ကျနော့်တကိုယ်လုံး ရက်ပေါင်းများစွာ ရေးမချိုးရလို့ အနံ့အသက်တွေ ဆိုးဆိုးဝါးဝါးထွက်နေတယ်။ ခေါင်းမှာ စွပ်ထားတဲ့ အဝတ်နက်ကြီးကလည်း ချဉ်နံ့စူးစူးနဲ့ ပိတ်လှောင်မွန်းကြပ်နေတယ်။ သူတို့ ကျနော့်ကို ဘယ်ခေါ်သွားနေမှန်း မသိဘူး။ ဘယ်အချိန်ရှိနေမှန်းလည်း မသိဘူး။ ကျနော့်ကို သီးသန့်ချုပ်နှောင်ထားတဲ့ ဆဲလ်ခန်းထဲကနေ အိပ်ကောင်းတုန်း ခေါ်လာတာဖြစ်တယ်။ ခေါင်းထဲမှာ ရိပ်တိတ်ရိပ်တိတ်နဲ့ မူးနောက်နေတယ်။ အိပ်ရေးမဝတာရော၊ အားမရှိတာရော၊ ဗိုက်ထဲ ဟာနေတာရော၊ ရေ အရမ်းဆာနေတာရော ဒုက္ခတွေအားလုံး စုပြုံခံစားနေရတယ်။
ဟိုဘက်ဒီဘက် လူနှစ်ယောက် ကျနော့်ပုခုံးအင်္ကျီစနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ပြီး ဒရွတ်တိုက်ဆွဲခေါ်မတတ် မပြေးရုံတမယ် လျှောက်နေရလို့ ကျနော့်ခြေလှမ်းတွေ သွက်နေသလို ထင်ရမှာပဲ။ အဝတ်နက်စွပ်ထားလို့ ဘာမှ မမြင်ရသလို မျက်စေ့ဖွင့်လိုက်ရင် ခေါင်းထဲ မိုက်ခနဲဖြစ်တတ်လို့ မျက်စေ့မှိတ်ပြီး သူတို့ခေါ်ရာနောက် မှေးလိုက်သွားတယ်။ တခါတခါ ဟတ်ထိုးလဲကျမလိုဖြစ်ပေမယ့် ပုခုံးစကို တင်းတင်းဆုပ် ဆွဲထိန်းထားလို့ မှောက်ရက်လဲမကျဘူး။
ဗြုန်းခနဲ တံခါးတချပ် ဆောင့်ကန်လိုက်တဲ့အသံကိုကြားပြီး ကျနော့်ခန္ဓာကိုယ်တခုလုံး အခန်းဒေါင့်ကို လွှင့်ပစ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ လူလည်း ထူပူသွားတယ်။ နံရံနဲ့ခေါင်းဆောင့်မိသွားတယ်နဲ့တူတယ်၊ ခေါင်းတခုလုံး ထူပူ နာကျင်သွားတယ်။
“ဝါး... ဟားဟားဟား ...”
ရုတ်တရက် ခြောက်ခြောက်ခြားခြား ရယ်မောသံတွေ ကြားလိုက်ရတယ်။ ကျနော် ထိတ်ခနဲဖြစ်သွားတယ်၊ “ဒီနား လာရပ်စမ်း” ခပ်မာမာအသံနဲ့ အမိန့်ပေးတဲ့ဆီ ခန့်မှန်းပြီး တိုးလျှောက်သွားလိုက်တယ်။ “ဖြောင်း”ခနဲ မြည်သွားတဲ့အသံနဲ့ ပါးတဖက် ပူသွားတာနဲ့က တထပ်တည်းပဲ။ ကျနော် အတော်စိတ်ပျက်နေပြီ။ လူလည်း ညပေါင်းများစွာ အနှိပ်စက်ခံရလွန်းလို့ ထုံးကျင်နေပြီ။ နာတာနဲ့ ထုံတာနဲ့ ခွဲခြားမရတော့ဘူး။ ငရဲဆိုတာ ဒါမျိုးလား ...။
စိတ်ထဲ ဖြတ်ခနဲ အဲဒီ ဂရုဏာအသံရှင်ကို သတိရလိုက်တယ်။ သိပ်နာကျင်လာပြီ၊ ဝေဒနာကို မခံစားနိုင်တော့ဘူးဆိုရင် အဲဒီအသံရှင်က ထူးထူးခြားခြား ပေါ်လာတတ်တယ်။ အဲဒီအသံဟာ ကျနော့်ရဲ့ မျှော်လင့်ချက်ဖြစ်တယ်။ လုံးဝ မလွတ်မြောက်သေးပေမယ့် သူလာရင် ဝေဒနာတွေ အခိုက်အတန့်သက်သာတယ်။ အဲဒီအသံဟာ ကျနော့်ဘက်က တချိန်လုံး ဖေးမပေးတယ်။ ကျနော့်အပေါ် လူသားတယောက်လို ဆက်ဆံတယ်။ နားလည်မှုပေးတယ်။
ဟိုတနေ့ကလည်း ဒီအတိုင်းပဲ သူတို့နှိပ်စက် စော်ကားနေတုန်း အဲဒီအသံပိုင်ရှင် ရောက်လာတယ်။ တချိန်လုံးမတ်တပ်ရပ်နေရလို့ ဒူးတွေ ညွှတ်ကိုင်းနေပြီ။ ခြေသလုံးတွေတောင့်ပြီး နာကျင်ထုံထိုင်းနေပြီ။ အသိက တချက်တချက်လွတ်နေပြီ။ “ဟာ... ဟ မင်းတို့ ဘယ်လိုလုပ်နေတာလဲ၊ သူ့ကို ထိုင်ခုံပေးလိုက်စမ်း” အဲဒီဂရုဏာအသံ စကားဆုံးတာနဲ့ ထိုင်ခုံပေါ် ထိုင်ခွင့်ရလိုက်တယ်။ နာရီပေါင်းများစွာ မတ်တပ်နာကျင်နေရာက ထိုင်ခုံပေါ် အားရပါးရ ထိုင်လိုက်ရတဲ့အရသာဟာ ဘာနဲ့မှမတူဘူး။ ချက်ခြင်း နာကျင်ညောင်းညာနေတာတွေ အားလုံးယူပစ်လိုက်တဲ့အတိုင်း လွင့်စင်ကုန်တယ်။ သူ့ကြောင့် ထိုင်ခွင့်ရတာ ...။
စစ်ကြောရေးဝင်တိုင်း ကျနော် သတိထားမိတယ်။ သူတို့နှိပ်စက်တာ မခံနိုင်တော့ဘူး၊ သိပ်နာကျင်လာပြီဆိုရင် ဂရုဏာအသံနဲ့အတူ သူ ရောက်ရောက်လာတယ်။ သူလာရင် အနည်းဆုံး ကုလားထိုင်မှာ ထိုင်ရမယ်။ ပျော့ပျော့ပြောင်းပြောင်းနဲ့ မေးခွန်းထုတ်မယ်။ အေးအေးဆေးဆေးနဲ့ လူကို လူလိုဆက်ဆံတတ်တယ်။ သူဟာ ပညာတတ် အရာရှိတယောက်ဖြစ်နိုင်တယ်လို့ မမြင်ရပေမယ့် စိတ်ထဲခန့်မှန်းမိတယ်။ ကြာတော့ ဒုက္ခရောက်ပြီဆိုရင် သူ့ကို မျှော်တတ်တဲ့စိတ်က အလိုလို ဝင်လာတယ်။
စစ်ကြောရေးဝင်တိုင်း မျက်နှာဖုံး ခေါင်းစွပ်ကြီးကို ချွတ်မပေးဘူး။ တခါတလေ ခေါင်းစွပ်ကြီး ချွတ်ပေးပေမယ့် စူးရှတဲ့မီးလုံးကြီးက မျက်နှာတည့်တည့် စလိုက်ထိုးထားတာကြောင့် မီးနောက်က မေးခွန်းပိုင်ရှင်တွေ မျက်နှာကို အရိပ်တွေလိုပဲ မြင်ရတယ်။ တောင်စဉ်ရေမရ၊ အဓိပ္ပာယ်မရှိတဲ့မေးခွန်းတွေကို ခဏခဏ ဖြေနေရတာ ပင်ပန်းလွန်းပြီ။ လုပ်ဖော်ကိုင်ဖက်တွေ မထိခိုက်စေဖို့ မေးခွန်းနဲ့လိုက်လျောညီထွေအောင် လှည့်ပတ်လုပ်ကြံဖြေနေရတဲ့ အဖြေတွေလည်း ကြာတော့ ရှေ့နောက်မညီဖြစ်မှာ စိုးရိမ်ရတယ်။ ရေငတ်တဲ့ဒဏ်ကြောင့် လည်ချောင်းတခုလုံး မီးခဲတွေ တစ်ဆို့နေသလို ပူလောင်ပြီး စူးစူးရှရှခံစားနေရတယ်။
တယောက်တပေါက် အစီအစဉ်မကျတဲ့မေးခွန်းတွေ အတန်ကြာအောင် ဖြေပြီးတဲ့နောက် တံခါးဖွင့်သံ ကြားလိုက်တယ်။ “ဟေ့... မင်းတို့သူ့ကို အဲလိုကြီး မတ်တပ်ရပ်ခိုင်းထားတာလား၊ ထိုင်စရာတောင် မပေးပြန်ဘူးလား... အတော်ခက်ပါလား၊ သွား... ဟိုထိုင်ခုံယူခဲ့” ကျနော့်ဆုတောင်း ပြည့်သွားတယ်။ ကျနော်မျှော်နေတဲ့ အသံရှင်ရောက်လာပြီ။ မျက်နှာဖုံးစွပ်အောက်က ကျနော့်မျက်နှာလည်း ဝင်းခနဲဖြစ်သွားမယ် ထင်တယ်။ စိတ်ထဲ အတော်လုံခြုံသလိုလို ခွန်အားပြည့်လာသလိုလို ခံစားလိုက်ရတယ်။ “ထိုင် ညီလေး... အဲဒီမှာ ထိုင်” ကျနော် ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်၊ ဘဝမှာ ထိုင်ခုံနဲ့ထိုင်ရတာ အတော်အရသာရှိမှန်း အဲဒီကျမှ သေချာခံစားဖူးတော့တယ်။ “ဘာသောက်ချင်လဲ... ရေသောက်ချင်လား ညီလေး” သူဟာ ကျနော်ခံစားနေရတဲ့ ဝေဒနာကို ကြိုတွေးမိပုံရတယ်၊ ကျနော် ခပ်မြန်မြန် ခေါင်းညိတ်လိုက်တယ်။ “ဟေ့... ဟေ့... ရေတခွက် သွားခပ်ကွာ၊ မြန်မြန်လေး” ကျနော် ရေအေးအေးတခွက်ကို ပိုပြီး သောက်ချင်စိတ်ပြင်းပျလာတယ်၊ ကျနော့်လည်ချောင်းတပြင်လုံး အစောကထက် ပိုပြီး ပူလောင်လာသလိုပဲ။ “ရပြီလား... သူ့ကို တိုက်လိုက်ကွာ...”
“ခေါင်းမော့...” အမိန့်ဆန်နေပေမယ့် ကျနော် ခေါင်းမော့ပြီး ပါးစပ်ကို အစွမ်းကုန်ဟလိုက်တယ်။ လက်နှစ်ဖက် နောက်ပြန်ချီထားတဲ့ ကြိုးကိုတော့ သူတို့ ဖြည်မပေးဘူး။ “နည်းနည်း ထပ်မော့” ကျနော်နှုတ်ခမ်းကို လျှာနဲ့သပ်ပြီး ထပ်မော့ပေးတယ်၊ ဒန်ခွက်အေးအေးရဲ့ အထိအတွေ့ကို နှုတ်ခမ်းက ရလိုက်တယ်၊ ဒါပေမယ့် ရေအေးအေးတော့ ကျမလာသေးဘူး၊ ကျနော် တံတွေးတချက်မြိုပြီး ထပ်မော့ပေးတယ်။ “မော့... မော့” ကျနော်လည်း မျက်နှာကို အသေအချာ ထပ်မော့ပေးတယ်၊ အေးစက်စက်ရေရဲ့အရသာကို ပိုပြီးလိုချင်နေတယ်၊ ဒါပေမယ့် ရေတစက်မှကျမလာ ...။ နှုတ်ခမ်းကို လျှာနဲ့ပြန်သိမ်းတယ်၊ ပြန်မော့တယ်၊ မော့လွန်းလို့ လည်ဂုတ်တောင် ညောင်းနေပြီ၊ သူငှဲ့ပေးတဲ့ ခွက်ထဲကရေရဲ့ အရသာကို လုံးဝ မရ။
ရုတ်တရက်ကြီး အခန်းထဲကလူတွေအားလုံးရဲ့ ခွက်ထိုးခွက်လန် ရယ်မောသံကြီး ညံထွက်လာတယ်၊။ ကျနော် ရုတ်တရက် ကြောင်သွားတယ်၊ ချက်ချင်း သဘောပေါက်လိုက်ပြီ။ ဒီကောင်တွေ ငါ့ကိုညာတာပဲ ...။ “မင်းလိုအကောင်ကို ငါက ရေတိုက်ရမတဲ့လား... ဟားဟား... ဟား...” ရယ်မော ဟားတိုက်သံတွေက ပိုညံလာတယ်။ ဒီထဲမှာ သိသာတဲ့ ရယ်သံတခုကကို အကျယ်ဆုံး ကြားရတယ်။ သေချာတယ်၊ အဲဒီလူရဲ့အသံပဲ။ ကျနော့်ရဲ့ မျှော်လင့်အားထားရာ ပုဂ္ဂိုလ်ရဲ့အသံ၊ မဟာဂရုဏာရှင်ရဲ့အသံ။ ကျနော့်ကို ခွန်အားပေးတဲ့အသံ... သူ့အသံက အကျယ်ဆုံးပဲ...။ ကျနော့် ရင်တပြင်လုံး မီးစတွေထိုးထည့်လိုက်သလို ပူထူ နာကျင်သွားတယ်။ အော်... ဒင်းတို့က ဒီလိုကိုး ...။ ကျောချမှ ဓားပြမှန်း သိလိုက်ရတဲ့ဘဝ ...။
သူရိန် (၁၉၉၃ နိုဝင်ဘာ)
ကျနော်က ကေအန်န်ယူ တပ်မဟာ(၄)မှာ တာဝန်ထမ်းနေတာ။ တနင်္သာရီတိုင်း ဘိတ်ထားဝယ်ခရိုင်မှာပေါ့။ ကျနော်တို့ ABSDF ကျောင်းသားတပ်တွေက DAB ဒီမိုကရက်တစ် မဟာမိတ်တပ်ပေါင်းစုရဲ့ အစီအစဉ်နဲ့ တနင်္သာရီတိုင်းကို စစ်ကြောင်းထိုးတဲ့အချိန်ပေါ့ ...။ ကျနော်တို့ရွာထဲဆင်းတော့ တပ်မတော်စစ်ကြောင်းက ဆုတ်သွားပြီ။ သကျက်ရွာတဲ့ဗျ။ ရွာလည်း ခြောက်ကပ် တိတ်ဆိတ်ပြီး ခွေးဟောင်သံလောက်ပဲ ကြားရတယ်။ ခါတိုင်းလို ကြက်တွန်သံတွေ၊ ကလေးငိုသံတွေတောင် မကြားရဘူး။ ရုတ်စွအဆုံး ပုဇင်းရင်ကွဲတွေရဲ့ တကျီကျီအော်သံစူးစူးတောင် မကြားရဘူး။ အဲလောက်အထိ တိတ်ဆိတ်တယ်။
နောက်မှသိရတာ တရွာလုံး အိုးအိမ်တွေ ဒီအတိုင်းပစ်ပြီး ပြေးတာကိုးဗျ ...။ တကယ်ပဲဗျာ... ကြက်တွေ၊ ဝက်တွေလည်း တကောင်တမြီးမှ မရှိဘူး၊ ကျနော်တို့ကို ကျောင်းသားနဲ့ မဟာမိတ်တပ်တွေမှန်းသိတော့ သိပ်မကြာခင် ရွာသားတချို့ တောစပ်မှာ ပုန်းနေရာက ပြန်ထွက်လာတယ်။ မိန်းမတွေဆို ငိုလိုက်တာဗျာ ...။ သူတို့အိမ်မှာမွေးထားတဲ့ ဝက်တွေ၊ ကြက်တွေ အကုန်ဆွဲသွားတာ ...။ ခလရ(၄)ပေါ့ဗျာ ...။ ရွာကသေးသေးပါ၊ ဒါပေမယ့် အိမ်တချို့ မီးရှို့ခံရသေးတယ်။ ကုန်တာပဲ။
နောက်လအတော်ကြာတော့ အဲဒီ ခလရ(၄)က ရှမ်းပြည်ဘက် ရောက်သွားတယ်။ အဲဒီဒေသခံတွေပြောတာ... တော်တော် သဘောကောင်းတဲ့တပ်တဲ့ ...။ သူတို့ဖာသာ အေးအေးဆေးနေတယ်၊ ဘယ်သူမှကို ရန်မမူဘူး၊ ရွာထဲ ရေတွင်းတောင် ဖော်ပေးလိုက်သေးတယ်။ အတော်လည်း ဟန်ဆောင်ကောင်းတဲ့ တပ်တွေဗျာ ...။ အဲဒီကျမှ ကျနော်လည်း သဘောပေါက်သွားတာ၊ ဒီကောင်တွေက ဘယ်နေရာဆို အပြတ်သောင်းကျန်းရမယ်၊ ဘယ်ဒေသရောက်ပြီဆိုရင် ကျိုးနွှံနေရမယ်။ ရွာကို လက်ဖျားနဲ့တောင်မတို့ရဘူး၊ အဲလိုဗျူဟာတွေ ရှိတာကိုးဗျ ...။ အဲ... အဲဒီ လိမ္မာတဲ့တပ် ပြန်ခေါက်သွားပြီး နောက်တနေရာရောက်သွားပြီဆိုရင် ဘီလူးသရဲ စီးပြီးသာမှတ်။ ဝေသာလီပြည် ဘီလူးဝင်တယ်ဆိုတာ အသေးအမွှားအကင်းပဲ။ သူတို့ကမှ တကယ့်ဘီလူးတွေ။ သိပ်ဟန်ဆောင်ကောင်းတယ်။ ဒီနေရာတစ်မျိုး ... ဟိုနေရာတမျိုး...။
သမ္မတ ဦးသိန်းစိန် (၂၀၁၀- ၂၀၁၄)
“အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံပြင်ပရောက်နေသူတွေကို ပြန်လည်ဖိတ်ခေါ်ပါတယ်။ တည်ဆဲဥပဒေများနဲ့အညီ ပြစ်မှု ကျူးလွန်မှု မရှိဘူးဆိုရင် အရေးယူဆောင်ရွက်မှာ မဟုတ်ပါဘူး”
“သေနတ်တွေနေရာမှာ ကွန်ပြူတာ လက်ပ်တော့ပ် အစားထိုးရတော့မှာပါ”
“ကျနော့် သမ္မတ ရာထူးသက်တမ်းကာလအတွင်း ဒီမြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားမှာပါ”
“မိဘပြည်သူလူထုက တောင်းဆိုမယ်ဆိုရင် ဆက်လက်တာဝန်ထမ်းသွားမှာပါ”
“အရက်အစား နွားနို့သောက်ကြပါ”
................
ပြီးပါပြီ။
ကိုညို
No comments:
Post a Comment