မတ်လ ၁၁ ရက်နေ့ နေ့ခင်းက ဘော်ဘော်တစ်ယောက်နဲ့ချိန်းထားလို့ တက္ကစီနဲ့ အမြန်လစ်တာ၊ express way ကို ၂၅ ဘတ်တန် တစ်ဂိတ်၊ ၄၅ ဘတ်တန် တစ်ဂိတ် ၂ ဆင့်တက်ပြီးတော့ကို ဘိုးတော်ကို မောင်းခိုင်းရတယ်။ ကားပေါ်မှာတော့ ဘိုးတော်နဲ့ စကားမပြောဖြစ်ပါဘူး၊ သူလည်း သူ့အာရုံနဲ့သူ။ နာရီဝက်လောက်ကြာတော့ ဘိုးတော်က express way ကနေ ဆင်းရမယ့်နေရာ လွဲသွားပြီ၊ သူလည်း ဒီနေရာကို သိပ်မကျွမ်းကျင်တော့ လမ်းမှားသွားတဲ့အကြောင်း ထိုင်းလို ပြောလာတယ်။
ကျွန်တော်လည်း ဒီဘိုးတော် လုပ်စားလိုက်ပြီလားဆိုပြီး ခပ်စူးစူးတစ်ချက်ကြည့်လိုက်တော့ သူ့မျက်လုံးတွေက တကယ်ကို အားနာနေတဲ့ အထာ။ ကျွန်တော်လည်း ကိစ္စမရှိပါဘူး၊ ရှေ့မှာ လမ်းခွဲတစ်ခုက ဆင်းလို့ရတဲ့အကြောင်း ထိုင်းလိုပြန်ပြောတာ့ ဘိုးတော်က ကျွန်တော့်အသံကိုကျက်မိသွားပြီး ထိုင်းမဟုတ်မှန်း သိသွားတယ်။
ဒါနဲ့ ထုံးစံအတိုင်း ဘာလူမျိုးလဲလို့ သူက အင်္ဂလိပ်လို တော်တော်ပီပီသသ မေးလာတော့ ကျွန်တော်လည်း မြန်မာလို့ပြန်ပြောလိုက်တော့ ... အဲ့ဒီမှာ စတော့တာပဲ။ အင်္ဂလိပ်ဘာသာ အတော်အားနည်းတဲ့ကျွန်တော့်ကို အဆင့်မြင့် လေယူလေသိမ်းတွေနဲ့ မြန်မာပြည်အကြောင်းတွေ အစုံပြောတော့တာပဲဗျာ။
နေဝင်း၊ သန်းချွေ၊ အောင်ချန်းချု့ချီ ကစလို့ ထားဝယ် ရေနက်ဆိပ်ကမ်းအကြောင်းတွေ၊ နောင်တစ်ချိန် ရန်ဂွန်းမှာ ဒီလို အဆင့်မြင့် အိပ်စပရက်ဝေးတွေ ပေါ်လာတော့မယ့်အကြောင်းတွေကအစ အစုံဗျာ။
ကျွန်တော် ထိုင်းလိုလေး ဝင်ပြောတာတောင် ဘိုးတော်က မျက်နှာဖြူဘာသာနဲ့ချည့်ပဲ တွယ်တာ၊ မြန်မာပြည်အကြောင်းတွေပြီးတော့ သူ့အကြောင်း ကျွန်တော်မမေးဘဲ ပြောလာပါတယ်။ သူဟာ ထိုင်း ကြည်းတပ်မတော်က ဖိုက်တာကြီးတစ်ဦးဖြစ်ကြောင်း၊ အမရီးကံ - ဗီယက်နမ်စစ်ပွဲမှာလည်း ပါဝင်ခဲ့ဖူးကြောင်း၊ ပြီးတော့ ကျွန်တော့်ကို သူက ပြန်မေးပါတယ်။ သူ့အသက်ဘယ်လောက်ရှိပြီထင်လဲ ဆိုပဲ။
ကျွန်တော် ရမ်းရွှီးလိုက်တာ မှန်သွားပါတယ်၊ သူအသက် ၇၀ ကျော်ပြီ၊ သားသမီးတွေဆီက အထောက်အပံ့ ဘာမှမယူဘဲ တစ်ဦးထဲနေကြောင်း၊ ပြည့်စုံကြောင်း၊ ဒါပေမယ့် သူဟာ ဒီတိုင်းအိမ်မှာနေရင် သေတ္တာထဲ လှောင်ပိတ်ခံထားရသလိုဖြစ်လို့ အပျင်းပြေ အလုပ်တစ်ခုအနေနဲ့ တက္ကစီထွက်မောင်းကြောင်းတွေ ကြောင်းပေါင်းစုံလင် ဘဝတခွင်ပြောရင်း ကျွန်တော်ဆင်းရမယ့်နေရာရောက်လာတော့ စကားဖြတ်လိုက်ပြီး အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါတယ်။
ကျွန်တော် ကားပေါ်ကဆင်းပြီး သူငယ်ချင်းအခန်းဆီ မသွားသေးဘဲ စီးကရက်ထိုင်ဖွာရင်း ကျွန်တော်တို့တိုင်းပြည်က အဘတွေအကြောင်း၊ အဘအမျိုးအစားတွေအကြောင်း တွေးနယ်ချဲ့မိပါတယ်။
ကျွန်တော်တို့ဆီမတော့ အထူးအားဖြင့် မြို့ကြီးပြကြီးတွေက အဘ အမျိုးအစား အကြမ်းဖျဉ်း ၃ မျိုး ၃ စားလောက် ခွဲကြည့်မိတယ်။
မနက်မိုးလင်းကနေမိုးချုပ် ကော်လာဂတုံးနွမ်းဖတ်ဖတ် ဆေးလိပ်မီးပေါက်လေးဝတ်ပြီး လက်ဖက်ရည်ဆိုင်ထိုင်ရင်း တွေ့သမျှလူ လာသမျှလူ ဝိုင်းပြောင်းထိုင်ပြီး "ဂနေ့ ဘာထူးသေးလဲ" တဖွဖွမေးရင်း အချိန်တွေပေါနေတဲ့အဘက တစ်မျိုး၊ အိုဇာတာကံလေး သားသမီးကံလေးကောင်းတော့ အေးအေးလူလူနဲ့ မနက် ကြာနီကန် ည အပီလေကန်တဲ့ ကာလူးဆွဲ ပါပူးတိတ်တိတ်တွဲတဲ့အဘက တစ်မျိုး၊ ပို့ဆွမ်းတွေတဝစား ထိုင်ခုံမှာ ဆင်ကော်နဲ့ အသေကပ်ထားသည့်အလား ထိုင်ရာက ထကိုမထတော့ဘဲ နယ်ရုပ်တွေနဲ့ အလုပ်ရှုတ်နေတဲ့ အဆင့်မြင့် အဘမျိုးက တစ်မျိုး ... အဘ အမျိုးမျိုးကို တွေးရင်းနဲ့ တွေးရင်းနဲ့ ...။ ။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment