Thursday, December 19, 2013

ယုံကြည်မှု အရင်တည်ဆောက်ရမယ်တဲ့လား (အောင်စံအေး)

၈၈ ပွင့်လင်းက ကိုကိုကြီးက ဖွဲ့စည်းပုံပြင်ဖို့ထက် ယုံကြည်မှု အရင်တည်ဆောက်ရမယ်လို့ပြောလိုက်ကြောင်း မနေ့တနေ့က ဖေ့စ်ဘုတ်တွေထဲမှာဖတ်ရတော့ ပြောစရာရှိလာပါတယ်။ 

ပထမ တချက်က ပြီးခဲ့တဲ့ ၂ ပါတ်လောက်ကပဲ ဒေါ်စုက ကြီးလေးကြီးတွေ့ဆုံဖို့ တောင်းဆိုမှုကို ဦးသိန်းစိန်တို့ပယ်ချလိုက်ပြီးမကြာခင် ကိုမင်းကိုနိုင်က ဒေါ်စုကိုထောက်ခံကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီတော့ ခု ကိုကိုကြီးပြောတာနဲ့ ဘယ်လိုဆက်စပ်သလဲဆိုတာတော့ သူတို့တွေပဲ သိပါလိမ့်မယ်။ 

၈၈ ပွင့်လင်းတွေထဲမှာ မင်းကိုနိုင်ပြီးရင် ကိုကိုကြီးက သြဇာအကြီးဆုံးလို့ ပြောရမှာပါ။ ပြီးတော့ သူတို့တွေက မြန်မာ့နိုင်ငံရေးမှာ ဒေါ်စုပြီးရင် သြဇာအကြီးဆုံး နိုင်ငံရေးမျိုးဆက်လို့ပြောရင်လည်း မှားမယ် မထင်ပါဘူး။ ဒါပေမယ့်လို့လည်း ဆိုရေးရှိက ဆိုအပ်လှ၏ဆိုတဲ့စကားလို ပြောစရာရှိတာကိုတော့ ပြောရပါတော့မယ်။ ကိုကိုကြီး အပါအဝင် ၈၈ ပွင့်လင်းတွေအပေါ် ကျွန်တော်အမြင်ကို ပွင့်ပွင့်လင်းလင်းပဲ ဆွေးနွေးပါ့မယ်။ 


ကိုကိုကြီးရဲ့အပြောအဆိုတွေဟာ စဉ်းစားစရာဖြစ်ခဲ့တာ ရခိုင်အရေးအခင်းကတည်းကပါ။ နိုင်ငံခြားက ကျူးကျော်လာတဲ့သူတွေကို တပ်မတော်နဲ့လက်တွဲပြီး တိုက်ပွဲဝင်သင့်ရင် ဝင်ရမယ်ဆိုခဲ့သူပါ။ တိုင်းပြည်တခုမှာ ငြိမ်ဝပ်ပိပြားမှုပျက်ပြားပြီဆိုရင် တိုင်းပြည်အုပ်ချုပ်မင်းလုပ်နေသူဟာ အဓိက တာဝန်ရှိတယ်ဆိုတာကို အဲဒီတုန်းက ထည့်မပြောခဲ့ပါဘူး။ တနည်းပြောရရင်တော့ စစ်တပ်ကို မျက်စပစ်ခဲ့တာပါ။ 

နောက်တခါက ဒေါ်စု ပိုလန်မှာရောက်နေတုန်း ၈၈ ပွင့်လင်းတွေ ဦးသိန်းစိန်နဲ့ တွေ့ခဲ့ကြတာပါ။ ပုံမှန်ဆိုရင်တော့ သမ္မတနဲ့တွေ့ဆုံတယ်ဆိုတာ ကောင်းသောလက္ခဏာလို့ ပြောနိုင်မှာပါ။ ဒါပေမယ့် ဒေါ်စုက ဦးသိန်းစိန်အစိုးရကို ထိထိမိမိထောက်ပြနေတဲ့အချိန်ကျမှ တွေ့ခွင့်ရခဲ့ကြတာပါ။ နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာ မရှိပါဘူး၊ အစိုးရက ဒေါ်စုကို ချိန်ခွင်လျှာညှိဖို့ ထုတ်ရှိုးခဲ့တာပါ။ ဒီတော့ အပြန်အလှန်အနေနဲ့ ဂျင်မီက သမ္မတကြီးက မဆိုးပါဘူးဆိုပြီး မီဒီယာမှာ ထုတ်ပြောလိုက်တော့ ဒေါ်စုပြောတာတွေ ဝေဝါးသွားအောင်အလုပ်ခံခဲ့ရပါတယ်။ 

လက်ပံတောင်းအရေးကို ပြန်စဉ်းစားကြည့်ရအောင်ပါ။ လက်ပံတောင်းအရေးကို ကိုဂျင်မီနဲ့ ကိုဇော်ဇော်မင်းတို့ ဝင်ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် မသာချလွှတ်တာ ခံခဲ့ရပါတယ်။ သူတို့ကို လက်ပံတောင်းပြည်သူတွေက ဦးပိုင်လူ ၈၈ နဲ့ ဦးနှမ်းဖြူး ၈၈ လို့ ကဗျည်းထိုးခဲ့တာပါ။ လက်ပံတောင်းမှာ ဒေါ်စုလည်း ခံခဲ့ရတာပါပဲ။ သူမှားခဲ့တာ တခုပဲရှိပါတယ်၊ သူမပိုင်တဲ့ မီးလောင်ဗုံးကို မီးခိုးဗုံး ပြောပေးခဲ့ရတာပါ။ တကယ်တော့ ဒေါ်စုဟာ သိလျက်နဲ့ ငြိမ်းချမ်းရေးညီညွတ်ရေးအတွက် စတေးလိုက်ရတာပါ။ ဒါက ဒုတိယပါ။ 

ပထမကတော့ ၉၀ ရလဒ်ကိုပစ်ပြီး လွှတ်တော်ထဲ ဝင်ခဲ့ရတာပါ။ အဲတော့ဗျာ ဒေါ်စုအနေနဲ့ ရွေးချယ်စရာသိပ်မရှိလို့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဒါမှမဟုတ် ခင်ဗျားတို့ပြောနေတဲ့ ယုံကြည်မှုတည်ဆောက်ပြခဲ့တာ ဟိုဘက်ကမ်းတောင် ရာက်နေပါပြီ။ သူ ဒီလိုလုပ်သွားခဲ့လို့ ကျွန်တော်တို့ ဘယ်လောက်အသဲကွဲရတယ်ဆိုတာ စာဖွဲ့ပြမနေတော့ပါဘူး။ သူက ခေါင်းဆောင်ဖြစ်လို့၊ ပြီးတော့လည်း လူထုက ယုံကြည်နေလို့ ကျွန်တော်တို့လည်း ယုံယုံကြည်ကြည်ပဲ ကြည့်နေခဲ့ပါတယ်။ ကိုယ်တွေလည်း တတ်စွမ်းသရွေ့တော့အပြင်ကနေ ဝန်းရံခဲ့ပါတယ်။ တခုပဲပြောစရာရှိပါတယ်၊ ဒေါ်စုကို တကယ်ဝန်းရံနေတာ ၈၈ ပွင့်လင်းတွေထဲမှာ မင်းကိုနိုင်တယောက်ပဲ အထင်အရှား မြင်တွေ့ရပါတယ်။ 

ဒေါ်စုနဲ့ ဦးသိန်းစိန်တွေ့ဆုံမှုက မြန်မာ့နိုင်ငံရေးတခုလုံးကို ပြောင်းသွားစေခဲ့တာ အထွေအထူးပြောစရာမလိုပါဘူး။ ဒေါ်စုက ဦးသိန်းစိန် ရိုးသားကြောင်း ပြုပြင်ပြောင်းလဲရေးစိတ်ရှိကြောင်း၊ ပြည်သူတွေကိုရော နိုင်ငံတကာကိုရော ပြောဆိုပေးခဲ့လို့ နှစ်ပေါင်း ၅၀ လောက် လူရာမဝင်ခဲ့တဲ့သူတွေ လူရာသွင်းခံရတာ၊ ပိတ်ဆို့မှုတွေ ဖွင့်ပေးခဲ့တာ ဒေါ်လာ သန်းပေါင်းများစွာ ထောက်ပံ့ပေးခဲ့တာတွေဟာ ငြင်းမရပါဘူး။ ပြီးတော့ လွှတ်တော်ထဲမှာလည်း ဦးရွှေမန်းနဲ့အတူတွဲပြီး တတ်စွမ်းသရွှေ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပေမယ့် ဘာသာရေးပဋိပက္ခတွေဖန်တီးပြီး ဒေါ်စုရဲ့ တရားဥပဒေစိုးမိုးရေး ဥက္ကဋ္ဌရာထူးကို ပျက်ရယ်ပြုခဲ့ကြတာ မဟုတ်လား။ ပြီးတော့ ဒေါ်စုကို အသိမှတ်ပြုစကားတခွန်းလေးတောင် ဦးသိန်းစိန်ဆီကပြောခဲ့တာ ခင်ဗျားတို့ ကြားခဲ့ပါရဲ့လား။ သမ္မတကြီး သိန်းစိန်ကတောင် ငါတို့ ခေါ်တွေ့ရတာပဲဆိုတဲ့ အမြင်လောက်နဲ့လုပ်နေကြတာဆိုရင်တော့ တမျိုးပေါ့ဗျာ။ 

အဲဒီလို တရားလက်လွတ် ဖြစ်ချင်တိုင်းဖြစ်နေတော့ ခင်ဗျားအသံ မကြားရပါလား ကိုကိုကြီး။ 

မင်းကိုနိုင်က ရဲတွေရှိရဲ့နဲ့ လက်ပိုက်ကြည့်နေတယ်လို့ ရဲရဲဝံ့ဝံ့ပြာခဲ့တယ်။ ဒေါ်စုက တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေမှာ လုံးဝတာဝန်ရှိတယ်လို့ ပြောင်ဝေဖန်ခဲ့တယ်။ 

ခုနောက်ပိုင်းမှာ ထဲထဲဝင်ဝင် အတွင်းအပြင်အခြေနေ အလုံးစုံကိုရိပ်စားမိလာတဲ့ ဒေါ်စုက ရွေးကောက်ပွဲ ဝင်စဉ်တုန်ကပေးခဲ့တဲ့ ကတိအတိုင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဖို့ ဖိဖိစီးစီး ပြောဆိုဆောင်ရွက်လာခဲ့ပါတယ်။ ဒီလိုအချိန်မှာ ကိုမင်းကိုနိုင်တယောက်ပဲ ထောက်ခံကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။ ဘာဖြစ်လို့ ၈၈ ပွင့်လင်းအနေနဲ့ မထုတ်နိုင်ခဲ့တာပါလဲ။ 

ဖွဲ့စည်းပုံပြင်မယ် ဒါမှမဟုတ် အသစ်ရေးမယ်လို့ ခင်ဗျားတို့ပဲ ငွေရတုမှာ ပွဲကြီး ဝဲချီးခံပြီး ကမ္ဘာသိကြေညာခဲ့တာပဲ။ ဒီတုန်းက ဒေါ်စုကတောင် ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒနဲ့ ကွဲပြားမှုမရှိပါဘူးလို့ ပြောခဲ့သေးတာ အမှတ်ရမိပါတယ်။ အခု ကိုယ်ပြောခဲ့တာမေ့ပြီး ယုံကြည်မှုတည်ဆောက်ရေးက အဓိကဆိုတော့ ခင်ဗျားဟာကလဲ ဒီဘက်စင်မှာ တမျိုးပြော ဟိုဘက်စင်မှာ တမျိုးပြော။ တကယ့်နိုင်ငံရေးသမားဆို ဒီလိုမပြောသင့်ဘူးဗျ။ တကယ်က ပြင်မယ် ဒါမှမဟုတ် အသစ်ရေးမယ်လို့ ခင်ဗျားတို့ ဆုံးဖြတ်ချက်ချခဲ့တုန်းကတည်းက ဖားတပိုင်း ငါးတပိုင်း ပေါ်လစီပါလားလို့ ထင်ခဲ့မိသေးတယ်။ ခုတော့ဗျာ ဖန်တရာတေအောင် ကျွန်တော်တို့မြန်မာ့နိုင်ငံရေးမှာပြောတဲ့စကားလို ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းတဲ့ဇာတ်လမ်းက မပြီးသေးပဲကိုး။ တည့်တည့်ပြောရရင်တော့ ခင်ဗျားစကားတွေက စစ်တပ်ကို မျက်နှာချိုသွေးပြီး ကျုပ် မပါဘူးနော်လို့ ပြောနေတယ်လို့ပဲ မြင်မိပါတယ်။ အဲဒါဆိုလည်း ရှင်းရှင်းလင်းလင်း လုပ်သင့်တာပေါ့ဗျာ။ 

ပြောစရာတွေတော့ အများကြီးပေါ့ဗျာ၊ သက်ရှိသမိုင်းတွေကိုး။ လူထုတိုက်ပွဲတွေနဲ့ကင်းကွာနေတာ အဖွဲ့အစည်းဖွဲ့ပြီး အဖွဲ့လှုပ်ရှားမှုအားကောင်းမလာဘဲ ပုဂ္ဂိလ်ရေးတွေပဲ အားကောင်းလာတာ စသဖြင့်ပေါ့။ ချုပ်ကြည့်ရင်တော့ ခင်ဗျားတို့ ၈၈ ပွင့်လင်းတွေကြားမှာ ပုံမှန်ဆွေးနွေးတိုင်ပင်မှု မရှိဘူး။ လူတိုင်းက အထူးသဖြင့်စင်ပေါ်တက်ခွင့်ရနေသူတွေက ကိုယ်စီ အခွင့်ရေးကိုမျှော်ပြီး ပြောဆိုလုပ်ကိုင်နေကြတယ်။ သတ္တိရှိရှိလည်း ကိုယ့်လမ်းကြောင်းကို မရွေးရဲဘူး။ ညီညွတ်မှု အစည်းပြေနေတယ်။ ဒါကတော့ ကိုမင်းကိုနိုင်လည်း တာဝန်မကင်းဘူး။ ကျွန်တော်တို့လူထုက ခင်ဗျားတို့ကို သူတို့ဘက်တော်သားလို့ မြင်နေကြဆဲပါ။ သူတို့ရဲ့ခါင်းဆောင်တွေလို့ ယုံကြည်မျှော်လင့်ထားကြတာပါ။ 

ဒေါ်အောင်ဆန်းစုကြည်ကိုတောင် ယုံကြည်ပါတယ်ဆိုတဲ့စကား တခွန်းမပြောသူတွေရဲ့ ယုံကြည်မှုကိုရဖို့ ခင်ဗျားတို့ ဘယ်လိုနည်းလမ်းတွေနဲ့ ဖော်ထုတ်ဆောင်ရွက်မယ်ဆိုတာတော့ စောင့်ကြည့်ရပါအုံးမယ်။ သေချာတာတော့ ပြောလိုက်ပါ့မယ်၊ ခင်ဗျားတို့ ဒေါ်စုထက်ပိုပြီး လူထုအပေါ် သြဇာလွှမ်းမိုးနိုင်မှာမဟုတ်သလို စစ်အုပ်စုကလည်း ဒေါ်စုလောက် အရေးမထားဘူးဆိုတာပါပဲ။ လူထုမပါဘဲ ခေါင်းဆောင်ချင်း တိတ်တိတ်တွေ့ပြီး အဆင်ပြေမယ်လို့ ယုံကြည်နေတယ်ဆိုရင် ဒါမှမဟုတ် ငါတို့လည်း ဒေါ်စုလိုခေါင်းဆောင်ပဲလို့ မှတ်ထင်ထားကြရင်တော့ ဒီစကား ဒီမှာပဲရပ်လိုက်ကြရုံပါပဲ။ ကိုယ့်အခြေအနေမှန်ကို မှန်မှန်ကန်ကန် မြင်တတ်ကြသူတွေဆိုရင်တော့ ဒေါ်စုကိုဝန်းရံဖို့ဟာ ပဓာနကျတဲ့တာဝန်ဆိုတာ မြင်နိုင်ကြမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်။ 

တခုထပ်ပြီး ပြောပါအုံးမယ်။ ဖွဲ့စည်းပုံပြင်ဖို့ပြောနေတာ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေတာ မဟုတ်ပါဘူး၊ လွဲမှားတဲ့အယူအဆကိုဖြိုချဖို့ တနည်းပြောရရင်တော့ နှစ်ပေါင်းများစွာ ပုတ်ဆွေးနေတဲ့အနာကြီးကို ခွဲစိတ်ကုသဖို့ ကြိုးပမ်းခြင်းပါပဲ။ အဲဒါ ခင်ဗျားတို့ကိုယ်တိုင် မျှော်လင့်ခဲ့ကြတာပဲ မဟုတ်ပါလား။ 

အောင်စံအေး 

 

No comments: