Friday, May 9, 2014

ဗို လ် ချု ပ် မြ အ မှ တ် တ ရ (ကျော်ကျော်ငြိမ်းချမ်း)

အမှတ်တရတွေကတော့ အများကြီးပါ ...။ 

သူ ရေချိုးပုံရေချိုးနည်း နဲ့ အိပ်ပုံအိပ်နည်း ... မေးမိတုန်းက အမှတ်တရ ...၊ 

စကားစပ်မိလို့ တပ်မဟာမှူး ဘဝက ရှမ်းပြည်ဘက် စစ်ကူသွားရင်း သူ ကြုံဖူးတဲ့ ရှမ်းပျိုဖြူများ ရေချိုးပုံနဲ့ သူ့ကိုယ်တွေ့ ဟာသတွေအကြောင်း အမှတ်တရ ...၊ (ကျနော် မမေးဘူးနော် ... သူ့ဟာသူ ပြောပြတာ) 

လူမျိုး နဲ့ စာ ... ဘယ်ဟာက ဗမာ ... ဘယ်ဟာက မြန်မာ ... သူပြောပြတဲ့ အင်မတန် လက်တွေ့ကျတဲ့ သူ့အယူအဆ ... အမှတ်တရ ...၊

နေ့လည်နေ့ခင်း ... အစည်းဝေးနားချိန် သူ့အိမ်မှာ တည်ခင်းတဲ့ လက်ဖက်ရည်ကြမ်းဝိုင်းနဲ့ ပွာကညောကိတ် [ထမင်းချိုး(ဂျိုး)ကြော်] ဟာသ ... အမှတ်တရ ...၊ 

သူ နဲ့ ဗိုလ်လင်းထင် (အဲဒီတုန်းက KNLA တပ်မဟာ ၅ မှူး) ရဲ့ ကောင်းဘွိုင်ဇာတ်လမ်းနဲ့ သူ့ရဲ့ ဒိုင်ဗင်တင်လှ ဇာတ်လမ်း ... အမှတ်တရ ...၊ 

သူ့လှေကို လှေကြုံလိုက်စီးရင်းနဲ့ မာနယ်ပုလော (Land of Victory) အဝင် သောင်ရင်းမြစ်ပေါ်က စစ်ဆေးရေးဂိတ် (ချံခဲလာzပတုz) [အမှန်တော့ အဓိပ္ဗာယ်က ကရင်လို “လှေအားလုံး ရပ်” ပေါ့ဗျာ...။ ကျနော်တို့ မောင်ကျောင်းတွေကတော့ ချန်ခဲလာပတုတ် ဆိုပြီး အလွယ်ခေါ်တဲ့ ဂိတ်ပေါ့] မှာ သူ့လှေကို တာဝန်ကျရဲဘော်တွေက လိုအပ်တဲ့ စာရွက်စာတမ်းမပါလို့ ဖမ်းထားတဲ့အကြောင်း အမှတ်တရ .....၊ 


တခါသား ခရစ္စမတ်မှာ သူ့ရွာ ဖွေးဘောလူကို ညလုံးပေါက် Carol Singing ထွက်ပြီး အပြန် ကျနော်နဲ့ ရဲဘော်တအုပ် ပြန်စရာ လှေမရှိလို့ သူ့လှေကို ဓာတ်ကြိုးရှော့ရိုက်ပြီး မောင်းပြန်လာမိတော့ သူ့လှေ ဒရိုင်ဘာ အရေးယူခံရတဲ့ ... အမှတ်တရ ...၊ 

.................. အမှတ်တရ .....၊ 
................. အမှတ်တရ ......။ 

 အခု အမှတ်တရ က အများကြီးထဲက တခုပေါ့...။ 

၁၉၉၆ ခုနှစ် ကေအန်ယူ ကော်သူးလေနယ်မြေ ဒူးပလာယာခရိုင်၊ ကေအန်အယ်လ်အေ တပ်မဟာ (၆) နယ်မြေထဲက ထီးခဲပလယ်ရွာမှာ လုပ်တဲ့ [နာမည်တွေ၊ နေရာတွေ... ကြာရင် နှောင်းလူတွေ မေ့ကုန်မှာစိုးလို့ နားယဉ်အောင် ပြန်ရွတ်ပေးနေရတာပါ၊ ခုခေတ်လူငယ်တွေ (လူကြီးတွေ ပိုဆိုး) ... မေ့တတ်ကြလွန်းလို့] အန်စီယူဘီ ညီလာခံ ... မှာပေါ့ ...။ 

ထုံးစံအတိုင်း ... ဆွေးနွေးကြ၊ ငြင်းခုံကြ၊ ညှိနှိုင်းကြ၊ အထွန့်တက်ကြ၊ ရန်ဖြစ်ကြ၊ ပြန်ချစ်ကြ ... ပျော်စရာကြီး...။ 

အဲဒီညီလာခံမှာ အရေးကြီးတဲ့ အစည်းအဝေး အစီအစဉ်တခုက ... အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့ အဖွဲ့တွေအပေါ် သဘောထား ...။ အဲဒီအချိန်က အပစ်ရပ်အဖွဲ့တွေထဲက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) က ... ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်သန်းလေး နဲ့ အတွင်းရေးမှူး ခွန်းရေမွန်ထူး လာတက်တယ်...။ (၃ လကြာ .... အပစ်ရပ် ပြန် မပျက်ခင်လေးတင်ပေါ့...) 

ချစ်စရာကောင်းတဲ့အချက်က သူတို့ရှေ့ထားပြီး ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာပေါ့ ...။ စိတ်မဆိုးကြေး ... ဘယ်သူမှလည်း စိတ်မဆိုးကြပါဘူး... နောက်လိုက် ပြောင်လိုက်နဲ့ ...။ ကိုယ့် အဆို... သူ့ အဆို နိုင်ခြင်း၊ ရှုံးခြင်းက အဓိက မဟုတ်ပါဘူး..၊ အမှန်တရား နဲ့ အနီးစပ်ဆုံး .... အများစုလက်ခံနိုင်ပြီး လက်တွေ့ အကောင်အထည်ဖော်နိုင်မယ့် လုပ်ငန်းစဉ်ချနိုင်ရေးက အဓိက ပါ...။ (အဲဒီတုန်းက ပြောပါတယ်) 

“ရန်သူ နဲ့ ပေါင်းနေမှတော့ ရန်သူ ပေါ့...” 
“တချိန်က မိတ်ဆွေဟောင်းတွေပဲ ... ကြားထားသင့်တာပေါ့...” 
“ဦးတည်ချက်၊ ရည်ရွယ်ချက်တူနေသေးသရွေ့တော့ မဟာမိတ်တွေပဲလေ... ပြန်စည်းရုံးသင့်တာပေါ့...” ... 

စသဖြင့် စာတတ်၊ ပေတတ်၊ စကားတတ်၊ စကားကပ်၊ ပိဋကတ်အိုးကွဲတွေ ... ပေါင်မုန့် တခြမ်းကျက်တွေ၊ တစိတ်ကျက်တွေ ... အကိုးအကား၊ အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမျိုးမျိုး အထွေထွေ ... ဥပမာ.. ဥပမေယျတွေနဲ့ ငြင်းကြပါလေ့... ဒေါင်းတိ မောင်းတိ ...။ 

ဒါနဲ့ တမနက် ကုန်သွားတယ်.....။ နေ့လည်စာ စားပြီး ပြန်ဆက်တယ်...။ ကော်ဖီ ဘရိတ် နားပြန်တယ်...။ ဘရိတ်အုပ်လို့ မရသေးဘူး ...။ ရတယ်... ပြန်ဆက်ပေါ့...။ ဖြစ်ချင်တော့ အဲဒီနေ့ အလှည့်ကျ အလည်ထိုင် သဘာပတိက ကျနော်တို့ ဇာတ်လိုက်ကြီးပေါ့ ... ဗိုလ်ချုပ်မြ...။ တနေ့လုံး သူ တခွန်းမှ ဝင်မပြောဘူး... နားထောင်နေတယ်... လွှတ်ပေးထားတယ်...။ နေ့လည် ကော်ဖီ ဘရိတ်ပြီးလို့ ပြန်စတော့ ... သူ ထပြီး အခမ်းအနားမှူးကို လက်ညှိုးထောင်ပြတယ်...။ သူလည်း အလှည့်ကျ ဝင်ဆွေးနွေးမယ်ပေါ့ ...။ 

သူ့ အလှည့်လည်းရောက်ရော ... ဘယ်သူ့မျက်နှာမှ မကြည့်ဘူး ... သဘာပတိခုံကနေ ထပြီး ထုံးစံအတိုင်း တုတ်ထိုး အိုးပေါက်.. ပြောချလိုက်တယ်...။ 

“... နိုင်ငံရေးမဆွေးနွေးရသေးခင် အပစ်အခတ်ရပ်စဲရေး လုပ်တဲ့အဖွဲ့တွေက ဂွေးသင်းခံရတဲ့ နွားသိုးတွေနဲ့ တူတယ်ဗျ...”... တဲ့...။ 
 “... ရန်သူ့အကြောင်း ကောင်းကောင်းသိလာလို့ သူတို့ ပြန်တိုက်ချင်ရင်တောင် စိတ်ပဲရှိတော့တယ်... ဟိုဟာက မသန်တော့ဘူး....” ... တဲ့ ...။ 
“... အဲဒီတော့ ... ခင်ဗျားတို့ နိုင်ငံရေး မဆွေးနွေးဘဲနဲ့ အပစ်ရပ်ပြီး ဂွေးသင်း မခံကြနဲ့...” ... တဲ့...။ 
“... ပြန် စည်းရုံးလို့ရပါဦးမလားဗျာ.... ပြန် ပါလာရင်တောင် သိပ် သန်မှာ မဟုတ်တော့ဘူး...” တဲ့ ...။ 

ဘာပြောကောင်းမလဲ ... အကုန်လုံး ဝါးခနဲ ပွဲကျပြီး ... ပတ်တုတ်လို့ မရတော့ဘူး...။ သူလည်း သူ့ဟာသူ သဘောကျပြီး သူ့စတိုင်အတိုင်း တခစ်ခစ်နဲ့ ရီနေလိုက်တာ အကြာကြီး...။ ဒါနဲ့ပဲ ၁၅ မိနစ်လောက် ဘရိတ်လုပ်လိုက်ရတယ်...။ 

ကျနော် လုပ်ကြံပြီးပြောတာ မဟုတ်ဘူးနော် ...။ သက်သေတွေ အများကြီး ရှိသေးတယ် ...။ မယုံရင် မေးကြည့်ကြ...။ (သူတို့လည်း ဟိုဒင်းလုပ်ခံရတဲ့အထဲ မပါသေးဘူး မှတ်တာပဲ...) ကြိုပြောထားရတယ်...။ မဟုတ်ရင် ... “... ဒီ ဂတုံးက လက်ရှိအခြေအနေကို သူ မကျေနပ်တိုင်း ...အဆိုးမြင်တွေချည်းပဲ ... လျှောက်ပြောနေတယ်...” လို့ ... ကွယ်ရာမှာ အတင်းတုတ်တာ ခံရလွန်းလို့ ...။ 

(ရှေ့ ကျတော့ မပြောရဲကြဘူး...၊ “ဟုတ်တယ်... လက်ရှိဖြစ်နေတာ အဲဒီအတိုင်းပဲ..၊ ခင်ဗျားပြောတာ သိတ်မှန်တယ်... ဒီအတိုင်း ဆက်သွားရင် ကြာကြာ မခံတော့ဘူး ထင်တယ်” ... နဲ့ ... ဖော်လို လိုက်ကြတယ်.. ။ ကျနော်တို့ ငယ်ငယ်က ပြောဖူးသလိုပေါ့ ...၊ စာမေးပွဲကျတဲ့သူတွေ စု မိ ရင် အတန်းပိုင်ဆရာ မကောင်းကြောင်းပြောတတ်တယ်... ဆိုတာမျိုးနေမှာပေါ့) 

ချစ်လို့ ပြောတာပါဗျာ... ညစ်လို့ ပြောတာမဟုတ်ပါဘူး...။ ညစ်နေရင် ရီ(ရယ်)စရာ ဘယ်ပြောနိုင်မလဲ... ဗျ... ဟုတ်ဘူးလား...။ ရီ(ရယ်)စရာ ပြောတာလည်း ဟုတ်ပါဘူး... တကယ့် အဖြစ်အပျက် ပါ...။ ကျနော်ပြောတာလည်း မဟုတ်ပါဘူးဗျာ ... ဗိုလ်ချုပ်မြကြီး ပြောသွားတာပါ...။ နောက် အမှတ်တရတွေတော့ ... နောက်များမှပေါ့ဗျာ ....။ 

အရေးကြီးတာက... ခင်ဗျားတို့ ... “အသင်း” တော့ မခံ ကြနဲ့ဗျာ ...၊ ကိုယ့်မှာ... ဒါလေးပဲရှိတာ ....။ ။ 

 

No comments: