ရဲသလိုလို မရဲသလိုလိုနဲ့ စီးလည်းစီချင်လှပါတယ်ဆိုသူများအတွက် ဗန်းမော်ဆရာတော်ရဲ့မေတ္တာပို့နဲ့သာ ထိုက်တန်တဲ့ ကျွဲပြဲတကောင်တော့ ပေါ်လာပြီ။ ဗြောင်ကျလိုက်ပုံများ ဝန်ခံရဲတယ်လို့ သတ္တိကိုချီးမွမ်းရမှာလား ဆင်ခြင်တုံတရားမဲ့လိုက်တာလို့ ကဲ့ရဲ့ရမလားတောင် ဝေခွဲရခက်လှတယ်။
အဲဒါကတော့ ကာချုပ်ဆိုတဲ့ ကုပ်ချာချာ ခေတ်သစ် ပုဂံငကျွဲ မင်းအောင်လှိုင်ပါပဲ။ သူက မျိုးဖျက်ပြိတ္တာကြီး သန်းရွှေလမ်းညွန်ချမှတ်ခဲ့တဲ့ မူကြီး ၄ ရပ်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ရက်နေ့ကလုပ်တဲ့ စစ်အရာရှိတွေရဲ့ သင်တန်းဆင်ပွဲမှာပြောသွားတယ်လို့ ပြည်တွင်းသတင်းဂျာနယ်တွေက ဆိုတယ်။ အခြေနေတွေက ၁၉၈၈ အချိန်ကာလက အနေအထားတွေနဲ့ တူနေသလိုရှိလို့ အမြင်တချို့ကို ယှဉ်ပြပါမယ်။
၁၉၈၈ မတ်လက အာအိုင်တီ ဘုန်းမော်အရေးနဲ့ အင်းလျားကန်ဘောင် တံတားနီအရေးတွေကြောင့် ပိတ်ထားတဲ့ တက္ကသိုလ်၊ ကောလိပ်တွေ ဇွန်လဆန်းမှာပြန်ဖွင့်တာနဲ့ ကျောင်းသားတွေ တိုက်ပွဲပြန်ဖော်ကြတယ်။ ဒီနေ့ ပြည်တွင်းဒီမိုကရေစီအင်အားစုတွေထဲမှာ လမ်းပေါ်တိုက်ပွဲတွေ မလိုတော့ဘူး၊ လိုသေးတယ် လုပ်ရမယ်လို့ ဝိဝါဒကွဲနေကြသလိုပဲ အဲဒီတုန်းက တိုက်ပွဲတွေထဲမှာလည်း ကျောင်းသားအရေးပဲ လုပ်မယ်၊ နိုင်ငံရေး မလုပ်ဘူးဆိုတဲ့ အယူအဆတွေဝင်လာပြီး အမြင်ကွဲခဲ့ကြသေးတယ်။ အဓိက ကတော့ အာအိုင်တီအရေးနဲ့ တံတားနီအရေးတွေမှာ ကျောင်းသားတွေ ထိခိုက်နစ်နာဆုံးရှုံးခဲ့တာတွေကို ကျေနပ်အောင်ဖြေရှင်းဖို့လောက်ပဲ တချို့က လုပ်ချင်တယ်။
တဖက်မှာလည်း ဝဲစားကြီး ဗိုလ်နေဝင်းဆီကို ဒါတွေကို ဥက္ကဋ္ဌကြီး မသိပါဘူးခင်ဗျား ဆိုတဲ့ ဖားလုံးဖော့လုံးတွေနဲ့ မဆလ အုပ်ချုပ်ရေးကိုဝေဖန်တဲ့ စာတိုစာရှည်တွေ ရေးဖြန့်နေတဲ့ ၆၂ စစ်အာဏာသိမ်း ဒုတိယခေါင်းဆောင် ဗိုလ်အောင်ကြီးကို ဒီမိုကရေစီခေါင်းဆောင်ဆိုပြီး အလံရှူး ဝင်တင်လာတာတွေလဲ ရှိလာတယ်။ သူက သပိတ်မှောက်ကျောင်းသားတွေအတွက် သူ့ဆိုင်က ဒန်ပေါက်ထုပ်တွေလည်းပို့ထားတော့ လက်ခုပ်သံတဖျောင်းဖျောင်နဲ့ပေါ့။ အဲလို အခြေနေတွေကြားကပဲ ကျောင်းသားအရေးထက် တတိုင်းတပြည်လုံးအရေးကို လုပ်မယ်ဆိုတဲ့လမ်းကြောင်းကို ချမှတ်၊ ဗိုလ်အောင်ကြီးဟာ ငါတို့တိုက်ပွဲခေါင်းဆောင်မဟုတ် မဟာမိတ်သာဖြစ်တယ်လို့ ဆုံးဖြတ်ပြီး ကျောင်းသားအရေးမှသည် ပြည်သူ့အရေးတော်ပုံဆီသို့ဆိုတဲ့ ရည်မှန်းချက်ကြွေးကြော်သံကို ချနိုင်ခဲ့ကြတယ်။
မဆလ စစ်အာဏာရှင်တွေက ဖွင့်ပြီးတာ တလတောင်မကြာသေးတဲ့ တက္ကသိုလ်ကောလိပ်တွေကို ပြန်ပိတ်လိုက်တာကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွက် အပျိုးပဏာမ အစောပိုင်းကာလ တိုက်ပွဲတွေထဲက နောက်ဆုံးနင်းခုံလိုဖြစ်တဲ့ ဇွန်လတိုက်ပွဲတွေ ခေတ္တရပ်တန့်သွားသလို ဖြစ်သွားတယ်။ ဒါပေမယ့် ဆက်ဖွင့်ထားတဲ့ အထက်တန်းကျောင်းတွေက ကျောင်းသားလေးတွေက သူတို့ ကျောင်းအသီးသီးမှာ အာဏာရှင်ဆန့်ကျင်ရေး စာကဗျာတွေကို လက်ရေးတွေနဲ့ကူးပြီး လက်ဆင့်ကမ်းဖြန့်ဝေကြတာဟာ လူထုကြားကို ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိသွားတယ်။ ဒါဟာ ပေါ်ပေါက်လာမယ့် ရှစ်လေးလုံး အရေးတော်ပုံကြီးအတွက် လူထုစည်းရုံးရေးမှာ အလွန်ထိရောက်တဲ့ အထောက်အကူ ဖြစ်ခဲ့တယ်။
ဒီအခြေအနေတွေကြောင့် မဆလ ပါတီ အရေးပေါ်အစည်းအဝေးကို ခေါ်လိုက်တယ်။ တဖက်မှာလည်း လူထုကိုအာရုံလွဲဖို့ ပြည်၊ တောင်ကြီး စတဲ့မြို့တွေမှာ မွတ်ဆလင်ဆန့်ကျင်ရေးတွေကို တဖက်လှည့်နဲ့ ဖန်တီးနေတယ်။ အာဏာရှင်ဝဲစားကြီး ဗိုလ်နေဝင်းက ပါတီစုံစနစ်ကိုကြိုက်လား တပါတီစနစ်ကိုဆက်သွားမလား လူထုဆန္ဒခံယူပွဲလုပ်မယ်လို့ပြောရင်း စစ်တပ်ဆိုတာ မိုးပေါ်ထောင်မဖောက်ဘူး ပစ်ရင်တဲ့တဲ့မှန်အောင်ပစ်တယ်၊ နောင်ကို ဆူဆူပူပူ လုပ်မယ့်သူတွေ စစ်တပ်ကိုသုံးတဲ့အခါ မလွယ်ဘူးလို့သာ မှတ်ထားကြပေတော့လို့ ခြိမ်းခြောက်သွားတယ်။ ခုလည်း စစ်တပ်ဦးစီး မင်းအောင်လှိုင်က ဒီသဘော ဒီအချိုးမျိုး ပြောလာပြန်တယ်။
၁၉၈၈ ကာလတုန်းက အထက်ကအခြေနေတွေနဲ့ အလားတူအခြေအနေတွေ မျက်မှောက် ဗမာပြည်မှာ ဖြစ်ပေါ်နေတယ်။ စစ်အာဏာရှင်တွေနဲ့ သူတို့ အသင်းအပင်း ခရိုနီတွေရဲ့ လောဘတကြီးသိမ်းခဲ့တဲ့ လယ်ယာအိမ်မြေတွေအတွက် လက်ပန်တောင်း မြစ်ဆုံကအစ ဓာတ်ငွေ့ပိုက်လိုင်းကြောင့် ဆုံးရှုံးနစ်နာခဲ့ကြတဲ့ ကျေးလက်ပြည်သူတွေရဲ့ တိုက်ပွဲတွေ၊ လုပ်ခလစာနဲ့ အလုပ်ချိန် အခွင့်အရေးမမျှတတာကြောင့် စက်ရုံအလုပ်ရုံတိုင်းမှာဖြစ်နေတဲ့ အလုပ်သမားတွေရဲ့တိုက်ပွဲတွေ၊ ခုတခါ လူတစုရဲ့ အကျိုးစီးပွားအတွက် လူတစုကပဲ စိတ်ကြိုက်ထင်ရာရေးထားတဲ့ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတွေထပ်တိုးလာချိန်မှာ မင်းအောင်လှိုင်ရဲ့ ခြိမ်းခြောက်တဲ့ မိန့်ခွန်းပေါ်ထွက်လာတာပါပဲ။ ပြောခဲ့တာက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကဖြစ်ပြီး ပေါ်လာတာက ခုလတ်တလောမှဆိုတော့ အတော်စိတ်ဝင်စားစရာကောင်းတဲ့ နိုင်ငံရေးအချက်ပြမှုတခု ဖြစ်တယ်။
မဆလ စစ်အာဏာရှင်တွေက ဘယ်လိုပဲခြိမ်းခြောက်ခြောက်၊ ဘယ်လိုပဲ အာရုံလွဲဖန်တီးမှုတွေလုပ်လုပ် ရှစ်လေးလုံးလူထု အရေးတော်ပုံကြီး မလွဲမသွေ ပေါ်ပေါက်လာခဲ့ရတယ်။ ဗိုလ်နေဝင်းက စစ်တပ်က မှန်အောင်ပစ်မယ်လို့ ခြိမ်းခြောက်ပြီး မကြာခင်မှာပဲ ဇူလိုင်လကုန်ပိုင်းမှာကျရောက်တဲ့ ဝါဆိုလပြည့်နေ့ ရွှေတိဂုံဘုရားပေါ်မှာ ကျောင်းသားတွေက သပိတ်ကို ပြန်စခဲ့ကြတယ်။ နောက်ပိုင်းရက်တွေမှာ တနေ့တခြား တိုးပွားများပြားလာတဲ့ လူအုပ်ကိုတွက်ဆပြီး ဘုရားကုန်းမြေအောက်ဆင်းပြီး မြို့ထဲ၊ ရပ်ကွက်တွေထဲ လမ်းလျှောက်ချီတက်ကြတယ်။ တချိန်တည်းမှာပဲ အစဉ်အလာရှိတဲ့ နိုင်ငံရေးသမားကြီးတွေကို ချဉ်းကပ်ပြီး ပူးပေါင်းပါဝင်ဦးဆောင်ဖို့ မေတ္တာရပ်ခံကြတယ်။ ဒါပေမယ့် ဒီနေ့ အထင်ကရ ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများလိုပဲ ဟိုတုန်းကပုဂ္ဂိုလ်ကြီးများလည်း လမ်းပေါ်ချီတက်ပွဲတွေမှာ ပါမလာပါဘူး။
ဒါကြောင့် အရှိန်ရလာတဲ့ လူထုချီတက်ပွဲလမ်းတလျောက်မှာ တောင်းဆိုချက်တွေကို ပိုစတာစာရွက်မှာရေးပြီး ကပ်သွားကြတယ်။ မှတ်မိသလောက် တောင်းဆိုချက်တွေက ဖမ်းဆီးခံကျောင်သားတွေ ပြန်လွှတ်ရေး၊ ကျောင်းထုတ်ခံရသူတွေ ပြန်လက်ခံရေး၊ သေဆုံးဒဏ်ရာရသူတွေကို လျော်ကြေးပေးရေး၊ တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးရေး၊ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်နဲ့ သမဂ္ဂအဆောက်အအုံ ပြန်လည် တည်ဆောက်ရေးတို့ဖြစ်ပြီး နိုင်ငံရေးတောင်းဆိုချက်တွေကတော့ တပါတီအာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ပါတီစုံဒီမိုကရေစီစနစ်ထူထောင်ရေးနဲ့ ကြားဖြတ်အစိုးရဖွဲ့စည်းရေးတို့ ဖြစ်တယ်။ ကြားဖြတ်အစိုးရကို ဦးနု၊ ဦးတင်ဦး၊ ဝိဓူရသခင်ချစ်မောင်၊ ဗိုလ်ရန်နိုင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်အောင်ကြီးတို့ ဦးဆောင်ပါဝင်ရမယ်လို့ အမည်တပ်တောင်းဆိုကြတယ်။
ဆရာလိုဖြစ်တဲ့ ၅၀ ခုနှစ်ကျော်ကာလတွေက သမဂ္ဂခေါင်းဆောင်ဟောင်းတယောက်နဲ့တွေ့တော့ ဘီဘီစီက သူကြားလိုက်တဲ့ အဲဒီ လူစာရင်းကို မေးလာတယ်။ မကွယ်မဝှက်ဘဲ အဲဒီစာရင်း ကျနော်ရေးတာလို့ ဝန်ခံတော့ မင်း အတော်အသုံးမကျတဲ့ကောင်ပဲလို့ အဆဲခံရတယ်။ သူပြောတာက ကျန်တဲ့သူတွေက ပြဿနာမရှိပေမယ့် အောင်ကြီးဆိုတာ နေဝင်းကို ဘယ်တော့မှ တကယ်အာခံ ပုန်ကန်မလုပ်ရဲဘူး၊ ပုဂံငကျွဲလိုကောင်ကွ တဲ့။
သူပြောတဲ့ ပုဂံငကျွဲဆိုတာ မင်းတုန်းမင်းရဲ့ အချီတော်အထမ်းတော် ပုဂံမြို့ကိုစားရတဲ့ ငကျွဲကို ပြောတာ။ မြင်းကွန်း မြင်းခုန်တိုင် မင်းသားတွေ ပုန်ကန်ထီးနန်းလုပ်ကြံတော့ ပိုကြီးတဲ့ ရာထူးပေးမယ် မြို့ရွာကြီးတွေကို စားစေမယ်လို့ကတိပေးပြီး ငကျွဲကိုစည်းရုံးတော့ပါလာတယ်။ ဒါကြောင့် မင်းသားတွေက သူ့ကို နန်တော်တံခါး ဘယ်နေရာက စောင့်၊ တကယ်လို့ ခမည်းတော်သူတို့လက်က လွတ်လို့ထွက်လာရင် ဆီးခုတ်လို့ နေရာချ တာဝန်ပေးထားတယ်။ အချိန်းအချက်အတိုင်း ပုန်ကန်လို့ နန်းတော်ဝင်စီးတော့ အိမ်ရှေ့မင်း ကနောင်ကိုယ်တော်ကိုပဲ လက်ရသုတ်သင်နိုင်တယ်၊ မင်းတုန်းမင်းကလွတ်ပြီး ငကျွဲစောင့်နေတဲ့ အပေါက်ဆီကို ပြေးထွက်လာတယ်။ ဝဝဖိုင့်ဖိုင့် မင်းတုန်းမင်းက မပြေးနိုင်ဘူး၊ ဒါကြောင့် အပေါက်ဝမှာ ခုတ်မလို့ ဓားကိုင်စောင့်နေတဲ့ ငကျွဲကိုတွေ့တာနဲ့ ငကျွဲ ငါ့ ထမ်းပြေးစမ်းလို့ ၏ပြောလိုက်တာနဲ့ ငကျွဲလည်း ငယ်ကျွန်ဖြစ်လေတော့ ခုတ်ဖို့မေ့ပြီး ဓားပစ်ချ ထမ်းပြေးတာနဲ့ မင်းတုန်းမင်းလည်း သားတော် သူပုန်မင်းသားတွေလက်က လွတ်သွားတယ်။ အဆုံးမှာတော့ မင်းသားတွေလည်း အရေးမအောင်လို့ ပြေးကြရတယ်။
အထက်မှာပြောခဲ့သလို စစ်အာဏာရှင်တွေအတွက် အကြပ်ဆိုက်နေတဲ့အခြေနေမှာ ပုဂံငကျွဲလို ငယ်ကျွန် ကုပ်ချာချာ ကာချုပ်က တပ်မတော်ဟာ သူက မျိုးဖျက်ပြိတ္တာကြီးသန်းရွှေ လမ်းညွန်ချမှတ်ခဲ့တဲ့ မူကြီး ၄ ရပ်အတိုင်း လိုက်နာ ဆောင်ရွက်သွားမယ်လို့ သစ္စာခံပြလိုက်သလို အုပ်ချုပ်ရေးနဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး သည်းခံလို့ မရဘူး၊ တပ်မတော်က လက်ပိုက်ကြည့်နေလို့ မရဘူး၊ တပ်မတော်ရဲ့တာဝန်က နိုင်ငံတော်ကာကွယ်ဖို့ တာဝန်ရှိတယ်။ နိုင်ငံတော်ကို လုံခြုံရေးပေးရမယ် (နိုင်ငံတော်ဆိုတာ သန်းရွှေ၊ တေဇ၊ ဦးပိုင်တို့ ဆိုလိုဟန်တူပါတယ်)။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အတိအလင်းပြဋ္ဌာန်းထားပြီးသားဖြစ်တယ်လို့ စစ်ကျွန်ဖွဲ့စည်းပုံပါ တရားဝင် အာဏာသိမ်းခွင့်ကို ရည်ညွန်း ခြိမ်းခြောက်သွားတယ်။ ပြည့်တန်ဆာဦးနှောက်နဲ့ ကမ္ဘာနံပြားကျော်ဝင်းကလည်း နောက်ကြောင်းပြန်လှည့်သွားမယ်လို့ အလံရှူး တောခြောက်ပေးလိုက်သေးတယ်။ ပုံသဏ္ဌာန်ကွဲပေမယ့် ၈၈ က မျောက်ခြောက် ခြောက်သွားတဲ့ ဗိုလ်နေဝင်းရဲ့ခြောက်လုံးနဲ့ အတူတူပါပဲ။
ဒီခြောက်လုံးတွေဟာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ လူထုစည်းရုံးလှုံ့ဆော်မှုတွေ အရှိန်မြှင့်တက်လာချိန်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ အဓိပ္ပာယ်က ရှင်းရှင်းလေး၊ ရုပ်ပြအရပ်သား စစ်အာဏာရှင်စနစ်ပြဋ္ဌာန်းပေးထားတဲ့ မျိုးဖျက်ပြိတ္တာကြီး သန်းရွှေရဲ့အမွေ ၂၀၀၈ စစ်ကျွန်ဖွဲ့စည်းပုံကို အထိမခံ ကာကွယ်စောင့်ရှောက်သွားမယ်ဆိုတာပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စစ်တပ်မပါဘဲ ဖွဲ့စည်းပုံပြင်ဆင်တာ မဖြစ်နိုင်ဘူးလို့ပြောထားသလို အဲဒီ ဖွဲ့စည်းပုံပြဋ္ဌာန်းထားချက်အရလည်း အဆုံအဖြတ်နေရာရောက်နေတဲ့ စစ်တပ်ဦးစီး ကုပ်ချာချာ လူတယောက်ရဲ့ ပုဂံငကျွဲလိုအချိုးက အများတကာပြောနေတဲ့ ဥပဒေနည်းလမ်းတကျ ဖွဲ့စည်းပုံပြုပြင်ရေးဟာ မဖြစ်နိုင်တော့ဘူးဆိုတဲ့ အဖြေပဲ ထွက်ပါတယ်။
တိုင်းပြည်နဲ့ လူထုအခြေနေက ငွေစက္ကူဖျက်သိမ်းတာနဲ့ ကမ္ဘာ့လူဆင်းရဲနိုင်ငံစာရင်းဝင်သွားလို့ တအုံနွေးနွေးဖြစ်နေကြတဲ့ ၁၉၈၈ အခြေနေလိုပဲ စစ်အာဏာရှင်တွေနဲ့ ခရိုနီတွေ ဘိုးဘွာပိုင်မြေယာပါမချန် လက်ညှိုးထိုးရောင်းစား သိမ်းပိုက်ခံကြရတဲ့ ပြည်သူလူထုအများစုကြီးရဲ့ အထွေထွေ မကြေနပ်ချက်ဖြစ်နေတယ်။ လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီတွေကို မဆိုစလောက် အခွင့်အရေးလေးတွေနဲ့ အချိုသတ်ထား ထိန်းထားနိုင်ပေမယ့် ဗမာပြည်အနှံ့ လူထုရဲ့ တိုက်ပွဲမီးပွားတွေ ပျံ့နှံ့ဖြစ်ပေါ်နေတယ်။ ၈၈ တုန်းကလိုပဲ အထင်ကရပုဂ္ဂိုလ်များနဲ့ အင်အားစုဆိုတာတွေက လူထုတိုက်ပွဲတွေမှာ လက်တွေ့ကျကျပါဝင်ဖို့ တွန့်ဆုတ်နေတယ်။ အာဏာရှစ်စစ်အုပ်စုကတော့ အခြေအနေကို တွက်ဆမိတော့ ဗိုလ်နေဝင်းလို ဗြောင်မကျပေမယ့် သွယ်ဝိုက်ပြီး ခြိမ်းခြောက်နေတယ်။ ပြိတ္တာသန်းရွှေရဲ့ ငယ်ကျွန် မင်းအောင်လှိုင်က ပုဂံငကျွဲလို ထွက်လာတယ်။ ဘယ်လိုတွေပဲဖြစ်ဖြစ် ၈၈ ကလိုပဲ လူထုကတော့ သူ့သဘောသူဆောင် သမိုင်းဘီးလည်တဲ့အတိုင် သူ့ရည်မှန်းချက်ကိုရောက်အောင် ချီတက်သွားမှာမလွဲ ဖြစ်ပါတယ်။
ကျွဲဆိုတာကတော့ နွားထက်တောင်ထူထုံ ကြမ်းတမ်းတော့ ဗန်းမော်ဆရာတော်ရဲ့ မေတ္တာပို့နည်းနဲ့ပဲ ရပါလိမ့်မယ်။ ဗန်းမော်ဆရာတော်နဲ့ ဆရာတော်ကြီးတွေ ဆွမ်းစားကြွတော့ လမ်းမှာ ကျွဲဆိုးတကောင်က ရန်မူတာခံရတယ်။ ဆရာတော်ကြီးတွေက မေတ္တာပို့ကြ မေတ္တာပို့ကြဆိုပြီး အပြိုင်မေတ္တာပို့ကြတယ်။ ထူးမလာဘူး။ ခတ်မလို့ပြေးလာတဲ့ ကျွဲက နီးသထက်နီးလာတော့ ဗန်းမော်ဆရာတော်က အနီးကတွေရာ ကျောက်ခဲကြီးကြီးတလုံးနဲ့ ကောက်ပစ်လိုက်တော့မှ ကျွဲက ဝေးရာ ပြေးသွားတယ်။ ဒီတော့မှ ဆရာတော်ကြီးတွေက ဒို့မေတ္တာထက် ဗန်းမော့်မေတ္တာကမှ ထိရောက်သေးတယ်လို့ မိန့်ကြသတဲ့။ ဒါကြောင့် ကျွဲပြဲစီးလိုသူများ စီးမယ်ဆိုသူများ ဗန်းမော်ဆရာတော်ရဲ့မေတ္တာပို့မျိုး လေ့ကျက်ပွားစီးနိုင်ကြပါစေသော်။ ။
ရဲဘော်ကျော်သန်း
၁၉၊ ၁၊ ၂၀၁၄
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment