Tuesday, August 27, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၃) - မင်းကျော်ခိုင်

မွန်းအောင်က အနုပညာဝါသနာကြီးလွန်းလို့ ကချင်ပြည် မြစ်ကြီးနားကနေ ရန်ကုန်ကိုဆင်းလာတာ။ သူနဲ့အတူ သူ့သူငယ်ချင်း ဂစ်တာသမားတွေလည်း ပါလာတယ်။ ကျနော်မှတ်မိတာ နော်ဂျာ၊ ဂွတို (ဂွတိုက ဘေ့စ်ဂစ်တာ တီးတယ်၊ ခု သူက ကချင်ပြည်နယ် လွတ်မြောက်ရေးတပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ဂွမ်မော်)၊ ကိုရဲတို့အုပ်စုက သူ့အပေါ် အများကြီးအကူအညီပေးခဲ့တယ်။ အဓိက ကိုရဲ၊ သူ့အပေါ်စေတနာအပြည့်နဲ့ ဆိုပုံဆိုနည်းအစစ ညီလို သူငယ်ချင်းလို သင်ပြပေးခဲ့တယ်။ ကျနော် မှတ်မိတယ်။ ကိုရဲ မွန်းအောင်ကို တော်တော်မောင်းခဲ့တာ။ တော်ရုံလူဆို စိတ်ဓာတ်တော်တော်ကျသွားနိုင်တယ်။ ဒါပေမယ့် မွန်းအောင်က ဇွဲကောင်းတယ်၊ သူ့အတွက် ကောင်းစေချင်တဲ့စေတနာနဲ့ မောင်းတာမှန်းသိလို့ သူ တော်တော်ကြိုးစားခဲ့တယ်။ နောက်ပိုင်း မိုးကျော်နဲ့ မွန်းအောင် အရမ်းတွဲဖြစ်ကြတယ်၊ မွန်းအောင်ငှားနေတဲ့ ၆ မိုင်ခွဲကအိမ်မှာ မိုးကျော် သူ ကွယ်လွန်ခါနီးအထိ နေသွားတယ်။ 

ဒီလိုနဲ့ ကျနော်တို့ ဒေသကောလိပ်က ပထမနှစ်စာမေးပွဲ အတွက်ဖြေကြရပြီ။ မိုးကျော်နဲ့ ကျနော်က ဘာစာမှ မရဘူး၊ ကျောင်းမှ မှန်အောင်မတက်ခဲ့ကြတာ။ ဒါပေမယ့် မေးခွန်းတွေက သူငယ်ချင်းတယောက်ဆီက ရထားတယ်။ ဒါနဲ့ နှစ်ယောက်သား စာခိုးချဖို့ Field Jacket တထည်စီဝတ်ပြီး ဂျာကင်အိပ်အများကြီးထဲ စာတွေဖြဲထည့်ပြီး ခိုးချဖို့လုပ်ကြတယ်။ ဖြေရတာက သူနဲ့ ကျနော်က ရှေ့ခုံ နောက်ခုံ။ ဖြစ်ချင်တော့ စာမေးပွဲခန်းထဲ နွေခေါင်ခေါင် Field Jacket ကြီးတွေနဲ့ ချွေးတွေပြန်ပြီး ဘယ်မေးခွန်းရဲ့အဖြေက ဘယ်အိပ်ထဲ ထည့်ထားမှန်းမသိနဲ့ နှစ်ရောက်သား အောင်မြင်စွာ စာမေးပွဲကျကြလေသတည်းပေါ့ဗျာ...။ ကျန်တဲ့သူငယ်ချင်းတွေ ညီညီတို့ မောင်နီတို့က ကျောင်းတက်မှန်ပြီး အောင်သွားကြတယ်။ 


အဉ္ဇလီအတွက် ဂီတဉ္ဇလီသီချင်းခွေထွက်တော့ ခွေက ထင်သလောက်မပေါက်ခဲ့ဘူး။ အခွေက လှိုင်တေးသံသွင်းကနေဖြန့်တာ။ ခွေထွက်ပြီး မကြာခင် ကိုအုန်းမြင့်(ရီဇော်) က ခွေ ၂ ဒါဇင် ယူလာတယ်။ မင်းကျော်ခိုင်ရေ၊ ကိုတိုးအခွေတွေ ဒို့ ဝိုင်းဖြန့်ရအောင်ဆိုပြီး လာပေးတယ်။ ဒါနဲ့ ကိုရဲရယ် ကျနော်ရယ် ခွေတွေယူပြီး ဘယ်သူ့ကို စ ရောင်းမလဲပေါ့၊ ကျနော်က အင်ကြင်းဆောင်က ဂျီဂျီး (ကိုမောင့်ညီမကိုပဲ စ ရောင်းတာပေါ့) ဆိုပြီး ဂျီဂျီးဆီ သွားရောင်းတယ်။ ဂျီဂျီးက ၂ ခွေကို တခွေ ၂၅ ကျပ်နဲ့ ဝယ်လိုက်တယ်။ အဲဒီအရင်းနဲ့ တခြားနေရာတွေ ခရီးဆက်ကြတာပေါ့၊ ရန်ကုန် ဆူးလေ ဟိုင်းလက်ကားတွေ တယောက်တကျပ်ဆွဲတဲ့အချိန် ကက်ဆက်ပါတဲ့ကားရွေးပြီး ရှေ့တန်းမှာထိုင် ဒရိုင်ဘာကို ကိုတိုးအခွေပေးပြီး ကြော်ငြာအနေနဲ့ ဖွင့်ခိုင်း... အဲလိုစ ဖြန့်ကြတယ်။ တောင်ဥက္ကလာဘက်ဆို ခွေငှားဆိုင်တွေက ဈေးမပေးဘူး၊ အဆိုတော်အသစ်ဆိုပြီး ထားခဲ့လေ နောက်တပါတ်လာကြည့်ပေါ့။ ဒါမျိုးတွေ တချို့ဆိုင်တွေကို ၁၅ ကျပ်နဲ့ ရောင်းခဲ့ရတာတွေ ရှိတယ်။ နာမည်မကြီးသေးရင် ဒီလိုပဲ မျက်နှာငယ်ရတယ်။ (မွန်းအောင်ကိုယ်တိုင် သူ့အခွေအတွက် အဲလိုအဖြစ် သူကိုယ်တိုင်ကြုံခဲ့ရတယ်)။

ခွေရောင်းရတဲ့ ပိုက်ဆံတွေကလည်း လမ်းစရိတ်၊ စားတာသောက်တာနဲ့ ငွေခေါင်းကွဲတော့တာပေါ့။ ဝန်ခံရရင် ငွေစာရင်းမရှင်းနိုင်ဖြစ်ကုန်တယ်။ ကံကောင်းတယ်ပဲပြောရမလားပဲ ခွေတွေကို တာဝန်ခံယူလာတဲ့ ကိုအုန်းမြင့်က စိတ်တခါတခါ ဖောက်တတ်တယ်။ အဲဒီအချိန်သူ စိတ်ထဖောက်တော့ တေးသံသွင်းဆိုင်ကလည်း ဘာမှလုပ်လို့ မရဘူးဖြစ်ရော။ တေးသံသွင်းဆိုင်က ပိုင်ရှင်ရဲ့သား (နာမည်မေ့နေတယ်) တာဝန်ခံပြီး ကိုအုန်းမြင့်ကိုထုတ်ပေးခဲ့တာဆိုတော့ သူ့အဖေက သူ့သားကို အိမ်ပေါ်ကနှင်ချလိုက်တယ် ကြားတယ်။ ဒါလည်း ခဏပါပဲ၊ သားအဖကိုး။ သူ့သားက ကိုတိုးတို့ ကိုရဲတို့အပေါ် သံယောဇဉ်ကြီးတယ်၊ အောင်မြင်စေချင်တယ်လေ။ အဲဒီ အဉ္ဇလီအတွက် ဂီတဉ္ဇလီ သီချင်းခွေကာဗာက ပန်းချီကျော်ကျော်ဝင်း(ကွယ်လွန်) ရေးခဲ့တာ။ ကျနော်က ဒီဇိုင်းတခုရေးပြီး ရောင်စုံစာကူးစက်နဲ့ (Electronic Wax နဲ့ရေးတဲ့ဒီဇိုင်း) A4 ဆိုဒ်ထုတ်ပြီး ရန်ကုန် အင်းစိန် ဘတ်စ်ကားတွေရော၊ ဟိုင်းလက်ကားတွေရော ဘေးမှာကပ် ကပ်ပေးလိုက်တာ။ ပြန်တွေးကြည့်တော့ အသုဘပို့တဲ့ ဘတ်စ်ကားတွေဘေးမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်သူ အသက်ဘယ်နှနှစ် ဆိုပြီး ကပ်တဲ့စာတွေလို ဖြစ်သွားတာ။ 

အခွေထွက်ပြီး နည်းနည်းကြာတဲ့အချိန် ကျနော်တို့ ဘားလမ်းထဲက မုတ်ဆိတ်လ္ဘက်ရည်ဆိုင်မှာထိုင်ကြရင်း ကိုမောင်က စကားစလာတယ်။ တိုးကြီး ဒီလိုသာဆိုရင် ဘယ်တော့မှ အောင်မြင်တဲ့အဆိုတော်ဖြစ်လာမှာမဟုတ်ဘူး... လို့လည်းပြောရော ကိုရဲက မောင်မောင် အဲလိုမပြောသင့်ဘူး၊ ဘာပဲဖြစ်ဖြစ် တိုးကြီး အောင်မြင်ဖို့ ဒို့သူငယ်ချင်းတွေမှာ တာဝန်ရှိတယ်၊ မဖြစ်ဖြစ်အောင် ဝိုင်းလုပ်ရမယ်ဆိုပြီး ပြောတယ်။ ကျနော် သိတယ်၊ ကိုမောင်ကလည်း ကိုတိုးကို အောင်မြင်စေချင်တယ်၊ ဂရုဏာဒေါသောနဲ့ ပြောခဲ့တာပါ။ တကယ်တန်းကျ သူတို့သူငယ်ချင်းချင်း သိပ်ချစ်ကြတာ။ သူတို့သီချင်းတွေကို ကိုတိုးအတွက်ပဲ ရေးစပ်ခဲ့ကြတာ၊ ကိုရဲက ကိုတိုးအပေါ် ဘယ်လောက်သံယောဇဉ်ကြီးတယ်ဆိုတာ ကျနော် သိတယ်။ ကိုရဲနဲ့ ကျနော်နှစ်ယောက်ထဲ အရက်သောက်ကြတဲ့အချိန်ဆို ကိုရဲ အမြဲပြောတယ်၊ တိုးကြီး တနေ့ လုံးဝ အောင်မြင်ရမယ်၊ ကိုယ်တို့ အစွမ်းကုန်ကြိုးစားပေးရမယ်...။ ဒါ သူအမြဲနှလုံးသွင်းထားတဲ့ စကားတွေ။ ဒီကြားထဲ မဆီမဆိုင် ကျနော့်ကိုပါလာပြီး မင်းကျော်ခိုင်နာမည်ကိုလည်း တိုး ပါတဲ့နာမည်တခုပြောင်းပါလား တဲ့။ ဟာ... ဘာဆိုင်လို့လဲ ကိုရဲရာဆိုတော့ ကိုယ်က တိုး ဆိုရင် ချစ်တယ်ကွာတဲ့၊ ချစ်မှာပေါ့ သူ့ငယ်ချစ်နာမည်က တိုးတိုး လေ။ ဒါကြောင့် သူ့သီချင်းတွေမှာ တိုး ဆိုတဲ့စကားလုံး အမြဲပါတာ...။

၁၉၇၉ လောက်ကနေ ၁၉၈၃ လောက်ကာလတွေတုန်းက ရန်ကုန်တက္ကလိုလ်ထဲမှာ ကဗျာရူး စာရူးတွေ တော်တော်ပေါတာ၊ တကယ့်ကဗျာဆရာဖြစ်သွားတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ ပုဆိုးတိုတိုဝတ်၊ ဆေးပေါ့လိပ်ကိုခဲ၊ လ္ဘက်ရည်ဆိုင်ထိုင်၊ ကိုယ့်ကိုယ်ကို ဘဝသမား၊ ဘဝကဗျာဆရာ၊ ဘဝသရုပ်ဖော် စာရေးဆရာ ကဗျာဆရာတွေပေါ့လေ... အဲလိုပုံစံတွေ ခေတ်ထခဲ့တယ်။ 

ကျနော်က အရက်ပဲသောက်တတ်တာ၊ ဆေးလိပ်မသောက်တတ်သေးဘူး။ ကိုတိုး၊ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်း၊ ဘိုတင့်(ရာပြည့်)၊ မိုးကျော်တို့က အဲဒီကာလ ခေတ်စကားနဲ့ပြောရရင် ဆင်ကြိုက်တယ်၊ ဆင်စီးတယ်ပေါ့။ ဆေးပေါ့လိပ်က နှင်းဆီ၊ နောက် သဇင်ကြိုက်ကြတယ်။ သဇင်ဆိုတာက သိတယ်မဟုတ်လား... လိပ်ပြာတောင်ဆေးဆိုင်တွေမှာ ရတယ်။ အဲဒီသဇင်နဲ့ လျက်ဆားထုတ်လေးနဲ့ ရေနွေးကြမ်းလေးနဲ့ ဆေးပေါ့လိပ်လေးနဲ့ဆို ကိုထီးဆိုသလို ဘာနဲ့မှမလဲနိုင်တဲ့ စည်းစိမ်လေးပေါ့ဗျာ...။ မောင့်အသည်းလေး ဆေးတံတိုပေါ့...။ မိုးကျော်က အရက်နဲ့မတည့်ဘူး၊ ကိုရဲကျတော့ အရက်ကို ရေမရောပဲ သောက်တတ်တာ... ဒါပေမယ့် သောက်ခဲတယ်။ သူတို့က အငြိမ်ကြိုက်ကြတဲ့သူတွေ။ 

သူတို့ကိုကြည့်ပြီး အားကျလေးစားကြတဲ့လူငယ်တွေ အတုယူမှားကြတာက အဲဒီ ရီဝေတဲ့စတိုင်ဖမ်းပြီး အနုပညာသမားကြီးတွေလို လ္ဘက်ရည်ဆိုင်တွေမှာ ရေနွေးတအိုးပြီးတအိုး မှာသောက်ကြရင်း စတိုင်ထုတ်ကြတာပဲ။ ကိုရဲတို့အုပ်စုက အဲလိုမဟုတ်ဘူး။ သူတို့ကောင်းနေပြီဆိုရင် ဂစ်တာကိုကိုင် ကီး(Key)တွေ စမ်း၊ သံစဉ်တွေ ရှာ၊ စကားလုံးတွေနဲ့ သီချင်းရေးတတ်ကြတယ်။ ပတ်ဝန်းကျင်မှာကြားရတဲ့ ကျေးငှက်သံတွေ၊ သစ်ရွက်လေတိုးသံတွေဟာ သူတို့အတွက်က သံစဉ်တွေပဲလေ။ တခါတလေ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေ မသွားဖြစ်တဲ့ညတွေ အင်းလျားကန်ဘောင်ပေါ် ဂစ်တာတီးကြရင်း အင်းလျားရေပြင်ရဲ့ လှိုင်းပုတ်သံတွေဟာလည်း သူတို့အတွက် လှပတဲ့သံစဉ်တွေပဲလေ...။ 

နောက် သဇင်ခေတ်ကုန်တော့ ကုလားမခေတ် ရောက်လာတယ်။ ကုလားမဆိုတာ နောက်လူတွေက ငါးလို့ ခေါ်ကြတယ်။ လှည်းတန်းမီးပွိုင့်က အိမကျောက်ကျောဆိုင်မှာ ရတယ်။ ကိုနေဝင်းကတော့ ပင်တိုင်ဖောက်သည်ကြီးပေါ့။ RIT ရှေ့ကြို့ကုန်းဝင်းထဲက နှင်းဆီလ္ဘက်ရည်ဆိုင်မှာလည်း ရတယ်။ လျက်ဆားထုတ်နဲ့ ရေးနွေးကြမ်းတခွက်ကတော့ ဖရီးပေါ့ဗျာ...။ တညသား သမိုင်းဝင်းထဲက သဇင်ဆောင်ရှေ့ ဂစ်တာတီးနေကြရင်း ကိုရဲဘေးမှာချထားတဲ့ နှင်းဆီဆေးပေါ့လိပ်တွေထဲက တလိပ်ယူသောက်မိတာ အရက်သောက်ထားတဲ့အခံနဲ့ ချာလပတ်ကို ရမ်းတော့တာပဲ။ ကိုရဲ ကျနော့်ကိုမနဲတွဲပြီး သူ့အဆောင်အထိ တွဲပြန်ခဲ့ရဘူးတယ်။ သူ့ဆေးပေါ့လိပ်တွေက ဆင်ထည့်ထားတဲ့ ဆေးလိပ်တွေကိုး။ အဲဒီကတည်းက ဆင်ဆို တော်တော်ကြောက်သွားခဲ့တာ ခုထိပါပဲ။ 

တရက်ကျတော့ ကျနော်နဲ့ ကိုမောင် လှည်းတန်းသွားကြတယ်။ အိမဆီဝင်ပြီးတော့မှ ပန်းကမ္ဘာအအေးဆိုင်မှာ နှစ်ယောက်ထိုင်ကြရင်း (အဲဒီတုန်းက အဉ္ဇလီမောင်မောင်ဆိုတာ နာမည်သာသိကြပေမယ့် လူနဲ့မတွဲမိကြသေးဘူး) ကိုမောင်က ကုလားမပုလင်းထုတ်ပြီး မင်းကျော်ခိုင် နည်းနည်းချကြည့်ဆိုပြီး အတင်းစည်းရုံးတာ။ ကျနော်လည်း ကိုမောင် တစိတ်ပဲနော်ဆိုပြီး တစိတ်ချလိုက်တာ အဲဒီအချိန်ကစပြီး ကောင်းခဲ့တာပါပဲ။ ကိုမောင့်ညီမ ဂျီဂျီးက သူ့ကိုအကြောင်းသိတော့ ကျနော့်ကို မင်းကျော်ခိုင် နင် ငါ့အကို ဘဲဖြူကြီးနဲ့ပေါင်းပြီး ဘာတွေလုပ်နေလဲဆိုပြီး သူငယ်ချင်းပီပီ ဆူခဲ့ဖူးတယ်။ ဂျီဂျီးက သူ့အကိုကို ဘဲဖြူကြီးလို့ ခေါ်တာကိုး။ 

သူတို့အုပ်စုထဲ ကိုတိုးက အမြဲတမ်း Ray Bin မျက်မှန်တပ်ပြီး တည်တည်ငြိမ်ငြိမ်ရှိတယ်။ ကိုနေဝင်းကျတော့ ဟန်ဆောင်လို့ မရဘူး။ သူကောင်းလာပြီဆိုရင် သူပြောချင်တာပြောတော့မယ်၊ ကိုမောင်ကျတော့ စကားသိပ်မပြောဘူး စိတ်ပါမှပြောတာ။ စာဖတ်ချင်ဖတ်၊ မဖတ်ရင် ဂစ်တာကိုင်ပြီး သံစဉ်စမ်းနေတော့တာပဲ။ ကိုရဲကျတော့ စကားတွေအထာနဲ့ ပြောပြီ...။ 

ဆက်ပါဦးမည်။

မင်းကျော်ခိုင်


  

No comments: