Sunday, September 8, 2013

ငယ်ဘဝ (၁) - ဆောင်းလူ

ငယ်ငယ်က မနက်စာစားဖို့ဆိုရင် တမတ်လောက်နဲ့ ရတယ် ..။ တမတ်ဆို မုန့်ဟင်းခါးဖြစ်ဖြစ်၊ ထမင်းလက်သုတ်ဖြစ်ဖြစ် တပွဲရတယ် ...။ အကြော်ဆို ၂ ခုလောက်ရတယ်။ မိသားစုအားလုံးဆို တကျပ်လောက်နဲ့ အဆင်ပြေရော ...။ 

ရပ်ကွက်ထိပ် ဘုန်းကြီးကျောင်းနားမှာက အကြော်ဆိုင်နဲ့ အသုပ်ဆိုင်ရှိတယ်။ မနက် ဝေလီဝေလင်း စောစောစီးစီးထပြီး အဲ့ဒီကိုပြေးတယ်။ မိသားစုတွေအသုပ်စားမယ့်သူ ... အကြော်စားမယ့်သူ ... ဘယ်ဟာကို စားမယ့်သူများလဲ ...။ အကြော်စားမယ့်သူများရင် ... အကြော် ... ။ အသုပ်စားမယ့်သူများရင် အသုပ်။ တခါတခါ ပဲပြုတ်စားချင်ရင် စောစောစီးစီး နားစွင့်ရတယ် ...။ ပဲပြုတ်သည်က ပဲပြုတ်လို့ အော်ရင် ... ပြေးပေရော ...။ 

မနက်စာဆိုတော့ အသုပ်တပွဲဆို မိသားစုအားလုံး နှစ်ယောက်ဆို တပွဲရတယ်။ အကြော်ဆို တယောက် တခု။ ဒါမှမဟုတ် ... တခု တဝက်။ အဲ့ဒါကိုမှ အမေ ညကချန်ထားတဲ့ ထမင်းကြမ်းနဲ့ လွေးရတယ်။ 


ကျနော်တို့ဘက်က အသုပ်က ... ညောင်ဖူးတို့ ... ကြောင်လျှာသီးတို့ .. ပဲပင်ပေါက်တို့ .. ပဲသီးတို့ ... နွေဘက်ဆို နွေပဲသီးလိုဟာမျိုးလေးတွေ၊ အဲ့ဒါမျိုးလေးတွေကို မနူးမနပ်ကလေး ပြုပ်ပြီး ... ဆေးဆိုးထားတဲ့ ထမင်းနဲ့ သုပ်တာပါ။ ပြီး ကြက်သွန်ဖြူနဲ့ ငရုပ်ကောင်းရောထားတဲ့ ဟင်းခါးလေးပေါ့။ အဲ့ဒါကတော့ ထမင်းသုပ်ပေါ့ ...။ မြို့ကြီးသားတွေစားသလို ... အသုပ်ကလေး တဇွန်းစားပြီး ကြက်သွန်ဖြူလေးတကိုက် .. ငရုတ်သီးလေး တကိုက်လိုမျိုးတော့ စားလေ့မရှိဘူး။ ကျနော်ကတော့ ဝယ်ရင် အမြဲ ဟင်းရွက်တွေချည်းသုပ်တဲ့ ... အသုပ်စုံဆိုတာ ဝယ်တယ်။ အိမ်ရောက် ထမင်းနဲ့ လွေးရမှာကိုး ...။ 

ထမင်းသုပ်ကို ထုပ်ရင် အင်ဖက်ဆိုတာနဲ့ ထုပ်ကြပါတယ်။ အင်ဖက်နဲ့ ကျွန်းဖက်နဲ့က ခပ်ဆင်ဆင် ..။ ကျွန်းဖက်က ချေလိုက်ရင် အနီရောင် အဆင်းတွေ စွန်းထင်းကျန်တယ်။ အင်ဖက်ကတော့ အဲ့လို မဟုတ်ဘူး။ များသောအားဖြင့်တော့ ကျနော်တို့ဘက်မှာက မုန့်ပဲသားရေစာဖြစ်ဖြစ် ... တခြား ဘာပဲဖြစ်ဖြစ် .. အင်ဖက်နဲ့ထုပ်ကြ ပိုးကြပါတယ်။ ဘာဖြစ်ဖြစ်ဆိုတာ ... သား ငါးတွေက အစပါ။ ဟိုတုန်းက ခုခေတ်လို ပလတ်စတစ်အိတ်တွေ မပေါသေးတာလည်း ဖြစ်နိုင်ပါတယ်။ 

ဘာပဲဖြစ်ဖြစ် ... ကျနော်ကတော့ အင်ဖက်နဲ့ ထုပ်ထားတဲ့ အသုပ်စုံကို စားရတာ ပိုသဘောကျပါတယ်။ အင်ဖက်ပေါ်မှာ ကပ်နေတဲ့ ပဲမှုန့်၊ အချိုမှုန့်နဲ့ ငရုတ်ဆီချက် အကပ်အသတ်တွေကို ထမင်းကြမ်းနဲ့ နယ်ဖတ်ပြီး စားရတာကို ပိုအရသာတွေ့ပါတယ်။ အမြဲတမ်းလည်း ... အသုပ် တယောက်တဝက်မှာ အင်ဖက်လုကြပါတယ်။ အင်ဖက်မရတဲ့သူကိုတော့ အသုပ်နည်းနည်းပိုပေးပေါ့ ...။ အင်ဖက်နဲ့ စားတဲ့သူကတော့ ခွဲတမ်းနည်းသွားတာပေါ့ ...။ ဒါပေမယ့် အင်ဖက်မှာ ကပ်နေတဲ့ အကပ်အသတ်ကို ထမင်းကြမ်းနဲ့ နယ်ဖတ်စားရတာကိုက အရသာလေ ...။ 

အကြော်တွေကတော့ ဘူးသီးကြော်၊ ကြက်သွန်ကြော်၊ ပဲကြော်၊ ဘယာကြော် (ကုလားပဲကို ထုတောင်းပီး ဂျင်း၊ ကြက်သွန်ဖြူနဲ့ လုံးထားတာ) အဲ့ဒါမျိုးတွေပါ ...။ အမှန်က နောက်ကျမှလည်း သွားဝယ်ရပါတယ်။ နောက်ကျရင်တော့ အကြော်တွေက ဆီမဝတော့ပါဘူး။ များသောအားဖြင့်တော့ မနက်စာကို ကျနော်တို့အရပ်က လူတွေကတော့ ဆီဝနေတဲ့ ဘူးသီးကြော်နဲ့စားရတာကို ပိုသဘောကျကြမှာပါ။ ဆီဝနေတဲ့ ဘူးသီးကြော် ပူပူနွေးနွေးကို ထမင်းကြမ်းနဲ့ လွေးရတဲ့ အရသာဟာလည်း တမျိုးဆန်းပြီး ခံတွင်းတွေ့သလိုပါပဲ ...။ 

အဲလို မနက်စာတွေကို မနက်စောစော ဘုန်းကြီးကျောင်းက အုန်းမောင်းခေါက်သံကြားတဲ့အချိန်မှာ ငေါက်ခနဲထပြီး သွားဝယ်မှ ...။ ကလေးဘာဝ စားချင်လွန်းလို့ သွားသာဝယ်ရတာ ... တစ္ဆေတို့ ... သရဲတို့ဆိုတာလည်း ကြောက်သေး ...။ နယ်ဘက်ဆိုတော့ သိတဲ့အတိုင်းပဲ ... အိမ်တခုနဲ့ တခုကလည်း အလှမ်းဝေးတာကိုး ...။ 

တခါတလေတော့လည်း အဲ့လို သူများလုပ်တာတွေမဝယ်ဘဲ ... စိမ်းစားငါးပိကို မီးကင် ... ပြီး ငရုတ်သီးစိမ်းလေး လှီးထည့် ... ကြက်သွန်လေး ပါးပါးလှီး ... ဆီစိမ်းလေးထည့်ပြီး သုပ်ထားတဲ့ ငါးပိဖုတ်ပေါ့ ...။ ထမင်းကြမ်းလွေးလိုက်ရရင်တော့ ... 

မနက်စာကို ကော်ဖီတခွက်လောက်နဲ့ပဲ ပီးနေရတဲ့ဘဝမှာ ငယ်ငယ်က မနက်စာတွေကို လွမ်းတယ် ...။ တခါတခါ စားချင်တော့ ကြိုးစားကြည့်ဖို့ လုပ်ပေမယ့် ... နှုတ်ခမ်းပန်းနားပဲ့နေတဲ့ အုတ်မြေ ကြွေပန်းကန်တွေထဲက အသုပ်စုံလို ... အင်ဖက်ပေါ်မှာ စုပြုံရောနယ်ဖတ်ထားတဲ့ အသုတ်စုံလောက်မှ အရသာရှိပါ့မလား။ ကြွေရည်ပဲ့ကွာနေတဲ့ ... သံဇလုံ ပိန်ပိန်လိန်လိန်လေးထဲက တရှုးရှုး တရှဲရှဲ မှုတ်သောက်ရတဲ့ ဟင်းခါးရည်လောက် အရသာရှိပါလေမလား ...။ ဆီချည်းအထပ်ထပ် ဆီရောင်ညစ်ညစ်နဲ့ ... ဒယ်ထဲက အကြော်တွေလောက်မှ ကျွတ်ရွပါလေမလား ...။ 

ဘာပဲပြောပြော .. ငယ်ငယ်က မနက်စာတွေကို လွမ်းမိတာတော့ အမှန်ပဲ ...။ ။ 

စက်တင်ဘာ ၈၊ ၂၀၁၃ 


 

No comments: