တလောတုန်းကပဲ ရုပ်ရှင်မင်းသမီးတယောက်ရဲ့မောင်တစ်ဦး ယာဉ်မတော်တဆတိုက်မှုနဲ့ ကွယ်လွန်သွားတဲ့သတင်း ဖတ်လိုက်ရတယ်။ အများလိုက်နာရမယ့် စည်းကမ်းအတိုင်း လိုက်နာမှုမရှိလို့ ယာဉ်တိုက်မှုတွေနဲ့ သေဆုံးမှုတွေ မကြာခဏ သတင်းတွေမှာ ဖတ်ရတယ်။ မတော်တဆ ယာဉ်တိုက်မှုဆိုတာ သိပ်ဆန်းကျယ်တဲ့ အရာမဟုတ်ပေမယ့် စည်းကမ်းမဲ့မှုကြောင့် အကျိုးမဲ့ လူ့အသက်တွေ ဆုံးရှုံးကြတာ၊ ထိခိုက်ဒဏ်ရာရပြီး ကိုယ်အင်္ဂါချို့ယွင်းသွားကြတာ၊ ဆေးဖိုးဝါးဖိုးနဲ့ ယာဉ်ပျက်စီးမှုကြောင့် အကျိုးမဲ့ကုန်ကျသွားတဲ့ ငွေကြေးဥစ္စာတွေ အဟောတိကံဖြစ်ကုန်တာ မိသားစုတွေအတွက်သာမက မိမိတို့လူ့အဖွဲ့အစည်းအတွက်ရော၊ တိုင်းပြည်အတွက်ပါ ဝမ်းနည်းစရာကောင်းပါတယ်။
ဘုရားတပြီး ကားစီးပါ
မြန်မာပြည်ကို ခေတ္တအလည်သွားရောက်ပြီး ပြန်ရောက်လာသူတိုင်းက သူတို့အတွေ့အကြုံထဲက အားမလိုအားမရဖြစ်တာတွေ ပြန်ပြောတတ်တဲ့အထဲမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတတ်ကြတဲ့အကြောင်းက ထိပ်ဆုံးက ပါတတ်ပါတယ်။ “ဗမာပြည်ရောက်ရင် ကားမမောင်းရဲဘူး” “ဟိုမှာ ကားစီးရတာ၊ လမ်းဖြတ်ကူးရတာ ဘုရားတနေရတာပဲ” ဆိုတဲ့ ငြီးသံတွေ ပြန်လာသူတွေဆီက ကြားရတတ်တယ်။ ကျနော်တို့ငယ်ငယ် လွန်ခဲ့တဲ့ အနှစ်လေးဆယ်ကျော်လောက်က ရေဒီယိုကနေ “ယာဉ်အန္တရာယ် ×× စုပေါင်းကာကွယ်ပါမည် ×× လမ်းစည်းကမ်းကို လိုက်နာဖို့လိုပါသည် ×× ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည် ×× ဆိုပြီး လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းလိုက်နာရေး ဝါဒဖြန့်ချိရေးသီချင်းတွေ နေ့စဉ်လိုလိုကြားခဲ့ရတယ်။ အဆိုပါသီချင်း ဒီကနေ့ထိ ခေတ်စားမစားတော့ မသိ၊ ကျနော်တို့အိမ်နီးချင်း အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ခ်ျ နိုင်ငံတွေလိုပဲ မြန်မာပြည်က နေ့စဉ်ထုတ် သတင်းစာနဲ့ ဂျာနယ်တွေမှာတော့ ယာဉ်တိုက်မှုသတင်းကို မမြင်ချင်လို့ မရပါဘူး။
နိုင်ငံတကာရဲ့ မတော်တဆ ယာဉ်တိုက်မှု
WHO (ကုလသမဂ္ဂ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း) ရဲ့ ၂၀၁၀ ခု ထုတ်ပြန်တဲ့စာရင်းအရ ကမ္ဘာတဝှမ်းမှာ အနည်းဆုံး လူပေါင်း ၁.၂၄ သန်းဟာ မတော်တဆ ယာဉ်တိုက်မှုနဲ့ သေဆုံးခဲ့တယ်။ သေဆုံးမှုရဲ့တဝက်လောက်ဟာ လမ်းပေါ်သွားလာနေသူတွေ၊ စက်ဘီး ဆိုင်ကယ်နဲ့ တိုက်မှုတွေဖြစ်ပြီး သေဆုံးမှုရဲ့ ၅၉ ရာခိုင်နှုန်းမှာ အများအားဖြင့် ၁၅ နှစ်မှ ၄၄ နှစ်ကြား လူငယ်တွေဖြစ်ကြသလို အမျိုးသားတွေ များကြပါတယ်။ မတော်တဆဖြစ်မှုတွေရဲ့ ၉၂ ရာခိုင်နှုန်းဟာ ဝင်ငွေနည်းပါးတဲ့ အရှေ့တောင်အာရှနဲ့ အာဖရိကနိုင်ငံတွေက အဖြစ်များကြတယ်လို့ WHO က ဆိုပါတယ်။ လူဦးရေထူထပ်တဲ့ ကျနော်တို့အိမ်နီးချင်း အိန္ဒိယမှာ ယာဉ်မတော်တဆမှုနဲ့ သေဆုံးတာက တနှစ်ကို တသိန်းခွဲနီးပါးရှိပြီး ဂျပန်နိုင်ငံမှာ ၅၀၀၀ နီးပါး၊ အမေရိကားမှာ ၃၄၀၀၀ နီးပါး ၊ ယူကေမှာ ၁၇၀၀ (၂၀၁၂ စာရင်း) အရ သိရတယ်။
သေနှုန်း ၂ ဆတိုး
မြန်မာနိုင်ငံ ယာဉ်ထိန်းဌာနရဲ့ တရားဝင် သတင်းအချက်အလက်တွေအရကြည့်မယ်ဆို ၂၀၁၀ ခုနှစ်က ယာဉ်တိုက်မှုကြောင့် သေဆုံးမှု ၂၂၆၄ ခုရှိခဲ့ပြီး၊ ၂၀၁၁ ခုမှာ ၂၄၉၅ သေဆုံးခဲ့တယ်။ မနှစ်က သေဆုံးမှုကတော့ ၂၆၅၃ အထိ တိုးလာပါတယ်။ ယာဉ်တိုက်မှုသတင်း အရှိန်မကျသေးတာကြောင့် ဒီနှစ်၂၀၁၃ ဆိုရင်လည်း လျှော့ကျမယ့်သဘော မမြင်ရပါဘူး။ ယာဉ်ထိန်းရဲမှတ်တမ်းတွေအရ လွန်ခဲ့တဲ့ ၂၀၀၁ ခုကနေ ၂၀၁၂ ထိ ၁၁ နှစ်အတွင်း ယာဉ်မတော်တဆတိုက်မှုတွေကြောင့် သေဆုံးမှုဟာ ကိန်းဂဏန်း နှစ်ဆကျော်တိုးပွားသွားတာကို တွေ့ရမှာပါ။ ဘာကြောင့်ဒီလိုဖြစ်ရတာလဲဆိုတာကို သက်ဆိုင်တဲ့တာဝန်ရှိသူတွေက မှန်မှန်ကန်ကန် သုံးသပ်ရှုမြင်ကြဖို့ လိုအပ်ပါတယ်။
လမ်းနဲ့ယာဉ်၊ လူနဲ့လမ်း
မတော်တဆ ယာဉ်တိုက်မှုတိုင်းဟာ လမ်းချို့ယွင်းမှု၊ မော်တော်ယာဉ်စက်ချို့ယွင်းမှုနဲ့ လူရဲ့စည်းကမ်းမလိုက်နာမှုတွေက အခြေခံတာပဲဖြစ်တယ်။ မှတ်တမ်းတွေအရ မြန်မာနိုင်ငံ တနိုင်ငံလုံး ကားလမ်းအရှည် ကီလိုမီတာ တသိန်းခွဲကျော် ရှည်လျှားပါတယ်။ လမ်းရဲ့ ကြံ့ခိုင်ကောင်းမွန်မှုက ကီလိုမီတာ ၃ သောင်းကျော်သာ ရှိပါတယ်။ လမ်းအားလုံးရဲ့ ၂၁. ၆၈ ရာခိုင်နှုန်းသာ ကောင်းမွန်တယ်လို့ သိရတယ်။ ကျနော်တို့ငယ်ငယ်ကတည်းက အင်္ဂလိပ် ကိုလိုနီဘဝကတည်းက ဖောက်လုပ်ခဲ့တဲ့ ရန်ကုန် - မန္တလေး အဝေးပြေးကားလမ်းကြီးရဲ့ အစိတ်အပိုင်းတွေကို ဖာထေးပြုပြင်နေတာ ဒီကနေ့အထိပါပဲ။
လမ်းနဲ့ပတ်သက်တဲ့ လူရွှင်တော်ပျက်လုံးတွေတောင် ပေါ်ခဲ့ပါတယ်။ “တခါထဲ မကောင်းစေနဲ့၊ ခဏခဏပြင်မှ ကြာရှည်ဝါးရမယ်” “ကတ္တရာစေးနဲ့ဆောက်တဲ့ အရာရှိတိုက်” “တခြားနိုင်ငံက ငွေနဲ့ လမ်းလုပ်တယ်၊ မြန်မာက လမ်းနဲ့ ငွေလုပ်တယ်”။ စစ်အစိုးရခေတ်က လမ်းတံတားဖောက်လုပ်မှုကို ဂုဏ်ယူပြီးပြောလေ့ရှိပေမယ့် အဆိုပါလမ်းတံတားတွေရဲ့ ခံနိုင်ရည်နဲ့ ရေရှည်ကြံ့ခိုင်မှုအနေအထားတွေလည်း ပြန်လည်စိစစ်သင့်ပါတယ်။ ရေရှည်နဲ့ အကျိုးဆက်တွေမစဉ်းစားဘဲ တကောင်းခေတ် ကံရာဇာငယ် သစ်ခက်နဲ့ ယာယီနန်းတည်သလို ဖုတ်ပူမီးတိုက်ဖောက်ခဲ့တဲ့ နေပြည်တော် သေမင်းတမန် အဝေးပြေးကားလမ်းကြီးမှာ ယာဉ်မတော်တဆ တိမ်းမှောက်မှုများစွာနဲ့ ကြုံခဲ့ရ၊ ကြုံနေရဆဲ။
တခါတုန်းက ရခိုင်ပြည်နယ်က လူငယ်တယောက် သူ့အတွေ့အကြုံလေးပြောပြခဲ့တာ မှတ်မိနေပါတယ်။ သူတို့မြို့နယ်မှာ လမ်းဖောက်လုပ်ရေးနဲ့ ကိုယ်ထူကိုယ်ထ တံတားဆောက်ဖို့ အိမ်တိုင်းစေ့ သစ်၊ ဝါးတွေယူဆောင်ပြီး လုပ်အားပေးရပါတယ်။ သစ်ခုတ်ဖို့ အချိန်လည်းမပေးနိုင်၊ အမိန့်နဲ့ခိုင်းတာကိုလည်း မကျေနပ်တော့ အမှန်တကယ် တံတားဆောက်ရာမှာ ရာထားတဲ့သစ် အရေအတွက်မပြည့်တော့ပါဘူး။ ဒါနဲ့ ငှက်ပျောတုံးတွေကြားညှပ်ထည့်ပြီး အချိန်မီတံတားဆောက်လိုက်ကြတယ်လို့ သိရပါတယ်။ ငှက်ပျောတုံးကြမ်းခင်းတံတား ဘယ်လောက်ကြာကြာခံမလဲ စာဖတ်သူတို့သာ တွေးကြည့်ကြပါတော့။ အုပ်ချုပ်သူတွေနဲ့ ပြည်သူတွေအကြား ယုံကြည်မှုပျက်ပြားတဲ့အခါမှာလည်း စီမံကိန်းတွေဟာ ချို့ယွင်းကြန့်ကြာတတ်ပါတယ်။
စည်းမဲ့စိတ်ကို တားဆီး
ယာဉ်စည်းကမ်းနဲ့ လမ်းဥပဒေမလိုက်နာမှုက အခြေခံကျနေပါတယ်။ လူဦးရေထူထပ်မှုနဲ့ ကျင့်ဝတ် စိတ်ဓာတ် မစောင့်ထိန်းမှုကလည်း မီးလောင်ရာလေပင့်မှုတွေပါ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ယာဉ်အချက်ပြ မီးပွိုင့်ယာယီပျက်သွားတဲ့အခိုက်အတန့်မှာ ယာဉ်မောင်းသူတွေ ဟွန်းတပွမ်ပွမ်နဲ့ သူ့ထက်ကိုယ် ဦးအောင်လမ်းဖြတ်ရင်း နောက်ဆုံး ယာဉ်ကြောပိတ်ဆို့ပြီး အငြင်းပွားမှု၊ ဆူပူအော်ဟစ်ပြီး ယာဉ်ထိန်းရဲ မလာမချင်း ကားဟွန်းသံတညံညံနဲ့ ကမ္ဘာပျက်မတတ်ဖြစ်နေတာကို အကြိမ်ကြိမ် အလီလီ မြင်ခဲ့ဖူးပါတယ်။ မီးစိမ်းပြလို့ မျဉ်းကြားက ကူးခွင့်ရတာတောင် စိတ်လုံခြုံမှုမရှိဘဲ တောင်ကြည့်မြောက်ကြည့်နဲ လမ်းကူးရပါတယ်။ မီးနီပြတာကို ဂရုမစိုက်ဘဲ ဖြတ်မောင်းလို့ လမ်းကူးသူတွေ ယာဉ်တိုက်ခံရတဲ့ ဖြစ်ရပ်တွေလည်း မနည်းတော့ပါ။
စာရေးသူဟာ အိန္ဒိယက ယာဉ်မောင်းသင်တန်းတက်ခဲ့ဖူးပါတယ်။ သင်တန်းဆရာက “ဘေးကိုလည်း ဂရုမစိုက်နဲ့ နောက်က ကားလာလည်း ဂရုမစိုက်နဲ့ ကိုယ့်ရှေ့က သွားရမယ့်လမ်းကြောင်းပဲ ဂရုစိုက်” လို့ မှာပါတယ်။ အကျိုးဆက်က မိမိလမ်းကြောင်းအတွက်သာကြည့်ပြီး တခြားယာဉ်ကြောကို ဂရုမစိုက်လို့ ယာဉ်တိုက်မှု မကြာခဏဖြစ်ရတာပါပဲ။ ဒီကနေ့ အိန္ဒိယက အကျင့်စရိုက်နဲ့ လုပ်ဆောင်မှုတွေ မြန်မာပြည်မှာလည်း ကြုံနေရပါပြီ။
စာရေးသူ နော်ဝေးနိုင်ငံ (အော်စလို) ရောက်တော့ ပထမဆုံးဖြစ်ပေါ်မိတဲ့ စိတ်ခံစားမှုက “လုံခြုံမှု” ကို ခံစားရတာပဲဖြစ်တယ်။ ယခင်နေထိုင်ခဲ့ဖူးတဲ့နိုင်ငံတွေနဲ့ သိသာကွဲပြားတဲ့ စိတ်လုံခြုံမှုကို နယ်ပယ်တိုင်းမှာ ကြုံတွေ့ရတယ်။ ကားဟွန်းသံဆိုတာ မကြားရသလောက်ပါပဲ။ မီးပွိုင့်မထားတဲ့ မျဉ်းကြားတိုင်းကို ဘယ်လောက်ပဲ ကားထူထပ်နေပါစေ စိတ်ချလက်ချ ရဲရဲတင်းတင်းဖြတ်ကူးနိုင်ပါတယ်။ လူတယောက်ဖြတ်ဖို့လာတာနဲ့ ကားတွေက မျဉ်းကြားမရောက်မီ နှစ်မီတာ အလိုမှာ ရပ်တန့်ပေးပါတယ်။ လူသွားမီးပွိုင့်ရှိတဲ့ မျဉ်းကြားတွေမှာတော့ အချက်ပြမီးတိုင်မှာရှိတဲ့ ခလုတ်ကိုနှိပ်လိုက်ရင် (ချက်ချင်းမဟုတ်ပေမယ့်) အချိန်အနည်းငယ်အတွင်း လူသွားဖို့ မီးစိမ်းအချက်ပြတတ်ပါတယ်။
ယာဉ်မောင်းလိုင်စင်ရဖို့ကိုလည်း စာတွေ့နဲ့ လက်တွေ့နှစ်မျိုးလုံးကို သေချာစမ်းသပ်ခံရပြီး အောင်မြင်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ လူတယောက်ကို ယာဉ်မတော်တဆတိုက်မှုဖြစ်ရင် လိုင်စင်ရုတ်သိမ်းခံရသလို မြောက်မြားတဲ့ လျော်ကြေးငွေတွေပေးရတဲ့အထိ ပြင်းပြင်းထန်ထန် အရေးယူတတ်လို့ ယာဉ်စည်းကမ်းကို အထူးသတိထားလိုက်နာကြပါတယ်။
မြန်မာပြည်မှာတော့ ငွေပေးရင်၊ အထက်လူကြီးနဲ့ ပြေလည်ရင်၊ သြဇာအာဏာရှိသူနဲ့ နီးစပ်ရင် အလွယ်တကူ လိုင်စင်ရနေသလို စည်းမဲ့ကမ်းမဲ့ မော်တော်ယာဉ်မောင်းနှင်မှု၊ ယာဉ်တိုက်မှုတွေကိုလည်း စနစ်တကျ အရေးယူတာမျိုးမရှိဘူးလို့ သတင်းတွေ ထွက်ပေါ်နေတတ်ပါတယ်။ စစ်အာဏာရှင်တွေ ကြီးစိုးနေတဲ့တချိန်က ကားခေါင်းရှေ့မှာ ဗိုလ်မှူး၊ ဗိုလ်ချုပ်အဆင့်အသုံးပြုတဲ့ ဦးထုပ်လေး မြင်အောင်ပြထားရုံနဲ့ ယာဉ်ထိန်းရဲ၊ မီးပွိုင့်တွေကို အလေးမမူ ဖြတ်ကျော်သွားခဲ့ဖူးတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။ ညလူခြေတိတ်ချိန် ရာထူးကြီး၊ ပိုက်ဆံရှိသူတွေရဲ့ သားသမီးများ ကားပြိုင်ပွဲသတင်းတွေလည်း ကြားဖူးပါတယ်။ ဒီလိုအပြုအမူနဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေမဲ့ စည်းမဲ့ကမ်းမဲ့ စိတ်ဓာတ်နဲ့ ကျင့်ဝတ်လျော့ရဲတဲ့သဘောတွေကို ပြသနေတာဖြစ်တယ်။
ဒီမိုကရေစီနိုင်ငံသစ်ကိုတည်ဆောက်ရာမှာ ဥပဒေနဲ့ ကျင့်ဝတ်ဟာ အခရာကျပါတယ်။ သူများတကာစည်းဖောက်လို့ ကိုယ်ကလိုက်ဖောက်တာမျိုးဆိုရင် ဘယ်လိုနည်းနဲ့မှ တည်ဆောက်လို့ မပြီးမြောက်ပါ။ တိုးတက်ဖွံ့ဖြိုးတဲ့ ဥရောပနဲ့ အနောက်နိုင်ငံတွေမှာကြည့်ရင် ဥပဒေနဲ့စည်းကမ်းကိုလေးစားလိုက်နာပြီး လူ့ဂုဏ်သိက္ခာနဲ့အညီ ကျင့်ဝတ်မပျက် နေထိုင်ကြတာကို တွေ့ရပါတယ်။ လူတိုင်းလူတိုင်း လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းနဲ့ လူ့စည်းကမ်းတွေကို တလေးတစား ကျင့်ကြံအားထုတ်ကြမယ်ဆိုရင် လမ်းနဲ့လူ၊ လူနဲ့ယာဉ်၊ ယာဉ်နဲ့လမ်း ဟန်ချက်ညီတဲ့ အေးငြိမ်းမှုကိုရကြမှာပါ။
ကိုညို (အော်စလို)
၁၃ ဒီဇင်ဘာ၊ ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment