မရှိလို့မလှူ မလှူလို့မရှိ ဆိုတဲ့စကားရပ်ရဲ့ အနက်အဓိပ္ပာယ်ကို မည်သို့ဖွင့်ဆိုရမည်ကို ကျနော် ကောင်းစွာ မသိနားမလည်းခဲ့။ အချို့မှာကား ဓန၊ ပစ္စည်း၊ ဥစ္စာ ပြည့်စုံသော်လည်း တွန့်တိုနှမြောတတ်ကြသည်။ နေသာသလို နေကြသည်။ တချို့က မိမိပိုင်ဆိုင်ထားသော ပစ္စည်းဥစ္စာထဲမှ လိုအပ်မည့်နေရာသို့ မျှဝေ စွန့်ကြဲ ပေးကမ်း ကျွေးမွေး၍ အလှူဒါနပြုကြသည်ကိုလည်း တွေ့ကြုံခဲ့ရဖူးသည်။
ကျနော်တို့ဘဝမှာ ငွေကြေးဥစ္စာ ချို့တဲ့သောကြောင့် လှူချင်သောလည်း စိတ်သွားတိုင်း ကိုယ်မပါခဲ့၊ ငွေကြေးမရှိတဲ့ဘဝမှာ မည်သို့လှူနိုင်မည်နည်း။ ခြိုးခြံ ချွေတာပြီး လှူမယ်ဆိုရင် ရနိုင်တာပေါ့ဟု … စောဒက တက်ခွင့်ရှိနိုင်ပါသည်။ လှူချင်သောလည်း မလှူဒါန်းနိုင်သည့်ဘဝတွေ ရှိနေသည်ဟု ဆိုချင်ပါသည်။
လူရယ်လို့ဖြစ်လာရင် အများစုက လှူဒါန်းပေးကမ်းချင်ကြစမြဲဖြစ်သည်။ သို့ပေမယ့် လက်ထဲမှာ ငွေပိုငွေလျှံ ရှိမှဖြစ်မည်။ အပိုငွေလေး လက်ထဲရှိဖို့ဆိုတာ ဘဝကို လွတ်လပ်စွာ ဖန်းတီးပိုင်ခွင့် ရှိဖို့လိုအပ်လိမ့်မည်ဟု ယူဆမိသည်။ ကျနော်တို့ဘဝက အလှောင်ခံငှက်များပမာ လွတ်လပ်စွာပျံ သန်းခွင့်မရှိ ၊အနာဂတ် ဖန်းတီးခွင့်မရှိ၊ ကျုံးသွင်းခံကြရသည့် ဆင်များနှင့်မခြား လူဟုအမည် နာမတတ်ထား ခံရယုံသာရှိသည်။ ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ် သူတို့စီမံသမျှ နာခံ ဒီကြားထဲ အနေတတ်ဖို့ကလည်း အရေးကြီးသည်။ မနေတတ်၍ အသေကြပ်ခဲ့သည့်သူတွေကလည်း မြင်ကွင်းတဆုံး တွေ့ခဲ့ဖူးသည်။ သေချာစဉ်းစား ကြည့်ပြန်တော့လည်း သဘာဝတော့ ကျသားရယ် ... ... ကိုယ်စိုက်တဲ့ အပင်ကိုယ် ပြန်ရိတ်ရတာ ဘယ်သူမပြု မိမိမှုရယ်လို့ ယိုးမယ်ဖွဲ့ယုံသာ ရှိတော့သည်။
တနေ့ မြန်မာပြည်ထဲမှာနေတဲ့ အစ်ကိုတစ်ယောက်က ကျနော့်ထံ မေးလ်ပို့လာသည်။ ဒုက္ခသည်စခန်းထဲမှာရှိတဲ့ ကလေးတွေကို ကျွေးမွေးလှူဒါန်းချင်တယ်ဟုဆိုလာတော့ အတော့်ကို ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားခဲ့ရသည်။ အစွမ်းကုန်ကူညီရန် ဆုံးဖြတ်ထားလိုက်သည်။ ဘဝမှာ အလှူအတန်း မလုပ်ခဲ့ဖူးသောကြောင့် ယောင်နနတော့ ဖြစ်ရသည်။ ဟိုမေး၊ ဒီမေး ဟိုစကား ယုံရမလို၊ ဒီစကားယုံရမလို၊ ဟိုဟာကောင်းနိုး၊ ဒီဟာကောင်းနိုး အမောင် တောင်မှန်းမြောက်မှန်းမသိဖြစ်ခဲ့ရသည်။ ဘဝက အိမ်မက်ထက် ဆန်းကြယ်တဲ့အဖြစ်တွေကိုလည်း ကြုံတွေ့ခဲ့ရဖူးသည်။
ယခု အလှူပေးမည့် အစ်ကိုနှင့်ကျနော်က အပြင်မှာတစ်ခါမှ မြင်တွေ့ဖူးခြင်းမရှိသလို စကားဖောင်ဖွဲ့ ပြောဖူးခြင်းလည်း မရှိခဲ့။ ကျနော့် အချစ်ဆုံးသူငယ်ချင်းတွေထဲက အကြီးဆုံးဖြစ်သူ ကိုလူဗိုလ် မိတ်ဆက်ပေးလို့သာ သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။ အပြင်မှာတော့ မဟုတ်၊ အင်တာနက်လိုင်းပေါ်မှာ တွေ့ကြုံဆည်းခွင့်ရခဲ့သော အစ်ကိုကြီးဖြစ်သည်။ သူ၏ စေတနာ မေတ္တာနှင့် ရက်ရောမှုက ကျနော်ဘဝတွင် သူတစ်ယောက်သာရှိလိမ့်မည်ဟု ထင်သည်။ ကျနော့်မိသားစု အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ရတိုင်း မညီးမညူ “ညီလေးရေ လိုသလောက်ပြောပါ အားမနာပါနဲ့ ညီအစ်ကို အရင်းလိုသဘောထားပါ” တဲ့၊ ပြီးတော့ “အစ်ကိုရဲ့ငွေက သန့်ရှင်းစင်ကြယ်ပါတယ် လိပ်ပြာလုံလုံနဲ့ သုံးကြပါ။” နှောင်ကြိုးမဲ့ ကူညီခြင်းသာဖြစ်သည်ဟု ဆိုလေ့ရှိသည်။
မေတ္တာစစ်၊ မေတ္တာမှန်ဖြင့်ကူညီသည့် အစ်ကို့စေတနာသည် အဖြူသပ်သပ် အစွန်းအထင်းမရှိ စင်ကြယ်မြင့်မြတ်လွန်းလှသည်။ ထို့ကြောင့် အိမ်မက်ထက်ဆန်းကြယ်သည်ဟု ကျနော် ဆိုလိုခြင်းဖြစ်သည်။ ထို့နှင့် အစ်ကိုပို့လာသော ငွေနှင့် ခနော်ခနဲ့ ကျနော့်တဲအိမ်ရှေ့မှာ အမိုးမိုး ခုံတွေခင်း ချက်ကြ ပြုတ်ကြ တက်ညီလက်ညီ တပျော်တပါး ဝိုင်းဝန်းလုပ်အားဒါနပြုကြတာမြင်ရပြန်တော့ ကျနော့်မိသားစုလည်း ဝမ်းသာလွန်း၍ နှလုံးသားက ပြင်းပြင်းရိုက်ထုတ်လိုက်တဲ့ ရိုက်ချက်တွေကြောင့် မျက်ဝန်းတွေ မျက်ရည်စို့လို့ ဝမ်းသာမျက်ရည် ဆိုရပေမည်။ ကျွေးမွေးမည့် နံနက်ရောက်တော့ ရွာဆော် ကိုချစ်ဖေ ကို လော်တစ်လုံးငှားပြီး အယုတ်၊ အလတ်၊ အမြတ်မရွေး လာရောက်သုံးဆောင်နိုင်ရန် နိုးဆော်ခိုင်းရပြန်သည်။ ပထမပိုင်း လူနည်းနေ၍ မျက်နှာအမူအယာ ပျက်ယွင်းနေတဲ့ ကိုယ့်ကိုယ်တောင် သတိထားမိသည်။
မကြာလိုက် ကလေး၊ လူကြီး၊ လူငယ်တွေ ပုရွတ်ဆိတ်တပ်မကြီး ချီတက်လာသည့်အလား ပေါက်ချလာလိုက်သည်မှာ ငှားထားသည့် ပန်းကန် နှစ်ရာနီးပါး မလောက်တော့လို့ အပြေးအလွှားထပ်ငှား ပြန်သည်။ မြိန်ယှက်စွာ စားသောက်နေသည့် မြင်ကွင်းတွေကိုကြည့်ရင်း ရင်တွင်းပီတိ မည်သို့ရှိကိုပင် ဖော်ပြစွမ်းနိုင်ခြင်းမရှိ။ အသက်ရှစ်ဆယ်ကျော် အဖွားအစ ဒုက္ခိတအလယ် အရူးအဆုံး အားလုံးလာရောက် သုံးဆောင်ကြသည်။ ချက်ပြုတ်ထားသော ထမင်း၊ ဟင်း မလောက်ငှမည်ကိုတွေးရင်း ပူမိသည့် အပူကလည်း ဆိုးဆိုးရွားရွားပင်။
အဝေးက စေတနာရှင် အစ်ကိုရဲ့ ဖြူစင်ဝင်းပသည့် မေတ္တာတရား၊ ကျနော်တို့ လုပ်အားဒါနပြုသူတွေရဲ့ မေတ္တတရား ထပ်တူကျ၍ ဖြစ်မည်။ လူ လေး၊ ငါး၊ ခြောက်ရာ စားပြီးသော်လည်း များစွာပိုလျှံနေကိုတွေ့လိုက်ရသည်။ ထိုနေ့ မျက်လုံးအိမ်ထဲ စွဲမြဲထင်ကျန်ရစ်သည့် မြင်ကွင်းကတော့ အသက်သုံးဆယ်ကျော် အမျိုးသမီးတစ်ဦး ရင်ခွင်ထဲ သုံးလေးနှစ် အရွယ်သမီးငယ်ကို ထွေးပိုက်ရင်း စားနေသည်မှာ အတော်ကြာသောကြောင့် စိတ်ဝင်တစား ကျနော် သူ့အနားချဉ်းကပ်၍ကြည့်လိုက်မိသည်။ ကြိုလင့်နေသည့် မြင်ကွင်းက ကျနော့်ရင်ကို တုန်ခါသွားစေခဲ့သည်။
သူ့ရင်ခွင်ထဲ ထွေးပိုက်ထားသည့် ပိုလီယို ရင်သွေးသမီးငယ်ကို ထမင်းများဝါး၍ ခွံ့ကျွေးနေခြင်း ဖြစ်သည်။ မေတ္တာတရားကြီးမားလွန်းသည့် မိခင်တစ်ယောက် သူ့ပန်းကန်ကြည့်လိုက်တော့ သူစားရန် ဟင်းပင်မကျန်၍ ကဗျာကသီ ဟင်းတွေ ကျနော် ပြေးလွှားခပ်ယူလာခဲ့မိသည်။ ကျနော့်နှုတ်မှလည်း “အစ်မရယ် ဖြည်းဖြည်းနဲ့ ဝအောင်စားနော်” ဟု အားပေးလိုက်မိသည်။ သူက ကျနော့်မျက်နှာကိုကြည့်ပြီး အပြုံးနှင့် တုံ့ပြန်လိုက်သည်။
မည်သို့ပင်ဆိုစေ “နှောင်ကြိုးမဲ့” ပေးလှူရခြင်း၏ရသကို ကျနော်ကိုယ်တိုင် ထိုမျှခံစားသိရှိလျှင် လက်တွေ့စွန့်ကြဲပေးကမ်းလှူဒါန်းနေသည့် ရပ်ဝေးမြေမှ အစ်ကိုဆိုလျှင် ဆိုနှိုင်းဖွယ်ရာပင် မရှိတော့ပေ။ ။
အုပ်ကြီးဖေ
၇. ၁၁. ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment