Friday, June 20, 2014

တရားရုံးထဲ ခြေကျင်း၊ လက်ထိတ် ဖြုတ်ပေးပါ (ကိုညို)

ဖေ့စ်ဘွတ် သတင်းစာမျက်နှာတွေမှာ ကိုထင်ကျော်ကို ခြေကျင်းဒေါက်ခတ်ရက်နဲ့ တရားရုံးဝင်းထဲ ဆန္ဒပြနေတာမြင်ရတော့ စိတ်အတော်ထိခိုက်တယ်။ လူတယောက်ကို တရားရုံးထုတ်ပြီဆို ခြေကျင်းဒေါက်၊ လက်ထိတ်ခတ်ထားတာတွေ ဖြုတ်ပေးသင့်တယ်။ လူ့ဂုဏ်သိက္ခာကို လေးစားသင့်တယ်။ ကိုထင်ကျော်ဟာ သူခိုး ဂျပိုး မဟုတ်ဘူး။ အများပြည်သူအတွက် မိမိကိုယ်ကျိုးစွန့်ပြီး လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာအတွက် လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားဖြစ်တယ်။ 

ကျနော်တို့အိမ်နီးချင်း ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာလည်း တရားစွဲခံရတဲ့လူတိုင်းကို တရားရုံးထဲဝင်တာနဲ့ လုံခြုံရေးရဲက လက်ထိတ်ဖြုတ်ပေးတယ်။ အချုပ်အနှောင် မရှိစေရဘူး။ တရားသူကြီးကိုယ်တိုင်လည်း လက်ထိတ်၊ ခြေထိတ်နဲ့ဝင်လာသူကို လက်မခံဘူး။ တရားရင်ဆိုင်နေတဲ့ ပုဂ္ဂိုလ်မှမဟုတ်၊ ရဲလည်း လက်နက်ကိုင်ပြီး တရားရုံးခန်းမထဲ ဝင်ခွင့်မရှိ။ ရုံးတော်ရဲ့ဂုဏ်သိက္ခာကို ပမာမခန့်မပြုရဘူး။ ဒါ ကိုယ်တွေ့မို့ ပြောတာ...။ 


ကျနော် အိန္ဒိယနယ်စပ်မှာနေထိုင်ခဲ့စဉ် ထောင်ထဲရော၊ အချုပ်ထဲရော ရောက်ဖူးတယ်။ တရားရုံးလည်း ရောက်တယ်။ ဘဝမှာ အဲဒီတုန်းက ပထမဆုံး လက်ထိတ်ခတ်ခံရဖူးတာ။ ၁၉၈၉ ဒီဇင်ဘာမှာ ဒုက္ခသည်စခန်းဝင်းကနေ အပြင်ထွက်လို့ ကျနော်နဲ့ သူငယ်ချင်းရဲဘော်တယောက် အဖမ်းခံရတယ်။ အဲဒါ ကျနော့်ဘဝမှာ ပထမဆုံးအကြိမ် ရဲအဖမ်းခံရတာ ဖြစ်တယ်။ မဏိပူရပြည်နယ်ရဲ့ ကပ်ချင်း ဆိုတဲ့ မြို့လေးမှာပါ။ ဒါပေမယ့် မဏိပူရ ရဲတွေက သဘောကောင်းတယ်။ တနေကုန် ရဲစခန်းဝင်းထဲ ဒီအတိုင်း လွှတ်ပေးထားတယ်။ လက်ဖက်ရည်ဆိုင် ခေါ်သွားတယ်။ သူတို့နဲ့အတူ ထမင်းစားစေတယ်။ ဆေးလိပ် တိုက်တယ်။ ညအိပ်ချိန်ကျမှ အချုပ်ထဲထည့်တယ်။ မိုင် ၅၀ လောက်ဝေးတဲ့ ခရိုင်တရားရုံးကို ကားနဲ့ခေါ်သွားခါနီး လက်ထိတ်ခတ်တယ်။ ကျနော့်စိတ်ထဲ ဝမ်းနည်းသွားတယ်။ စခန်းက ရဲမှူးကြီးကို ဘဝမှာ ဒါ ပထမဆုံး လက်ထိတ်ခတ်ခံရတာပါပဲလို့ ပြောပြလိုက်တော့ ကသဲ ရဲမှူးကြီးက စိတ်မကောင်းဖြစ်သွားပြီး လုံခြုံရေးရဲတွေကို လက်ထိတ်ဖြုတ်ပေးလိုက်ပါကွာလို့ အမိန့်ပေးလိုက်တယ်။ ရဲတွေက လက်ထိတ်မခတ်ဘဲ ကျနော်တို့ နှစ်ယောက်ကို တရားရုံးအထိ ကားနဲ့ လွတ်လွတ်လပ်လပ် ရယ်ရယ်မောမော စကားတွေပြောပြီး ခေါ်သွားတယ်။ 

တရားရုံးကနေပြန်ထွက်တော့ အင်ဖားထောင်ကို တခါတည်းပို့လိုက်တယ်။ လက်ထိတ်မခတ်ဘဲ ပို့တာပါ။ ထောင်ထဲမှာနေစဉ်တလျှောက် (တနှစ်နီးပါး နေခဲ့တယ်) ၁၅ ရက် တကြိမ် တရားရုံးထုတ်တယ်။ လူတိုင်း နှစ်ပတ် တကြိမ် တရားရင်ဆိုင်ရတယ်။ အဲဒီအခါမှာလည်း ၂ ယောက်တတွဲစီ၊ တချို့ တယောက်ထဲ သီးသန့် လက်ထိတ်ခတ်တယ်။ ရဲအချုပ်ကားပေါ်မှာလည်း အားလုံး လက်ထိတ်နဲ့။ အဲ... ထောင်စည်းကမ်းဖောက်တဲ့ အကျဉ်းသားတချို့လည်း ပါတယ်။ သူတို့ကို ထောင်ထဲမှာပဲ ခြေကျင်းဒေါက်ခတ်တယ်။ တရားရင်ဆိုင်ဖို့ အပြင်ထုတ်တာနဲ့ ခြေကျင်းဒေါက် ဖြုတ်ပေးတယ်။ လက်ထိတ်တော့ အများသူငါလိုပဲ ခတ်တယ်။ တခါတလေ လက်ထိတ်က ချောင်နေတယ်။ ဖြုတ်လို့ ရတယ်။ ထွက်ပြေးဖို့တော့ မကြိုးစားကြပါဘူး။ ရဲကို ပြန်ပြောပြရတယ်။ 

တရားရုံးရှေ့ကားရပ်လို့ ရုံးကနေ ကိုယ့်ကိုခေါ်ရင် ရဲက ရုံးအဝင်ဝတံခါးနားမှာ လက်ထိတ်ကို ဖွင့်ပေးတယ်။ လက်နက်ကိုင် လုံခြုံရေးရဲတွေက အပြင်မှာလက်နက်အပ်ပြီးမှ တရားရုံးထဲ ဝင်တယ်။ တရားသူကြီးက ထုံးစံအတိုင်း မေးစရာရှိတာ မေးမြန်းစစ်ဆေးပြီး လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်တယ်။ (ကျနော်တို့ကို တရားမဝင် နယ်ခြားဖြတ်ကျော်မှုနဲ့ တရားစွဲတာပါ၊ အမှုက ၆ လ အများဆုံးဆိုပေမယ့် မြန်မာအာဏာပိုင်တွေကိုမလွှဲဖို့ မေတ္တာရပ်ခံထားလို့ အာမခံပေးသူ မရှိမချင်း၊ အကန့်အသတ်မရှိ ထောင်ထဲ ချုပ်နှောင်ခံရတာပါ၊ ဒီအကြောင်းကို ကျနော့်ရဲ့ သူတို့ခေါ်တော့ ဒုက္ခသည်၊ ကိုယ့်ကိုယ်ကိုတော့ တော်လှန်ရေးသမား စာအုပ်ထဲမှာ ဖော်ပြထားပါတယ်) တရားရုံးအပြင်ရောက်တာနဲ့ လက်ထိတ်ပြန်ခတ်တယ်။ ထောင်ထဲရောက်မှာ ပြန်ဖြုတ်တယ်။

နောက်တကြိမ်ကတော့ အိန္ဒိယစစ်တပ်က ဖမ်းတာ။ သတင်းထောက်ဖြစ်နေပြီ။ မြန်မာနယ်စပ် (မိုးရေးမြို့) ကနေ အင်ဖားကို ပြန်အတက် စစ်တပ်စခန်းချတဲ့ လမ်းတဝက်မှာ အဖမ်းခံရတာ။ လုံခြုံရေးစစ်ဆေးဂိတ်ကနေ တဦးချင်းစီကိုစစ်တော့ ကျနော့်အိပ်ထဲက အသံဖမ်းစက်၊ မိုက်ကရိုဖုန်း၊ စာရွက်စာတမ်းနဲ့ ဒီဂျစ်တယ်ခွေတွေမြင်ပြီး မသင်္ကာလို့ ဆွဲတာ။ ဖြစ်ချင်တော့ ကိုယ့်မှတ်စုစာအုပ်ထဲက အိမ်နီးချင်းနိုင်ငံတနိုင်ငံရဲ့ ထောက်လှမ်းရေးလိပ်စာတခုနဲ့ မဏိပူရ သူပုန်အဖွဲ့နာမည်တချို့တွေ့တာနဲ့ ကိုယ့်ကိုလည်း သူပုန်ဆိုပြီး စွဲချက်အကြီးကြီး တင်လိုက်တာပါ။ ဗမာသတင်းထောက်လို့ ရှင်းပြနေတာလည်း နားမဝင်ဘူး။ (အမှန်တော့ ၂ နိုင်ငံနယ်စပ်မှာ သတင်းထောက်လှမ်းတာ စစ်တပ်ကလည်း မကြိုက်ဘူးဆိုတာ နောက်မှ သိရတယ်) ဒါနဲ့ ညသန်းခေါင်ကြီး စစ်ကား ၂ စီး ခြံရံပြီး လက်ပြန်ကြိုးတုတ် သေနတ်နဲ့ ချိန်ခေါ်သွားတာပဲ။ (အသေးစိတ် ကျနော် ရေဒီယိုသတင်းထောက် ဆောင်းပါးတွေမှာ အပြည့်အစုံ ရေးဖူးတယ်) 

ဒါပေမယ့် အိန္ဒိယစစ်တပ်က ၂၄ နာရီကျော်အောင် ဖမ်းချုပ်မထားပါဘူး။ အဲဒီညမှာလည်း တပ်ရင်းမှူးက စစ်ဆေးမေးမြန်းပြီး သီးခြား ဧည့်ဂေဟာဆောင်မှာ ကောင်းကောင်းထားပါတယ်။ တီဗွီ ရှိတယ်၊ ကောင်းကောင်း ကျွေးမွေးတယ်၊ နေသိပ်မကောင်းလို့ ဆရာဝန်တောင် ခေါ်ပေးသေးတယ်၊ အဲဒီဆရာဝန်ကကူညီလို့ မဏိပူရမိတ်ဆွေတွေ သတင်းရပြီး ကျနော် လွတ်မြောက်ခဲ့တာ။ 

နောက်တနေ့မနက် ကျနော့်ကို စစ်တပ်က လက်နက်ကိုင်တွေခြံရံပြီး ၁၅ မိနစ်လောက် လမ်းလျှောက်သွားရတဲ့ ရဲစခန်းကို ပို့တယ်။ လက်ထိတ်တွေ၊ လက်ပြန်ကြိုးတွေ မခတ်ပါဘူး။ လမ်းဘေးက လူတွေဝိုင်းကြည့်လို့ ရှက်တာတော့ ရှိတာပေါ့။ ဒါပေမယ့် ဒီလိုမြင်ကွင်းမျိုးက မဏိပူရမှာ မဆန်းပါဘူး။ သူတို့ အမျိုးသား လွတ်လပ်ရေးအတွက် သူပုန်ထနေတဲ့ ပြည်နယ်ပဲလေ။ 

အဲ... ရဲစခန်းရောက်တော့ အေးအေးဆေးဆေးပဲ၊ ရဲတွေက တရားခံတယောက်လို မဆက်ဆံကြဘူး၊ မွန်မွန်ရည်ရည်ပါပဲ။ ထိုင်ခုံပေးတယ်။ လက်ဖက်ရည် တိုက်တယ်။ ဘီစကစ်ပါ ချပေးတယ်။ ပြီးတော့ ကိုယ်ရေးရာဇဝင် မေးတယ်။ အိန္ဒိယစစ်ဗိုလ်တယောက်က ကျနော့်ကို တရားစွဲ အမှုဖွင့်တယ်။ ဘာအမှုမှန်းတောင် မသိလိုက်ဘူး။ အဲဒီနေ့ညနေပဲ ရဲက ထမင်းကျွေးပြီး ကျနော့်ကိုလာခေါ်တဲ့ မိတ်ဆွေတွေလက်ထဲ ပြန်ထည့်ပေးလိုက်တယ်။ အေးအေးဆေးဆေးပဲ။ 

ကျနော်ပြောချင်တာက ရဲမှူးတွေမှာလည်း ဥပဒေကြောင်းအရ လုပ်ပိုင်ခွင့်တွေရှိသလို လူသားချင်းစာနာပြီး နားလည်မှုနဲ့ ဖြေလျှော့ ဆက်ဆံတာ၊ ပြေလည်အောင် ဆောင်ရွက်ပေးတာတွေ ရှိတယ်။ တရားရေးအမှုထမ်းတွေလည်း အဲလိုပါပဲ။ ဒီမိုကရေစီနိုင်ငံမတွေမှာ ပြည်သူတွေအပေါ် တင်းတင်းကြပ်ကြပ် ချုပ်ချယ်ထားလေ့မရှိပါဘူး။ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထား လေးစားလေ့ရှိတယ်။ ကျနော်တို့ဆီမှာတော့ အာဏာရှင် အတွေးအခေါ်၊ စရိုက်တွေက ကျန်နေသေးတယ်။ အာဏာရှင်စိတ်ရှိကြတဲ့ အစိုးရတွေက အဲလို အလေ့အထတွေကျန်ရစ်နေရင် ပိုပြီး သဘောခွေ့မှာပေါ့။ ဒီမိုကရေစီခေတ်သစ်ကို လျှောက်မယ်ဆိုရင် လူကိုလူချင်း လေးစားတဲ့စိတ်၊ တန်ဖိုးထားစိတ်လေးတော့ မွေးရမှာပဲ။ 

ကိုထင်ကျော်ကို ခြေချင်း လက်ထိတ်ခတ်ကြီးနဲ့မြင်ရတာ အတော် ရုပ်ဆိုးတယ်။ ဒါ လုံးဝ မဖြစ်သင့်ဘူး။ တရားသူကြီးရော၊ ရဲမှူးရော တရားနည်းလမ်း မကျဘူး။ ဒီမိုကရေစီ စိတ်ဓာတ် အပြုအမူမျိုး မတွေ့ရဘူး။ လူ့ဂုဏ်သိက္ခာကို မေ့လျှော့နေကြတယ်။ ကိုထင်ကျော်ကို သံခြေကျင်းတွေ လက်ထိတ်တွေ ဖြုတ်ပေးသင့်တယ်။ ကိုထင်ကျော်က သူခိုး ဓားပြစိတ် မရှိဘူး၊ အရှင်သခင်စိတ်နဲ့လူလို့ အများသိအောင် ကြုံးဝါးနေသူဖြစ်တယ်။ သူ့ကို လက်ထိတ်ဖြုတ်ပေးလည်း ထွက်ပြေးမယ့်လူမဟုတ်။ လာမဲ့ဘေး ပြေးတွေ့တတ်တဲ့ လူစားမျိုးပါ။ 

တရားရေးနဲ့ လုံခြုံရေးအာဏာပိုင်တွေ အမြင်ကျယ်သင့်တယ်။ သေချာလေ့လာသင့်တယ်။ လူသားစိတ်မွေးသင့်တယ်။ မိမိနိုင်ငံသားအချင်းချင်း အရိုင်းအစိုင်းလို ချုပ်နှောင်ဆက်ဆံတာမျိုးဟာ မြင်လို့ ကြားလို့လည်း မတင့်တယ်ဘူး။ အများအမြင် ရှက်စရာပါ။ လူမျိုးရော၊ တိုင်းပြည်ရော ဂုဏ်သိက္ခာကျတယ်။ 

ကျနော်တို့ကတော့ တရားစီရင်ပြီး တရားခံပဲဖြစ်ပါစေ၊ အမှု စစ်ဆေးဆဲပဲ ဖြစ်ပါစေ၊ တရားရုံးမှာ လက်ထိတ် မခတ်ပါနဲ့၊ ခြေကျင်းဒေါက် ဖြုတ်ပေးပါ။ မတရားမလုပ်ပါနဲ့၊ တရားဓမ္မနဲ့အညီ ဆောင်ရွက်ပါ။ လူကိုလူလို တန်ဖိုးထားဆက်ဆံပါ... လို့ပဲ ပြောချင်ပါတယ်။ 

ကိုညို (အော်စလို) 
၁၉ ဇွန်၊ ၂၀၁၄ 

ဓာတ်ပုံ - မြောက်ဥက္ကလာပတရားရုံးရှေ့ အာဏာပိုင်များဥပဒေနဲ့ မညီပြုမှုဆောင်ရွက်မှုအပေါ် ဆန္ဒပြနေတဲ့ ကိုထင်ကျော်။ 

 

No comments: