အဆောင်ကူးစင်္ကြန်လမ်းရဲ့ အမိုးပေါ်တက်ရတာလည်း လွယ်တယ်မထင်နဲ့။ အမိုးကို လက်နှစ်ဖက်နဲ့ ခုန်လှမ်းပြီးချိတ်၊ ပြီးရင် အားနဲ့ ကိုယ့်ခန္ဓာကိုယ်ကို ခါးနဲ့ အမိုးနဲ့ တတန်းထဲကျအောင် ဆွဲတင်၊ ပြီးမှ ခြေထောက်တဖက်ကို အမိုးပေါ်လှမ်းမြှောက် ကုတ်တက်ရတာ။ ကျနော့်အထင် အမိုးက ၆ ပေခွဲတော့ ရှိမယ်။ အမိုးပေါ်ကပြန်ဆင်းရင်လည်း အဲလိုတဆင့်ချင်းပြန်ဆင်းရတာ။ အမိုးပေါ် ဘယ်တော့မှမတက်ဘဲ စင်္ကြန်အမိုးအောက်မှာပဲ သီချင်းဆိုတာကတော့ မိုးကျော်။
အဲဒီညတွေတုန်းကဆို အမိုးပေါ်မှာ ကိုတိုး၊ ကိုရဲ အမြဲပါပဲ။ ကိုအုန်းမြင့်(ရီဇော်) ကလည်း အသံတော်တော်ကောင်းတယ်။ တချို့သီချင်းတွေ သူဆိုရင် ကျနော်တို့အားလုံး လိုက်မအော်ကြတော့ဘူး၊ သူ့အသံပဲ နားထောင်ကြတယ်။ ကိုတိုး၊ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်းတို့ဆိုရင်လည်း လိုက်မအော်ဘူး၊ ဘာလို့ဆို သူတို့အသံပဲ နားထောင်ချင်တာကိုး။ ကိုအုန်းမြင့်ရဲ့ညီအငယ်ဆုံးက ကိုထွန်းလင်း၊ ဂစ်တာတီးကောင်းတယ်။ ကိုအုန်းမြင့်ဆိုတဲ့သီချင်းထဲမှာ ဆရာစိုင်းခမ်းလိပ်ရေးပြီး စိုင်းဆိုင်မောဝ်ဆိုတဲ့ (ခေါင်းစဉ်တော့ မမှတ်မိဘူး) မှတ်မိတဲ့စာသားတွေက ...
လွယ်အိပ်ကလေး ပုခုံးမှာလွယ်
အမေ့သမီးလေး ကျောင်းသွားမယ်...
မှုံနံ့သာလေး ပါးမှာခြယ် အဖေ့သမီးလေး ကျောင်းတက်မယ်
သူများလို ကားမစီးရတောင် စက်ဘီးလေးနဲ့ မြန်ပါတယ် ကွယ်
ဝ လုံးလေး ဝိုင်းဝိုင်းရေးကာ ဆရာပြောစကားလဲ နားထောင်ကွယ်။
ရွှေလင်ပန်း ထမင်းဆီဆမ်း လမင်းကြီး ဆုချမယ်တဲ့
အဖေ့ထက်တော်အောင်ကြိုးစားပါအငယ်လေး
အမေ့ထက်တော်အောင်ကြိုးစားပါအငယ်လေး
မပျင်းနဲ့ အငယ်လေး... ကျောင်းမဝေးပါဘူး တံတားထိပ်တင်...
...(သူများလို ကားမစီးရတောင် စက်ဘီးလေးနဲ့ မြန်ပါတယ် ကွယ် အဲဒီစာကြောင်းကျတော့ ကျနော်တို့က အဆောင်သူ မရွှေချောများအတွက် စာသားပြောင်းဆိုတယ်) သူများလို ကားမစီးရတောင် ဒတ်ဆန်းကားလေးနဲ့ မြန်ပါတယ်ကွယ် (အဲဒီတုန်းက အမြန်ဒတ်ဆန်းကားတွေ ပြေးတယ် အင်းစိန်-ဆူးလေ နံပါတ် ၄၈၊ ဘယ်စီးစီး တယောက် ၁ ကျပ်၊ နောက် မင်္ဂလာဒုံ-ဆူးလေပြေးတဲ့ ဟီးနိုးကား နံပါတ် ၉ အဝါ၊ ကျားနဲ့မ ကို အလယ်ခေါင်မှာ သံဇကာခြားပြီးစီးရတဲ့ကား။ ဒါပေမယ့် ဟီးနိုး နံပါတ် ၉ အဝါက အင်ကြင်းဆောင်တွေဘက် မသွားဘူး၊ RC2 ကျောင်းဝင်းထဲမှတ်တိုင်ကနေကဲ ပြန်ကွေ့တာ၊ နောက်သံဇကာမခြားတဲ့ ၉ အဝါ ကျောင်းကားဟီးနိုးအကြီးတွေကျတော့ ကျောင်းနဲ့ဆူးလေ၊ သူက ဆူးလေနဲ့ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေ အင်ကြင်း၊ ကံ့ကော်၊ ဂန္ဓမာ၊ တက္ကသိုလ် အားကစားရုံ၊ ယောင်္ကျားလေးအဆောင်တွေဖြစ်တဲ့ အုန်းတော၊ ပင်လုံဆောင်တွေဘက်ပါတ်ပြီး RC2 နောက်ဘက်က ပတ္တမြားအဆောင်ကနေ ပြန်ကွေ့တယ်)
မပျင်းနဲ့ အငယ်လေး... ကျောင်းမဝေးပါဘူး တံတားထိပ်တင်... ကျတော့ ကျနော်တို့က မရွှေချောများအတွက် ကျောင်းမဝေးပါဘူး ၄ မှတ်တိုင် (အင်ကြင်းဆောင်မှတ်တိုင်ကနေစရေရင် ဝိုင်ယာလက် (၆ မိုင်ခွဲ) မှတ်တိုင်၊ စွပ်ကျယ်စက် မှတ်တိုင်၊ တံတားဖြူမှတ်တိုင်၊ ပြီးရင် မာလာဆောင်ဆိုတော့ကာ အင်ကြင်းက စတာဆိုတော့ မာလာအထိ ၄ မှတ်တိုင်လေ။
အဆောင်မှာ တီးပြီးလို့ အိမ်ပြန်ကြတော့မယ်ဆိုရင် ခင်ဝမ်းရဲ့ နှုတ်ဆက်ခဲ့ပါတယ်နဲ့ ပြန်နေကြပါ။
သားထွေးနဲ့ သူ့အကို ကိုချစ်ကို တို့ ညီအကိုနှစ်ယောက်လည်း ညတိုင်းနီးပါးလာလာပြီး လက်သွေးကြတယ်။ သူတို့ညီအကိုက ကီလီလမ်းကနေ လာကြတာ။ သူတို့အိမ်က ကျိုက်ထီးရိုးကားဂိတ် ဖွင့်ထားတာ။ ကိုတိုး၊ ကိုမောင်၊ ကိုရဲတို့ ခရမ်းပြာအဆောင်မှာမနေခင်က သားထွေးတို့အိမ်မှာ တည်းကြတာ။ ကိုချစ်ကိုက သူ့အသံ ဝါဝါကြီးနဲ့ အားရပါးရ ဆိုတတ်တာ တီးတတ်တာ၊ သူ ဆိုနေကျက နာမည်ပျက်လူဆိုး။ သားထွေးကလည်း သူစပ်ထားတဲ့သီချင်းတွေဆိုနေကျ၊ သားထွေးဆိုနေကျက သီချင်းတပုဒ် ပန်းတဆုပ်။ ကျနော် မိုးကျော်၊ ရာပြည့်တို့နဲ့သာတွဲနေပေမယ့် (ကို) ခိုင်ထူးနဲ့ တခါမှ မဆုံခဲ့ဘူး၊ ခိုင်၊ မိုး၊ ပြည့် လို့ နာမည်ကြီးခဲ့ကြပေမယ့် ကျနော် သူတို့နဲ့တွဲနေချိန် သူတို့နှစ်ယောက်လည်း ခိုင်ထူးနဲ့ အဆက်အသွယ်ရှိကြပုံမျိုး မတွေ့ရဘူး။
နှစ်ပေါင်း ၂၅ နှစ်ကျော် ကြာပြီး... ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့မှာ NY မှာ ကိုရဲနဲ့ ပြန်ဆုံကြတာ
တညသား ကိုရဲနဲ့ ကျနော် အင်ကြင်းနောက်မှာရှိနေကြတုန်း အရက်တော်တော်မူးလာတဲ့ ကျောင်းသားတချို့နဲ့ ငြိကြရော။ ပြဿနာက ဘာရယ်မဟုတ်ပါဘူး၊ သူတို့ဖာသာ အသဲကွဲလို့ မူးလာကြတာကနေ ငါတို့က ECO ကွ ဘာ ညာ နဲ့ ရမ်းလာတာ။ ကိုရဲကလည်း အေး ငါက RIT ကွ လို့ပြောလိုက်တာ... ခဏကြာတော့ ခုနက သူရဲကောင်းများ အုပ်လိုက်ပြန်လာကြပြီး ဟေ့ ဘယ်ကောင်လဲကွ RIT ကဆိုတာဆိုပြီး အော်လာကြတာ၊ ကိုရဲနဲ့ ကျနော့်ကို သူတို့ မမှတ်မိကြပါဘူး၊ တော်တော်မူးနေကြတာကိုး။ အဲဒီသူတို့အသံကြားတော့ ဟိုဘက် ကံ့ကော်ဆောင်ဘက်မှာ ဂစ်တာတီးနေကြတဲ့ အုပ်စုက RIT ကကျောင်းသားတွေ ချက်ချင်းထလာကြပြီး အေး RIT ကကွ၊ မင်းတို့က ဘာလုပ်ချင်လဲဆိုပြီး RIT နဲ့ ECO အုပ်စုတွေ့ကြပါလေရော။ ကျနော်လည်း ကိုရဲကို ကိုရဲ ငြိမ်ငြိမ်သာနေ၊ အမိုးပေါ်တက်နေရအောင်ဆိုပြီး နှစ်ယောက်သား တက်နေကျ အင်ကြင်းဆောင်နောက်က သင်္ကြန်အမိုးပေါ်တက်နေပြီးကြည့်လိုက်တော့ ကျောင်းသားတွေကလဲ ရန်မဖြစ်ကြပါဘူး။ ကျောင်းသားချင်းကတော့ ဒီလိုမျိုးတွေရှိကြတာပါပဲ၊ နောက်ကျ လည်ပင်းဖက်ပေါင်းကြတာပါပဲ။
ကျနော် အမြဲအမှတ်ရနေတဲ့ ညတညရှိတယ်။ အင်ကြင်းဆောင်နောက်မှာ လသာတဲ့တည ၁၉၈ဝ ထဲမှာ။ ကိုနေဝင်း၊ ကိုတိုး၊ ကိုမောင်၊ ကိုရဲ တို့အပြင် မိုးကျော်နဲ့အတူ ကိုဗစ်(ကိုဇာလျမ်း) လည်း ရောက်လာတဲ့ည။ အဲဒီအချိန်မှာ ကိုနေဝင်းကလည်း မောင့်လပြည့်ဝန်းနဲ့ လူတော်တော်သိနေကြပြီ။ ကိုမောင်ကလည်း အဉ္ဇလီမောင်မောင်လို့ နာမည်ရနေပြီ။ ကိုတိုးက အဉ္ဇလီအတွက် ဂီတဉ္ဇလီ ခွေထွက်ပြီးစ။ ကိုရဲကတော့ ဘေ့စ်ကိုရဲလွင်ကြီးဆိုပြီး သိနေကြတာ။ မိုးကျော်က တေးမြုံငှက် ခိုင်ထူး မိုးကျော်။ အဆောင်နောက်မှာ ဂစ်တာလာတီးကြတဲ့ ကျောင်းသားတွေက သူတို့မှန်းလည်းသိရော သူတို့တီးမယ့်ဂစ်တာတွေ လာပေးကြတယ်။ အကိုတို့ကို ခုလိုတွေ့ရတာ အရမ်းဝမ်းသာတယ်ဗျာ၊ ကျနော်တို့ဂစ်တာတွေ ယူတီးပါ၊ ကျနော်တို့ အခုလိုကြုံတုန်း အကိုတို့သီချင်းတွေ နားထောင်ချင်လို့ပါဆိုပြီး အားလုံး စင်္ကြန်အမိုးအောက်မှာ တန်းစီထိုင်လိုက်ကြတဲ့မြင်ကွင်းပါ...။ အဲဒီညက လွတ်လပ်တဲ့ သီချင်းသံတွေကလွဲလို့ တိတ်ဆိတ်စွာ သံစဉ်တွေကြားထဲ ရစ်မူးကြတဲ့ညတညပါ။ ကျောင်းသားတွေက ကျောင်းညဈေးတန်းကနေ အားလုံးအတွက် လ္ဘက်ရည်နဲ့ မုန့်တွေပါဝယ်လာပြီး ဧည့်ဝတ်ပြုခဲ့ကြတာလည်း ချစ်စရာကျောင်းသားဘဝတခုပါပဲ၊ စည်းကမ်းရှိရှိဆိုကြ၊ တီးကြ၊ နားထောင်ကြတဲ့ အဆောင်ကျောင်းသား၊ ကျောင်းသူတို့ရဲ့ လှပတဲ့ ညလေးတညပါ။ အဲလို တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေရဲ့ အမှတ်တရတွေမျိုး နောက်မျိုးဆက်တွေအတွက် ပုံပြင်လိုဖြစ်ခဲ့ရတာကိုတော့ တော်တော်ဝမ်းနည်းရတယ်။
ဆက်ပါဦးမည်။
မင်းကျော်ခိုင်
No comments:
Post a Comment