ဒီနေ့ညနေတုန်းက လမ်းမပေါ်မှာ တောင်းနေတဲ့ မိသားစုလေးတခုတွေ့တယ်။ အမျိုးသမီးတယောက်၊ ကလေးနှစ်ယောက်နဲ့ ရင်ခွင်ပိုက် ကလေးလေး။
အမျိုးသမီးပုံက ခါတိုင်းတွေ့နေကျ တောင်းစားသူတွေပုံ မဟုတ်ဘူး။ မျက်စိသူငယ်၊ နားသူငယ်နဲ့။ ဒါနဲ့ သေချာမေးမိတော့ သူက တောင်းစားဖူးသူ မဟုတ်ဘူး။
ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ရွာလေးတရွာက။ လယ်အလုပ်မကောင်းလို့ ယောက်ျားက မြို့တက်အလုပ်လုပ်တယ်။ နောက်တော့ မြို့မှာ မိန်းမ ထပ်ယူတယ်။ ကောင်မလေးက ကလေးတွေ လက်ဆွဲလိုက်လာရှာတယ်။ တာဝန်မယူဘူး။ လက်မခံဘူး။
ခုတော့ ဒီအမျိုးသမီးလေးမှာ ရွာပြန်ဖို့ စရိတ်မရှိ၊ ကလေးတွေ စားစရာမရှိနဲ့ တောင်းစားရရှာတယ်။ စရိတ် သုံးထောင်လောက်တော့ စုမိပြီတဲ့။ ဒါနဲ့ ပြန်ဖို့ လမ်းခရီးစရိတ် အပြည့်အစုံ ထောက်ပံ့ပေးလိုက်တယ်။ ဒီနေ့ ပဲ့တင်သံကနေ စာမူခလေးတွေ သွားထုတ်လာဖြစ်တာနဲ့ အတော်ပဲ။
ညဘက်ရောက်တဲ့အထိ ကျွန်မခေါင်းထဲကို အတွေးတွေက ဆက်တိုက်ဝင်လာနေတယ်။
ဒီလိုအဖြစ်မျိုးကြုံရတဲ့ အမျိုးသမီးတောင်းစားသူလေးတွေ ဘယ်လောက်ရှိနေသလဲ။ ကလေးတောင်းစားသူလေးတွေ ဘယ်လောက်ရှိနေသလဲ။ မြန်မာအမျိုးသမီး တော်တော်များများက အစဉ်အလာအရ သတ်မှတ်ထားတယ်ဆိုတဲ့ အိမ်ဦးနတ်၊ လက်ယောက်ျားတွေကို အားကိုးနေကြရရှာတယ်။ ဒီလင်ယောက်ျားတွေက ဖောက်ပြန်ပြီး၊ တာဝန်မကျေတဲ့ဒဏ်တွေကို ခါးစီးခံကြရပြီး ဘဝ ပျက်ရ၊ စိတ်ဒဏ်ရာရသွားသူတွေ အများအပြား။ ကလေးတွေမှာလဲ ကစဥ့်ကလျား ဒုက္ခများလို့။ အိမ်ဦးနတ်လင်ယောက်ျားတွေက တာဝန်မယူကြတာတွေ ထားလိုက်ပါဦး။
ဒါတွေကို တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေကြတဲ့ ယောက်ျားများကကော ထည့်ပြီး စဉ်းစားကြပုံမပေါ်။ ပြည်သူလူထု၊ အထူးသဖြင့် ဒုက္ခရောက်နေသူတွေကို ကူညီစောင့်ရှောက်ဖို့ အစိုးရမှာ တာဝန်ရှိတယ်ဆိုတာ သိတောင်သိကြရဲ့လား မသိ။
တိုင်းပြည်တိုင်းမှာ အရေးပေါ် အိမ်ခြေယာမဲ့ စင်တာဆိုတာ မြို့တိုင်းမှာ ထားပေးရတယ်။ ယာယီစောင့်ရှောက်မှုပေးပြီး လူငယ်လူရွယ်တွေ၊ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ လမ်းပေါ် မရောက်သွားအောင် ထိန်းသိမ်းစောင့်ရှောက်ရတယ်။ တာဝန်မဲ့ယောက်ျားတွေရဲ့ လစာတွေထဲကနေ ကလေးစရိတ်ထောက်ပံ့ဖို့ လူမှုဝန်ထမ်းဌာနက ပိုက်ဆံဖြတ်ယူပိုင်ခွင့်ရှိတယ်။ ဒါတွေဟာ အစိုးရတာဝန်ဆိုတာကို ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို ခြေလှမ်းနေပါတယ်ဆိုတဲ့ အစိုးရအဖွဲ့ဝင်များ သိသင့်သိထိုက်ချိန်ရောက်နေတာတော့ အမှန်ပဲ။ ပြည်သူ့အစိုးရ စစ်မှန်တယ်ဆိုရင်ပေါ့လေ။
တိုင်းပြည်မှာ လူမှုကူညီစောင့်ရှောက်ရေးမူဝါဒတွေကို အစိုးရကိုယ်တိုင် အကောင်အထည်ဖော်ဆောင်မှုရှိနေရင် ဝါသနာအလျောက် ဂီတနဲ့ဖျော်ဖြေပြီး ရံပုံငွေ လိုချင်သူတွေကလွဲလို့ ဘယ်သူမှ လမ်းပေါ်မှာ ထွက်တောင်းစားနေကြမှာ မဟုတ်ပါဘူး။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ ပါနေတာက အဆိုးဆုံးပဲ။ နိုင်ငံခြားသူ အမျိုးသမီးတယောက်က ပြောဖူးတယ်။ နင်တို့တိုင်းပြည်က မေတ္တာတို့၊ စာနာနားလည်မှုတို့ကို စကားလုံးအနေနဲ့ပဲ သဘောပေါက်ပြီး၊ အနှစ်သာရကို မသိကြဘူးထင်တယ်တဲ့။ လူသားချင်း စာနာနားလည်မှုရဲ့ အနှစ်သာရကို လိုက်ပြီး ပြောကြပါဦးတဲ့။ ငါတို့တွေက နင်တို့မြန်မာတွေလောက် မေတ္တာစကားလုံး မရွတ်တတ်ဘူး။ ဒါပေမယ့် ငါတို့ဆီမှာ တောင်းစားတဲ့ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ မရှိဘူးတဲ့။
သေချာတွေးကြည့်ရင် လူမျိုးနဲ့ချီပြီး သိက္ခာဘယ်လောက်ကျလိုက်သလဲ။
ဒီမြေကို ကျွန်မ ချစ်တယ်။ မြေမှုန်လေးက အစ ချစ်တယ်။ ဒီမြေပေါ်မှာ ဒါတွေ ဖြစ်ပျက်နေတာကို ကျွန်မ သိပ်ရှက်တာပဲ။
တာဝန်မသိသော ယောက်ျားတွေ၊ တာဝန်မသိသော သားသမီးတွေ၊ တာဝန်မသိသော မိဘတွေ၊ တာဝန်မသိသော အစိုးရ … …။
ဒါတွေရဲ့ သားကောင်တွေက မြန်မာပြည်မှာ အများကြီးရယ်။ ဒါတွေကို လက်ပိုက်ကြည့်နေရုံနဲ့ပဲ ကျွန်မတို့တိုင်းပြည်၊ လူမျိုးတွေရဲ့ ဂုဏ်သိက္ခာတွေကို ရေစုံမျောလိုက်ကြရတော့မှာလားရှင်။ လမ်းတွေပေါ်မှာ တောင်းစားနေရသူတွေကို ကိုယ်နဲ့မဆိုင်တဲ့ ဘဝ ဝဋ်ကြွေးခံရသူတွေလို့သတ်မှတ်ရင်းနဲ့ပဲ လူလူချင်း စာနာမှုတရားတွေကို မြေမြှုပ်လိုက်ကြရတော့မှာလားရှင်။
ရင်နာမိတယ်။
ခင်မမမျိုး
၈၊ ၁၊ ၂၀၁၄
ဓာတ်ပုံ - မင်းသိုက်
No comments:
Post a Comment