ထိုတညကဖြစ်စဉ်တွင် ဖေသောင်းတို့ စကားမပြတ်ကြသေးသော်လည်း အရေးကြီးသည့် ညှိနှိုင်းမှုပြီးချိန်ဖြစ်၍ အောင်မြင်ခဲ့သည်ဟုပင် ဆိုရမည်။ ပွဲဖျက်ရုံတင်မက သားကောင်ကိုပါ ဖမ်းစားမည့်မုဆိုးအဖွဲ့ကို တားဆီးနိုင်ခဲ့သည်မှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ညို မပြောခဲ့။ သို့သော် မခင်အေးက ဖော်ကောင်လုပ်၍ ညိုနှင့် အဘမောင်အား အားလုံးက လှိုက်လှဲသောစကားတို့ဖြင့် အသိအမှတ်ပြုပေးသည်။
ဟန်မဆောင်နိုင်သောညိုက ကျေနပ်စွာပြုံးနေသလောက် အဘမောင်ကား သူ ဘာမှမသိလိုက်သလို ကုပ်ကုပ်နေမြဲ။ ထိုညနောက်ပိုင်း ဒလကြမ်းမောင်း၍ ကျားနာခဲခဲချင်နေသော အုန်းသိန်းတို့သားအဖနှင့် အဖွဲ့၏ရန်ကို လွတ်အောင်ရှောင်ရင်း ... အခြားမြို့များနှင့်ချိန်ကိုက် သူတို့ သပိတ်တိုက်ပွဲဆင်နိုင်ခဲ့ပြီ။
အရပ်ထဲမှ လူငယ်များ တိုင်ကီစည်ပိုင်းများလှိမ့်၍ မြို့လယ်မှာ စင်ထိုးသည်။ ထိုအပေါ်သို့ ကိုခင်မောင်လတ်၊ ကိုမြင့်ဇော်တို့ ခန့်ခန့်ငြားငြား တက်ရပ်နိုင်ချိန်တွင် ညိုမှာ ပရိတ်သတ်ထဲမှ ပိုစတာကိုင်မြှောက်ရင်း လက်ခုပ်သံထက် ကျယ်လောင်သော ဝမ်းမြောက်ခြင်း၏ ရင်ခုန်သံများဖြင့် အားပေးခဲ့ရ၏။ မခင်အေးမှာ ပုဝါကို မြှောက်ကာမြှောက်ကာ လူလုံးပြ၍ မဆုံးနိုင်။ စင်နောက်ဘက်မှာ သေတ္တာဟောင်းတလုံးပေါ်ထိုင်၍ အခမ်းအနား အစီအစဉ်များ ရေးဆွဲနေသော ဖေသောင်းကား မိုးရေကြောင့် ပြန်နူးလာသော ဝဲများကိုကုတ်လိုက် … ရှေ့နောက် စီစဉ်သင့်မသင့် ပြန်ပြင်ရင်း ခေါင်းကို ကုတ်လိုက်။
ဖေသောင်းနှင့် ဟုတ်တိပတ်တိ စကားပြောခွင့်မရသော်လည်း ညို ကျေနပ်လျက်ပင်။ ပိုက်ဆံပေး ဝယ်ပါလျက် ပြာပြာသလဲ ဝမ်းမြောက်ဝမ်းသာ လှူတန်းခွင့်ရလိုက်သော ဆေးဆိုင်ရှင်လက်မှ ဝဲဆေးဗူး ညိုလက်ခံ၍ စင်နံဘေး ချည်းကပ်လာသည်။ လူအုပ်ကကြားခံနေ၍ မမီမကမ်းဖြင့် ဒီမှာ ဒီမှာ ဟု ညို လှမ်းခေါ်သည်။ ဖေသောင်းကလှည့်ကြည့်ပြီး အလုပ်ရှုပ်ရတဲ့အထဲ ဘာလဲ ဟူသော အကြည့်ဖြင့် ပြန်မေး၏။
ညို တရင်းတနှီး ပြုံးပြရင်း ဆေးဗူးကို မြှောက်ပြသည်။
ဖေသောင်းနံဘေးတွင် ဘုန်းတော်ကြီးတပါးနှင့် ရပ်မိရပ်ဖအချို့ ဝိုင်းအုံနေ၏။ ဖေသောင်း ညို ပြနေသည်ကို မမြင်သလိုလုပ်ပြီး … အဲ အရှင်ဘုရားက အရင်ဟောပါ ဘုရား … ပြီးတော့ ရှေ့နေကြီး အလှည့်ပါ။ ဟောပြောပွဲပြီးရင်တော့ သပိတ်စခန်းဖွင့်မည့်နေရာအတွက် ရပ်မိရပ်ဖတွေနဲ့ အရှင်ဘုရားတို့ပဲ ရွေးပေးကြပါ။ ကိုမြင့်ဇော်တို့ဆန္ဒနှင့်လည်း ညှိကြပါဘုရား စသဖြင့် စီစဉ်ချမှတ်နေ၏။
သူ မမြင်ဘူးထင်၍ ညိုက “ဒီမှာ ဆေးဗူးလေ ... ပိုဆိုးကုန်မယ်” ဟု အော်ကာ ထပ်ပြသည်။
ဖေသောင်း ဘုကြည့်ကြည့်၍ “ဘာလဲ ကျုပ်ကို လူပုံအလယ်မှာ အရှက်ခွဲတယ် ကျုပ်မှာ ဝဲတွေရှိတာ လာကြေငြာတာပေါ့ ဟုတ်လား ...” ဟု ခပ်တည်တည် ပြန်ဟောက်၏။ ညို ကြောင်အမ်းအမ်းဖြစ်ပြီးမှ ရှက်ရွံ့ဝမ်းနည်းစွာ ပြန်လှည့်သည်။
“ဟေ့ ဟေ့ ဒီမှာ ... ပေးခဲ့၊ ဘာထူးတော့မှာလဲ လူသိကုန်ပြီ။ မင်းရဲ့ဝဲဆေးကြော်ငြာချင်တာနဲ့ ငါ့ကို လူသိကုန်ပြီ”
ထိုသို့ ဖေသောင်းပြောသည်တွင် စင်နောက်ဖက်ရှိ အဖွဲ့သားများ တခွီခွိရယ်ကြ၏။ ညိုကား ရှက်ရှက်နဲ့ ဆေးဗူးကို နီးရာလူလက်ထဲထည့်ပြီး ပြန်ပြေးခဲ့ရ၏။
မခင်အေးသည် သူမနံဘေး ပြန်လာထိုင်သော ညိုအား ဆွဲဆိတ်၍ နင်ကလည်း ဟုတ်သားပဲ လူလည်ခေါင်ကြီး ဟုဆိုကာ ဗူးလေးရာ ဖရုံဆင့်လိုက်သည်။ ညိုမှာ နောင်တရရမှာလား … ဝမ်းနည်းရမှာလား မဝေခွဲတတ်။ ပြန်ဆန်းစစ်ရင်း နှစ်ခုလုံး ခံစားနေရပြီဆိုသည်ကို ရင်ထဲမှာ ကျင်ခနဲ ခံစားလိုက်ရ၍ သဘောပေါက်လိုက်၏။
အခမ်းအနားပြီးကာနီးတွင် အခု ရန်ကုန်ကလာပြီး ဒီမှာ စည်းရုံးဆက်သွယ် လက်တွဲရင်း ဒီအရေးတော်ပုံ ဆင်နွဲနေတဲ့ ကျောင်းသား ကိုဖေသောင်းက စကားပြောပါလိမ့်မယ်ဟု အခမ်းအနားမှူးက ကြေငြာလိုက်၏။ ဖေသောင်း အံ့အားသင့်သည်ကို ကိုမြင့်ဇော်နှင့် ကိုခင်မောင်လတ်တို့ ရယ်မော၍ “တက်တက် … အလှဲ့ကျ မနွဲ့ရဘူး၊ ကျနော်တို့ချည်း မိုက်ခိုင်းလို့ ဘယ်ရမတုန်းဗျာ” ဟု တိုက်တွန်းကာ စင်ပေါ်တင်၏။
ဖေသောင်း မရွယ်ဘဲ စင်ပေါ်ရောက်လာရ၏။
ကျနော့်နာမည် ဝဲထူ ဖေသောင်းပါ ဟု မိတ်ဆက်သည်က စ၍ ပရိတ်သတ် ပွင့်လင်းစွာ ရယ်လိုက်ကြသည်။ ဖေသောင်းမှာ သူနှင့်တကွ ထောင်ထဲရောက်ခဲ့သူအားလုံးလိုလို ဝဲများပေါက်ခဲ့ကြောင်း၊ ဒီမြို့လေးကို သူ ယခင်က ရောက်ဖူးကြောင်း အစပြန်ချီပြီး ပြောပြသည်။ ပရိတ်သတ် စိတ်ဝင်တစား ရင်ခုန်လျက် နားထောင်နေကြ၏။ ထောင်တွင်းမှ အတွေ့အကြုံများပါ ရောနှောပြောပြပြီး ဤသို့စကားကို နိဂုံးချုပ်သည်။
“အဲဒီက ထွက်ပြီးရလာတဲ့ ဝဲရောဂါကို ဒီမြို့လေးရောက်တာနဲ့ ဒီက မောင်နှမရင်းချာ ကြင်နာမှုတွေနဲ့ ကုသပေးရင်း ပျောက်လုနီးနီးရှိနေခဲ့တာ။ ကျနော်တို့အားလုံး မိုးရေထဲပြန်ထွက်ပြီး ချီတက်ချိန် ရောက်လာတော့ ဝဲခြောက်ရေနူး ဖြစ်သွားပါတယ်။ ဒါပေမယ့် ဒါ ကောင်းပါတယ်။ ဝဲက ပြန်စိုလာတော့ ဒီမြို့လေးက ရဲဘော်များ၊ မိသားစုများရဲ့ ကြင်နာမှုကို ပြန်ရတယ်လေ။ လွတ်မြောက်ရေး အရေးတော်ပုံတွေသမိုင်းမှာ အသက်ပျောက်သူပျောက် ဘဝနဲ့ရင်းသူရင်းခဲ့ကြတာ ကျနော် ဝဲပေါက်တာလောက်တော့ စာဖွဲ့စရာလည်း မဟုတ်ပါဘူး။ ကျနော် အဓိကပြောချင်တာက ကျနော် ဒီမြို့ကလေးကို တာဝန်ယူပြီး ရောက်လာကတည်းက ဝိုင်းဝန်းပြီး ဖွက်ပေးကြ၊ နေရေး စားရေး ကျန်းမာရေးကအစ ပြုစုပေးပြီး နွေးနွေးထွေးထွေး လက်တွဲခဲ့ကြတဲ့ နယ်သူနယ်သား ရဲဘော်မောင်နှမအားလုံးကို ကျေးဇူးတရားနဲ့ယှဉ်ပြီး အမြဲ အမှတ်ရနေပါ့မယ်။ အောင်ပွဲခံသည်အထိ သစ္စာမပျက်တမ်း တိုက်ပွဲဝင်သွားပါမယ်လို့ ဝဲခြောက်ရေပြန်နူးလို့ ကြည်နူးစရာရလာတဲ့ ရဲဘော်ရဲဘက်စိတ် မိသားစုရဲ့ နွေးထွေးမှုတွေနဲ့အတူ အားသစ်ခွန်သစ် အပြည့်နဲ့ ကျနော် ပျော်ပျော်ကြီး ကတိပြုရဲပါတယ် ခင်ဗျား ...”
ပရိတ်သတ်က ဟေးခနဲ ဟားခနဲ သြဘာပေးလိုက်ကြစဉ် ဖေသောင်းစင်ပေါ်မှ ချက်ချင်းမဆင်းသေးဘဲ ညို့အား သေချာရယ်ပြ၍ ကြည်ကြည်နူးနူး လက်ပြနှုတ်ဆက်သွားလေသည်။ မခင်အေးကား မကျေမနပ်ဖြင့် ငါက သူ တကယ်ဒေါကန်သွားတယ်မှတ်လို့ ကြည့်စမ်း ရုပ်ကိုက လေးခွနဲ့ပစ်ချင်စရာ ဟု ဝေဖန်၏။
ဝမ်းနည်းစရာတခုကို သူမရင်ထဲ အရောက်ပို့ပြီးမှ ကြည်နူးစရာအဖြစ် ချက်ချင်း ပြန်ဖန်ဆင်းပြသွားသော ဖေသောင်းအား ညို တကယ်ပင် လောက်စာလုံး တထုပ်လုံးကုန်အောင် ခွနှင့်ပစ်လိုက်ချင်လှသည်။
xxxxx xxxxx xxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment