ဆန်းလင်းနဲ့ အဆက်အသွယ်ရလို့ ကျနော် ပျော်သွားတယ်။ အရှေ့ဘက်စစ်မျက်နှာမှာ ယုံကြည်ရတဲ့ သူငယ်ချင်းတယောက်ရှိနေတော့ အရေးအကြောင်းရှိရင် ဟိုဘက် ဒီဘက် ဟန်ချက်ညီညီ ချိတ်ဆက် အလုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ပြီး အားတက်ခဲ့တယ်။ ကိုယ့်သူငယ်ချင်းတယောက် တော်လှန်ရေးနယ်ပယ်ထဲရှိနေပြီး ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဆက်သွယ် ဆွေးနွေးနိုင်တော့ ဝမ်းသာနေတယ်။ သေချာပြန်တွေးကြည့်တော့ ဆန်းလင်းလို လူတယောက် တော်လှန်ရေးနယ်ထဲရောက်လာတာ သိပ်တော့မဆန်းဘူး။
ကျနော် ကိုယ်နဲ့အတူတွဲ ရဲဘော်ရဲဘက်တွေ တော်တော်များများနဲ့ စကားပြောပြီး သူတို့ မိသားစုနောက်ခံဘဝတွေ၊ စီးပွားရေးနဲ့ လူမှုရေးအခြေအနေတွေ စပ်စုခဲ့ဖူးတယ်။ အများစုရဲ့ ခံစားချက်နဲ့ နောက်ခံဘဝအခြေအနေတွေ တူနေကြတာတွေ့ရတယ်။ ဥပမာ ... မိသားစု စီးပွားရေးချို့တဲ့ကြတာ၊ မလွတ်လပ်တာ၊ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုနဲ့ အနိုင်ကျင့်ခံနေရတာ၊ အဖေ အမေ ကွဲနေတာ၊ မိသားစုနဲ့ အဆင်မပြေတာ၊ မိသားစုထဲ အနှိမ်ခံရတယ်လို့ ယူဆကြတာ၊ အာဏာပိုင်တွေနဲ့ အဆင်မပြေတာ၊ ကိုယ်တိုင်ဖြစ်စေ မိဘညီအကိုမောင်နှမထဲကဖြစ်စေ မတရားအကျဉ်းချခံခဲ့ရတာ စတဲ့ စိတ်ထိခိုက်စရာ ခံစားချက်တွေရှိကြတာကို တွေ့ရတယ်။
ဒီအခြေခံအကြောင်းတွေကတဆင့် အစိုးရရဲ့ ဖိနှိပ်မှု၊ စီးပွားနဲ့ အာဏာလက်ဝါးကြီးအုပ်မှု၊ တိုင်းပြည် ဆင်းရဲမွဲတေမှု၊ လူမှန်နေရာမှန် မရှိမှုတွေကိုပါ တဆက်တစပ်တည်း တွေ့လာရာက စိတ်ဓာတ်တွေ နာကျင်မာကြောသွားကြပုံပေါက်တယ်။ ကျနော့်သူငယ်ချင်း ဆန်းလင်းလည်း အဲလိုပဲလို့ ထင်တယ်။ ငယ်ငယ်ကတည်းက ချို့ချို့ငဲ့ငဲ့နေထိုင်ကြရတယ်။ မိဘနှစ်ပါး အိမ်ထောင်ရေး အဆင်မပြေဘူး၊ ပတ်ဝန်းကျင်မှာ အလိုမကျစရာတွေ များတယ်။ အစိုးရကလည်း မကောင်းဘူး။ ဘဝမှာ နေပျော်စရာမတွေ့ စိတ်မွန်းကြပ်တယ်။ နဂိုကတည်းက စိတ်အခြေခံ ရိုးသားပြီး၊ အပေါင်းအသင်းခင်တတ်တဲ့စိတ်၊ ပရဟိတစိတ်လည်းရှိ၊ အနစ်နာလည်းခံတတ်၊ တွေးတတ်ခံစားတတ်၊ ဉာဏ်ကောင်းပြီး ဆင်ခြင်ပိုင်းခြားတတ်တဲ့ အသိကလည်းရှိနေတော့ တော်လှန်ရေးမှာ တက်တက်ကြွကြွပါလာတာပါပဲ။ မိမိစိတ်ခံစားမှုကို အများရဲ့မပြေလည်မှုနဲ့ ရောမွှေပြီး တော်လှန်ရေစီးကြောင်းထဲ မျောချလိုက်တယ်လို့ ထင်တယ်။
ဆန်းလင်းအကြောင်းတွေးနေရင်း ၁၀ တန်းကျောင်းသားဘဝက အဖြစ်အပျက်ကလေးတခုကို ဖြတ်ခနဲ သတိရလိုက်တယ်။ ၁၉၇၉ လောက်ကပါ။ ဆယ်တန်းစာမေးပွဲဖြေဖို့ ၂ လကျော်ကျော်ပဲ လိုတော့တယ်။ ကျောင်းသားတချို့ နေ့လည်ထမင်းစားချိန် ကျောင်းဆက်မတက်၊ ခွင့်မတိုင်ဘဲ ဘောလုံးပွဲသွားကြည့်လို့ဆိုပြီး တွဲဖက် ကျောင်းအုပ်ဆရာမကြီး (မဆလ တင်းပြည့်ပါတီဝင်၊ မြို့နယ် ကိုယ်စားလှယ်) လက်မှတ်နဲ့ ကျောင်းပြန်တက်ခွင့်မရှိ၊ စာမေးပွဲကို ပြင်ပကနေသာဖြေရမယ်ဆိုပြီး စာထုတ်တယ်။ မိဘတွေဆီ ပို့တယ်။ နောက်တရက် ကျောင်းပြန်တက်တော့ ဆန်းလင်းနဲ့ ကျနော်တို့သူငယ်ချင်း လေး ငါး ယောက်စုပြီး ကျောင်းထုတ်ခံရသူတွေ ကျောင်းပြန်မတက်ရရင် တခန်းလုံး ကျောင်းထွက်ပြီး သပိတ်မှောက်ကြဖို့ စည်းရုံးကြတယ်။ တွဲဖက် ကျောင်းအုပ်ဆရာမ စာသင်ဖို့လာတဲ့အခါ ကျနော်တို့ စည်းရုံးထားတဲ့ ကျောင်းသူကျောင်းသား တဝက်ကျော်လောက်က စာသင်ခန်းထဲမဝင်ဘဲ အပြင်မှာ တန်းစီရပ်နေလိုက်တယ်။ မဆလ ဆရာမကြီး မျက်လုံးပြူး မျက်ဆန်ပြူးနဲ့ “ငါ့ကို စော်ကားကြတာ၊ ငါ့ကို စော်ကားကြတာ” ဆိုပြီး ရုံးခန်းထဲက ဖိုင်တခု ယူလာတယ်။ ကျောင်းမတက်ချင်တာ ဘယ်သူတွေလည်း ပြောဆိုပြီး နာမည်မှတ်တယ်။ အဲဒီတော့ ကျောင်းသားတော်တော်များများ စိုးရိမ်ပြီး ကျနော် မပါဘူး၊ ကျမ မပါဘူးဆိုပြီး ပြန်ထိုင်သွားကြတယ်။ ဆန်းလင်းနဲ့ ကျနော်တို့ ၄ ယောက်ပဲ မတ်တပ်နဲ့ကျန်ခဲ့တယ်။ ကျနော်တို့နာမည်တွေ မှတ်သွားတယ်။
မကြာခင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှသွင် အတန်းထဲ တည်တည်ငြိမ်ငြိမ်နဲ့ ဝင်လာတယ်။ ကျနော်တို့နာမည်တွေ ခေါ်တယ်။ “သားတို့ ဘာဖြစ်ချင်တာလဲလို့ မေးတယ်” ဆန်းလင်းက ကျနော့်ကိုမေးဆတ်ပြပြီး မင်းပဲရှင်းပြလိုက်ကွာဆိုတဲ့သဘောမျိုး တာဝန်လွှဲလိုက်တယ်။ ကျနော်က ကိုယ့်သူငယ်ချင်းတွေ ကျောင်းဆက်တက်ခွင့်မရဘဲ အပြင်က ဖြေရမှာမို့ စိတ်မကောင်းဘူး၊ သူတို့ကို ကျောင်းပြန်ထားပေးစေချင်လို့ပါလို့ပြောတော့ ဆရာမကြီးက “အေး ... မင်းတို့ အခုလို ရဲဘော်ရဲဘက်စိတ်ထားတာ ကောင်းတယ်။ မင်းတို့လည်း ကျောင်းပြန်တက်ပါ၊ ဆရာမကြီး သူတို့မိဘတွေနဲ့ ဆွေးနွေးပါ့မယ်” လို့ ပြောခဲ့တယ်။
ဆန်းလင်းဟာ ဆရာမကြီး ရဲဘော်ရဲဘက် ဆိုတဲ့စကားလုံးကိုသုံးခဲ့တာနဲ့ပတ်သက်ပြီး မမေ့ရှာဘူး။ ၁၉၈၆ ခုနှစ် တောင်ငူမှာပြန်ဆုံတော့ ကျောင်းတုန်းက အကြောင်းတွေ သတိတရပြောရင်း အငြိမ်းစားယူသွားတဲ့ ဆရာမကြီး ဒေါ်ခင်လှသွင်ရဲ့ စည်းရုံးရေး ကောင်းပုံကို သူက ချီးကျူးတယ်။ “ရဲဘော်ရဲဘက် ဆိုတဲ့စကား သုံးသွားတာ သိပ်အဓိပ္ပာယ်ရှိတယ် ညီအကိုအရင်းထက်မက အသက်ပေးချစ်ကြသူတွေပေါ့ကွာ၊ ငါတို့ကို ဆရာမကြီးက အဲဒီစိတ်ဓာတ်တွေရှိနေအောင် အားပေးလိုက်တာ”။
ဆန်းလင်းနဲ့ စာတခါသာ အပြန်အလှန်ရေးပြီး လအတော်ကြာအောင် အဆက်ပြတ်သွားပါတယ်။ ၁၉၉၆ လောက်မှာ ကိုဇော်မင်း (ABSDF ဗဟိုကော်မတီဝင်၊ ကိုမိုးသီးအုပ်စု၊ ယခု ဘန်ကောက်) နယူးဒေလီကို ရောက်လာတယ်။ ဆန်းလင်းအကြောင်းမေးတော့ ရန်သူဖမ်းမိသွားတယ်လို့လည်း ကြားတယ်၊ အသတ်ခံရတယ်လို့ ကြားကြောင်းလည်း ပြောပြတယ်။ အဲဒီနှစ်ထဲမှာပဲမြေပေါ် လှုပ်ရှားမှုကို ဖော်ထုတ်ဖို့ တိုင်းရင်းသားအစုံပါဝင်တဲ့ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက် (SYCB) ဖွဲ့ဖို့ကိစ္စနဲ့ပတ်သက်ပြီး ဒေါက်တာနိုင်အောင် ဒေလီ ပြန်ရောက်လာတယ်။ ဆန်းလင်း ကျသွားပြီလား၊ ဘယ်လိုဖြစ်တာလဲလို့ မေးတော့ “ရန်သူမိသွားတာတော့ သတင်းရတယ်၊ ကျမကျ အတိအကျ မသိဘူး၊ ထောင်ထဲမှာလို့လည်း ကြားတယ်” လို့ ပြောတယ်။ ပြီးတော့ ဆန်းလင်းနဲ့ပတ်သက်ပြီး “ကျနော်တို့ အားကိုးရတဲ့ရဲဘော်ဗျ၊ အလုပ်သိပ်လုပ်တယ်၊ သတ္တိကောင်းတယ်၊ ဒါပေမယ့် အရဲစွန့်လွန်းတယ်” လို့ ကောက်ချက်ချခဲ့တယ်။
ကိုနိုင်အောင်ပြောတာ မမှားပေမယ့် အဲဒီကာလ နိုင်ငံရေးအခြေအနေအရ ဆန်းလင်းကို အရဲစွန့်တယ် ဆိုတာထက်၊ တော်လှန်ရေးလုပ်ငန်းစဉ်ကို လက်တွေ့ကျကျ အကောင်အထည် ဖော်တာလို့ပဲ ကျနော် ယူဆတယ်။ သူဟာ ကျောင်းသားတပ်မတော် ခေါင်းဆောင်တယောက်အနေနဲ့ ပထမအကြိမ်ညီလာခံက စပြီး၊ ဒုတိယအကြိမ် ညီလာခံသက်တမ်းမှာ ပါဗဟိုကော်မတီဝင်အဖြစ် ပါဝင်ခဲ့သူဖြစ်တယ်၊ သူ တာဝန်ယူရတဲ့နေရာက အလယ်ပိုင်းဒေသဖြစ်တဲ့ တောင်ငူခရိုင်ပါ။ သူထမ်းဆောင်ရမယ့် စစ်ဆင်ရေးက တပ်မဟာ ၂ နယ်မြေ ထန်းတပင်၊ အုတ်တွင်း၊ တောင်ငူ၊ ရေတာရှည်မြို့နယ်တွေဆီ ချည်းကပ်ပြီး မြေအောက် အလုပ်အဖွဲ့တွေ ဖွဲ့စည်းဖို့နဲ့ မြေပေါ်မြေအောက် အချိတ်အဆက်မိအောင် ဆောင်ရွက်ဖို့ဖြစ်တယ်။
သူကိုယ်တိုင်က မြေအောက်လှုပ်ရှားမှုကို စိတ်ဝင်စားတာလို့ သူနဲ့ တပ်ရင်းတခုထဲအတူနေ လှုပ်ရှားခဲ့တဲ့ ရဲဘော် ဂျာကြီးကသူ့ ဖေ့စ်ဘွတ်ထဲမှာ သုံးသပ်ခဲ့တယ်။ သူနဲ့အတူ ပြည်တွင်းမှာရော၊ နယ်စပ်မှာပါ လက်တွဲ လှုပ်ရှားခဲ့ဖူးတဲ့ ကဗျာဆရာ ကိုငြိမ်းဝေကလည်း “ဆန်းလင်းဟာ တချို့လူတွေ ဝေဖန်သလို သူရဲကောင်းဆန်ဆန် လုပ်ချင်သူဆိုတာထက်၊ သူလုပ်ရမယ့်အလုပ်ကို မတွေမဝေဘဲ လက်တွေ့ကျကျ ရဲရဲဝံ့ဝံ့လုပ်တတ်သူဖြစ်တယ်” လို့ ကျနော့်ကို ပြောဖူးတယ်။ ကဗျာဆရာ ကိုငြိမ်းဝေဟာ ဆန်းလင်းနဲ့ပတ်သက်ပြီး “ဝီရနှင်းဆီ” ဆိုတဲ့ အမည်နဲ့ဆောင်းပါးရေးပြီး ဂုဏ်ပြုဖူးတယ်။ သူ့ဆောင်းပါးအရ ဆန်းလင်းဟာ တောထဲမှာ သတင်းစာစောင်တွေတောင် သူ့လက်ရေးနဲ့ ထုတ်ခဲ့တယ်လို့ သိရတယ်။ တောထဲနဲ့ နယ်စပ်မှာ သတင်းငတ်နေသူတွေအတွက် ဖတ်စရာပေါ့ ...။ စာစောင်နာမည်က “နောင်ရိုး” တဲ့။ ကျနော် ဒီနာမည် ကောင်းကောင်းသိတယ်။ ကျောက်မဲမှာ ဆရာဦးရွှေထူးက ၁၀ တန်းစာမေးပွဲနီးတော့ အနီးကပ် အထူးသင်ကြားရေးအဖြစ် မြန်မာစာနဲ့ သမိုင်း၊ ကျူရှင်ပေးတယ်။ ကျူရှင်နာမည်ကို နောင်ရိုး လို့ပေးထားတယ်။ ဘုရင့်နောင် ဖောင်ဖျက်တိုက်ပွဲကို ဆန်းလင်းလည်း အားကျဟန်တူပါတယ် ...။
အနှစ် ၂၀ ကျော်အထိ သူငယ်ချင်းဆန်းလင်းရဲ့သတင်း မသိရဘူး။ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ် မြန်မာသတင်းသမဂ္ဂရဲ့ ညီလာခံအစီအစဉ်နဲ့ ထိုင်းနိုင်ငံရောက်ခဲ့တယ်။ နယ်စပ်မြို့ မဲဆောက်မှာ ဆန်းလင်းအကြောင်းသိချင်လို့ ခင်မင်သူတိုင်းကို မေးတယ်။ တိတိကျကျ မသိရဘူး။ ကျဆုံးသွားတာတော့ သေချာတယ်။ ဘယ်ပုံဘယ်နည်း ကျဆုံးသွားမှန်း မသိရတာပါ။ မဲဆောက်က ကိုလွမ်းဏီတို့ လုပ်နေကျ အေဘီအက်စ်ဒီအက်ဖ် လှုပ်ရှားမှုအခမ်းအနားတွေတက်၊ ဆန်းလင်းရေးခဲ့တဲ့ အို... ခွပ်ဒေါင်း သီချင်းလေး ဆို ဆို ပြပြီး သွားလေသူ ချစ်သူငယ်ချင်းအတွက် မဆိုစလောက်လေးသာ ဂုဏ်ပြုနိုင်ခဲ့တယ်။ သူ့ကို သူ့ရဲ့ရဲဘော်ရဲဘက်တွေက စက္ကန့်ပိုင်းလေးပဲဖြစ်စေ သတိရသွားအောင်ပေါ့ ...။
ဆန်းလင်းရဲ့ညီမလေးတွေ ဒုက္ခသည်စခန်းထဲမှာ ရှိသလိုလိုတော့ ကြားမိသား ...။ ဒီလိုနဲ့ ကျနော် နော်ဝေးနိုင်ငံပြောင်းရွှေ့လာမှ ဆန်းလင်း ယောက်ဖ ကိုမြတ်စိုး နဲ့ နယူးဇီလန်ရောက်နေတဲ့ ဆန်းလင်း ညီမလေးတို့နဲ့ အဆက်အသွယ်ရခဲ့တယ်။ အဲဒီတော့မှ သူတို့ဆီကနေ သူငယ်ချင်း ရဲဘော်ရဲ့ ရင်နင့်စရာဖြစ်ပျက်မှုကို ကြားရတယ် ...။
သူနဲ့ တဖွဲ့တည်းအတူနေခဲ့တဲ့ ရဲဘော် ဂျာကြီးရဲ့အဆိုအရ ၁၉၉၃ နှစ်ကုန်ပိုင်းလောက်မှာ သူကိုယ်တိုင် ရှေ့တန်းကိုသွားတယ်၊ အန္တရာယ်များလို့ သူ့ရဲဘော်တွေကို ချန်ထားခဲ့တယ်။ လမ်းပြတယောက်ခေါ်ပြီး သူ့ရဲ့ အေကေ ၄၇ မောင်းပြန် သေနတ်နဲ့ ထွက်သွားတာဖြစ်တယ်။ သူ စည်းရုံးရေးဆင်းတဲ့နေရာတွေက ရေတာရှည်နဲ့ ရေနီဘက်က ကျေးရွာတွေဖြစ်တယ်လို့ ဆိုတယ်။
“သူ့ကို ရေနီအရှေ့ဘက် ဆိတ်ဖူးကုန်းရွာမှာ ရန်သူက ဝိုင်းမိသွားတယ်၊ လမ်းပြက သတင်းပေးတာလို့ သိရတယ်၊ ရေနီ လေ့ကျင့်ရေး (၅)မှာ ချုပ်ထားတယ်၊ ပြီးတော့မှ တောင်ငူက ထောက်လှမ်းရေး(၃)ကို လွှဲလိုက်တာတာ” “အမှန်က သူ့ကို ဝိုင်းကတည်းက ပါလာတဲ့ သေနတ်ပစ်ဖောက်ပြီး ရှောင်ထွက်သွားလို့ ရပါတယ်၊ သူက ရွာသားတချို့နဲ့ တွေ့ဆုံစည်းဝေးနေတာဆိုတော့ ရွာသားတွေ မနာအောင် အဖမ်းခံလိုက်တာလို့ ရွာကလူတွေကတဆင့် သိရတယ်”
ကိုမြတ်စိုးက ဆန်းလင်းဖမ်းခံရတဲ့သတင်း တောင်ငူမှာရှိတဲ့ သူ့အိမ်က ချက်ချင်းသိရပေမယ့် ပြန်ခေါ်ထုတ်လို့မရတော့ဘူးလို့ ပြောပြတယ်။ “စစ်တပ်ထဲမှာ ကချင်လူမျိုး ခရစ်ယာန် ဓမ္မဆရာတပါးရှိတယ်၊ ရေနီအချုပ်ထဲက ဆန်းလင်းနဲ့ ကချင်လို စကားပြောနိုင်ခဲ့တယ်၊ ဆန်းလင်းက သူ့ကို မိပြီးကတည်းက ဗမာစကား လုံးဝ မပြောဘူး၊ သူ့အမေကို အကြောင်းကြားပေးဖို့ ကချင်စကားနဲ့ ဓမ္မဆရာကိုမှာတော့ ကချင်ဆရာက အိမ်အထိသွားပြောပေးတယ်၊ အိမ်ကလိုက်သွားပေမယ့် တွေ့ခွင့်မရဘူး၊ ဆန်းလင်းကို အမြန်ဆုံး တောင်ငူ ထောက်လှမ်းရေး(၃)ကို ပို့လိုက်တယ်”
ဆန်းလင်း ဘာကြောင့် ဗမာစကားမပြောတာလည်းဆိုတာ တွေးကြည့်ရသလောက် ဗမာစကားပြောလို့ရန်သူက နှိပ်စက်ရင် သတင်းအချက်အလက်တွေ ပြောထွက်သွားမှာ စိုးရိမ်လို့နဲ့တူတယ်။ စကားမတတ်ယောင်ဆောင်တော့ မပြောဖြစ်တော့ဖူးပေါ့။ သူက အင်္ဂလိပ်လိုပဲ ပြောနေတယ်လို့ သိရတယ်။ ဒါကြောင့် ထောက်လှမ်းရေးက အင်္ဂလိပ်စကားပြောတတ်တဲ့ အရာရှိတယောက်ကို ခေါ်ပြီး စစ်ဆေးခဲ့တယ်လို့ သိရတယ်။ နယူးဇီလန်မှာနေတဲ့ ဆန်းလင်းရဲ့ ညီမအငယ်ဆုံးကတော့ သူ့အကိုဟာ သူတို့ကျောင်းနေဖို့ ရုန်းကန်လှုပ်ရှားပြီး ဝင်ငွေရှာပေးခဲ့သူ ကျေးဇူးရှင်တယောက်မို့ ကြေကွဲနေရှာတယ်။ သူ ပြန်ပြောတာကလည်း စိတ်မကောင်းစရာလေးပါ။
သူ့အကိုကို တောင်ငူခေါ်လာတော့ သူ့မောင်အငယ်ဆုံးရဲ့ တပ်ထဲက သူငယ်ချင်းကတဆင့် သွားစုံစမ်းခိုင်းတယ်၊ အဲဒီအချိန် ဆန်းလင်းက မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတွေနဲ့မို့ မင်းအကိုတော့ မတွေ့ဘူး၊ ကုလားတယောက်ပဲ မြင်ခဲ့တယ်လို့ ပြောတယ်တဲ့။ “တိုက်တိုက်ဆိုင်ဆိုင် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ အကိုကြီးဟာ ကျင်းတကျင်းတူးနေတာကို အိပ်မက်ထဲမြင်တယ်၊ ည ၂ နာရီလောက်မှာ ကျမ လန့်နိုးတယ်၊ ကျမကို သူ သတိရနေလို့လား မသိဘူး၊ သူ့အတွက် ဆုတောင်းပေးလိုက်တယ်”
ဆန်းလင်းရဲ့ညီမလေး ဆုတောင်းမပြည့်ရှာဘူး။ ထောက်လှမ်းရေး(၃)က တပ်ဆွယ်မှူး ခင်မောင်မြင့်က ရက်အနည်းငယ် သူ့ကို စစ်ဆေးပြီးတဲ့နောက် တောထဲကို ပြန်ခေါ်သွားတယ်လို့ ကိုမြတ်စိုးက သူ စုံစမ်းသိရသလောက် ပြန်ပြောပြတယ်။ “စစ်တောင်းမြစ်ကမ်း အရှေ့ဘက်ရွာတွေဖြစ်တဲ့ ဘုံတောင်၊ ရွက်စည်ပိုင်း၊ သစ်အယ်တောင်ရွာတွေကို အဝတ်အစားတွေချွတ် လက်ပြန်ကြိုးတုတ်ပြီး ခေါင်းကို အဝတ်စွတ်ပြီးခေါ်သွားတယ်လို့ ရွာကလူတွေ ပြန်ပြောပြတယ်။ သူတို့က တောထဲခေါ်သွားတယ်လို့ပြောတယ်”
ကိုဂျာကြီးကတော့ “ရန်သူ့ ရှေ့တန်း တပ်ရင်း (၃၄) က သူ့ကို လူမဆန်အောင် နှိပ်စက်ပြီး သတ်ပစ်တယ်၊ သူ့တကိုယ်လုံး ဆေးလိပ်မီးတွေနဲ့တို့၊ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွှေးတွေ နှုတ်တယ်၊ မျက်နှာမှာ အရေပြားတွေကွာပြီး သွေးတွေထွက်နေတယ်လို့ ပြောကြတယ်” “နောက်ဆုံး၊ တောထဲ ကျင်းတူးခိုင်းပြီး ပစ်သတ်လိုက်တယ်လို့ပဲ ကြားတယ်”
မသေခင် ဆိုးဝါးတဲ့ဝေဒနာတွေ ခံစားသွားရလို့ သူငယ်ချင်းအတွက် စိတ်မကောင်းပါ။ လူမဆန်အောင် နှိပ်စက်တဲ့ဒဏ်တွေကို အရွယ်နဲ့မမျှအောင် အံကြိတ်ခံစားသွားနိုင်တဲ့ သူ့ရဲ့သည်းခံစိတ်ကိုလည်း အံ့သြရပါတယ်။ ဆန်းလင်းရဲ့အမေ ဆရာမ ဒေါ်ဘောက်ခွန်ဟာ အခုဆို အသက် ၈၀ ကျော်နေပါပြီ၊ သူ့သားသေဆုံးသွားတာကို အခုထိ မသိသေးပါဘူး။ သူ့မောင်နှမတွေကလည်း အသိမပေးရဲဘူး။ ထောင်ထဲမှာလို့ ပြောထားတယ်၊ ဟိုးတလောက ထောင်ထဲက ကျောင်းသားတွေ အစုလိုက်အပြုံလိုက် ပြန်ထွက်လာတော့ ရန်ကုန်ကို လူကြုံလွှတ်ပြီး သူ့သား ပါမပါ စုံစမ်းခိုင်းရှာတယ်။ အမေကိုချစ်ပြီး လိမ္မာတဲ့ သူ့သားကြီး ဆန်းလင်းကို ဆရာမကြီးက သိပ်အားကိုးတယ်။ သူ့အဖေနဲ့ လမ်းခွဲသွားပြီးနောက် လူမမယ် ကလေးငယ်တွေ တပြုံတမကြီး လူလားမြောက်ဖို့ မနားမနေ ကြိုးစားအလုပ်လုပ်ရှာတယ်။ ကျောင်းဆရာမဝင်ငွေ အနည်းအကျဉ်းနဲ့ ကလေး ၆ ယောက်လုံးကို ဖြစ်အောင် ပညာသင်ပေးတဲ့ ရိုးရိုးသားသား ကချင်မကြီးပါ။ အခုတော့ ဘယ်တော့မှ ပြန်မလာနိုင်မယ့်သားကို အသက်၈၀ ကျော်ထိ လာနိုးနိုးနဲ့ မျှော်နေရှာတယ်။
သူငယ်ချင်း ဆန်းလင်းတယောက် အသက်ပေးယုံကြည်ခဲ့တဲ့ ABSDF ဟာ အခုဆို ၂၅ နှစ်တိတိ ပြည့်ခဲ့ပြီ။လွန်ခဲ့တဲ့ အနှစ် ၂၀ ABSDF အသက် ၅ နှစ်သားမှာ သူ ကျဆုံးခဲ့တယ်။ ရန်သူ့လက်ထဲမှာ တယောက်ထဲ ကယ်သူမဲ့ဘဝနဲ့ ရက်ရက်စက်စက် ဝေဒနာတွေခံစားပြီး အသက်စွန့်သွားခဲ့တာပါ။ သူငယ်ချင်းရဲ့ အသက်စွန့်ရကျိုး နပ်မနပ်တော့ မသိဘူး၊ ဒီနေ့အထိ သူ့မိသားစုဟာ တကွဲတပြားစီ ပြန့်ကြဲနေသလို ဘယ်သူမှလည်း စောင့်ရှောက်ကူညီမှု မရှိပါဘူး။ လက်ရှိ အေဘီအက်စ်ဒီအက်ဖ် ခေါင်းဆောင်တွေ ပန်းကုံးအစွပ်ခံပြီး သြဘာလက်ခုပ်သံတွေအကြား နှလုံးပီတိ ဂွမ်းဆီထိသို့ မြိန့်မြိန့်ကြီး မင်္ဂလာယူကြဖို့အတွက် ABSDF အညတြ ရဲဘော်တော်တော်များများဟာ တောထဲတောင်ထဲ ရန်သူ့ သားရဲတွင်းထဲမှာ လူမှန်း တိရိစ္ဆာန်မှန်းမကွဲအောင် သေကြေခဲ့ရတယ်။ သူတို့ချစ်တဲ့ ခွပ်ဒေါင်းအလံလေးတောင် မလွှမ်းနိုင်ဘဲ အသေဆိုးတွေနဲ့သေပြီး ထမ်းပိုးခဲ့ကြတယ်။ သူတို့ တချိန်ကတိုက်ခဲ့တဲ့ ရန်သူ၊ သူတို့ကို ရက်ရက်စက်စက် လုပ်ကြံခဲ့တဲ့ရန်သူနဲ့ ဒီကနေ့ သူတို့ခေါင်းဆောင်တွေ ရယ်ရယ်မာမော ရှန်ပိန်ခွက်ချင်းတိုက်ပြီး ပုခုံးဖက်ကြဖို့ သူတို့အရိုးတွေနဲ့ တံတားထိုးပေးခဲ့ကြတယ်။ ဒါပေမယ့် သူတို့ အသက်စွန့်ခဲ့တဲ့အဖွဲ့ကြီးရဲ့ ထိုက်ထိုက်တန်တန် ဂုဏ်ပြုခံဖို့ သူတို့နာမည်တွေ ချန်လှပ်ခံနေရတုန်း ...။
တကယ်လို့ ကျနော့် ရဲဘော်ကြီး ဆန်းလင်းသာ သေရွာက ထလာရင် ဒီလိုအချိန်၊ ဒီလို ခေတ်ကာလကြီး သူ့ကို ဂုဏ်ပြုသူရဲကောင်းဆု ပေးမယ်ဆိုရင်တောင် သူလက်ခံရဲမှာ မဟုတ်ပါဘူး ။ ရှက်ပြီး ခေါင်းငုံ့ လက်ခါ လည်တရမ်းရမ်းနဲ့ ပျာပျာသလဲ ငြင်းဆန်နေမယ်ဆိုတာ ကျနော် ကျိန်ပြောရဲတယ်။ ဇွတ်ပေးမယ်ဆိုရင် သေချာတာကတော့ ဆန်းလင်း ရှက်ပြီး သေသွားလိမ့်မယ် ...။ ဘာဖြစ်လို့လဲဆိုတော့ ဆန်းလင်းဟာ ဘယ်တော့မှ မသေချင်လို့ပဲ။ ကျနော့်သူငယ်ချင်းဟာ လူသာ သေချင်သေသွားလိမ့်မယ်၊ နာမည်သေမှာတော့ အင်မတန်ကြောက်တဲ့သူပါ။ ဒါကြောင့် သူ့ကို ဘယ်တော့မှ မသေစေချင်ဘူး။ သူဟာ ကျနော် အပါအဝင် သူ့ရဲဘော်ရဲဘက်တွေ၊ အဖိနှိပ်ခံ မြန်မာပြည်သူတွေအတွက်ဘယ်တော့မှ မသေတဲ့လူ ဖြစ်တယ်။
သူဒီအတိုင်းဘဲ ထာဝရ ရှင်သန်နေလိမ့်မယ်။
သူဟာ ဘယ်တော့မှ မသေတဲ့သူငယ်ချင်းဖြစ်တယ်။ ။
ကိုညို (အော်စလို)
၀၅ နိုဝင်ဘာ ၂၀၁၃။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment