Sunday, August 25, 2013

ခေတ်အရိုင်းရဲ့ မချိမဆန့်အော်သံ (ကိုညို)

ဒီကနေ့ဟာ... ခေတ်အရိုင်းကနေ ခေတ်အသစ်ကို အရှိန်အဟုန်နဲ့ ပြောင်းနေတယ်။ မပြောင်းမလဲ နဂိုအတွေးအခေါ်ဟောင်းနဲ့ နေချင်သူတွေဟာ မချိမဆန့် ဝေဒနာတွေနဲ့ ကျယ်ကျယ်လောင်လောင် ပေါက်ကွဲပြနေတယ်။ 

မကြာခင် သူတို့အရှုံးကို သူတို့ထုတ်ပိုးပြီး အကျင့်ဟောင်း စရိုက်ဟောင်းတွေ စုံပုံထားတဲ့ အမှိုက်တောင်းထဲစွန့်ထုတ်ရတော့မှာ သူတို့ရိပ်မိတယ်။ 

အဟောင်းအမြင်းတွေနဲ့ ကြွယ်ဝနေခဲ့တဲ့ကာလတွေမှာ သူတို့ မတရားခဲ့ဘူးဆိုတာ အားလုံးက ရိပ်မိနေကြတယ်။ 

ရေတံခွန်နဲ့ နီးလာတဲ့ ရေစီးကြောင်းကြီးလိုပဲ... ဘာသာရေးယောင်ယောင်၊ လူမျိုးရေးယောင်ယောင် ဖြစ်နေတဲ့ လူမှုပဋိပက္ခ၊ အတွေးအခေါ်ပဋိပက္ခတွေဟာ ခပ်စိတ်စိတ်၊ ခပ်ပြင်းပြင်းပေါ်နေတယ်။ 


မကြောက်ကြနဲ့... ရင်ဆိုင်ပလိုက်၊ အဲဒီအရာတွေအားလုံး တောင်ထိပ်က အဟုန်နဲ့ကျလာတဲ့ ရေတံခွန်လို၊ တဝုန်းဝုန်းနဲ့ မကြာခင် ပြိုကျပျက်ဆီးလိမ့်မယ်။ 

အဲဒါ... ဘာသာရေးအစွန်းသမားတွေ၊ ကျင့်ဝတ်ပျက် လောဘသမားတွေ၊ မတရားအလိုရမ္မက်ကြီးသူတွေရဲ့ မချိမဆန့် ညည်းတွားသံတွေဖြစ်တယ်။ နတ်ဆိုးတွေရဲ့ နိဂုံးချုပ် တေးသွားဖြစ်တယ်။ 

လူ့သမိုင်း ပြောင်းလဲမှုအဆင့်ဆင့်တွေကို ပြန်ပြောင်းဆင်ခြင်ကြည့်... ရှိနေဆဲ ခေတ်အဟောင်းထဲမှာတင် သူ့ကို ပြန်တော်လှန်မယ့် ခေတ်သစ်ရဲ့ မျိုးစေ့က သန္ဓေတည်ပြီးသားဖြစ်နေတယ်။ 

တခါတလေ... လူယဉ်ကျေးတွေဟာ သူ့ထက် အင်အားကြီးတဲ့ လူရိုင်းတွေရဲ့ တိုက်ခိုက်မှုကိုခံရလို့၊ ခေတ်နောက်ပြန်ဆွဲသွားတာမျိုး လူ့သမိုင်းအစမှာ မကြာခဏ ဖြစ်ခဲ့ဖူးတယ်။ ကျောက်အရိုင်းခေတ်ကနေ သူ့ထက်ပိုအဆင့်မြင့်တဲ့ ကျောက်ချောခေတ်ကို ကူးပြောင်းနေတဲ့အချိန်၊ အသိဉာဏ်မြင့် ကျောက်ချောလက်နက်သုံး လူနည်းစုတွေဟာ သူ့ထက်အဆင့်နိမ့်တဲ့ ကျောက်ကြမ်းလက်နက်ကိုင် လူရိုင်းအများစုလက်ချက်နဲ့ အသက်ဆုံးရှုံးရလို့ ခေတ်တခေတ် နောက်ကျခဲ့ဖူးသလိုပါပဲ...။ 

တက်ခေတ်လူတွေ မစိုးရိမ်နဲ့၊ အရိုင်းခေတ်ဟာ မချိမဆန့်ဖြစ်နေပြီ။ မကြာခင် ဒို့ခေတ်ကို ရောက်တော့မယ်။ သူများမှားတိုင်း လိုက်မမှားမိဖို့လိုတယ်။ မတရားမှုက မရပ်ဘဲ တရားမျှတမှုဘက်က ရပ်ဖို့လိုတယ်။ အမှန်တရားကို အစွဲကင်းကင်းနဲ့ ရဲရဲမြင်တတ်ဖို့သာလိုတယ်။ 

မြစ်ဆိုတာ အမြဲစီးဆင်းတယ်၊ ရပ်မနေဘူး၊ နောက်ပြန်မစီးဘူး။ စီးပြီးသားရေကလည်း နောက်ကစီးနေတဲ့ရေရဲ့ တွန်းအားနဲ့ဆက်စီးနေလိမ့်မယ်။ ရေစီးကြောင်းဆိုတာ ရပ်မနေဘူး၊ တန့်မနေဘူး၊ နောက်ပြန်လှည့်မသွားဘူး။ ရှေ့ကိုသာစီးတယ်၊ ဒါ အမှန်တရားဖြစ်တယ်။ 

ကျုပ်တို့ခေတ်ကြီးဟာ ရေစီးတကွေ့ဖြစ်တယ်။ ၂၅ နှစ်မှာ ပြန်ပေါ်လာတဲ့ ရေစီးရေသာကောင်းမယ့် ရာသီဥတုဖြစ်တယ်။ တွန့်မနေကြနဲ့၊ ရွံ့မနေကြနဲ့၊ တော်လှန်တဲ့သဘောတရားအတိုင်း ရှင်သန်ရပ်တည်ကြ။ 

နိုင်ငံတခုကိုချနင်းပြီး သူတို့ပေးတဲ့ လာဂ်လာဘတွေကို မက်မောမနေနဲ့တော့၊ ကိုယ့်အလုပ်သာ ကိုယ်ဆက်လုပ်ကြ။ သေချာတာတခုခုက... ခင်ဗျားပါပါ၊ မပါပါ ခေတ်ကြီးက ပြောင်းသွားမှာပဲ...။ အခုပဲ... ကြားတယ်မို့လား... အရိုင်းခေတ်ကို အချိုထင်ပြီး ဆွဲဆန့်ငုံထားချင်သူတွေရဲ့ မချိမဆန့် ဟစ်အော်နေတဲ့အသံတွေ...၊ ခေတ်အသစ်ရဲ့ ဆွဲခေါ်မှုနောက် ဒလိမ့်ခေါက်ကွေး၊ ယက်ကန်ယက်ကန် လိုက်ပါနေသူတွေ...။           ။

ကိုညို (အော်စလို) 
၂၅ သြဂုတ် ၂၀၁၃။


 

No comments: