သစ္စာဖောက်ဆိုတာ...
အစပထမတော့ ကိုယ့်ဖာသာကိုယ် မပြောနဲ့
ကိုယ့်ဘေးနားကလူတွေတောင် ဇဝေဇဝါ၊ နဝေတိမ်တောင်ပေါ့။
ချက်ချင်းတော့ ဘယ်သဲကွဲမလဲ
ပန်းတိုင်ကတူပြီး
အယူအဆပဲ မတူသလိုလို
အတွေးအခေါ်ပဲ ကွာဟသလိုလို
နည်းဟန်ပဲ ကွဲပြားသလိုလို...
ကိုယ့်ကိုယ်ကိုတော့ မှန်တယ်လို့ပဲ ထင်တတ်ကြတယ်။
နောက်ပိုင်းကျမှ
သူမှီခိုရာ သူ့နေရာက
အကောင်အထည်က ကြီးလာ၊
ပုန်းလျှိုးကွယ်လျှိုး လုပ်မရ၊
အလုံးအဖန်က လူမြင်ကွင်းထဲ ဘွားဘွားကြီး။
သစ္စာဖောက်တယ်ဆိုတာ
ဖောက်လို့ဖောက်မှန်း မသိ၊
ရောက်လို့ရောက်မှန်း မသိဘဲ
တဖြေးဖြေးနဲ့ ခြေကျွံလက်လွန်ဖြစ်သွားတာ
နောက်ဆုတ်ချင်တိုင်း ဆုတ်မရပဲ ချောင်ပိတ်မိသွားတာ။
သူရဲကောင်းလိုလို၊
ကယ်တင်ရှင်လိုလို၊
မဟာမိတ်လိုလို၊ မိတ်ဆွေလိုလိုနဲ့
နောက်ဆုံးတော့ ရန်သူလို၊
ဓားပြလို၊
ကြာကူလီလို၊ လူလိမ်လူညစ်လို ဖြစ်သွားတော့တာဟေ့...။
ဒါကြောင့်ပြောတာ
သစ္စာဖောက်ဆိုတာ
ကိုယ့်ဖာသာကိုယ် ဘာဖြစ်နေမှန်းသိတာမဟုတ်၊
သိချင်ရင် လည်ပြန်ကြည့်လိုက်ပေါ့
အရင်ကကိုယ့်လူတွေ ပြည်သူတွေ
ဘာဖြစ်ပြီး ဘယ်လိုကျန်နေခဲ့လဲ၊
ဒီနေ့ ကိုယ်နဲ့ အစပ်အဟပ်ကောင်းသူတွေက
ဘယ်လို အနေအထားတွေနဲ့ ဘာတွေဖြစ်နေကြလဲ...
သိအောင်လုပ်ဖို့သာ ပဏာမ
သိတာကို လုပ်တာကပဓာန...။
သစ္စာဖောက်ဆိုသူတိုင်းကတော့...
အများပြည်သူဘက် မျက်နှာမမူဘဲ
အများလိုအင်တွေရဲ့လားရာကို ဆန့်ကျင်ပြီး
လမ်းသလားနေရာက
မသိလိုက်မသိဖာသာ၊ မျက်စေ့လည်လမ်းမှားရင်း
စုန်းစမြုပ်စ ပျောက်သွားတတ်တာမျိုးပါလေ...။
ကိုညို (အော်စလို)
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment