ဘဝ၏အတိတ်ဆိုးများ တည်ရှိခဲ့ရာ “အေးရွာ” ဟု ဆိုရမည်။ ကျနော့်ကိုမွေးဖွားခဲ့သည်မှာ အေးရွာ ဖြစ်ခဲ့သလို ဘဝဒဏ်ရာဒဏ်ချက်တို့ကလည်း အေးရွာ၌ပင် အစပြုခဲ့ရသည်။ လူ့ဘဝထဲသို့ မုန်တိုင်း ကြမ်းကြမ်းနှင့် ဝင်ရောက်ခဲ့ရသည့် ကျနော်၊ မာတာမိခင်က ကျနော့်ကိုမွေးပြီးသည်နှင့် မရဏမင်း၏ခေါ် ဆောင်ရာသို့ ကောက်ကောက်ပါအောင်လိုက်သွားခဲ့ရသည်။
အမိမဲ့သားကျနော့်ကို မေတ္တာသက်ဝင် ချစ်ခင်ကြရမည့်အစား ဂြိုဟ်ဆိုးဖြင့် ဝင်ရောက်လာသူတစ်ဦးအဖြစ်သာ အားလုံးက လက်ခံယုံကြည် အသိအမှတ်ပြုခဲ့ကြသည်။ အမေ့နာရေးကြောင့် ရပ်နီးရပ်ဝေးမှ ဆွေမျိုးသားချင်း အတော်များများလည်း လာခဲ့ကြသည်။ မည်သူမျှ လိုလိုလားလား ကျနော့်ကို မနှစ်သက်ကြ။ စွန့်ပစ်မည့်ဘေးပင် နီးကပ်ခဲ့ရသည်။ ကံတရားသည် တရံတခါ ဆန်းကြယ်လွန်းသည်ဟု ဆိုရမည်။ အမေ့ညီမဝမ်းကွဲတော်စပ်သူ အမေ လုံးရီ က ကျနော့်ကိုမွေးရန် တာဝန်ယူလိုက်သည်။ အမေလုံးရီသည် အပျိုကြီးတစ်ဦးလည်းဖြစ်သည်။
အားလုံးက ဝိုင်းဝန်းရှုတ်ချ ပြစ်တင်ကြသော်လည်း အမေလုံးရီက မမှုခဲ့။ အရာအားလုံးကို ဥပက္ခာပြုပြီး ကျနော့်ကို ကျွေးမွေးစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည်။ အမေ့နာရေးပြီးသည်နှင့် အဖေလည်း ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။ နောက်ပိုင်းသိလိုက်ရသည်က တပ်မတော်ထဲ ဝင်ရောက်သွားကြောင်းပင်။ အမေလုံးရီနေထိုင်ရာ သန်လျင်-ကျောက်တန်း ရေလယ်ဘုရား အနောက်စူးစူးရှိ ကရက်ရွာလေးသို့ အနှီးထုပ်ဘဝနှင့်ပင် ကျနော်ရောက်ရှိခဲ့ရသည်။
အမေလုံးရီသည် ကျနော့်ဘဝ၏ ကယ်တင်ရှင်ဖြစ်ယုံတင်မက လောကဓံကို ရဲရဲရင်ဆိုင်လျှောက်လှမ်းနိုင်ရန်အတွက် ခွန်အားများစွာကို ဆောင်ကြဉ်းပေးခဲ့သည်။ ပုံပြင်ဝတ္ထုပေါင်းများစွာနှင့်လည်း မိတ်ဆက်ပေးခဲ့ဖူးသည်။ သူ့ဘဝသည် ကျနော့်ဘဝ၊ ကျနော့်ဘဝသည် သူ့ဘဝသာ ဖြစ်ခဲ့သည်။ ဖခင်ဆိုသော နာမ်စားစကားလုံးမျိုးကို ကျနော် မလိုလားမတောင့်တခဲ့။ အမေလုံးရီ၏ ချစ်ခြင်းမေတ္တာနှင့်ပင် ပြီးပြည့်စုံနေခဲ့ရသည်။ ကျနော့်ဘဝ၏ ကံကြမ္မာတဆစ်ချိုးသည် ကြောက်မက်ဖွယ်ရာ ကောင်းသည်ဟု ဆိုရပေမည်။ ကျနော် ခုနှစ်နှစ်သားအရွယ် မိဘတို့ဝတ္တရားရှိသည့်အတိုင်း အမေလုံးရီက ရှင်ပြုမင်္ဂလာ ပြုလုပ်ပေးခဲ့သည်။ ကိုရင်လေးဘဝနှင့် ကျနော့်ကို ဆွေပြမျိုးပြအဖြစ် အမေလုံးရီက အေးရွာသို့အလည်ခရီး ခေါ်ဆောင်လာခဲ့သည်။
မွေးအမေ၏ ဘိုးဘွားတို့မှာ နှစ်ရှည်လများ စွန့်ပစ်ခဲ့သော ကျနော့်ကို ရုတ်တရက် ပြန်တွေ့လိုက်တော့ အံ့သြမှင်သက်မိနေကြသည်။ ကျနော့်ကိုဖက်၍ ငိုကြရင်းတမလွန်မှ အမေ့ကိုလွမ်း ဆွတ်နေကြသည်မှာ မယုံနိုင်ဖွယ်ရာပင်။ အဖိုးအဖွားများက အေးရွာတွင် ကျနော့်အား ခေတ္တထားခဲ့ရန်အတွက် အမေလုံးရီကို ဝိုင်းဝန်းဖျောင်းဖျ နားချနေကြလေသည်။ နောက်ဆုံး အမေလုံးရီလည်း စိတ်ချယုံကြည်စွာဖြင့် ခေတ္တထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ ရှင်သာမဏေ ကျနော့်ကို ထိုင်ကန်တော့လိုက်၊ နမ်းရှုံ့လိုက်နှင့် ပါးစပ်ကလည်း “သား၊ ကိုရင်လေး ခုနှစ်ရက်ပြည့်ရင် အမေ့ဆီကို မြန်မြန်ပြန်လာခဲ့နော်၊ အမေ သားကိုရင်လေးကို ရွာထိပ်က ထန်းပင်ကြီးအောက်မှာ လာကြိုနေမယ်နော်” ဟု တဖွဖွမှာကြားရင်း လှေဆိပ်သို့ဆင်း၍ လက်ခတ်လှေလေးဖြင့် လက်ပြနှုတ်ဆက်ထွက်ခွာသွားတော့သည်။
အမေလုံးရီ ထွက်ခွာသွားပြီးသည်နှင့် အဖိုးအဖွားတို့မှာ အောင်ပွဲကြီးတစ်ခုရလိုက်သည့်နှယ်။ အမေ လုံးရီနှင့် ကျနော့်ဘဝကို ရက်ရက်စက်စက် ပိုင်းခြားလိုက်ကြတော့သည်။ အဖိုးအဖွားများမှ ကျနော့်ကို အမေလုံးရီထံပြန်မပို့လိုသောကြောင့် ရန်ကုန်မြို့၊ ကြံတောသင်္ချိုင်းထဲရှိ ဘုန်းတော်ကြီးကျောင်းတစ်ခု၌ သွားရောက်ဖွက်ထားခဲ့ကြသည်။
ခြောက်လခန့်ကြာသောအခါ အဖေ့ဘက်မှဆွေမျိုးများ ဘုန်းကြီးကျောင်းသို့ရောက်ရှိလာခဲ့ပြီး သူတို့နေထိုင်ရာအိမ်သို့ ထပ်မံခေါ်ဆောင်သွားခဲ့ကြပြန်သည်။ အမေလုံးရီနှင့် ကျနော့်ကို ကံကြမ္မာက မည်သို့မျှ ပြန်လည်ပေါင်းစည်းခွင့်မပြုခဲ့။ အချိန်တို့သည် ဘဝကို တဖြည်းဖြည်း ဝါးမြိုလာခဲ့သည်။ မြန်မာနိုင်ငံတွင် ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက် ဘဝကို အစုန်အဆန်ကူးခတ်ရင်း ယခုတဖန် အေးရွာသို့ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။ နှစ်အတော်တော်ကြာကြာ ဝေးကွာနေသော အမေလုံးရီထံသို့ အရောက်သွားမည်ဟုဆုံးဖြတ်၍ ကရက်ရွာသို့သွားရန် ကျနော် ပြင်လိုက်သည်။ ဟိုးယခင်က သံလျင်-ကျောက်တန်းသို့သွားလျှင် သီတာ သင်္ဘောကိုစီးကာသွားရသော်လည်း ယခု သန်လျင်-ရန်ကုန်တံတားကြီး ရှိနေပေပြီ။ သွားရေးလာရေးက လွယ်လင့်တကူ။
သန်လျင်သွားမည့် လိုင်းကားကိုစီးရင်း မတွေ့တာကြာပြီဖြစ်သော အမေလုံးရီကိုတွေ့ချင်သည့်စိတ်က တားမရ၊ ဆီးမရ။ အမေသည်လည်း ကျနော့်ကို မျှော်လင့်စောင့်ကြိုနေမည့်အကြောင်း စဉ်းစားမိပြန်တော့ ဝမ်းနည်းသွားရပြန်သည်။ အမေလုံးရီ ကျနော့်ကို အပြစ်ဆိုမည်လား၊ နားလည်ခွင့် လွှတ်ပေးနိုင်မည်လားဆိုသည့်အတွေးကလည်း ရင်ကိုလှိုက်မောစေခဲ့ပြန်သည်။ မည်သို့ပင်ဆိုစေ အမေလုံးရီနှင့်တွေ့လျှင် အကြောင်းအရာအားလုံးကို အသေးစိတ်ရှင်းပြမည်။ တောင့်တမက်မောခဲ့သည့် အမေလုံးရီရင်ခွင်ထဲ မှေးစက်အနားယူမည်ဟုတွေးရင်း စိတ်ကူးနှင့်ရူးနေရသည့်ကျနော်။
ကျောက်တန်းရေလယ်ဘုရားရောက်သည်နှင့် လိုင်းကားလေးက ထိုးဆိုက်ရပ်နားလိုက်တော့သည်။ ကားပေါ်မှဆင်းလိုက်တော့ ယောင်နနဖြစ်သွားခဲ့ရပြန်သည်။ ပတ်ဝန်းကျင်အသစ်အဆန်းတစ်ခုကို ရောက်ရှိသကဲ့သို့ တအုံနွေးနွေးဖြစ်ပေါ်ခဲ့ရသည်။ ငယ်စဉ်က ကရက်သို့သွားလျှင် နွားလှည်းကြုံနှင့်သာ သွားကြသည်။ လမ်းလျှောက်လျှင် အတော်ကလေး ဝေးလံလွန်းသည်။ ယခု နွားလှည်းများပျောက်၍ အငှားမြင်းလှည်းများက အစားထိုးဝင်ရောက်နေကြောင်း သိလိုက်ရသည်။ ကျနော့်နံဘေးတွင်ရပ်ထားသော မြင်းလှည်းသမားကို “ဦးလေးရေ ကရက်သွားချင်လို့ လိုက်ပို့ပေးနိုင်မလား” ဟု မေးလိုက်သော တခဏ မြင်းလှည်းသမားက ကျနော့်ကိုစိုက်ကြည့်ရင်း သူနှုတ်ဖျားမှထွက်ပေါ်လာသောစကားသံကြောင့် ကျနော် အရုပ်ကြိုးပြတ်ပမာ လဲကျလုမတတ်ဖြစ်သွားခဲ့ရသည်။
“တူလေး မင်းပြောတဲ့ ကရက် ဆိုတာ အခုမရှိတော့ဘူးကွ” ဟူ၍ဖြစ်သည်။ “ဘယ်လိုဖြစ်ရတာလဲ ဦးလေးရယ်” ဟု ကျနော် တုံ့ပြန်မေးလိုက်သောအခါ မြင်းလှည်းသမားမှ ဆက်၍ရှင်းပြလေတော့သည်။ “ဟုတ်တယ် တူလေး၊ အစိုးရက ရွာကိုဖယ်ခိုင်းလိုက်တယ်။ လယ်ယာကိုင်းတွေ၊ ငါးကန်တွေ ဘာဆိုဘာတစ်ခုမှ မကျန်တော့ဘူးကွဲ့။ သစ်ပင်ကြီးတွေတောင် မြေကော်စက်တွေနဲ့ တွန်းလှဲပစ်ခဲ့ကြတာ အခုတော့ လွင်တီးခေါင်ခေါင်ဖြစ်ကုန်ကြပြီပေါ့ကွာ။
လယ်ယာမြေအားလုံးကို အလင်းဝင်လာတဲ့ ဘိန်းဘုရင် ခွန်ဆာဆိုတဲ့လူက အစိုးရစီက ဝယ်လိုက်တယ်။ အခုတော့ ငါး-ပုစွန် မွေးမြူရေးကန်တွေ တူးနေကြလေရဲ့။ ရွာကလူတွေလည်း အလုပ်လုပ်ခွင့် မရရှာကြဘူး။ ယိုးဒယားတွေပဲ အလုပ်လုပ်နေကြတယ်။ ငါ့တူ နောက်တော့ မင်း မြင်ပါလိမ့်မယ်” ဟု ဆိုလိုက်သည်။ “ဒါဆို ရွာကလူတွေ ဘယ်ရောက်ကုန်ပြီလဲ ဦးလေး” ဟုမေးလိုက်ပြန်ရာ “ရှိပါတယ်ကွာ၊ အစိုးရ ပြန်လည်ချထားပေးတဲ့ စုစည်းရွာမှာလေ၊ မြေကွက်ကျဉ်းကျဉ်းကလေးတွေတော့ ပြန်ရကြတာပေါ့၊ ဒါပေမယ့် ဘဝတွေက အဖတ်ဆယ်လို့မရသလို အနာဂတ်ဆိုတာ ရီစရာပျက်လုံးတစ်ခုလားလို့တောင် အောက်မေ့ရတယ်၊ တချို့က စက်ချုပ်ရုံတွေမှာ အလုပ်ဝင်လုပ်သူလုပ်၊ ငါ့လို မြင်းလှည်းမောင်းသူ မောင်းပေါ့။ ဝမ်းရေးအတွက် ရရာအလုပ်ကိုလုပ်ပြီး မသေရုံတမယ် ရပ်တည်နေကြရတာပေါ့ ငါ့တူရယ်” ဟု ဆွေးမြေ့ကြေကွဲဖွယ် မြည်တမ်းလိုက်လေသည်။
ဒါနဲ့တစ်ဆက်တည်း “ငါ့တူက ကရက်ရွာကိုသိတယ်ဆိုတော့ ဘယ်သူတွေကို သိတာလဲကွ၊ ငါက ကရက်ရွာသားပဲလေကွာ” ဟု သူ့ကိုယ်သူ မိတ်ဆက်ပေးပြန်သည်။ ကျနော့်နှုတ်ကလည်း တုံ့ဆိုင်းမနေတော့ပဲ “ဦးသိန်းမောင်၊ ဒေါ်သန်းနွဲ့ရဲ့သမီး အမေလုံးရီရဲ့သား ဝင်းကိုကြီး လေ” ဟုဖြေလိုက်သောအခါ မြင်းလှည်းသမားမှ ကျနော့်ကိုငေးကြည့်ရင်း မှင်သက်သွားပုံရသည်။ ခေါင်းကိုလေးလေးသွဲ့သွဲ့ငြိမ့်ရင်း “အော် မင်းတောင် အတော်ကြီးနေပြီပဲ၊ ဘဝတွေကလည်း မယုံကြည်နိုင်စရာအပြည့်နဲ့ပါလားကွာ” ဟု ဦးတည်ရာမဲ့ပြောနေသည့်စကားကို ကျနော် ကောင်းစွာနားမလည်နိုင်ခဲ့။
“ဦးလေးရေ အမေ နေကောင်းရဲ့လားဗျာ၊ ကျနော်အမေ့ကို အရမ်းတွေ့ချင်နေပြီဗျ၊ အမေ ကျနော့်ကို အရမ်းမျှော်လင့် တောင့်တနေမယ်ဆိုတာ ကျနော် သိပါတယ်၊ ဘဝပေးအခြေအနေအရပ်ရပ်ကြောင့် ချစ်လျက်နဲ့အမေနဲ့ ဝေးနေရတာပါ ဦးလေးရာ” ဟု ဆိုလိုက်မိပြန်သည်။ မြင်းလှည်းသမား ဦးလေးကလည်း “အေး အေး၊ မင်းသိပ်ချစ်တဲ့ မလုံးရီက မင်းထက်ပိုချစ်လိမ့်မယ်လို့ ငါယုံကြည်တယ်ကွာ။ မင်းရွာက ပျောက်သွားပြီးတဲ့နောက် နေ့စဉ်ရက်ဆက် မင်းအမေရွာထိပ်က ထန်းပင်ကြီးအောက်မှာ လာစောင့်နေတာ ဒီနေ့ထိပဲ” ဟု ဆိုလာခဲ့သည်။ “ဦးလေးပြောတော့ ရွာမရှိတော့ဘူးဆို၊ အခု တမျိုးဖြစ်နေပါလား” ဟု ထပ်မံမေးလိုက်တော့ “အေးလေ ရွာရောက်တော့ မင်းရှင်းသွားမှာပါ၊ လာ မြင်းလှည်းပေါ်တက်” ဟုဆိုကာ မြင်းလှည်းကလေးဖြင့် ထွက်ခွာလာခဲ့တော့သည်။
မြင်းလှည်းလေးမှာ ရွာသစ်လေးသို့ ဆိုက်ရောက်ခဲ့တော့သည်။ မြင်းလှည်းသမားဦးလေးမှ “ဟိုးက ပျဉ်ထောင်အိမ်လေးက မင်းတို့အိမ်လေ၊ သွားလိုက်တော့” ဟု ဆိုလိုက်သည်နှင့် ကျနော် အပြေးကလေး ခြံဝင်းလေးအတွင်းသို့လှမ်းဝင်ရင်း “အမေရေ၊ သား ဝင်းကို ပြန်လာပြီဗျ” ဟု အားရဝမ်းသာ လှမ်းအော်လိုက်ရာ အိမ်အပေါ်မှ အဖွားအိုတစ်ဦး တုန်ယင်စွာဖြင့် ဆင်းလာခဲ့သည်။ ဇရာ၏နှိပ်စက်မှုကြောင့်လား (သို့) စိတ်ထောင်းကိုယ်ကြေဖြစ်နေ၍လားတော့မသိ၊ အရိုးပေါ် အရေတင်သော လက်အစုံဖြင့် ကျနော့်ကိုပွေ့ဖက်နမ်းရှုံ့ရင်း “သားရယ် မင်း ပြန်လာတာ နောက်ကျလွန်းလိုက်တာကွယ်” ဟု မြည်တွန်ရင်း ပါးပြင်ထက်မှ မျက်ရည်တို့က အထိန်းအကွပ်မဲ့စွာ စီးဆင်းနေတော့သည်။
အမေလုံးရီ၏ အမေ ဒေါ်သန်းနွဲ့ပင်ဖြစ်သည်။ နှုတ်မှလည်း တဆက်တည်း “မင်းအမေ လုံးရီလေ မင်း ပြန်လာမယ့်နေ့ကို ရွာထိပ်က ထန်းပင်ကြီးအောက်မှာ နေ့စဉ်ရက်ဆက်သွားစောင့်နေခဲ့တာ သားရဲ့၊ နှစ်တွေကြာလာတော့ ကျန်းမာရေးလည်းထိခိုက်ပြီး မအိပ်နိုင် မစားနိုင် တမှိုင်မှိုင်တတွေတွေနဲ့ ထန်းပင်ကြီးအောက်မှာပဲ အသက်ပျောက်သွားရတာကွဲ့၊ အခုဆိုရင် နှစ်ပေါင်း နှစ်ဆယ်ကျော်ပြီပေါ့ကွယ်။ အခုတော့ မင်းအမေရဲ့အုတ်ဂူလေးလည်း မရှိတော့ဘူး၊ ငါး-ပုစွန်မွေးမြူရေးကန်တွေ ဖြစ်ကုန်ကြပြီ သားရယ်” ဟု ဆိုလိုက်သည့်စကားသံသည် ကျနော့်စိတ်နှလုံးတို့ မိုးကြိုးထိမှန်သကဲ့သို့ လွင့်စင် ကြေမွသွားခဲ့ရတော့သည်။
ဆက်ပါအုံးမည်။
အုပ်ကြီးဖေ
၂၄-၁၂-၂၀၁၃
No comments:
Post a Comment