Tuesday, April 1, 2014

သန်းခေါင်စာရင်း၊ ဖိုးလပြည့်၊ ဒေါ်စု နှစ်ယောက်၊ အိုင်ဒန်တတီ နဲ့ နိုင်ငံမရှိတဲ့ကောင် (ဒုတိယပိုင်း)

ေ ဒါ် စု နှ စ်ေ ယာ က် 

ပ ထ မ ေ ဒၚ စု 

ဥရုဝေလတောမှာ နေတုန်းကပဲ။ ကျနော်တို့တောင်ပေါ်ကို ဈေးလာလာရောင်းတဲ့ အောက်ကျင်းက ဈေးသည်တွေ ရှိတယ်...။ ငါးခြောက်ငါးခြမ်းတွေ... အချိုမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ... မုန့်ပဲသားရေစာတွေ... တခါတလေလည်း အဝတ်အထည်တွေ... အိမ်အသုံးအဆောင်ပစ္စည်းတွေ... ဒါမှမဟုတ်လည်း တောင်ပေါ်က အော်ဒါမှာတဲ့ တိုလီမိုလီတွေ တပိုင်တနိုင် သယ်ပိုး ရွက်ထမ်းပြီးတက်လာ...။ တချို့ဆို အိမ်မိုးသွပ်၊ သံ၊ ဘိလပ်မြေ၊ ထုံး စတဲ့ အိမ်ဆောက်ပစ္စည်းတွေအထိ ထမ်းတက်ကြတယ်...။ တောင်ပေါ်ကနေ ရာသီအလိုက်ထွက်တဲ့ ဒညင်းတို့၊ ဖာလာတို့၊ ကော်ဖီတို့... စသဖြင့်တွေကို ပြန်သယ်ဆင်းသွားကြပေါ့လေ...။ ငွေနဲ့ အရောင်းအဝယ်လုပ်သလို ကုန်ပစ္စည်းချင်းဖလှယ်တဲ့ ဘာတာစနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် ကျင့်သုံးကြပါတယ်...။ 

ဒီဈေးသည်အများစုက ဒေသခံတွေနဲ့ရင်းသလို ကျနော်တို့နဲ့လည်း သိနေကြပါတယ်...။ တချို့ဆို ကျနော်တို့ ရဲဘော်တချို့ကိုတောင် အောက်ကျင်း သူတို့ရွာတွေအထိ တာဝန်ခံ အလည်ခေါ်သွားတဲ့အထိ ရင်းနှီးကြပါတယ်...။ အလားတူ အဲဒီဒေသမှာ အမြဲလှုပ်ရှားတဲ့ ရန်သူ့တပ်ကသူတွေနဲ့လည်း မျက်မှန်းတန်းကြ၊ သိကြတာပေါ့...။ တခါတလေလည်း ဒီဈေးသည်တွေထဲမှာ ရန်သူမွေးထားတဲ့သူတွေ... သတင်းပေးတွေ ပါလာတတ်တယ် ...။ ဒီလိုပဲ ကျနော်တို့ဘက်ကလည်း တတ်နိုင်သမျှ ဒီဈေးသည်တွေကို ကိုယ့်လူဖြစ်အောင် စည်းရုံးကြရတာပေါ့..။ အောက်ကျင်းသတင်း၊ ရန်သူတပ်သတင်း၊ ရွာတွေထဲက ရန်သူ့သတင်းပေးတွေ၊ အခြား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သတင်းတွေကိုလည်း သူတို့ကနေတဆင့် စုံစမ်းထောက်လှမ်းကြရတာပေါ့...။

ဒီနယ်မြေဟာ အလယ်ပိုင်းတိုင်း၊ အရှေ့ပိုင်းတိုင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေတွေနဲ့ ဆက်စပ်နေပေမယ့် အများအားဖြင့်တော့ စစ်ဆင်ရေးမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ) လက်အောက်ခံတပ်တွေ လာရောက်လှုပ်ရှားတာ များပါတယ်...။ တခါတလေမှ အလယ်ပိုင်းတိုင်းနဲ့ တပ်မတချို့နဲ့ အထူးပူးတွဲစစ်ဆင်ရေး လုပ်လေ့ရှိတယ်...။ လုပ်ရင်လည်း ကျန်တဲ့တပ်တွေက ထောက်ပို့နဲ့ ဖြတ်တောက် စတာလောက်ပဲဖြစ်ပြီး တကယ်တိုက်တာကတော့ နပခ တပ်တွေပါပဲ...။ ဆိုတော့ အောက်ခြေရဲဘော်တွေထဲမှာ ရခိုင်လေးတွေများသပေါ့...။ 

ဒါပေမယ့် တပ်ရင်း ထောက်လှမ်းရေး(IO) တွေကတော့ ကရင်တွေ များတယ်...။ ဒါမှလည်း ကရင်ရွာတွေထဲမှာ သတင်းနှိုက်လို့၊ သတင်းပေးမွေးလို့ လွယ်မှာကိုး။ ကပေါ်ထူးဆိုတဲ့ တကောင်ဆိုရင် အတော်ဆိုးပေါ့။ သကြားလုံးတထုပ်နဲ့ ရွာထဲက ကလေးတွေဆီကနေ သတင်းနှိုက်ပြီး သူပုန်အားပေး၊ သူပုန်သတင်းပေးဆိုပြီး ရွာသားတွေကို ကရင်အချင်းချင်း အသားကုန်ဗျင်းသပေါ့...။ သူပုန်သတင်းပေးတိုင်းသာ ရိုက်ရရင်တော့ ရွာလုံးကျွတ် ရိုက်ယုံပဲရှိတော့မပေါ့... ဗိုလ်သကြားလုံးရယ်...။ နောက်တော့ ကလေးတွေက သူ့ထက် လည်သွားတယ်။ သကြားလုံးသာကုန်သွားတယ်... လိုချင်တဲ့သတင်း တိတိကျကျ ဘာမှမရတဲ့အပြင် ကလေးတွေပြန်ထည့်တဲ့ ဆိုက်ဝါးပါ သူ ပြန်ထိသွားတယ်..။ ငိုအားထက် ရီအားသန် ဇာတ်လမ်းလေးတွေ နောက်မှ စီးရီးလိုက် ရေးရဦးမယ်။ 

သာမီးတိုက်အုပ်စုက ရွာတရွာမှာ သတင်းသုံးတဲ့ ဆရာတော်တပါးကတော့... ဒါ ကက်ကင်း ရိုက်တာကွ... ကရင် ကို ရခိုင် နဲ့ တိုက်တာတဲ့...။ သူ့ကက်ကင်းက ဒီလောက် အသက်မပြင်းပါဘူး... စစ်ဆင်ရေးတပတ် တပတ် (၃-၄ လ) မှာ ၁၀၊ ၂၀ လောက်သေပြီး ၃၀၊ ၄၀ လောက်ကတော့ ထိခိုက်ကျိုးပဲ့နဲ့ ပြန်သွားရတာပဲဘုရာ့... လို့ ရဲဘော်တွေက နောက်လေ့ရှိတယ်...။ 

ထားပါတော့...။ တနေ့တော့ ကျနော်တို့ ဖောက်သည်အရင်းတယောက်ဖြစ်နေတဲ့ ဈေးသည် ကြီးဒေါ်တယောက် ငိုကြီးချက်မနဲ့ ရောက်လာပါတယ်...။ မျက်နှာနဲ့ လက်နဲ့ နောက်ကျောမှာလည်း ဒဏ်ရာဒဏ်ချက်တွေနဲ့ပေါ့...။ အဲဒီအချိန်မှာ သူ့အသက်က ၆၀ နီးနီးလောက်ရှိပါပြီ။ သူက ကျနော်တို့ အင်မတန် အားကိုးရတဲ့သူတွေထဲမှာပါတဲ့ တယောက်ပါ...။ ရန်သူက တကယ့်စစ်ဆင်ရေးကြီးတွေ သဲကြီးမဲကြီး ဆင်နွှဲတတ်တဲ့ကာလမျိုး၊ ကျနော်တို့ကို ဖြတ်လေးဖြတ် လုပ်တဲ့ကာလမျိုးမှာ... မရှိမဖြစ်လိုအပ်တဲ့ စက်ဓာတ်ခဲလို... ဆေးဝါးလိုမျိုး ထောက်ပံ့ရေးပစ္စည်းတွေကို ပိုက်စိပ်တိုက် စိစစ်ရှာဖွေနေတဲ့ကြားက ဆံထုံးထဲ၊ အတွင်းခံထဲမှာဖြစ်ဖြစ်၊ ထမိန်အနားထဲမှာ ထည့်ချုပ်ပြီးဖြစ်ဖြစ် ခိုးထည့်ပြီး သက်စွန့်ဆံဖျား သယ်ပေးခဲ့တဲ့ ကွားတားမာစတာ ကြီးဒေါ်တယောက်ဆိုလည်း မမှားဘူးပေါ့...။ 

ကျနော်တို့ထင်လိုက်တာက စက်ဓာတ်ခဲနဲ့ ဆေးတွေ သူ့ဆီကနေ ရန်သူတပ်က ရှာဖွေ သိမ်းဆည်းမိလို့ ရိုက်နှက် ညှဉ်းပမ်းလွှတ်လိုက်တယ်လို့ ထင်တာပါ...။ ဒါပေမယ့် သေချာမေးကြည့်တော့ မဟုတ်ဘူးတဲ့...။ သူ အဲဒီနေ့က ရိုးရိုးအစားအသောက်တွေပဲ သယ်လာတာပါ... တဲ့။ ဒါဖြင့် ဘာလို့ အရိုက်ခံရလဲမေးတော့ မပုတင် မရှိလို့တဲ့။ ရန်သူ့စစ်ကြောင်းက တပ်မှူးအသစ်က တွေ့သမျှဈေးသည်တွေကို စာရင်းကောက်၊ မပုတင် စစ်၊ ရွာ နာမည်ယူ၊ တောင်ပေါ် ဘယ်ရွာတွေမှာ ဈေးသွားရောင်းသလဲ... ဘာတွေရောင်းလဲ... စသဖြင့် မှတ်တမ်းတွေ ယူနေတယ်... တဲ့ ။ 

မပုတင် မပါလာတာလားဆိုတော့ မဟုတ်ဘူးတဲ့... ရှိကို မရှိတာတဲ့...။ ပျောက်သွားတာလား... ဆိုတော့လဲ... မဟုတ်ဘူးတဲ့။ မွေးကတည်းက မရှိတာပါတဲ့...။ ဒါဆို ရွာမှာ အဒေါ် ဘာနဲ့နေလဲဆိုတော့ ရွာဦးကျောင်းဘုန်းကြီး ဖွဲ့ပေးထားတဲ့ ဇာတာနဲ့တဲ့။ သေစမ်း...။ 

ဘယ်လိုလွတ်လာသလဲဆိုတော့ လူဟောင်း တပ်ကြပ်ကြီးတယောက်က သူ့ကို မှတ်မိတယ်၊ ဖမ်းမိတဲ့နေရာနားက ရွာသူကြီးကလည်း လာနေကြပါဆိုတာကို အာမခံတယ်...၊ အောက်ကျင်း သူနေတဲ့ရွာကိုလည်း သိပါတယ်လို့ အာမခံပေးလို့ လွှတ်ပေးလိုက်တယ်တဲ့...။ ဒါနဲ့ ကျနော်တို့လည်း ဆေးမှူးခေါ်၊ ဆေးထည့်ပေး၊ သောက်ဆေးပါပေးပြီး ရွာထဲမှာ နားခိုင်းလိုက်ရတယ်...။ နောက်နေ့မှ လူကြုံနဲ့ ထပြန်ပေါ့...။ 

အသက်အရွယ်နဲ့မမျှ သေလုမျောပါး အရိုက်ခံခဲ့ရတဲ့ကြားထဲကတောင် သူ့ကို ဘယ်သူမှပေးမထားတဲ့ တာဝန်ကို ကျေပွန်အောင် လုပ်ခဲ့သေးတယ်...။ တပ်နံပါတ်၊ အင်အား၊ လက်နက် (သူ မှတ်မိသမျှ) နဲ့ တပ်မှူးအသစ်နာမည်ကိုပါ ရအောင်မှတ်လာပြီး ကျနော်တို့ကို ပြောသွားသေးတယ်...။ ကျနော်လည်း သူ့ကြည့်ပြီး မျက်ရည်လည်... ရဲဘော်တွေလည်း တောက်တခေါက်ခေါက်နဲ့...။ အော်... ဘာမဆို မပုတင်နဲ့ အလုပ်လုပ်ရတဲ့ ငါတို့ရွှေနိုင်ငံကြီးမှာ ဒီလိုလူလည်း ရှိပါသေးလားလို့။ 

ဒီတခါတော့ ခင်ဗျားတို့လည်း ရိပ်မိနေပြီ မဟုတ်လား...။ ဟုတ်ပါတယ်... အဲဒီ ကြီးဒေါ် နာမည်က ဒေါ်စု...။ ဒေါ်စုချင်းမလွဲအောင် ဝစ်သောက် ဒေါ်စု... လို့ မှတ်ထားပေါ့ဗျာ...။ တခြားမတွေးပါနဲ့ အောက်က ဒုတိယ ဒေါ်စုနဲ့ မမှားဖို့ပါ...။ 

ဒု တိ ယ ေ ဒၚ စု 

အရင်တုန်းက သွားလေသူ ဦးမန်းကြီးက ခဏခဏ ပြောပါတယ်...။ ခင်ဗျားတို့ ၂ ယောက်လုံး အဖေတွေ မရှိတော့ဘူး... ကျနော် အဖေလုပ်ပေးပါရစေ... မြန်မြန် မင်္ဂလာဆောင်ကြလေ... လို့။ ဖြည်းဖြည်းပေါ့ အတီးရယ်... အလုပ်မအားသေးလို့ပါ... လို့ပဲ ပြန်ပြောခဲ့ပါတယ်။ 

၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ ကျနော်တို့ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်...။ လူပြောသူပြောခံ၊ မျက်နှာပြောင်တိုက်ပြီး ၁၅ နှစ်လောက် ဒီတိုင်းနေလာကြတာ ခုမှ ဘာစိတ်ကူးပေါက်ကြလို့လဲ... လို့ မိတ်ဆွေများက မေးကြတယ်...။ အဖြေက... ရိုးရိုးရှင်းရှင်းလေးပါ...။ အခုမှ အလုပ်ပါးပြီး နည်းနည်း ခြေခင်းလက်ခင်းသာသွားလို့ပါလို့...။ 

ဟုတ်တယ်လေ... အားလုံးသိကြတဲ့အတိုင်း... စု နဲ့ စိန် က ၂ ယောက်ပေါင်းပြီး ဒီမိုကရေစီခေတ်သစ်ကြီးကို ဖွင့်လှစ်ကြမတဲ့...။ တောထဲက သောင်းကျန်းသူတွေနဲ့ မြို့ပေါ်က သောင်းကျန်းသူတွေပေါင်းပြီး တပြည်လုံးမှာ အတူတူ သောင်းကျန်း... အဲ... အဲ... ငြိမ်းချမ်းကြမတဲ့...။ အဲဒီတော့ ပွဲသိမ်းပေါ့...။ ကိုယ်တွေ ဘာဆက်လုပ်စရာလိုလဲ... နားလို့ ရပြီပေါ့...။ 

မင်္ဂလာဆောင်တော့ ကျောင်းနေဖက်တချို့ အဝေးကနေ တကူးတက လာကြတယ်...။ နားနားနေနေ... နေရင်းနဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ကောင်းကောင်းပြန်ရ... (အရင်ကလည်း တချို့နဲ့ ရပါတယ်... ဒါပေမယ့် သူတို့ဖုန်းခေါ်ရင်တောင် ပြန်ဖြေဖို့ အချိန်မပေးနိုင် ဖြစ်နေရတဲ့ဘဝကိုး)။ အခုတော့ သူတို့နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ စမြုံ့ပြန်ဖို့ အချိန်ပိုရလာတယ်...။ အတော်များများလည်း ဆုံးကုန်ကြပြီ..။ ဖြစ်ချင်တော့ သူတို့ထဲက တချို့လည်း ရောဂါမျိုးစုံနဲ့ ကျန်းမာရေး မကောင်းကြ...။ (ကောင်းတယ်ပြောနေတဲ့ တချို့ကလည်း အသောက်မလျှော့တော့ ရေရှည်မှာ စိုးရိမ်ရ) 

ဒီကြားထဲ ကိုယ်နဲ့ ဥရုဝေလမှာ တရားကျင့်ဖက် ရောဂီ အရင်းတယောက်လည်း အသည်းရောဂါနဲ့ဆုံး...။ (ဒီတယောက်ကတော့ မွေးကတည်းက ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်ပါ...။ ဆိုတော့ အသည်းနဲ့ သေရတာ သိပ်မတန်ဘူးပေါ့...) သူနဲ့ပတ်သက်ပြီး (သူ မဆုံးခင်) သိခွင့်ရတဲ့ ရွှေ ဆရာဝန်ကြီးတယောက်ကလည်း တိုင်းရင်းဆေးများ (Herbal Medicines) ရဲ့ အစွမ်းထက်ပုံ၊ ရွေှ့ပြည်ကြီးမှာ အစွမ်းထက် ခေတ်မီတိုင်းရင်းဆေးတွေဖော်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းပေါများပုံ၊ ဒါပေမယ့် နည်းပညာနဲ့ စီးပွားဖြစ်ထုတ်နိုင်ဖို့ အခက်အခဲ အကန့်အသတ်ကြီးမားပုံ၊ အထူးသဖြင့် အာဏာပိုင်တွေရဲ့ အကန့်အသတ်တွေကို သူ့ အတွေ့အကြုံတွေနဲ့ယှဉ်ပြီး ခရေစေ့တွင်းကျ ပြောပြသွားတယ်...။ 

သူ့အပြောအရ HIV/AIDS လောက်ထိကို ကုသလို့ရနေတဲ့။ စမ်းသပ်ကုသလို့ အောင်မြင်ပြီးဖြစ်နေတဲ့ တိုင်းရင်းဆေးကို ပြည်တွင်းမှာတင် ထုတ်လို့ရနေပါပြီတဲ့...။ ပြည်ပရောက်နေတဲ့ သူ့မိတ်ဆွေ ရွှေဆရာဝန်ကြီးတချို့နဲ့ ပေါင်းပြီးလုပ်တဲ့ သုတေသနလုပ်ငန်းကနေ ထွက်လာတဲ့ အကျိုးရလာဒ်ပါတဲ့...။ ဒါပေမယ့် သူပြောသလို ရွှေပြည်ကြီးမှာတော့ ဆက်လုပ်ဖို့ အခက်အခဲ၊ အကန့်အသတ်တွေ ရှိနေတုန်းပဲတဲ့...။ အခု ဆရာ ဒီမှာ ဘာလာလုပ်လဲဆိုတော့... Internet လာသုံးတာတဲ့...။ နားကြားလွဲတယ်ထင်လို့... မဟုတ်ဘူးလေ ဒီနိုင်ငံကို ဘာလာလုပ်တာလဲမေးတာပါဆိုတော့... ဟုတ်ပါတယ်တဲ့၊ Internet သုံးဖို့ သက်သက်လာတာပါတဲ့...။ မကြာမကြာလာပြီး Internet websites တွေက လိုအပ်တဲ့ စာရွက်စာတမ်းတွေ လာဖတ်၊ ဒေါင်းလုပ် လုပ်ချ၊ ကော်ပီကူး... အစရှိသဖြင့် လုပ်ရပါတယ်တဲ့...။ ပြည်တွင်းက Internet ကို အားကိုးနေရင်တော့ ကျနော့်တသက် မှီမယ်မထင်ဘူးတဲ့...။ လူစားခိုင်းလို့လဲမရတော့ ကိုယ်ဟာကို ကိုယ်တိုင်လာရပါသတဲ့...။ စဉ်းစားသာကြည့်ပါတော့ဗျာ... ကျနော်လည်း ဘာဆက်ပြောရမှန်း မသိအောင် ဖြစ်သွားတယ်...။ အတော်ခံစားလိုက်ရတယ်...။ ထားပါတော့...။ 

ခုနကစကား ပြန်ဆက်ရရင် အဲလိုနဲ့ ရောဂါရှင် သူငယ်ချင်းတွေအတွက် ဆေးကောင်းဝါးကောင်းလေးများ ရှိမလားလို့ ရနိုင်သမျှ လိုက်ရှာ... လိုက်ဖတ်ဖြစ်တယ်...။ ဒီလိုနဲ့ အခုဝင်လုပ်နေတဲ့ ကုမ္ပဏီကို တွေ့တယ်ဆိုပါတော့...။ သူတို့ဟောပြောပွဲတွေ လိုက်နားထောင်... သူတို့ဆီက ဆရာဝန်တွေနဲ့တွေ့... သူတို့ ဝက်ဆိုဒ်မှာ ရနိုင်သမျှ ဘိုလိုရေးထားတာလေးတွေ လိုက်ဖတ်၊ ထိုင်းလိုရေးထားတာကို မိန်းမကို ဘာသာပြန်ခိုင်းပေါ့လေ...။ 

ဒီလိုနဲ့... ပြောတဲ့ ဆေး... ညွှန်းတဲ့ဆေးကို သူငယ်ချင်းတွေအတွက် ဝယ်ပေး...။ ရောဂါ သက်သာပျောက်ကင်း...။ စိတ်ချမ်းသာပေါ့...။ အဲဒီလိုနဲ့ Marketing President တယောက်နဲ့ခင်သွားတော့ ကိုယ်နေတဲ့ Little Burma မှာ ရုံးခွဲဖွင့်မယ်... ခင်ဗျားတို့လုပ်ပါလားလို့ သူတို့ဘက်က စတင်ကမ်းလှမ်းလာတော့ တိုတိုပြောရရင် ဝင်လုပ်ဖြစ်သွားရော ဆိုကြပါစို့...။ (ဆေးကြော်ငြာလို့ စွပ်စွဲရင်လည်း ရပါတယ်၊ မငြင်းပါဘူး...။ ကြိုတော့ပြောထားမယ်... နောက်မှ သောက်မသွားလိုက်ရဘူးဆိုပြီး နောင်တရတာမျိုး မဖြစ်စေနဲ့...) 

ကဲ... ကဲ... လိုရင်းရောက်တော့မှာပါ...။ 

ကျနော်တို့ကုမ္ပဏီမှာ ဆေးလာလာဝယ်နေကြ၊ ကျနော်တို့လည်း သူ့ ကုန်စုံဆိုင်မှာ ဈေးဝယ်နေကြ... ခင်မင်နေတဲ့ အန်တီတစ်ယောက်က ပြီးခဲ့တဲ့ ၂ ပတ်လောက်က အားကိုးတကြီး လာပြီး အကြံဉာဏ်တောင်းတယ်...။ ဟိုကြည့် ဒီကြည့်နဲ့...။ သူ့မှာ တရားဝင် မပုတင် ၄ ခုရှိတယ်တဲ့... (ဖကျောက်... ဖိုးလပြည့်ထက် သာသွားပြီ) [ဖကျောက် ဆိုတာ အိုးမိုင်ဂေါ့ဒ် ကို ယပက်လက်လို ရေရွတ်မြည်တမ်းတာပါ...] လာပြန်ပြီး ဒီ မာလ်တီ မပုတင် အစ်ရှူး...။ သူ့မွေးရပ်မှာ ငယ်ငယ်ကလုပ်ထားတဲ့ဟာ တခု (သုံးခေါက်ချိုး အစိမ်း)။ ဖားအံမှာ အိမ်ထောင်ကျတော့ လုပ်တာ တခု။ နောက်တခုက တရုတ်ပြည်နယ်စပ် မူဆယ်မှာ သူ့သမီးနဲ့ သားမက်ရှိတယ်တဲ့...။ သူ့သမီး အိမ်ထောင်စုစာရင်းထဲမှာထည့်ပြီး လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က လုပ်ထားတာ တခုတဲ့...။ နားထောင်ရင်းနဲ့ လန့်လာတယ်...။ စိတ်ထဲက ပြောမိတယ်။ အော်... အတွေ့နောက်ကျလေခြင်း အဒေါ်ရယ်... လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကသာသိရင် ကျနော့်လူတွေကို အဒေါ့်ဆီမှာ ဝိုင်းကျူရှင်အပ်မှာပေါ့... လို့...။ 

နောက်တခုက ဘယ်မှာလုပ်လဲလို့ ဆက်မမေးရဲတော့ဘူး...။ ဟိုအဖွဲ့တွေနဲ့တွေ့ဖို့ ဦးခင်ရီ မဲဆောက်လာတုန်းက လုပ်ပေးသွားတာဆိုရင် သေပြီ မသာပဲ...။ ကျနော် ကျိတ်လေးစားလာတာ ရိပ်မိလို့လား မပြောတတ်ဘူး... ပြုံးစိစိနဲ့... သူ့ဟာသူပဲ ဆက်ပြောပါတယ်...။ မြဝတီမှာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က မြေကွက်တွေဝယ်ဖို့ လုပ်တာတခုတဲ့...။ အဲဒီနာမည်မှာတော့ ရှေ့က နန်း ပါတယ်...။ လူမျိုးမှာလည်း ကရင်၊ ဗုဒ္ဓဘာသာတဲ့...။ အလာရ် အရှင်မြတ် ကယ်တော်မူပါ...။ (ဒီနေရာမှာ... ၇ တွေ ၉ တွေ... မျိုးစောင့်တွေ... ဂိုးစောင့်တွေ... မျိုးချစ်တွေ တိုးရစ်စ်တွေ... ဘာမှ မဟုတ်ပါဘူး...။ ဘယ်သူ့ ဘယ်သူကိုမှ စော်ကားမော်ကား မလေးမခန့်လုပ်တာလည်း မဟုတ်ပါဘူး။ ဘာမှန်းမသိ နှုတ်တွေ့နေကြတဲ့ စကားနဲ့ပြောရရင် “နိုင်ငံရေး မပါပါဘူး”... ပေါ့လေ...) သူက မွေးကတည်းက အစ္စလာမ်ဘာသာဝင်ပါ...။ ကျန်တဲ့ မပုတင် ၃ ခုမှာတော့ နာမည်အတူတူပါပဲ...။ လူမျိုး=မြန်မာ-မွတ်ဆလင်၊ ဘာသာ=အစ္စလာမ်... ပါတဲ့...။ 

သူ့နာမည်က သုံးလုံးနဲ့... လွယ်လွယ်ပဲ ရှေ့ဆုံးတလုံးကို မှတ်လိုက်ကြပါစို့... ဒေါ်စု...။ သူကတော့ မာလ်တီဖေ့စ်စက် ဒေါ်စု... ပေါ့။ 

(စိတ်ဝင်စားရင် တတိယပိုင်း မျှော်ပါပေါ့ဗျာ...) 

 

No comments: