Thursday, August 1, 2013

အဟောင်းတွေ သယ်မှာလား… အကောင်းတွေ ဖလှယ်မှာလား (နေမင်းသူ)

ခတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းတွင် အကြီးမားဆုံးဖြစ်သော ရှစ်လေးလုံး လူထုလှုပ်ရှားအုံကြွမှုကြီး ဖြစ်ပွားခဲ့သည်မှာ ၂၅ နှစ် ပြည့်မြောက်ခဲ့လေပြီ။ ၂၅ နှစ်ဆိုသောအချိန်ကာလမှာ လူ့မျိုးဆက်တခု ပိုင်းခြားသတ်မှတ်ရန် လုံလောက်သော ကြာမြင့်မှုဖြစ်၏။ ယခုအခါ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဦးဆောင်ကာ ရှစ်လေးလုံး ငွေရတု နှစ်ပတ်လည် အခမ်းအနားကြီးကို အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်ချက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကျင်းပသွားမည်ဟူသော အသံများ ထွက်ပေါ်နေသည်။ စီစဉ်ပြင်ဆင်မှုများလည်း ရှိနေ၏။ ဝမ်းမြောက်ဝမ်းသာ အားတက်စရာအဖြစ် ဂုဏ်ယူမိပါသည်။ ထို့ထက်ပို၍ ရည်မှန်းချက်အတိုင်း အထမြောက်အောင်မြင်စွာ ကျင်းပသွားနိုင်ဖို့လည်း ဆုတောင်းနေမိပါသည်။ 

အမှန်ဆိုရလျှင် ပြီးခဲ့သော ၂၄ နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံ နှစ်ပတ်လည်နေ့အထိ ကြားသိ ဖတ်မှတ်ခဲ့ရသော ပြောဆိုချက် ဆွေးနွေးငြင်းခုံချက်အများစုမှာ ဥဒါန်းမကြေ ရာဇဝင်ထဲတွင် စီးမျောနစ်ဝင်နေဆဲ။ ပိုပြီး ဝမ်းနည်းဖွယ်ကောင်းရသည်က လူငယ်ထုအတွင်း အပြန်အလှန် စွပ်စွဲငြင်းခုံမှုများစွာ ရှိနေခြင်းပင်။ ပြေပြေပြစ်ပြစ်နှင့် ဆင်ခြင်တုံတရားရှိစွာ ဆွေးနွေးငြင်းခုံသူတွေရှိသလို ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာ တဖက်ကို စွပ်စွဲ အနိုင်ယူ ပြောဆိုရေးသားမှုတွေ အများအပြား တွေ့ရှိခဲ့ရသည်။ အလွန်အကျွံ ရမ်းကားမှုတွေ နှစ်ဖက်စလုံးမှာ တွေ့ခဲ့ရသည်။ ထိုအချိန်တွင် မည်သူတွေ ကြိတ်ပြီးဝမ်းသာနေကြမည်နည်း…? 


သတိထားပြန်တွေးကြည့်ပါက ရှစ်လေးလုံးကာလတုန်းက အသက် ၄ နှစ် ၅ နှစ်အရွယ် လူမမယ်တွေမှာ ယနေ့အချိန်တွင် အသက် ၂၉-၃၀ လူလတ်ပိုင်းတွေ ဖြစ်နေကြပေပြီ။ အိမ်ထောင်ပြုသူတွေအဖို့ မိမိတို့မွေးဖွားသော သားသမီးများပင် အသက် ၅ နှစ် ပတ်ဝန်းကျင်ရှိနေကြပြီ။ အတတ်ပညာ ရာထူးအဆင့်အတန်းအနေနှင့် တွက်စစ်ကြည့်ပါကလည်း တက္ကသိုလ်၊ ကောလိပ် တက်ရောက်ခဲ့သူများအနေဖြင့် ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ရောက်နေကြသလို တပ်မတော် စစ်တက္ကသိုလ်၊ ကောလိပ် အသီးသီးမှာ တက်ရောက်ခဲ့သူများသည်လည်း သက်ဆိုင်ရာ ရာထူးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်နေကြ၏။ စစ်တက္ကသိုလ်ဆင်း ဗိုလ်လောင်းများဆိုလျှင် ဗိုလ်မှူးအဆင့်ရှိ တပ်မတော် အရာရှိများ ဖြစ်နေကြပြီ။ ထိုကာလတုန်းက အလယ်တန်း၊ အထက်တန်း ကျောင်းတက်နေသူတွေမှာ ယခုအခါ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူးကြီးအဆင့်များသို့ ရောက်ရှိနေလောက်ပြီ။ သူတို့အားလုံး ရှစ်ဆယ့်ရှစ်မှာ ကျောင်းသားသူငယ်များသာ ဖြစ်ခဲ့ကြ၏။ 

သမိုင်းဟူသည်က မျက်နှာစာပေါင်းစုံဖြင့် ဖွဲ့စည်းထားသော လူ့အဖွဲ့အစည်းတွေ ဖြတ်သန်းခဲ့ရသည့် ဖြစ်စဉ် ဖြစ်ရပ်များဖြစ်သဖြင့် ခေတ်ကာတခု၏သမိုင်းကို အပြည့်အစုံ နားလည်သဘောပေါက်ရန်ဆိုသည်မှာ လွယ်ကူသည့် ကိစ္စရပ်တခုမဟုတ်ဟု ဆိုချင်ပါသည်။ လူ့အဖွဲ့အစည်းတခုမှာ လူတန်းစား၊ လူ့အလွှာပေါင်းစုံ ပါဝင်ဖွဲ့စည်းထား၏။ ပုံမှန် သမရိုးကျ လူ့အဖွဲ့အစည်းတရပ်မှာ အုပ်စိုးသူနှင့် အုပ်စိုးခံ ပြည်သူလူထုအကြား အနည်းနှင့်အများ ပဋိပက္ခတွေ သေချာပေါက်ရှိသည်။ 

ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြောက်သောစနစ်မှာပင် အုပ်စိုးသူသည် အုပ်စိုးသူသာ ဖြစ်သည်။ တိုင်းပြည်အရေးအရာများနှင့်ပတ်သက်ပြီး စီမံခန့်ခွဲပိုင်ခွင့်အများစုက သူတို့လက်ထဲမှာဖြစ်သည်။ သူတို့၏ စီမံခန့်ခွဲမှု လွဲမှားခြင်း၊ အဂတိလိုက်စားခြင်းတွေ ဖြစ်ပေါ်လာသည့်အခါ ပြည်သူလူထုက ထောက်ပြဝေဖန်သည်။ ထောက်ပြဝေဖန်မှုကို အစိုးရဘက်က မလိုက်နာ၊ မပြင်ဆင်သည့်အခါမှ ထို့ထက်ပြင်းထန်သော လှုပ်ရှားမှုများဖြင့် တုံ့ပြန်ဆောင်ရွက်လာကြသည်မှာ ဓမ္မတာသဘောဖြစ်ပေသည်။ အုပ်စိုးသော အစိုးရပုံစံကိုလိုက်၍ ကိုင်တွယ်ဖြေရှင်းနည်းတော့ ကွဲပြားပေလိမ့်မည်။ 

ဥပမာ လယ်ယာမြေနှင့်ပတ်သက်ပြီး ဆုံးရှုံးနစ်နာမှုတွေ ရင်ဆိုင်ရလျှင် လယ်သမားတွေ မကျေမနပ်ဖြစ်မည်။ လုပ်ခ ခေါင်းပုံဖြတ်ခံရလျှင် အလုပ်သမားတွေ ဆန္ဒပြမည်။ ပညာရေးလွတ်လပ်ခွင့် ထိပါးလာလျှင် ကျောင်းသားတွေ အရေးဆိုမည်။ ထို့အတူ လူမျိုးစုအခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့်... စသည် စသည် အတူတူပင် ဖြစ်လေသည်။ တိုင်းတပါး နယ်ချဲ့အုပ်စိုးမှုအောက်ကျရောက်သည့်အခါတွင်တော့ ခုခံတွန်းလှန်ပစ်ဖို့အတွက် လူ့အဖွဲ့အစည်းဝင်အားလုံး စည်းလုံးညီညွှတ်ကြရသည်။ 

သမိုင်းဖြစ်ရပ်တခုကို မသိမမီလိုက်သူတွေမဆိုထားနှင့်ထိုကာလမှာ ကိုယ်တိုင် ပါဝင်ဖြတ်သန်းခဲ့ရသူများပင် ၎င်းတို့ပါဝင်ခဲ့ရသော အခန်းကဏ္ဍနှင့် လေ့လာလိုက်စားမှုနယ်ပယ် အတိုင်းအတာအရသာလျှင် သိမြင်နားလည်နိုင်ကြပေလိမ့်မည်။ ထို့အပြင် သမိုင်းဖြစ်ရပ်တခုနှင့်ပတ်သက်ပြီး ကောက်ချက်ချမှုတွေ အကွဲကွဲအပြားပြားဖြစ်ကာ အချင်းချင်း ဆက်ဆံရေး မပြေလည်မှုများ ဖြစ်ပေါ်တတ်သည့်သဘောအား အတိတ်ဖြစ်ရပ်များကို ထောက်ဆ ကြည့်နိုင်ပါသည်။ ထိုကဲ့သို့သော အကွဲအပြဲ သဘောကွဲလွဲမှုများက လူ့အဖွဲ့အစည်း ဂုတ်ပေါ်ခွစီးဖို့ အခွင့်ကောင်းစောင့်ဆိုင်းနေသူ အာဏာရှင်အား လက်ယပ်ခေါ် လမ်းဖွင့်ပေးသလို ဖြစ်ခဲ့ရသည်။ 

မန်မာပြည် လွတ်လပ်ရေးရယူမှုနှင့်ပတ်သက်ပြီး လွတ်လပ်ရေးရဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့သော အမျိုးသားအင်အားစုများအတွင်း အမြင်သဘောထားကွဲလွဲမှုကို အခြေခံကာ ပြည်တွင်းစစ် စတင်ဖြစ်ခဲ့ရသည်။ ဖြစ်ပြီဆိုတော့ အင်အားကြီးသူက အစိုးရ… အင်အားငယ်သူက သူပုန်။ တပါတည်း လူမျိုးစုအရေးတွေလည်း မပြေမလည်ဖြစ်ကာ စစ်အရှိန်အဟုန် မြင့်မားလာခဲ့ပြီး အခြေအနေတွေက ရှင်းမပြီးအောင် ရှုပ်ထွေးနေဆဲ ဖြစ်သည်။ ယခုအချိန်မှာ ပြည်တွင်းစစ်ကို ဦးဆောင်တိုက်ခိုက်နေသော အင်အားစုအသီးသီး၏ ခေါင်းဆောင်ဖြစ်သူတို့မှာ ပြည်တွင်းစစ် စတင်ပြီးနောက်ပိုင်းမှ လူဖြစ်လာသူတွေ များပေမည်။ သူတို့က ရှေ့လူတွေပေးခဲ့သော သမိုင်း အထောက်အထားများကိုကိုင်စွဲကာ တိုက်ပွဲဝင်နေကြခြင်းဖြစ်၏။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ဒဏ်ကြောင့် တိုင်းပြည်နှင့် ပြည်သူလူထုဘဝမှာ ရစရာမရှိအောင် ဆင်းရဲမွဲတေနေရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နေရပေပြီ။ 

ဤမျှ ရှည်ကြာလှသော ပြည်တွင်းစစ်ပွဲအတွင်း ပါဝင်တိုက်ခိုက်ကြသော အဖွဲ့အသီးသီးမှ မရေမတွက်နိုင်သော စစ်သည်တော်တွေ အသက်ခန္ဓာ ကြွေခဲ့ရသည်။ အပြစ်မဲ့ပြည်သူတွေ ဆောက်တည်ရာမဲ့ ဘဝပျက်ကြရသည်။ တိုင်ပြည်ထူထောင်နိုင်သော ပြည်သူ့ဘဏ္ဍာများစွာ မီးရှို့ပစ်သလို ပျောက်ပျက်သွားခဲ့ရသည်။ ရင်းစားပြန်မရနိုင်သော ဆုံးရှုံးမှုများပင်တည်း။ နောက်ထပ် ထိုကဲ့သို့ ဆုံးရှုံးနစ်နာလိုက်ပါက တိုင်းပြည် ဘယ်တော့မှ နာလန်ထူနိုင်တော့မည် မဟုတ်။ ဝမ်းနည်းဖွယ် ကောင်းလေစွ။ 

၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရှစ်လေးလုံး လူထုအုံကြွမှုကြီးမှာ တိုင်းပြည် အထွေထွေအကျပ်အတည်းကြီး ဆိုက်ရောက်ချိန်မှာ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ အထူးသဖြင့် မဆလ အစိုးရ၏ အယောင်ပြ ဆိုရှယ်လစ်စီမံကိန်းများ ဆက်တိုက် မအောင်မြင်မှုနှင့် ပြည်သူလူထုအပေါ် ဖိနှိပ်မှု ဝန်ထုပ်ဝန်ပိုးများ အဆုံးစွန်ဆိုးဝါးနေချိန်မှာ အုပ်စိုးသူများဘက်မှ ဖြေလျော့မှုမဟုတ်သော အပြောင်းအလဲလုပ်ရန် အားထုတ်ခဲ့သည်ဟု မဆလ ပါတီ အတွင်းကရော ပြင်ပ အသိုင်းအဝိုင်းကပါ ရေးသားတာတွေ ဖတ်ခဲ့ရသည်။ 

ထိုကဲ့သို့ အခြေအနေ အကဲဆတ်နေချိန်တွင် တိုက်ဆိုင်စွာဖြစ်ပေါ်ခဲ့သော ပြဿနာရပ်တချို့နှင့်ပတ်သက်ပြီး အစိုးရက တဖက်သတ် ကိုင်တွယ်ဖြေရှင်းမှုကြောင့် အဓိကရုဏ်းများ ပိုမိုပြင်းထန်လာခြင်းဖြစ်သည်ဟု ဆိုချင်သည်။ ထိုစဉ်က အာဏာအရှိဆုံးပုဂ္ဂိုလ် ဦးနေဝင်း မဆလခေတ်တလျှောက် ထင်ရာစိုင်းခဲ့မှုများ၏ ရလဒ်ဆိုးကျိုးများသည် ကြီးမားသော အခန်းကဏ္ဍအဖြစ် ပါဝင်ခဲ့မည်ဟု ယူဆမိသည်။ ဦးနေဝင်းက မဆလပါတီအတွင်းမှ အချို့သော ကျွမ်းကျင်ပညာရှင်များ၏ ထောက်ပြဝေဖန်မှုများကို မျက်ကွယ်ပြုခဲ့သည့်အပြင် သူကိုယ်တိုင်ခန့်အပ်ခဲ့သော အဖွဲ့ပေါင်းစုံမှ နိုင်ငံရေးသမားဟောင်းကြီးများပါဝင်သည့် ၃၃ ဦး အကြံပေးကော်မတီကိုလည်း ဖုတ်လေသည်ငါးပိ မသိယောင်ဆောင်ကာ လစ်လျူရှုခဲ့၏။ 

တိုင်းပြည်အခြေအနေ မရှူနိုင် မကယ်နိုင် အကျပ်အတည်းဆိုက်သည့်အခါ၌ပင်လျှင် ထွက်ပေါက်ရှာရာမှာ တိုင်းပြည်မျက်နှာမကြည့်ဘဲ သူတို့ဂုဏ်သိက္ခာ မကျဆင်းရေးနှင့် အထက်စီးမှနေရာယူသောဆန္ဒနှင့် အပြုအမူများကြောင့် တိုင်းပြည်နှင့် လူထုများစွာ နစ်နာခဲ့ရသည်။ ဗီယက်နမ်ကဲ့သို့ အပြောင်းအလဲလုပ်နိုင်ခဲ့လျှင်တောင် မြန်မာပြည်သူတွေ ယနေ့အထိ ကြုံတွေ့ခံစားနေရသော ရေရှည်ဆိုးကျိုးရလဒ်တွေ ဖြစ်ပေါ်ခဲ့မည်မထင်။ 

တိုင်းပြည်အခြေအနေမှန်ကို ဝန်ခံပြီး သင့်လျော်သော ဖြေလျော့မှုများနှင့် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်မှုများကို သေချာလုပ်နိုင်ခဲ့လျှင် တပ်ကို အာဏာလွှဲပြောင်းပေးရသည့် ဖြစ်ရပ်မျိုးကိုလည်း ရှောင်ရှားနိုင်ခဲ့မည်ဟု တွေးမိ၏။ တိုင်းပြည်တခု၏ အခြေအနေ ဆုတ်ယုတ်နိမ့်ကျမှုနှင့်ပတ်သက်ပြီး အုပ်ချုပ်စီမံပိုင်ခွင့်ရှိသော အာဏာရ အစိုးရမှာ အဓိကတာဝန်ရှိပေသည်။ အခြားအကြောင်းပြချက်များဖြင့် အပြစ်ရှောင်လွှဲခြင်းမှာ မခိုင်လုံသော ဆင်ခြေဆင်လက်များသာ ဖြစ်ပေလိမ့်မည်။ ထိုအချိန်က တာဝန်ရှိသူများအနေဖြင့် ယင်းကဲ့သို့ ပျက်ကွက်ခဲ့မှုကို အသိအမှတ်ပြုဝန်ခံဖို့ လိုသည်။ 

မည်သို့ပင်ဖြစ်စေ အတိတ်က အနာတွေ၊ ခံစားချက်တွေ လူတိုင်းရင်ထဲမှာရှိနေမှာ အမှန်ဖြစ်သည်။ သို့ရာတွင် ၂၅ နှစ်တာ အတွေ့အကြုံကို လက်တွေ့ကျကျ သုံးသပ်မှုပြုပြီး လက်ရှိအခြေအနေမှာ အကောင်းဆုံးအသုံးချနိုင်ဖို့ တိုက်တွန်းလိုပါသည်။ ယခု ငွေရတုကာလမှာ လစ်ဟာပျောက်ဆုံး ဝေဝါးနေဆဲဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေး ဦးတည်ချက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားကြသည်မှာ လွန်စွာ လျော်ကန်သင့်မြတ်မှု ရှိပေသည်။ 

ရှစ်လေးလုံးကာလတွင် လူမမယ်ဘဝဖြင့် သိမီခဲ့သူများ ယနေ့အခါ လူလတ်ပိုင်းအရွယ်ဖြင့် လူ့အဖွဲ့အစည်း၏ သင့်တင့်လျောက်ပတ်သော တာဝန်များကို ယူနေကြရပြီ။ သူတို့အားလုံး လက်ရှိသမိုင်းကို တွန်းအားပေး မောင်းနှင်နေကြပြီး အတိတ်သမိုင်းမှာ စွန်းထင်းခဲ့သူတွေ မဟုတ်ကြ။ သို့ရာတွင် နောင် ၂၅ နှစ် အကြာတွင် သူတို့သည် တိုင်းပြည်ကို စီမံအုပ်ချုပ်သော လူကြီးများအဖြစ်ကို ရောက်ရှိပေတော့မည်။ ထို့ကြောင့် ယနေ့အချိန်မှာ သူတို့အချင်းချင်း ဆက်ဆံရေးအနေအထားက နောင်အနှစ် ၂၀ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ထင်ဟပ်ပုံဖော်စေနိုင်လိမ့်မည်ဟု ယုံကြည်မိပါသည်။ 

တခါက ကျနော်တင်သော ပို့စ်တခုအောက်မှာ ‘ဓမ္မ၊ အဓမ္မ’ စာလုံး အကောက်အယူများနှင့်ပတ်သက်ပြီး လူရွယ်နှစ်ဦး အပြန်အလှန် ဆွေးနွေးကြဖူးသည်။ နှစ်ဦးလုံးက ပုဂ္ဂလိက ခံစားချက်ကင်းကင်းနှင့် မိမိလ့လာသိရှိထားသော သဘောထားအမြင်ကို ညင်ညင်သာသာ သေသေသပ်သပ်လေး ဆွေးနွေးသွားနိုင်တာကိုတွေ့လိုက်ရလို့ တအံ့တသြဖြစ်ခဲ့ရသည်။ သူတို့နှစ်ဦးရဲ့အသက်တွေက ၂၇-၂၈ နှစ် အရွယ် မတိမ်းမယိမ်းတွေ ဖြစ်ကြသည်။ တဦးက တပ်မတော်အရာရှိဖြစ်ပြီး နောက်တဦးက နိုင်ငံရေးလှုပ်ရှားမှုဖြင့် အကျဉ်းထောင်က လွတ်မြောက်လာခါစ လူရွယ်။ သူတို့နှစ်ဦးအကြားမှာ အမြင်ကွဲလွဲမှုရှိနေလင့်ကစား အမုန်းတရား မရှိ၊ ပကတိအခြေအနေကို ဖမ်းဆုပ်နိုင်ဖို့ရည်သန်ရင်း အမြင်ဖလှယ်သွားကြတာကို လေးစားမြတ်နိုးမိသည်။ ထိုကဲ့သို့ တဦးချင်း နားလည်မှုရှိရှိ အပြန်အလှန် ဆွေးနွေးငြင်းခုံသော ဆက်ဆံရေးစက်ဝန်း အပြန့်ကျယ်လာလျှင် သိပ်ကောင်းမှာပဲဟု အတွေးပေါက်ခဲ့၏။ 

ယခုအချိန်မှာ သူတို့ချင်း သံသယကင်းသော နားလည်မှုနှင့် ခိုင်မြဲသော ယုံကြည်မှုတို့ကို အပြီးသတ် တည်ဆောက်နိုင်ကြမည်ဆိုလျှင် နောင်လာမယ့်မျိုးဆက်အတွက် မင်္ဂလာရှိသောရလဒ်တခုကို လက်ဆင့်ကမ်း ပေါင်းကူးတံတားခင်းပေးနိုင်မှာ သေချာ၏။ 

အချုပ်ဆိုရသော် အတိတ်ကလုပ်ရပ်နဲ့ အဖြစ်အပျက်တွေက ထွက်ပေါ်လာသောအကျိုးဆက်တွေ ပစ္စုပ္ပန်မှာ လာရိုက်ခတ်သည်။ ထို့အတူ လက်ရှိလုပ်ဆောင်ချက်နှင့် ဖြစ်ရပ်များသည်လည်း အနာဂတ်ကို သက်ရောက်မှုရှိမှာဖြစ်သည်။ လမ်းဟောင်းအတိုင်း ဆက်လျှောက်မှာလားလမ်းသစ်ဖောက်ကြမှာလား ဆိုသော ရွေးချယ်ချက်မှာ ယနေ့လူငယ်လူရွယ်တို့ လက်ထဲမှာပင်ရှိနေသည်။ လူကြီးတွေအတွက် အချိန်သိပ်မကျန်တော့။ 

အရှိန်ပြင်းပြင်းဖြင့် ပြောင်းလဲတိုးတက်နေသော ကမ္ဘာ့ဖြစ်စဉ်ကြီးအတွင်း အမီလိုက်နိုင်ဖို့မှာ လူငယ်လူရွယ်အားလုံး၏ လုံ့လထုတ်ကြိုးပမ်းနိုင်မှုအပေါ်တွင်သာ မူတည်နေကြောင်း ရေးသားတိုက်တွန်းအပ်ပါသည်။ ။ 

နမင်းသူ 
၂၇- ၇- ၂၀၁၃ 


 

No comments: