ဒီတစ်ခါတော့ ဘာစိတ်ကူးပေါက်တယ် မသိပါဘူးဗျာ။ တစ်ယောက်ယောက်က မေးလာတယ်ဆိုပါစို့။ ဗျို့ ဘဘကြီးခင်ဗျား။ လူရာဝင်၊ သူရာဝင် အာလူးမပေးချင်ဘူးလားတဲ့ပေါ့လေ။ ဟဲ… ဟဲ… ဟဲ။ ဒါမျိုးလာလုပ်လို့ ဘာရမလဲ။ ကျုပ် ချက်ချင်းလက်ငင်း ပြန်ဖြေလိုက်မှာပေါ့။ ဟေ့လူ... ခင်ဗျား လူမှားနေပြီ။ ကျုပ်ကို အိမ်နီးချင်း နိုင်ငံရေးသူငယ်ပြန် အဘိုးကြီးထင်လို့ မေးတာလား။ သူ့သွားမေးလည်း သူက ပြန်ဟောက်မှာပေါ့ဗျာ။ သူက နဝေတိမ်တောင်၊ လူကြမ်းအဖွဲ့ အကြီးအကဲဆိုလား လုပ်ခဲ့တဲ့လူပဲဗျာ။ လူရာဝင်၊ သူရာဝင် အာလူးပေးစရာ ဘာလိုမှာလဲပေါ့။
ကျုပ်က ဘာအကြီးအကဲမှ မဟုတ်တာ။ လူရာဝင်စရာလည်း မလိုပါဘူး။ ကြီးတာဆိုလို့ ကျုပ်မှာ အသက်ပဲရှိတော့တာလေ။ အဲဒါကြီး စကားထဲထည့် ပြောမနေချင်ပါဘူး။ အခု ကျုပ်အသက်က ၈၅ ထဲမှာဆိုတော့ တင်တင်စီးစီးလေးပြောရရင် ဒီကနေ့ နိုင်ငံတော်သမ္မတတို့၊ လွှတ်တော်နာယကတို့ဆိုတာတွေတောင် ကျုပ်ရဲ့ညီပုလေးတွေအရွယ်လောက် ရှိသေးသဗျ။
အဲ… အဲ ဒီနေ့ ကျုပ်စကားပြောချင်တဲ့သူက နိုင်ငံတော်သမ္မတကြီးရဲ့ ပြောခွင့်ရဆိုလား၊ ဒုတိယဝန်ကြီးဆိုလား၊ ဗိုလ်မှူးကြီး ဘယ်သူဆိုလားက သူလည်း ငယ်ရှာမှာပေါ့။ ညီပုလေးရဲ့ညီပုလေးပဲ ဆိုပါတော့ဗျာ။
သူက ကျုပ်ကို လူရာမဝင်ဘူးထင်လို့ စကားပြန်မပြောချင်လည်း နေပလေ့စေပေါ့ဗျာ။ ကျုပ်က တစ်ဖက်သတ်ပြောချင်တယ်။ ဖိနပ်တစ်ဖက်အကြောင်း ပြောချင်တာပါ။
နာယကတွေ၊ ဒုဝန်ကြီးတွေ နို့စို့သေးပေါက် အရွယ်လောက်ရှိကြဦးမှာပေါ့။ အဲဒီအချိန်မှာ ကျုပ်က ပြင်သစ်သတင်းဌာန (AFP) မှာ ညအယ်ဒီတာ လုပ်သဗျ။ ကျုပ်က လူရာမဝင်လှပေမယ့် အာလူးတော့ ပေးတတ်တယ်ပေါ့ဗျာ။ မဆီမဆိုင်စကားနဲ့မို့ တိုတိုပဲပြောမယ်။ တစ်ညမှာ ရေချိုးခန်းကအပြန် ခုံဖိနပ်တစ်ဖက်ကို ကျုပ် ကြမ်းပြင်ပေါ် ပစ်ချလိုက်မိတယ်။
ငါ မှားသွားပြီ။ အောက်ထပ်က ညအိပ်မပျော်တဲ့ ဘကြီးနိုး (ဘကြီးမိုး မဟုတ်) တစ်ယောက်တော့ တက်လာတော့မှာပဲ။ ဟိုပြောဒီပြော လုပ်တော့မှာပဲ။ အဲဒါ သတိရတာနဲ့ ကျန်တဲ့ဖိနပ်တစ်ဖက်ကို လက်ထဲကိုင် ထိုင်ငိုင်နေမိတယ်။ ထင်တဲ့အတိုင်းပါပဲဗျာ။ ဘကြီးနိုး မိုးလင်းခါနီး အပေါ်ထပ်တက်လာတယ်။ တံခါးလာခေါက်တယ်။ ဘကြီးနိုးကပြောတယ်။ “ခင်ဗျားဖိနပ်တစ်ဖက် ကြမ်းပေါ်ပစ်ချကတည်းက ကျုပ် အိပ်လို့မရဘူး။ နောက်တစ်ဖက် ဘယ်တော့ပစ်ချမှာလဲဗျ။ ပစ်ချမယ်ဆိုလဲ မြန်မြန်လုပ်ပါဗျာ”တဲ့။
နှစ်ပေါင်း ငါးဆယ်ကျော်၊ ခြောက်ဆယ်က ဒီကိစ္စလေး သွားသတိရတာနဲ့ သမ္မတကြီးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်ကြီးကို ကျုပ်စကားပြောချင်လာတယ်။ ညအိပ်မပျော်တတ်တဲ့ ဘကြီးနိုးစကားမျိုးနဲ့ ပြောလိုက်ချင်တယ်ဗျာ။
“ဗျို့ ဆရာသမား ဒုဝန်ကြီးခင်ဗျား။ ဟိုး ဟို… တစ်လောက ပြောခဲ့တဲ့ စကားလေး ဆက်ပါဦးဗျာ။ ကျုပ်တို့ပြည်သူတွေ ရင်တမမ၊ ဖင်တကြွကြွ ဖြစ်နေပြီဗျ။ ဟိုစကားလေဗျာ။ လွှတ်တော်နာယကကြီး ဦးရွှေမန်းကို ခင်ဗျား ဆုံးမစကားပြောလိုက်တာလေ။
သီတင်းကျွတ်မှာ ဦးသန်းရွှေကို ဦးရွှေမန်း သွားကန်တော့တယ်။ ဦးရွှေမန်းက စိုးရိမ်တယ်ဆိုတဲ့ ဦးသန်းရွှေစကားတွေ ပြန်ပြောပြတယ်။ ဦးသန်းရွှေစကားကို ဦးရွှေမန်းကပြန်ပြောရင်း သမ္မတဦးသိန်းစိန် နောက်ထပ် အရွေးမခံတော့ဘူးလို့ သူ့ကို (ဦးရွှေမန်းကို) ပြောတယ်။ သူ့စကားက ဦးသန်းရွှေဆီက အမိန့်တော်ရစကားကို ထုတ်ပြန်ကြေညာသလိုလို။ ခင်ဗျားကိုယ်တော်တိုင်က သမ္မတကြီးရဲ့ပြောခွင့်ရပုဂ္ဂိုလ်လေဗျာ။ ဒီတော့ ခင်ဗျားကလည်း ဘယ်ငြိမ်ခံနေလိမ့်မတုန်း။ ပြန်ငေါက်ပစ်လိုက်တာပေါ့။
ဘာတဲ့။ ခင်ဗျားပြောတဲ့စကားက လူကြီးချင်း နှစ်ကိုယ်ကြားပြောတာ လူသိရှင်ကြား ဖွင့်မချသင့်ဘူး နိုင်ငံတကာကျင့်ထုံးနဲ့ မညီဘူး။ သမ္မတကြီးကိုယ်တိုင် လူသိရှင်ကြား ပြန်ပြောပြပါလိမ့်မယ်။ ဘာညာသာရကာပေါ့လေ။
ဒုဝန်ကြီးစကား ကြိုက်သဗျာ။ မီဒီယာသမားတွေကိုသာ ငေါက်တာ၊ ငမ်းတာ၊ ဆုံးမတာ၊ သွန်သင်တာ လုပ်တယ်လို့ ကျုပ်ကထင်နေတာ။ အခုလို လွှတ်တော်နာယကကြီးကို ငေါက်ငမ်းမာန်မဲလိုက်တာ ကြားရတော့ ကျုပ်ဖြင့် ကိုယ်တိုင်အငေါက်အငမ်း၊ အမာန်အမဲ ခံရသလိုမျိုး နားကြောစိမ့်သွားသဗျာ။
ဒုဝန်ကြီးပြောတဲ့စကားလေး ဆက်ပါဦးဆိုတာ အဲဒီစကားကြီးပေါ့ဗျာ။ ကျုပ်တို့လို နလပိန်းတုံး လူထုကြီးကတော့ အဲဒီစကားလေးရဲ့အဆက်ကို ဒုဝန်ကြီး နှုတ်ကပတ်တော်ကဖြစ်ဖြစ်၊ သမ္မတကြီးကိုယ်တိုင်ရဲ့ ဗျာဒိတ်တော်နဲ့ဖြစ်ဖြစ် စစ်စစ်မှန်မှန်ကြီးကြားချင်လို့ နားဆင်နေကြောင်းပါခင်ဗျား။
ဒုဝန်ကြီးစကားထဲမှာ သမ္မတကြီးကိုယ်တိုင် လူထုကို ရှင်းလင်းပြောကြားမယ်လို့ အတိအလင်း ဖော်ပြထားတော့ မမျှော်ကြဘဲ နေမလားဗျာ။ ဒုဝန်ကြီးက သမ္မတကိုယ်တိုင်ရဲ့ညွန်ကြားချက်အတိုင်းသာ စကားပြောတယ်လို့ဆိုထားဖူးတော့ သမ္မတကြီးရဲ့ အိညက်အိညက် မိန့်ခွန်းတော်မြွက်သံလေးကို မျှော်ကြရတာ နားတစ်ထောင်ရှည်ပြီဗျို့။
ဘယ်တော့လဲ… ဘယ်တော့လဲ။
ဘယ်တော့မှန်းမသိတာ ထားလိုက်။ ခရစ်နှစ်သက္ကရာဇ်ကြီးဟာ စုတေမနေကြွေတော့မယ်ဗျ။ ကျုပ်ကတော့ မြန်မာနှစ် သက္ကရာဇ်ကြီးကို မျှော်နေတယ်ဗျို့။ သင်္ကြန်အခါတော်ကြီးက နီးလာပေါ့ဗျာ။ သင်္ကြန်ပေါ်လာတော့မှာဗျ။ သံချပ်အော်လာတော့မှာဗျ။ ပြည်တွင်း သင်္ကြန်သံချပ်တွေ ဘယ်နှစ်သံချီမလဲတော့ မသိဘူး။ မနှစ်က အသံအကျယ်ဆုံး ပြည်ပသင်္ကြန်သံချပ်တွေကိုဗျ။ အဖွဲ့နာမည်က “သူသေကိုယ်ရှင်”တဲ့။
လာမယ့်သင်္ကြန်မှာ သမ္မတ၊ နာယက နောင်ဂျိန်သံချပ်တွေကတော့ လာမှာပဲ။ ခင်ဗျားတို့ မပြောခင်ကြလည်း နေလိုက်ကြပေါ့ဗျာ။ ကျုပ်တို့တော့ သံချပ်တွေကိုပဲ ကြောက်ကြောက်နဲ့ နားထောင်ရတော့ မပါ့ဗျာ။ သံချပ်တွေအော်သံကြားမလား။ တောက်ခေါက်သံပဲ ကြားမလား။ ကြားခွင့်ရတော့မှာပေါ့ဗျာ။
ဘယ်လိုပဲ နားထောင်ရ၊ ထောင်ရ။ ဘယ်ပုံပဲနားဆင်ခွင့်ရရပေါ့ဗျာ။ ကျုပ်တို့ ချစ်ခင်လေးစားရတဲ့ လူသိရှင်ကြား၊ ပွင့်လင်းမြင်သာ၊ မြန်မြန်ဆန်ဆန်၊ အချိန်မီ ထုတ်ဖော်ကြေညာချက်ကို မြင်ရကြားရရင် အကောင်းဆုံးပေါ့ဗျာ။
သူတို့က လက်ရှိ ဒီမိုကရေစီအပြောင်းအလဲကာလကြီးကို ဦးဆောင်နေကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေ မဟုတ်လားဗျာ။ ကျုပ်တို့ကတော့ နောက်ကောက်လည်းမမြင်ချင်ဘူး။ ဒေါက်ဒေါက်လည်းမကြားချင်ဘူး။ ၂၀၀၈ အခြေခံဥပဒေကြီး သက်ဆိုးရှည်နေသမျှ ကာလပတ်လုံး ကျုပ်တို့လို နလပိန်းတုံးတွေက ဗိုလ်ချုပ်ဟောင်းခေါင်းဆောင်ကြီးတွေနဲ့ ခရီးဆက်ကြရဦးမှာလေ။ ဒီတော့ သူတို့နှုတ်ဖျားက ကျုပ်ရဲ့ ကြားချင်တာက ဂရုဏာစုတ်သပ်သံလေးတွေပါပဲဗျာ။ ဟဲဟဲဟဲ…။
ခေါင်းဆောင်ကြီးများခင်ဗျား။ ဖိနပ်တစ်ဖက်ကို ပစ်ချခဲ့ပြီးပါပြီ။ ကျန်ဖိနပ်တစ်ဖက်ကိုလည်း မပျက်မကွက် ဆက်ဆက်ကြီး ပစ်ချ စွန့်ကြဲတော်မူပါဦးခင်ဗျား။ မကောင်းသူထိပ်၊ ကောင်းသူထိပ်ဖြစ်ချင်လည်း ဖြစ်ပါစေတော့ခင်ဗျား။
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ ။ အတွဲ(၂)၊ အမှတ်(၄၉)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment