Wednesday, January 15, 2014

မျက်ရည်ဝဲဝဲနဲ့ရေးခဲ့တဲ့ သတင်း (သို့မဟုတ်) နယူးဒေလီက မိခင်များနေ့ (ကိုညို)

ဘာရယ်မဟုတ်ဘူး၊ မိခင်များနေ့ဆိုတာနဲ့ အာအက်ဖ်အေ သတင်းထောက်ဘဝတုန်းက သတင်းပေးပို့ခဲ့တဲ့ ၂၀၀၂ ခုနှစ် မတ်လလောက်က နိုင်ငံတကာ မိခင်များနေ့အခမ်းအနား ဖီရှာသတင်းလေးတပုဒ်ကို သွားသတိရလိုက်တယ်။ အသံသွင်းထားတဲ့ သတင်းပေးပို့ချက် တိတ်ခွေလေးရှိနေလို့ ပြန်ပြီးနားထောင်ကြည့်တယ်။ အင်တာဗျူးလေးတွေက အတော်လေး... လွမ်းစရာ၊ ဆို့နစ်စရာ၊ ကြည်နူးစရာတကယ့် အဖြစ်အပျက်လေးတွေမို့ ပြန်ရေးချလိုက်တယ်။ 

နယူးဒေလီမြို့အနောက်ပိုင်း ဗစ်ကပ်စ်ပူရီ ရပ်ကွက်လေးမှာ အိန္ဒိယရောက် မြန်မာဒုက္ခသည်တွေအတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ မြန်မာရိပ်သာခန်းမ (Burmese Community Hall) မှာ တနင်္ဂနွေနေ့ ၈ နာရီလောက်ကစပြီး နိုင်ငံတကာမိခင်များနေ့နဲ့ မြန်မာပြည်တွင်းက လူမှုဒုက္ခပေါင်းစုံခံစားနေရတဲ့ မြန်မာပြည်သူတွေအတွက် ဘာသာပေါင်းစုံ အထူးဆုတောင်းမေတ္တာပေးပို့ပွဲ အခမ်းအနားတခု ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ဟိန္ဒူဘာသာ၊ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ ဘုန်းတော်ကြီးတွေက မြန်မာနိုင်ငံ ငြိမ်းချမ်းစေဖို့နဲ့ မိခင်တွေနဲ့ ခွဲခွာနေရတဲ့ သားသမီးတွေ၊ မိသားစုတွေ ပြန်လည်ဆုံစည်းနိုင်ဖို့ ဖယောင်းတိုင်မီးတွေထွန်းညှိပြီး ဆုတောင်းမေတ္တာပေးပို့တာကို မြင်တွေ့ခဲ့ပါတယ်။ 


အိန္ဒိယမှာ မြန်မာနိုင်ငံသားဒုက္ခသည် ထောင်ချီရှိပြီး အများစုကတော့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေပဲဖြစ်ကြပါတယ်။ တချို့ကလည်း မိသားစုအလိုက် တဖက်နိုင်ငံနယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့နထိုင်ကြတာဖြစ်သလို၊ တချို့ကလည်း သက်ဆိုင်ရာ မိဘမောင်နှမတွေ၊ သားသမီး မိသားစုတွေနဲ့ခွဲခွာပြီး အလုပ်လုပ်ကိုင် နေထိုင်နေကြတာပါ။ တနင်္ဂနေ့ညက မြင်တွေ့ခဲ့ရတဲ့ မိခင်များနေ့အခမ်းအနားမှာ အမျိုးသမီးမိခင်များနဲ့ ကလေးငယ်တွေ အမာျးအပြားကိုမြင်တွေ့ခဲ့ရပြီး ၃ လသားအရွယ် ကလေးငယ်လေးကို အဝတ်နဲ့ကျောပိုးထားတဲ့ မဇင်းမ်သဲ ခေါ် ချင်းတိုင်းရင်းသူ မိခင်တယောက်ကိုလည်း ကလေးငိုလို့ မိမိခန္ဓာကိုယ်လေးကို လှုပ်ခါ ရမ်းကာ ချော့သိပ်နေတာ မြင်လိုက်ရပါတယ်။ သူတို့ မောင်နှမ ၈ ယောက်ရှိပြီး မိခင်ကြီးဟာ အသက် ၈၀ ကျော်ပေမယ့် သန်တုန်းမြန်တုန်း အိမ်အလုပ်တွေ လုပ်နေတုန်းပဲလို့ ဖုန်းဆက်ရင်းသိလိုက်ရလို့ သူဟာ သိပ်ကို ပျော်နေတဲ့အကြောင်း အခုလို ပြောပြပါတယ်။ 

“အဖေကလည်းမရှိဘူးဆိုတော့ အမေတယောက်ထဲ ကျမတို့ ၈ ယောက်စလုံးကို ကျောင်းထားပေးခဲ့တယ်၊ အမေ့ကိုမြင်လိုက်ရင်တခုခု အမြဲ အလုပ်လုပ်နေတာ၊ အိပ်တဲ့အချိန်ပဲ အနားယူတာ၊ ကျမတို့အလုပ်တွေ အကုန်လုပ်ပေးတယ်၊ အဲဒါ ကျမ အမေ့ကို အမြဲဆုတောင်းပေးတယ်၊ အဖဘုရားသခင် အမေ့ကိုစောင့်ရှောက်ပါ၊ အမေ့ရဲ့ အသက်တာကိုရှည်စေပါလို့ ဆုတောင်းထားတာ ... အခုထိ အမေက အသက်ရှင်သေးတယ်နော့ ...၊ ဘုရားရဲ့ကျေးဇူးတော်ပဲ(ဝမ်းမြောက်ဝမ်းသာ ရယ်မောသံနဲ့) ဘုရားရဲ့ကျေးဇူးတော်ပဲ” ...။ 

အဲဒီလို မိမိရဲ့မိခင်ကြီး သက်ရှိထင်ရှားနေလို့ ဝမ်းသာအားရဖြစ်နေသူတွေရှိသလို အမေ မကျန်းမာတဲ့သတင်းမျိုး၊ ကွယ်လွန်သွားတဲ့ သတင်းဆိုးမျိုးတွေ ပြန်ကြားရလို့ အပူသောကတွေနဲ့ တချို့ကိုလည်း တွေ့ရပါတယ်။ ၁၉၈၈ စက်တင်ဘာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနယ်စပ်ကိုတိမ်းရှောင်လာတဲ့ ကျောင်းသူတဦးဖြစ်တဲ့ မသင်းသင်းအောင်ကတော့ ဒီကနေ့ဟာ သူ့အမေဆုံးတာ ၄ နှစ်တိတိပြည့်တဲ့နှစ်ပဲလို့ သွားလေသူမိခင်ကြီးကို တမ်းတရင်း အခုလို ဝမ်းနည်းကြေကွဲပြီး ပြောပြပါတယ်။ 

“ဒီနေ့ဆို အမေဆုံးတာ ၄ နှစ်တိတိပြည့်ပြီပေါ့ ...၊ အမေ့ကျေးဇူးကိုဆပ်ဖို့မဆိုထားနဲ့ အမေဆေးရုံမှာ ကင်ဆာရောဂါနဲ့ အသည်းအသန်ခံစားနေရတဲ့အချိန်မှတောင်မှ တယောက်ထဲရှိတဲ့သမီးတယောက်အနေနဲ့ ကျမဟာ လုံးဝပြုစုနိုင်ခွင့်မရခဲ့ဘူး၊ အမေဟာ ဆုံးသွားတဲ့အထိ ကျမအပေါ် ပူပန်သောကတွေနဲ့ စိတ်မဖြောင့်သွားခဲ့ရဘူး၊ သားသမီးမရှိသေးတဲ့ ကျမအဖို့ မိခင်မေတ္တာဆိုတာကို ကိုယ်တိုင်ကိုယ်ကျခံစားရဖူးသူ မိခင်တယောက်လို မရှိနိုင်သေးပေမယ့် အမေဆုံးတယ်ဆိုတာသိရတဲ့အချိန်မှာ ကျမဘဝမှာ ဘယ်တုန်းကမှ မခံစားခဲ့ဘူးတဲ့ အကြီးကျယ်ဆုံး ဆုံးရှုံးမှုတရပ်ကို ခံစားခဲ့ရတယ်” (ငိုရှိုက်သံနှင့် ပြောတာပါ) မသင်းသင်းအောင်ရဲ့မိခင်ဟာ သမီးဖြစ်သူ တောခိုသွားလို့ အမြဲတမ်းစုံစမ်းနေရာက သတင်းအစအနရပြီး ချင်းတောင်တန်းတွေကို ဖြတ်ကျော်၊ သမီး ခိုအောင်းနေထိုင်ရာ အိန္ဒိယနယ်စပ် မီဇိုရမ်ပြည်နယ် ဒုက္ခသည်စခန်းအထိ သမီးကိုလာရောက်ခေါ်ဆောင်ပါတယ်၊ မသင်းသင်းအောင်က ငြင်းဆန်ခဲ့လို့ တယောက်ထဲ ငိုကြွေးပြီး လက်လျှော့ ပြန်သွားခဲ့သူလို့လည်း ဖြစ်ပါတယ်။ 

တကယ်တော့ နိုင်ငံတကာအမေများနေ့ဆိုတာ တနိုင်ငံနဲ့တနိုင်ငံ ကျင်းပသတ်မှတ်ကြတဲ့ရက်ချင်းလည်း မတူကြသလို၊ အဓိပ္ပာယ်ပုံဖော်ရာမှာလည်း ကွဲပြားပါတယ်။ ၁၈ ရာစုနှောင်းပိုင်းက ဘာသာရေးကို အခြေခံတာမျိုးတွေရှိသလို မိခင်တွေရဲ့ သြဇာမေတ္တာနဲ့ အရှိန်ကြီးမားမှုကိုအခြေခံပြီး ၂၀ ရာစုအစောပိုင်းက အမေရိကန်မှာ စတင်ကျင်းပရာက နိုင်ငံတကာကလည်း မတ်လနဲ့ မေလတွေမှာရက်သတ်မှတ်ပြီး ကျင်းပလေ့ရှိပါတယ်။ တချို့နိုင်ငံတွေမှာတော့ မိခင်များနေ့ပေါ်ပေါက်ပုံဟာ နိုင်ငံရေးကနေ အခြေခံတာမျိုးပါ ...။ လက်တင်အမေရိကနိုင်ငံတချို့မှာတော့ နိုင်ငံရေးလှုပ်ရှားလို့ ဖမ်းဆီး သတ်ဖြတ်ခံရပြီး၊ ပျောက်ဆုံးသွားတဲ့ မိမိတို့သားသမီးတွေအတွက် မိခင်တွေက သားပျောက်ရှာပုံတော် လှုပ်ရှားမှုတွေစတင်ရာက ပေါ်လာတာမျိုးလည်း ရှိပါတယ်။ ချီလီနဲ့ အာဂျင်တီးနားနိုင်ငံတွေမှာ မိမိတို့သားသမီးတွေ ပျောက်ဆုံးလို့ မိခင်တွေက သားသမီးတွေရဲ့ဓာတ်ပုံကိုကိုင်ဆောင်ပြီး ချီတက်ရာမှာ အာဏာပိုင်တွေက တားဆီးပိတ်ပင်ပါတယ်။ အုပ်စုလိုက်သွားခွင့်၊ ဓာတ်ပုံကိုင်ဆောင်ခွင့်တွေကို အာဏာပိုင်တွေက ပိတ်ပင်တဲ့အခါ တဦးချင်းစီ နှင်းဆီပန်းလေးတွေကိုဆောင်ပြီး မြို့လည် ဘတ်စ်ကားဂိတ်တွေကို ခြေလျှင်သွားကြပါတယ်။ အစောပိုင်း တယောက်စ နှစ်ယောက်စကနေ နောက်ပိုင်း ဘဝတူမိခင်တွေ အုပ်စုလိုက်ဖြစ်လာပြီး မိခင်တွေရဲ့လှုပ်ရှားမှုဟာ ကျယ်ပြန့်သွားခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ 

နယူးဒေလီမြို့လည်ခေါင် ဆန္ဒပြရာနေရာအဖြင့် သတ်မှတ်ထားတဲ့ ဂျန်တားမန်တာပန်းခြံ (မဂိုအင်ပါယာခေတ် နေနာရီနဲ့ နက္ခတာရာကြည့် မျှော်စင်ရှိရာ ပန်းခြံ)မှာ နေ့စဉ်နေ့တိုင်း အသက် ၂၅ နှစ်အရွယ်သားရဲ့ဓာတ်ပုံကိုကိုင်ဆောင်ပြီး ထိုင်ဆန္ဒပြနေတဲ့ တိဘက်လူမျိုး အသက် ၆၀ ဝန်းကျင် မိခင်အိုကြီးတယောက်ကို တွေ့နိုင်ပါတယ်။ သူ့ရဲ့သားဟာ တိဘက်ပြည် လာဆာမြို့က ထင်ရှားတဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး တိဘက်ပြည်သူတွေ တရုတ် ကိုလိုနီဘဝရာက်နေတဲ့ဘဝကို တေးသရုပ်ဖော်တင်ဆက်ခဲ့လို့ တရုတ်အစိုးရက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်ပိုင်း ဆယ်နှစ်ဆယ်မိုး ပျောက်ဆုံးခဲ့ပါတယ်။ အိန္ဒိယနယ်စပ် ဒရမ်ဆာလာမြို့လေးအထိ ခြေကျင်လျှောက်ပြီး ထွက်ပြေးလွတ်မြောက်လာတဲ့ တိဘက်မိခင်အိုကြီးဟာ ပျောက်ဆုံးနေတဲ့ သားကို တရုတ်အစိုးရထံ ပြန်လည်တောင်းဆိုပေးဖို့ နေ့စဉ် ပန်းခြံရှေ့ ပလက်ဖောင်းမှာထိုင်ပြီး ပုတီးစိတ် တောင်းဆိုနေတာ ဒီနေ့အထိ တွေ့ရမှာပါ။ 

၁၉၈၈ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဟင်္သာတမြို့က ဒေါ်မော်လီဟာ စစ်ထောက်လှမ်းရေးက လိုက်လံဖမ်းဆီးလို့ ရှောင်တိမ်းထွက်ပြေးနေရာက နေ့မစေ့လမစေ့ဘဲ သမီးကိုမျက်နှာမြင်ခဲ့ပါတယ်။ ဒါပေမယ့် ရင်သွေးငယ်ဟာ မွေးကင်းစကတည်းက ကျန်းမာရေး ချူချာပါတယ်။ နယ်စွန်နယ်ဖျား ကျေးလက်တွေမှာ ပြေးလွှားပုန်းအောင်းနေရလို့ စိတ်သောကတွေများပြီး မိခင်နို့မထွက်တော့ပါဘူး။ ဒီတော့ မရင့်မှည့်သေးတဲ့ စပါးစေ့တွေကို ခြောက်အောင်လှော်ပြီး ပြုတ်ထားတဲ့ ထမင်းရည်ခပ်ကြဲကြဲနဲ့ သကြားကိုရောမွှေပြီး မွေးကင်းစသမီးကို မိခင်နို့အစားထိုး တိုက်ကျွေးခဲ့ရပုံ၊ နောက်ဆုံးမှာ မိမိလုံခြုံရေးအတွက် ပြေးလွှားတိမ်းရှောင်နေရသူမို့ ရင်သွေးငယ်ရဲ့ အသက်အန္တရာယ်ကိုစိုးရိမ်ပြီး ၂ လနီးပါးအရွယ် လူမမည်သမီးလေးကို ကျေးလက်ရွာလေးတရွာမှာအပ်နှံထားကာ အိန္ဒိယနယ်စပ်ဘက် ထွက်ခွာလာခဲ့ရပါတယ်။ ဒီကနေ့ထိ ရင်သွေးငယ်ပျောက်နေတဲ့ မိခင်တယောက်ရဲ့ခံစားချက်ကို အခုလို ကြေကွဲစွာပဲ ပြောပြပါတယ်။ 

“အခုအချိန်ထိ ကျမမျက်စေ့ထဲမှာ ၂ လနဲ့ ၂၂ ရက်အရွယ်ကလေးကိုပဲ မြင်နေတယ်၊ တကယ်ဆို ကျမကလေးဟာ အခုအချိန်မှာ ၁၂ နှစ်အရွယ်ရှိလောက်ပြီ၊ ဒါပေမယ့် ကျမ ပြန်မြင်ကြည့်လို့လည်း မရဘူး၊ ဘယ်လိုအခြေအနေရှိမယ်ဆိုတာလည်း ကျမ မသိဘူး၊ ဒါနဲ့ တခြားကလေးတွေကိုတွေ့လို့ သမီးတို့ကအသက် ဘယ်လောက်ရှိပြီလဲလို့မေးတဲ့အခါ ကျမသမီးအရွယ်နဲ့ဆို ... ကျမရင်ထဲမှာ … ဘယ် ... ဘယ်ရောက်နေမှန်းမသိတဲ့သမီးကို ... အရမ်းသတိရတယ်၊ နောက်ပြီးတော့ အဲဒီကလေးဟာ ... စကားမှပြောတတ်ရဲ့လား ...၊ အဟာရချို့တဲ့ပြီး ဘယ်လိုဖြစ်နေမလဲဆိုတာကို မမြဲတမ်း တွေးမိတယ်၊ နောက်ပြီးတော့ အဲဒီကလေးဟာ ကာကွယ်ဆေးတွေမှ ထိုးရပါ့မလား … တခြားကလေးတွေ ပိုလီယိုဖြစ်တယ်ဆို ငါ့ကလေးများ ဘယ်လို ... ဖြစ်နေသလဲ အမြဲတမ်း တွေးမိတယ်၊ ဒီနေ့အထိလည်း ရင်ထဲမှာ ခံစားရတယ်၊ ဒါကြောင့်မို့လို့ ဒီလိုမိခင်များနေ့မှာ ကိုယ့်လို ရှင်ကွဲကွဲ၊ သေကွဲကွဲခဲ့ရတဲ့ မိခင်တွေအတွက်လည်း ကျမ ကိုယ်ချင်းစာမိတယ်၊ ကျမဟာ ကိုယ့်အမေနဲ့လည်း ကွဲခဲ့ရတယ်၊ ကိုယ့်သမီးလေးနဲ့လည်း ကွဲခဲ့ရတယ် … ဒါတွေအားလုံးဟာ ကျမတော်လှန်ရေးအတွက် ပေးဆပ်ခဲ့ရတဲ့ အရင်းအနှီးတွေပဲ” ။ 

ဒေါ်မော်လီလိုပဲ မိမိတို့ရင်သွေးငယ်တွေ၊ မိသားစုတွေနဲ့ ခွဲခွာနေရသူတွေ၊ အမေ့အိမ်အပြန်နောက်ကျနေသူတွေ၊ ဒါမှမဟုတ် ဘယ်တော့မှ အမေ့အိမ်ကို ပြန်မရောက်နိုင်သူတွေ၊ မြန်မာပြည်ဘွား မိခင်တွေနဲ့ သားသမီးတွေ အဲဒီလို ကြီးမားတဲ့ အရင်းအနှီးတွေပေးဆပ်ခဲ့ရတာ ဘာကြောင့်လဲ၊ သားသမီးတွေနဲ့ မိခင်တွေအားလုံး ဘယ်တော့ ပျော်ပျော်ရွှင်ရွှင် ဆုံစည်းကြရမလဲဆိုတာကတော့ ရှုပ်ထွေးပွေလီနေတဲ့ မြန်မာ့နိုင်ငံရေးကြီး တည်ငြိမ်အေးချမ်းသွားဖို့နဲ့ လက်ရှိ အာဏာရ စစ်အစိုးရရဲ့ စိတ်စေတနာအပေါ်သာ တည်မှီနေတဲ့အကြောင်း တင်ပြလိုက်ရပါတယ်ခင်ဗျာ ...။ 

ကိုညို (အော်စလို) 

(အာအက်ဖ်အေမှ အသံလွှင့်ခဲ့ပြီး သတင်းဆောင်းပါး)

 

No comments: