူက တပ်မတော်သားတယောက်လောက်ကို စည်းရုံးနိုင်ရဲ့လားဆိုပြီး ရိသလို ထေ့သလို ပြောသွားတာ တွေ့လိုက်ရတော့ ဒီလူ့နှယ် ၄ နှစ်တက်ရတဲ့ DSA မှာတုန်းက စစ်ဖက်ဥပဒေတွေ မသင်ခဲ့ရဘူးလား၊ စာမေးပွဲ ဘယ်လိုအောင်လာပြီး ကော်မရှင်ဘယ်လိုရလာတာလဲ၊ ဒုဗိုလ်မှူးကြီးနဲ့ ထွက်တာဆိုတော့ တပ်ရင်းမှူးလည်း လုပ်ခဲ့ဖူးမှာပဲ၊ ကိုယ့်တပ်ရင်းထဲက ရဲဘော်တွေကို ဘယ်လိုထိန်းချုပ်ခဲ့ရသလဲ မမှတ်မိတော့ဘူးလားလို့ တွေးစရာတောင် ဖြစ်သွားတယ်။
တကယ်တော့ အရာရှိဖြစ်စေ အခြားအဆင့်ဖြစ်စေ စစ်သားသူသမျှကို လူထုနဲ့ မပတ်သက်မိအောင်၊ နိုင်ငံရေးနဲ့ မပတ်သက်မိအောင် စစ်ဘက်ဥပဒေတွေနဲ့ ကန့်သတ်ထားသလို အမိန့်ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း ကာထားတာ ဖြစ်တယ်။
၁၉၅၉ ခုနှစ်တုန်းကပြဋ္ဌာန်းခဲ့တဲ့ တပ်မတော်အက်ဥပဒေရဲ့ ပုဒ်မ ၁၉၊ ၁၉၆၀ တပ်မတော်နည်းဥပဒေရဲ့ ပုဒ်မ ၁၈၊ ပုဒ်မ ၁၉၊ ပုဒ်မ ၂၀ တို့ဟာ တပ်မတော်သားတွေကို အလုပ်သမားသမဂ္ဂတွေမှာ ပါဝင်ခွင့်၊ ဆက်သွယ်ခွင့်၊ အသင်းအဖွဲ့တခုခုမှာ ပါဝင်ခွင့် ကူညီခွင့်၊ လူထုဆန္ဒပြပွဲ လူထုအစည်းအဝေးတွေမှာ ပါဝင်ခွင့် တက်ရောက်ခွင့်၊ နိုင်ငံရေး စစ်ရေး စာအုပ် စာတမ်း စာရွက် ထုတ်ဝေခွင့်၊ ရေဒီယိုအင်တာဗျူးခွင့်၊ ဟောပြောခွင့်တွေကို ပိတ်ပင်ထားတယ်။
တပ်မတော်အက်ဥပဒေ ပုဒ်မ ၃၆ အရဆိုရင် တပ်တွင်းမှာ စစ်သည် ၂ ဦး တိုင်ပင်ဆွေးနွေးရင်တောင် စစ်ပုန်ကန်မှုအဖြစ် သတ်မှတ်အရေးယူလို့ရပြီး သေဒဏ်ကျနိုင်တယ်။ ပုဒ်မ ၄၀ မှာတော့ အထက်အမိန့် (နှုတ်မိန့်ပဲဖြစ်ဖြစ်) ကို ဖီဆန်ရင် ထောင် ၁၄ နှစ်အထိ ချနိုင်တယ်။
ပုဒ်မ ၄၁ ကတော့ ကိုယ့်ဘားတိုက်၊ ကိုယ့်တပ်ဝင်း၊ တပ်စခန်းထဲကနေ ခွင့်မဲ့ထွက်ခွာရင်၊ အမိန့်လိုက်နာဖို့ ပျက်ကွက်ရင် ထောင် ၂ နှစ်ကျနိုင်တယ်။ ဂလန်ဂဆန်လုပ်ရင်တော့ ထောင် ၁၀ နှစ် ကျမယ်။
ပုဒ်မ ၄၄၊ ပုဒ်မ ၆၅ နဲ့ တပ်မတော်နည်းဥပဒေ ပုဒ်မ ၆ တို့ကတော့ တပ်ထဲမှာ ‘သောက်မြင်ကပ်ပုဒ်မ’ လို့ နာမယ်ကျော်တဲ့ ပုဒ်မတွေဖြစ်တယ်။ ပုဒ်မ ၄၄ မှာ အရာရှိ/အရာခံဗိုလ်တွေကို ‘မိမိအဆင့်အတန်းနဲ့ မလျော်သောနည်း’ အတိုင်းပြုမူရင် တပ်ကနေ ထုတ်ပစ်မယ်လို့ ပြောထားတယ်။ မလျော်သောနည်းဆိုတာ အင်မတန်ယေဘုယျဆန်တဲ့ စကားရပ်ဖြစ်လို့ အထက်လူကြီးက အမြင်ကပ်ရင်ကပ်သလို ဒီပုဒ်မကပ်လို့ရနေတယ်။ ပုဒ်မ ၆၅ မှာတော့ ‘စနစ်တကျရှိခြင်း (ငြိမ်ဝပ်ပိပြားရေး) နဲ့ စစ်စည်းကမ်းကို ထိခိုက်အောင်’ လုပ်ရင် ထောင် ၇ နှစ်ချမယ်လို့ သိမ်းကြုံးပြောထားတယ်။
နည်းဥပဒေ ပုဒ်မ ၆ အရ- နည်းဥပဒေများထဲ ‘သီးခြားပြဋ္ဌာန်းမထားတဲ့ကိစ္စနဲ့’ ပတ်သက်ရင် အထက်လူကြီးက ‘သင့်သလို’ အရေးယူခွင့်ရထားတယ်။
ဒီအက်ဥပဒေနဲ့ နည်းဥပဒေတွေအပေါ်မှာ အားဖြည့်ထားတာက ၂၀၀၈ အခြေခံဥပဒေဖြစ်တယ်။ ပုဒ်မ ၂၀ (ခ) မှာ တပ်မတော်ဟာ တပ်ပိုင်းဆိုင်ရာကိစ္စအားလုံးကို အရပ်ဘက်ရဲ့ အထိန်းအချုပ်အကန့်အသတ်မရှိဘဲ စီမံခန့်ခွဲ လုပ်ကိုင်ခွင့်ရှိနေပြီး ပုဒ်မ ၃၄၃ မှာဆိုရင် စစ်ဘက်တရားစီရင်ရေးမှာ တပ်ချုပ်ရဲ့အဆုံးအဖြတ်ဟာ ဖိုင်နယ်ဖြစ်တယ်လို့ ကြွေးကြော် ရပ်တည်ထားတယ်။ အားလုံးသိကြတဲ့အတိုင်း နာမယ်ဆိုးနဲ့ကျော်လှတဲ့ ပုဒ်မ ၆ (စ) မှာတော့ စစ်တပ်က အမျိုးသားနိုင်ငံရေး ဦးဆောင်အခန်းက အမြဲပါနိုင်ဖို့ အခြေခံမူချထားတယ်။
ဒီဥပဒေတွေကြောင့် တပ်မတော်သားတွေဟာ မိမိတို့ရဲ့ဆန္ဒသဘောထားအမှန်ကို ဖွင့်ထုတ်ပြနိုင်ဖို့ ခက်နေတယ်။ ပြည်သူနဲ့တပ်မတော်၊ တကယ့်နိုင်ငံရေးနဲ့တပ်မတော် ထိတွေ့ဆက်စပ်နိုင်ဖို့ တံတိုင်းကြီးတွေဖြစ်နေတယ်။
ရှေ့တန်းစစ်ဆင်ရေးတပ်တွေဖြစ်ဖြစ်၊ ရှေ့တန်းစခန်းထိုင်တပ်တွေဖြစ်ဖြစ်၊ ၈၈ နောက်ပိုင်းမှာ ရှေ့တန်းဖြစ်လာတဲ့ ရန်ကုန်၊ မန္တလေး မြို့ကြီးပြကြီး စစ်ဒေသဝင်တပ်တွေဖြစ်ဖြစ် တနေရာထဲကြာလာရင် လူထုနဲ့ ရင်းနှီးသွားမှာစိုးလို့ဆိုပြီး နေရာတွေ ခဏခဏပြောင်း၊ တပ်တွေ ခဏခဏချိန်းတာ မဆလ-နဝတ-နအဖ-ကြံ့ဖွတ်တပ်ရဲ့ မူဖြစ်တယ်။
ဒါကြောင့် တိုင်းရင်းသားတပ်တွေ အပစ်အခတ်ရပ်စဲရေးလုပ်တော့ နှစ်ဖက်တပ်တွေ တွေ့ထိလာတဲ့အခါ တိုင်းရင်းသားတပ်တွေ လူထုနဲ့ရင်းနှီးတာကို ဗမာစစ်တပ်က အံ့သြခဲ့ကြတယ်။ သူတို့အထက်အရာရှိတွေ ဦးနှောက်ထဲမှာ တပ်နဲ့လူထုရင်းနှီးတာဟာ မကောင်းတဲ့ကိစ္စဆိုတဲ့ အစွဲကြီး နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေလို့ဖြစ်တယ်။ တပ်နဲ့လူထု ရင်းနှီးရင် ရဲဘော်တွေ စည်းရုံးခံရလိမ့်မယ်၊ တပ်ကထွက်ချင်စိတ် များလာမယ်၊ တပ်ပြေးတွေများလာမယ်ဆိုတဲ့ တလွဲ စဉ်းစားမှုလည်း ရှိသေးတယ်။
ဗိုလ်ချုပ်တွေက နိုင်ငံရေးမှာဝင်ပါပြီး လူတွင်ကျယ်လုပ်နေပေမယ့် အောက်ခြေရဲဘော်တွေကျတော့ နိုင်ငံရေးနဲ့ ဝေးစေဖို့အတွက် လူထုနဲ့ မရင်းနှီး မဆက်စပ်မိအောင်၊ မျက်စိပိတ် နားပိတ်ဖြစ်အောင် ဥပဒေတွေ အမိန့်တွေ အမျိုးမျိုးထုတ်ပြီး တင်းတင်းကြပ်ကြပ် တားဆီးထားတယ်။ လူထုနိုင်ငံရေးနဲ့ဝေးပြီး စက်ရုပ်နိုင်ငံရေးပဲရှိအောင် တပ်တွင်းဆွေးနွေးပွဲတွေမှာ အစိုးရပိုင်သတင်းစာတွေထဲက အဆင့်မရှိတဲ့ တဖက်သတ် လံကြုတ်ဆောင်းပါးတွေ၊ တပ်ချုပ်ကြီး မိန့်ခွန်းတွေကိုပဲ ဟောပြောပို့ချတာ အပတ်စဉ်မဟုတ်တောင် လစဉ် လုပ်ခိုင်းတယ်။
ရှေးခေတ်ကဗျာဆရာ အမတ်ကြီး လက်ဝဲသုန္ဒရရဲ့ နန္ဒိသေနပျို့ထဲက ‘စစ်နည်းဗျူဟာ ဘယ်လိုသာလည်း၊ စွဲကိုင်လက်နက် ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်၊ ပြည်သူ့ခွန်အား မကိုးစားလျှင်၊ ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့’ ဆိုတဲ့လင်္ကာကို စစ်ကျောင်းတွေမှာရော တပ်တွေ ရုံးတွေမှာပါ ချိတ်ဆွဲထားပေမယ့် လက်တွေ့ကျင့်သုံးမှုနဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ဥပဒေတွေကတော့ လုံးဝ ပြောင်းပြန်ပါ။ ပြည်သူ့နှလုံး သိမ်းကြုံးတယ်ဆိုတာ ပြည်သူ့ဂုတ်ပေါ် ခွစီးပြီး နဖားကြိုးထိုးတာ၊ ပြည်သူ့ခွန်အား ကိုးစားတာကတော့ နောက်ကနေ သေနတ်နဲ့ချိန်ပြီး မိုင်းကွင်း ဖြတ်လျှောက်ခိုင်းတာ၊ ပေါ်တာထမ်းခိုင်းတာလို့ နားလည်နေပုံပါပဲ။
စစ်တိုက်ရာမှာ ထိရောက်ဖို့အတွက် အမိန့်စည်းကမ်းတွေ၊ အဆင့်ဆင့် အထက်အောက်စနစ်တွေ ချထားရတာဆိုတဲ့ အကြောင်းပြချက်နဲ့ အခြေခံမူလလူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပြီး လူထုနဲ့အဆက်ဖြတ်ထားတာဟာ ခေတ်သစ် နိုင်ငံတကာစစ်တပ်တွေမှာ မရှိတော့ပါဘူး။ တပ်မတော်သားသမဂ္ဂတွေ (စစ်ဖက် အလုပ်သမားသမဂ္ဂတွေ) Military Trade Union၊ အကျိုးစီးပွားအသင်းအဖွဲ့တွေ Interest Groups ၊ အရပ်ဖက် လူမှုအသင်းအဖွဲ့ Civil Society Organizations တွေနဲ့အလားတူ စစ်ဖက်လူမှုအသင်းအဖွဲ့တွေ Military Society Organizations ကတဆင့် တပ်မတော်သား အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေကို အကောင်အထည်ဖော် ကျင့်သုံးနေကြပြီဖြစ်တယ်။ ‘ယူနီဖောင်းဝတ် နိုင်ငံသား’ ဆိုတဲ့သဘောတရား ထွန်းကားနေပြီ ဖြစ်တယ်။ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်တွေကို စစ်ရေးတာဝန်အရ လိုအပ်သလောက်ပဲ (အရေးကြီးအချိန်၊ အရေးပေါ်အချိန်တွေမှာ) ကန့်သတ်ပြီး တပ်တွင်း အဓမ္မလုပ်အားပေးစနစ်၊ တပ်တွင်းကျွန်စနစ်တွေ ပပျောက်အောင် လုပ်နေကြတယ်။
တပ်မတော်သားတွေဟာ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးစီးပွားအတွက် အဖြည့်ခံသတ္တဝါမျိုးမဖြစ်စေဖို့နဲ့ နိုင်ငံ့ ကာကွယ်ရေးနဲ့မဆိုင်တဲ့ အထက်အရာရှိကြီးတွေရဲ့ ကိုယ်ကျိုးအတ္တလိုက်စား အကျင့်ပျက်မှုကို တိုက်ဖျက်ဖို့၊ တနည်းအားဖြင့် တပ်မတော်တခုလုံးဆိုင်ရာ အာဏာအလွဲသုံးစားစနစ်ရော၊ တပ်ရင်းတပ်ဖွဲ့တခုချင်းအတွင်း အာဏာအလွဲသုံးစားစနစ်ရော ပပျောက်ဖို့အတွက် တပ်နဲ့ပြည်သူကိုကန့်ထားတဲ့ တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေတွေကို အသစ်ပြန်လည်ရေးဆွဲဖို့ လိုပါတယ်။
ဒီလို စစ်ဖက်ဥပဒေတွေ အသစ်ရေးဆွဲပြဋ္ဌာန်း သို့မဟုတ် ပြင်ဆင်နိုင်မှ လက်ရှိ ၄၃၆ ပြင်ဆင်ရေးကအစ ၆(စ) အပါအဝင် ၂၀၀၈ တခုလုံးကို ဒီမိုနဲ့ တိုင်းရင်းသားအကြိုက်ပြင်ဖို့ အာမခံချက်ရှိမှာဖြစ်တယ်။ ဒါမှသာ ဗမာပြည်ရဲ့ အနာဂတ်ဒီမိုကရေစီနဲ့ တိုင်းရင်းသားတန်းတူရေးတွေ အာမခံချက်ရှိမှာဖြစ်သလို အနှိမ်ခံ အပယ်ခံ အမုန်းခံစစ်သည်တွေလည်း ဘဝအသစ်တဖန်မွေးဖွားလာမှာ ဖြစ်ပါတယ်။ ။
ဂါမဏိ
ဇွန် ၅၊ ၂၀၁၄
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment