Wednesday, April 2, 2014

သန်းခေါင်စာရင်း၊ ဖိုးလပြည့်၊ ဒေါ်စု နှစ်ယောက်၊ အိုင်ဒန်တတီ နဲ့ နိုင်ငံမရှိတဲ့ကောင် (တတိယပိုင်း)

အို င် ဒ န် တ တီ 

အိုင်ဒန်တတီကို New Oxford American Dictionary ထဲမှာ ဒီလို အဓိပ္ပာယ် ဖွင့်ထားတာပဲ...။ 

identity |īˈdentitē| 
noun ( pl. identities ) 
1 the fact of being who or what a person or thing is: he knows the identity of the bombers | she believes she is the victim of mistaken identity. 
• the characteristics determining this: attempts to define a distinct Canadian identity. 
• [ as modifier ] chiefly Brit.(of an object) serving to establish who the holder, owner, or wearer is by bearing their name and often other details such as a signature or photograph: an identity card. 
2 a close similarity or affinity: the initiative created an identity between the city and the suburbs. 
3 Mathematics (also identity operation )a transformation that leaves an object unchanged. 
• (also identity element )an element of a set that, if combined with another element by a specified binary operation, leaves that element unchanged. 
4 Mathematics the equality of two expressions for all values of the quantities expressed by letters, or an equation expressing this, e.g., ( x + 1)2 = x 2 + 2 x + 1. ORIGIN late 16th cent. (in the sense ‘quality of being identical’): from late Latin identitas, from Latin idem ‘same.’ 

ငယ်ငယ်တုန်းက အငြိမ့်ထဲက လူရွှင်တော်တွေပျက်သလို “ဟ... လူကိုယ်တိုင်လာတာပဲ... မပုတင် လိုသေးလို့လားကွ...” လို့ ကျနော်တို့ အမြဲပြောလေ့... နောက်လေ့ရှိတာ မှတ်မိနေတယ်...။ 

အိမ်မှာ ကျနော် အငယ်ဆုံး...။ ကျနော် ၁၂ နှစ်ပြည့်ခါနီးတော့ မပုတင် အကြောင်းစ ကြားဖူးတယ်...။ မွေးဇာတိ တောမြို့လေး တမြို့ကနေ နည်းနည်းကြီးတဲ့ နယ်မြို့တမြို့မှာပြောင်းပြီး ၆ တန်းတက်တော့ မပုတင် လုပ်ရမတဲ့...။ လုပ်ပေါ့...။ ဒါပေမယ့် ဒီမှာမရဘူး... မွေးတဲ့မြို့မှာပြန်လုပ်ရမတဲ့...။ အေး... ဒါဆိုလည်း ပြန်ပေါ့...။ ကျနော်နဲ့ ကျနော့် အထက်ကကောင်... အမေနဲ့အတူတူ မော်တော်စီးပြီး ပြန်လာ... နောက် မြင်းလှည်းစီးပြီး မြို့နယ်ရုံးစိုက်ရာ မြို့ကြီးကိုသွား...။ ၁ ရက်နဲ့ မပြီး... ၂ ရက်နဲ့ မပြီး... ထောက်ခံစာ တခုပြီးတခုတောင်း... ဓာတ်ပုံ ၂ ခါပြန်ရိုက်...။ (အကြောင်းပြချက် အကုန်လုံးတော့လည်း မမှတ်မိဘူး... ဒါပေမယ့် ဆံပင်ရှည်နေလို့ဆိုပြီး အောင်ဆန်းကေ ရှေ့တလက်မ နောက်ပြောင်ညှပ်ပြီး ပြန်ရိုက်ရတာတော့ မှတ်မိတယ်...)။ ထောက်ခံစာက အကျင့်စာရိတ္တကောင်းကြောင်းလည်း ပါတယ်...။ 


အကျင့်စာရိတ္တကောင်းကြောင်း အသံကြားတော့ လန့်သွားတယ်...။ အကြီးကောင်နဲ့ တယောက်မျက်နှာ တယောက်ကြည့်ပြီး ဘယ်လိုလုပ်ကြမလဲပေါ့... ငါတို့တသက် မပုတင်နဲ့ ညားမှ ညားပါ့မလား... ပေါ့။ အရပ်ထဲမှာ ကိုးကျင်းကိုးကျင်းလည်... လေးခွ တလက်စီနဲ့ ဟိုပစ် ဒီပစ်...၊ ဟိုအိမ်က မှန်ခွဲ... ဒီဓာတ်မီးတိုင်က မီးသီးကို လက်တည့်စမ်း...၊ ဒီထက်ဆိုးတာက နောက်ဆုံး မြို့ကထွက်မလာခင်တရက်မှာ ရပ်ကွက်သူကြီးအိမ်က ပန်းအိုးတွေကို လောင်းကြေးစားကြေး လက်တဲ့စမ်းထားတဲ့အမှုက ပူပူနွေးနွေးကြီး...။ စာကလေးနှိုက်ရင်း၊ ခိုဖမ်းရင်း သူများအိမ်က ခေါင်မိုးတွေဖောက်...။ ဗိုက်ဆာရင် တွေ့တဲ့အိမ်က ဘုရားဆွမ်းတော်တင်တာကို စွန့်ပြီး စား...။ 

သိတဲ့အတိုင်း နယ်မှာက တံခါးမရှိ၊ ဓားမရှိ တအိမ်နဲ့ တအိမ် ဥဒဟို ဝင်ထွက်သွားလာနေကြတာ... အပွိုင့်မန့်တွေ ဘာတွေလုပ်စရာမလို... အိမ်ရှေ့ကနေ ဘဲလ်တီးစရာမလို၊ တံခါးချက်ချထားတယ်ဆိုရင်တောင် တုတ်နဲ့ကလန့်ပြီး ဖွင့်တတ်သေးတယ်...၊ သော့ခတ်ထားရင်လည်း ဘယ်အိမ်ပြတင်းပေါက်၊ ဘယ်အိမ် ကဲလား ကို ဘယ်လိုဖွင့်ရတယ်ဆိုတာ... ကျနော်တို့အတွက် မိုင်နာကေ့စ်...။ တခါတလေ အိမ်ရှင်တွေ သော့ပျောက်ရင်တောင် ကိုယ်တွေလို ဝါရင့် Expert တွေကို ငှားရတာကလား...။ အခုခေတ် ဟိုအရေး ဒီအရေး ကျွမ်းကျင်သူတွေလို ဂုဏ်ခံပြီး ဒေါ်လာ ထောင်သောင်းချီ မတောင်းပါဘူး...၊ ထန်းလျက်တခဲ... ပဲလှော်တဆုပ်နဲ့ မေတ္တာရှေ့ထားပြီး ဆားဗစ်ပေးပါတယ်...။ ဆိုတော့... တယောက်ချင်းက တမြို့လုံးကို သိ၊ တမြို့လုံးက တယောက်ချင်းကို သိ... (ဥက္ကဋ္ဌကြီးမော် ပြောတဲ့ တတောလုံးကိုလည်း မြင်ရမယ်... တပင်ချင်းကိုလည်း သိရမယ်ဆိုတာ ဘာဟုတ်သေးလို့လဲ...၊ ကျုပ်တို့က တပင်ချင်းစီ ဘယ်ကမလဲ... တကိုင်းချင်းစီနဲ့ ဘယ်အရွက်က ပိုးစားနေတယ်ဆိုတာတောင် သိလိုက်သေး...) 

အဲဒီလို ဂုဏ်ပြောင်တဲ့ သမိုင်းအစဉ်အလာရှိထားတော့ အကျင့်စာရိတ္တကောင်းကြောင်း ထောက်ခံစာ ရပါ့မလားပေါ့...။ (ယူအန် လန်းဂွေ့ရှ်နဲ့ပြောရင် အထူးစိုးရိမ်မကင်း ဖြစ်နေရပါသည်.. ပေါ့လေ...)။ အထူးသဖြင့် ပူပူနွေးနွေး ရပ်ကွက်သူကြီးအိမ်က ပန်းအိုး ၆ လုံးလောက်ခွဲထားတဲ့အမှုက ရှိနေတယ်...။ (ဒါပေမယ့် သိပ်စိတ်ပူစရာမရှိတာက အလောင်းအစားလုပ်တဲ့အထဲမှာ သူ့သားလည်း ပါတယ်... ချည်ပြီး တုတ်ပြီးပေါ့...) အတိုချုပ်ရရင် စိတ်ပမ်း၊ လူနွမ်း၊ ရေခန်း ဖြစ်ပြီးသကာလ နောက်ဆုံးတော့ အားလုံးအဆင်ပြေပါတယ်...။ ပြေဆို ရေလောင်းရတဲ့အပြင် အားလုံးကလည်း အဖေတို့ အမေတို့နဲ့ မကင်းရာမကင်းကြောင်းတွေချည်းပဲကိုး...။ အဖေ ဆေးကုမပေးဘူးတဲ့သူ မရှိ၊ အမေ ဈေးသုံးမပေးဘူးတဲ့သူမှ မရှိပဲဟာ...။ ဘာဖြစ်လို့လဲဆိုတာတော့ မမှတ်မိဘူး... အသစ်ပြောင်းတဲ့မြို့က လဝက မှာလည်း ၃၊ ၄ ခါလောက်ပြန်ပြီး ဖောင်တွေဖြည့်ရတယ်...။ မြို့ ၃ မြို့ကို ကူးချည်သန်းချည်လုပ်ရတာ ၃ ကြိမ်ဆိုတော့... ကျနော်တို့ ညီအကို တလလောက် ကျောင်းပျက်သွားတယ်...။ ဒါပေမယ့် အဲဒီကစပြီး ၃ ခေါက်ချိုး အစိမ်းရောင် ဝမ်းဆက် မပုတင်နဲ့ ညားခဲ့တယ် ဆိုပါတော့...။ 

ကြုံလို့ပြောရဦးမယ်... ထုံးစံအတိုင်း ချော်တောငေါ့ပြန်ပြီလို့တော့ မပြောနဲ့...။ အဲဒီ ရပ်ကွက်သူကြီးအကြောင်းပေါ့...။ ဦးအောင်ခန့်တဲ့... တင်းပြည့် မဆလ ပါတီဝင်ကြီးပေါ့...။ ပြည်သူပိုင်သိမ်းတုန်းက (ကျနော်တော့ မမီပါဘူး)... အိမ်ကပစ္စည်းတွေကို ဦးဆောင်ပြီး လာသိမ်းသတဲ့...။ အဖေ့ဆေးခန်းက ပစ္စည်းတွေ၊ ဆေးတွေ၊ ဆေးစပ်တဲ့ပစ္စည်းတွေ၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်းပစ္စည်းတွေ၊ မျက်မှန်ဆိုင်၊ မျက်စိစမ်းသပ်တဲ့ ကိရိယာတွေ၊ ဂျစ်ကား ၂ စီး၊ မြင်း ၁၀ ကောင်... စသဖြင့်ပေါ့လေ...။ အဖေလည်း အဲဒီကစပြီး မျက်စိဆရာဝန်ဘဝကနေ... ကွန်ပေါင်ဒါနဲ့ ဆေးခန်းအကူ ဖြစ်သွားတာပဲ။ သူ ကာလကတ္တား က ယူလာတဲ့ဘွဲ့ကို ဦးနေဝင်းက အသိအမှတ်မပြုဘူးပေါ့လေ...။ ထားပါတော့...။ 

အဲဒီ ဦးအောင်ခန့်သား အငယ်ဆုံးမွေးတော့ “ဆန်းမတ်တီဝင်း” လို့ ကင်ပွန်းတပ်တယ်...။ ဗိုလ်ချုပ်အောင်ဆန်းရယ်၊ ကားလ်မတ်စ်ရယ်၊ မာရှယ်တီတိုးရယ်... ဦးနေဝင်းရယ်... စပ်ကျထားတဲ့ကောင်ပေါ့လေ...။ (တကယ်သာဆိုရင် သူ့မိန်းမတော့ ရှူးပေါက်ချိန်တောင်ရမယ် မထင်ဘူး)။ တလ မပြည့်ဘူး... အဲဒီ ၄ ယောက်ရဲ့သား... ဝမ်းလျှောပြီး သေပါလေရော...။ ဘာပြောကောင်းမလဲ တခါတည်း “တော့ကော့ဖ်သည်တောင်း” ဖြစ်သွားတာပေါ့..။ (အခု ခြေဥ... ခြေဥ... ခြေဥ ဆိုပြီး ဥ နေကြတဲ့ အစ်ရှူးလို ဖြစ်မှာပေါ့လေ..)။ ကျနော်တို့ ကောင်းကောင်းမှတ်မိတာကတော့ သူ့အသုဘမှာ ကျွေးတဲ့ မုန့်ဟင်းခါးစားပြီး ရပ်ကွက်ထဲက ကလေးတွေ အကုန်လုံး ချီးပန်းကုန်တာပဲ...။ အဲဒီကတည်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုရင် ချီးပန်းတာနဲ့ တွဲ မှတ်မိနေတော့တာပဲ...။ တကယ်ဟုတ်ချင်မှ ဟုတ်မှာပါ... ကျနော်ရတဲ့ ထရော်မာ ကိုပြောတာပါ...။ 

မှတ်မှတ်ရရ ၇ တန်းမှာ မြို့နယ်လူရည်ချွန်ရတယ်...၊ ဒါလည်း အိမ်နောက်ဖေးက ဆရာလေးကိုပေါက် (ဦးညွန့်လွင်) က သေချာ ဂိုက်လုပ်ပြီး ကျက်ခိုင်းလို့ပါ... (သိတဲ့အတိုင်း သားသားတို့ ငယ်ငယ်တုန်းက ကျောင်းစာနဲ့ အားကစားကလွဲလို့ ကျန်တာ သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး... အဲ... အဲ... ဖွန်တော့ နည်းနည်းကြောင်တတ်နေပြီ...) အထွေထွေ ဗဟုသုတဆိုတာက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအကြောင်းချည်းပါပဲ...။ ဒါလည်း ဗန်းမော်ဆရာတော် ကိုရင်ပဏ္ဍိတ ဘဝက ကျက်တဲ့နည်းအတိုင်းကျက်... ဘာခက်တာမှတ်လို့...။ ဒီလိုနဲ့ တိုင်းအဆင့် လူရည်ချွန် သွားဖြေရတယ်။ ဆရာလေးကိုပေါက် ပါတယ်... ဆရာမကြီးတယောက် ပါတယ်...။ အားလုံးဖြေနိုင်တယ်... အလားအလာကောင်းတယ်... အေးဆေးပေါ့...။ 

ပြဿနာစတာက... စာစီစာကုံးမှာ “သင့်ဘဝမှာ တသက်မမေ့နိုင်စရာဖြစ်ရပ်” ဆိုလားပဲ အဲဒါ မေးတယ်...။ ဘာပြောကောင်းမလဲ... “ကျွန်ုပ်နဲ့ မပုတင်” ဆိုပြီး ကောင်းကောင်း သမ ခဲ့တာပေါ့... လက်တွေ့တာမှ စာရွက်အပိုတောင် ၂ ခါ တောင်းရတယ်...။ နောက်ဆက်တွဲ ဘာဖြစ်မယ်ထင်သလဲ... စဉ်းစားသာကြည့်ကြပေတော့...။ သင်္ချာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတ၊ အားကစား... အားလုံး ပထမ... (အဟမ်း... အဟမ်း...)၊ သို့သော်လည်းပေါ့လေ... မြန်မာစာမှာတော့ မပုတင် နဲ့ ဟက်တက်ကွဲတော့တာပဲ...။ ဆရာလေးကိုပေါက်နဲ့ ဆရာမကြီးကို တိုင်းပညာရေးမှူးက ခေါ်ယူဆွေးနွေးရတဲ့ အဆင့်တွေ ဘာတွေ ဖြစ်ကုန်ရော ဆိုပါတော့...။ တိုင်းပညာရေးမှူးက ပြောရှာပါတယ်တဲ့... အရေးအသားတော့ ကောင်းပါတယ်...၊ ဒါပေမယ့် အကြောင်းအရာက ပြဿနာနည်းနည်းရှိနေတယ်တဲ့...။ ဒါနဲ့ပဲ ဒုတိယရတဲ့ တိုင်းကောင်စီ ဥက္ကဋ္ဌ သမီး က လူရည်ချွန်ဖြစ်ပြီး ငပလီ ပါသွားပါလေရော...။ အသားဖြူဖြူ၊ ခပ်ချောချောလေးရယ်... နာမည်တောင် မှတ်မိသေး... သူဇာလွင်... တဲ့...။ (ပြောခဲ့ပါပကောလား... နည်းနည်းတော့ ဖွန်တတ်နေပါပြီဆိုတာ...) 

လူရည်ချွန်မဖြစ်ရတာကို ကာယကံရှင်နဲ့စာရင် ဆရာလေးကိုပေါက်နဲ့ ကျနော်တို့ကျောင်း၊ နောက် မြို့နယ်ပညာရေးမှူးက ပိုပြီးခံစားရပုံရတယ်... အားလုံးက အရမ်းမျှော်လင့်ထားကြတာလေ...။ အဆိုးဆုံးကတော့ ဆရာလေးကိုပေါက်ပဲ... သူက သေချာပေါက်တွက်ထားတာ...၊ အိမ်နီးနားချင်းလည်းဖြစ်၊ အနီးကပ် ဂိုက်လည်းဖြစ်တော့...။ မင်းကွာ... မင်းကွာ... ဆိုပြီး မျက်ရည်လေး ကလယ်ကလယ်နဲ့...။ ကျနော်ဆိုတဲ့ကောင်ကလည်း အဲဒီအချိန်ထိ သောက်မှန်းကမ်းလမ်း မသိသေးဘူး...။ ကိုယ်အမှတ်နည်းလို့ မရတာပဲလို့ ထင်နေတာ...။ ကိစ္စမရှိပါဘူး ဆရာလေးရယ်... ရှေ့နှစ် ၈ တန်းမှာ ကြိုးစားကြသေးတာပေါ့... ဆိုပြီး ငပြူးက ပြဲပြီး ဆရာလေးကို နှစ်သိမ့်နေသေးတာ...။ နောက် မြို့ပြန်ရောက်တော့မှ ဆရာလေးက သူ့အိမ်မှာခေါ်ပြီး မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ မင်း နောက်နှစ်ကို လူရည်ချွန်ဖြေခွင့် မရှိတော့ဘူးလို့ ပြောတာ...။ ကိုယ်ကတော့... အေးလေ မဖြေရတော့လည်း စာကျက်ရသက်သာတာပေါ့လို့... စိတ်ထဲက မှတ်လိုက်တာပဲ...။ အဲဒီက စပြီး မပုတင် ကောင်းမှုနဲ့ လူရည်ချွန်နဲ့ ကျနော်နဲ့ အိုးစားကွဲရောဆိုပါတော့...။ စိတ်ထဲမှာလည်း ဆရာကြီး ရွှေဥဒေါင်း စကားနဲ့ပြောရရင် ဆူးတချောင်းပေါက်တာပေါ့...။ 

၁၀ တန်း ဒုတိယနှစ် နဲ့ တတိယနှစ်တွေမှာ အပြင်မှာ တော်တော် အလေလိုက်ဖြစ်တယ်.. ။ နေ့ဆို မြေနီကုန်းဈေးမှာ လမ်းထဲက အကိုကြီးတယောက် (ခုခေတ် လန်းဂွေ့ရှ်နဲ့ဆို နိုင်/ကျဉ်းဟောင်းကြီးပေါ့) ဖွင့်ထားတဲ့ စာအုပ်အဟောင်းဆိုင်မှာ သွားကူလုပ်... စာဖတ်၊ စာအုပ်ရောင်း။ သူတို့ဆရာကြီးများရဲ့ (တော်တော်များများက အဲဒီခေတ်နိုင်/ကျဉ်းဟောင်းကြီးတွေပေါ့) စကားဝိုင်း၊ တခါတခါလည်း အရက်ဝိုင်းမှာ တောက်တိုမယ်ရလုပ်ပေးရင်းနဲ့ လေ့လာမှတ်သား ပညာယူပေါ့...။ (ကျနော်တို့ဆိုင်က ကဗျာဆရာ ငသိုင်းချောင်းမောင်ဝံသာဆိုင်နဲ့ မျက်စောင်းထိုးပေါ့)။ ဒါမှမဟုတ် ၂၉ လမ်း၊ လမ်း ၃၀ က အဟောင်းတန်းတွေကို သူတို့နဲ့ အတူသွားပတ်မွှေ ။ (သူပုန်ပိုး ပိုထလာတာ အဲဒီနေရာတွေမှာပေါ့... ပိုရင့်သန်လာတာတော့ မန္တလေးဆောင်ပေါ့... ဒါလည်း နောက်မှ သတ်သတ် တပုဒ်လောက် ရေးရဦးမယ်) ညနေခင်းမှာ လက်ဖက်ရည်ဆိုင်ထိုင်၊ ပြီးရင် လမ်းထိပ်မှာ... (သို့) ဗားကရာချောက်ထိပ်မှာ ဂစ်တာတီး...။ တပတ် ၂ ရက် (သို့) ၃ ရက်လောက် ကရင်ခြံက ဆရာကြီးစောဟင်နရီဆီမှာ ဂစ်တာတီးသွားသင်...။ တခါတလေလည်း ဦးကြွယ်ဟိုးလမ်းက သူငယ်ချင်း (ဆရာလည်း ဆရာပေါ့) အိမ်မှာ ဂစ်တာသွားတီး...။ 

ဒီလိုနဲ့ ဘယ်သူကမှ မထင်ထားဘဲ ၁၀ တန်းအောင်ပြီး ၁၉၈၃ မှာ တက္ကသိုလ် စ တက်ရတယ်...။ ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ မှာပေါ့...။ ၁၀ တန်းအောင် အောင်ဖြေလိုက်တာလည်း အိမ်က အကို အမတွေကို အားနာလို့ပါ...။ သူတို့က အိမ်မှာ ၁၀ တန်းမအောင်တာ... ဘွဲ့မရတာဆိုလို့ မင်းတယောက်ပဲ ကျန်တော့တယ်ဆိုပြီး ပြောလွန်းလို့...။ ပြောစရာလည်း ဖြစ်နေတာကိုး...။ ပထမနှစ်နဲ့ ဒုတိယနှစ် ကျောင်းအားရက်တွေ... ကျောင်းမတက်ချင်တဲ့နေ့တွေဆို မြေနီကုန်းဆိုင်ကို မှန်မှန်ရောက်ဖြစ်ပါတယ်...။ အဲဒီတုန်းက မြေနီကုန်းမှာ အစိုးရ ဘီအီးအရက်ဆိုင် နှစ်ဆိုင်ရှိတယ်။ လမ်းမကြီး ဟိုဘက် ဒီဘက် တဆိုင်စီ...။ စကေးနဲ့ အရောင်းပြပြီး... စောစောပိတ်လေ့ရှိတယ်...။ ဘာကောင်ကြီးဖြစ်ဖြစ် တယောက် တလုံးပဲ ရောင်းတယ်... ခေါင်းချိုးပြီးသား...။ ကျန်တာတော့ ထုံးစံအတိုင်း နောက်မှ ဘလက်နဲ့ ထုတ်ရောင်းပေါ့...။ ဝယ်ရင် တန်းစီရတယ်...။ အဲဒီတော့ တလုံးမလောက်ရင် (သောက်ဖြစ်ရင် တခါမှလည်း မလောက်ပါဘူး) ဟိုဘက်ဆိုင် ဒီဘက်ဆိုင် ပြေးတန်းစီရတာပေါ့...။ ရာဇအိနြေ္ဒပျက်တာပေါ့... ငယ်လည်း ငယ်သေးတော့ နည်းနည်းလည်း ရှက်တာပေါ့...။ ကျနော်က ဆရာ့ ဆရာကြီးတွေကြားမှာ အသက်ရော၊ ဝါရော အငယ်ဆုံးဆိုတော့ အရက်သွားတန်းစီရင် ကျနော်ပဲပေါ့...။ ရရင်လည်း ရ၊ မရရင်လည်း အပြင်ဆိုင်တွေက ထုတ်ရောင်းတာဝယ်၊ ဒါမှမဟုတ် အလင်းရောင်ပေါ့။ (မြေနီကုန်း အလင်းရောင်ဆိုင်တော့ အသောက်သမားအားလုံး သိကြမှာပါ... တောကို တရုတ်ဆေးနဲ့ သွေးဆေး ရောထားတာလေးနဲ့ ကန်းစွန်းပလိမ်း နာမည်ကြီးပေါ့...) 

တနေ့တော့ တန်းစီရင်းနဲ့ အရပ်ဝတ်နဲ့ လူတယောက်တန်းမစီဘဲ ကဒ်ပြားပြပြီး ၂ လုံး ခေါင်းမချိုးဘဲ ယူပြီးထွက်သွားတာ တွေ့လိုက်ရတယ်...။ ကောင်တာက မျက်နှာမာနဲ့ ငနဲကလည်း ရိုရိုကျိုးကျိုး ပြုံးပြုံးရွှင်ရွှင်နဲ့ ပေးလိုက်တာတွေ့တော့ ဒီကောင် ဘာကောင်လဲပေါ့... စိတ်ဝင်စားသွားတယ်...။ ကိုယ့်အလှည့်ကျတော့ ကောင်တာငနဲကို မေးကြည့်တယ်...။ ဟိုလူ ဘယ်သူလဲ... ဘာကဒ်ပြပြီး ဝယ်လဲပေါ့...။ မျက်နှာကျောတင်းတင်းနဲ့ မင်းနဲ့ ဘာဆိုင်လဲတဲ့...။ ကိုယ်ကလည်း ဆိုင်တာပေါ့ဗျ... ရှေ့မှာ တန်းစီနေတဲ့သူ အများကြီး၊ သူကျ တန်းလည်းမစီဘူး၊ ခင်ဗျားလည်း ခေါင်းမချိုးတဲ့ပုလင်း ပေးလိုက်တာ တွေ့တယ်၊ ပြီးတော့ ၂ လုံးကြီးများတောင်... ဆိုတော့မှ... ရေတပ်က တပ်ကြပ်ကြီးပါတဲ့... ရေးတရာ (ရေတပ်က အိုင်ဒီကဒ်) ပြပြီး ဝယ်သွားတာတဲ့...။ အော... နေဗီ အိုင်ဒီ...။ ပြန်လာတဲ့အထိ စိတ်ထဲမှာ သိပ်မကြေလည်ဘူး...၊ တအုံနွေးနွေးနဲ့...။ အဲဒီနေ့က အလံနီ ဦးတင်ဖေ ဝယ်ကျွေးတဲ့ ဦးပိန် ခေါက်ဆွဲတောင် သိပ်အရသာ မရှိတော့ဘူး...။ 

ဒါနဲ့ နောက်နေ့ အဲဒီဆိုင်ကို ပြန်သွားတယ်...။ ခပ်တည်တည်ပဲ... တန်းမစီဘဲ... ကောင်တာပေါ် ကဒ်တကဒ်ပစ်ချလိုက်ပြီး ခေါင်းမချိုးနဲ့ ၂ လုံးဆိုပြီး... ခပ်တင်းတင်း ပြောလိုက်တယ်...။ မျက်နှာမာငနဲ ကြောင်ကြည့်နေတယ်... နောက်မှ ကဒ်ကို သေသေချာချာ ကောက်ကြည့်တယ်။ ပြီးမှ ဒါ ဘာကဒ်လဲ... တဲ့။ ဖတ်ကြည့်ပေါ့ဗျ... လို့ ခပ်မာမာ ထပ်ပြောလိုက်တယ်...။ ငနဲ ထပ်ကြည့်ပြီးမှ... ဒါ ကျောင်းသားကဒ်ပဲ... ဘာလုပ်ရမှာလဲ... လို့မေးတယ်။ ဘာလုပ်ရမလဲ... အရက် ၂ လုံး ရောင်းပေးပေါ့ဗျ... ခင်ဗျား ဟိုတနေ့က တပ်ကြပ်ကြီးကိုတောင် ဒီလိုရောင်းလိုက်တာပဲ မဟုတ်လား... လို့ ခပ်တင်းတင်း ထပ်ပြောလိုက်တယ်...။ ငနဲသား တချက်တွေသွားပြီး ခေါင်းကုတ်နေတယ်...။ အခြေအနေကောင်းနိုင်တယ်လို့ တွက်မိပြီး... ဟိုလူလည်း ကဒ်ပြဝယ်လို့ရရင် ကျုပ်တို့ကျောင်းသားတွေလည်း ရ ရ မှာပေါ့ဗျ... လို့ ခပ်ကျယ်ကျယ် ဆက် ဖိပြောချလိုက်တယ်...။ တန်းစီနေတဲ့ ဘိုးတော်တအုပ်ကလည်း ကိုယ့်ပြောတာကို ထောက်ခံတဲ့ပုံနဲ့ အကဲခပ်နေကြတယ်...။ 

ကိုရွှေမျက်နှာမာလည်း ကျွတ်ကျဲပြီး ခေါင်းချိုးပြီးသား ၂ လုံး ထုတ်ပေးတယ်...။ ဦးကျိုးသွားပြီဆိုတာသိတော့ ကိုယ်လည်း ဘယ်ရမလဲ... ခေါင်းမချိုးတဲ့ဟာပေးလေဗျာ... ဆိုပြီး ထပ်ကွန့်လိုက်တယ်...။ ကိုယ့်လူလည်း အောက်သိုးသိုးမျက်နှာပေးနဲ့ ကောင်တာအောက်က ၂ လုံးထုတ်ပေးတယ်...။ ခင်ဗျားတို့ စဉ်စားကြည့်ပေါ့... ဆိုင်ထဲက ပုလင်း တဖက် တလုံး ကိုင်ပြီးထွက်လာတဲ့ ကျနော့်ပုံ ဘယ်လိုဖြစ်နေမလဲဆိုတာ...။ ဥရောပတတိုက်လုံးကို အောင်နိုင်ပြီးတဲ့ နပိုလီယံ ဘိုနာပတ်ကြီး စတိုင်နဲ့ အပြန်လမ်းတလျှောက် ခြေထောက်နဲ့ မြေကြီး ထိတယ် မထင်ရဘူး...။ ကိုယ့်ဆရာတွေကို အကြောင်းစုံပြောပြတော့ ဘာပြောကောင်းမလဲ... တောက်မယ့်မီးခဲ တရဲရဲလေးကို ဝိုင်းပြီး ဂုဏ်ပြုကျောသပ်လိုက်ကြတာ...။ အဲဒီနေ့က များပြီးမှောက်သွားလို့ ဆိုက်ကားနဲ့ ပြန်ရတယ်။ အိမ်မပြန်ရဲလို့ လမ်းထဲက အကိုကြီးအိမ် လိုက်အိပ်ရတယ်...။ နောက်တော့ အဲဒီဆိုင်ကို ငယ်နိုင်လိုဖြစ်သွားပြီး ကြိုက်တဲ့အချိန်သွား... တန်းမစီ ခေါင်းမချိုးဘဲ ၂ လုံးဆွဲရုံပဲ...။ 

အဲဒီကစပြီး... အော်... လောကကြီးမှာ အိုင်ဒန်တတီ က အတော်အရေးကြီးပါလားလို့ ကိုယ့်ရဲ့ မသိစိတ်မှာ သဘောပေါက်သွားပုံရတယ်...။ 

(အိုင်ဒန်တတီက နည်းနည်းရှည်မယ်ဗျ... အဲဒီတော့ စတုတ္ထပိုင်းမှာ ဆက်ဖတ်ကြဖို့ တောင်းပန်ပါတယ်ဗျာ...) 

 

No comments: