လွန်ခဲ့တဲ့ နှစ်များဆီကပေါ့ ... ကျနော့်မဟေသီဖြစ်လာမယ့်သူက အမျိုးသမီးသမဂ္ဂက အဖွဲ့ဝင် ချာတိတ်မလေးတယောက်ပါ။ အဲ့အချိန်က သူမ အသက် ၁၈ နှစ်ပြည့်ဦးမည်လို့ မထင်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်နဲ့ဖူးစာပါသည့်အချိန် သူမ အသက်က ၁၈ နှစ်ပြည့်ပြီး ၁ လစွန်းပဲ ရှိနေသေးတဲ့အချိန်ပါ ...။
ဒီလိုပါ ...
ကျနော် မိန်းမယူတော့ ... ကျနော်မဟေသီဖြစ်လာမယ့် သူမက ချင်းမိုင်မြို့က အမျိုးသမီးသင်တန်းမှာ ၆ လသင်တန်းတက်ပြီး ... ပြန်လာတော့ ၁ လ မပြည့်ခင် ကျနော်နဲ့ ယူဖြစ်ကြတာပါ ...။
ယူဖြစ်ပုံက ... မိရိုးဖလာ တောင်းရမ်းလက်ထပ်ယူတာ မဟုတ်ပါဘူး ...။ သူမက ကရင်စစ်စစ် ...။ ကျနော်က ဗမာ ကပြား ..။ ခက်ကြပြီပေါ့ ...။ ကရင်ဆိုတာလည်း သိတဲ့အတိုင်းပဲ ...။ ထုံစံအတိုင်း လူငယ်တို့ဘာသာဘာဝ ခိုးပြေးပေါ့ ...။
အဲ့မှာ တခု ... တခု ခိုးပြေးပါတယ်ဆိုမှ .. ကျနော့်ရုံးလုပ်ငန်း အစည်းအဝေးနဲ့ တည့်တည့်တိုးနတယ် ...။ ကျနော်တို့ရဲ့အယ်ချုပ် ဥက္ကဋ္ဌက ဖုန်းဆက်တော့ ... ကျနော်လည်း လုပ်ငန်းအစည်းအဝေးအတွက် သွားရပါတယ်။ ... အရိုးရှင်းဆုံးပြောရရင် အဲ့အချိန်က ကျနော်ကလည်း ဒု - ဥက္ကဋ္ဌ ဆိုတဲ့နေရာကို ပူပူနွေးနွေးရထားတဲ့ကာလပါပဲ ...။
(အမှန်တိုင်းပြောရရင် ... ကျနော့်ရှေ့မှာ နောင်တော်တွေရှိကြပါတယ်...။ အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာပြီးတဲ့ကာလမှာ အနေအထားအရ ရထားတာပါပဲ ...။ ဒါပေမယ့် ကျနော် ဘာမှမစွမ်းဆောင်နိုင်ခဲ့ဘူးဆိုတာ ကြိုတင် အသိပေးထားပါရစေပါ ...)
အယ်ချုပ်ခေါ်တော့ ... ကျနော် သွားတယ်ပေါ့ ...။ အမှန်က အဲ့အချိန် ကျနော် မဟေသီဖြစ်မယ့်သူမကို ခိုးပြေးသွားနေတဲ့အချိန် ...။ လုပ်ငန်းအစည်းအဝေးကလည်း ရှိလေတော့ ... မတတ်နိုင်ဘူး ... ဟန်မပျက် သွားရတာပါပဲ ...။ ပုံမှန်အတိုင်း အစည်းအဝေးတက်သလိုနဲ့ သွားလိုက်ပါတယ် ...။ ပြီး အားလုံးကို အဆက်ဖြတ်လိုက်ပါတယ် ...။
ကျနော် မိန်းမခိုးပြေးတော့ ပိုက်ဆံရယ်လို့ သုံးလေးငါးရာအပြင် ပိုမပါပါဘူး ...။ လိုက်လာရဲတဲ့ သူမကိုလည်း ချီးကျူးမိပါတယ် ...။
ပထမဆုံး အသိပေးခဲ့တာတော့ ကျနော့် လုပ်ဖော်ကိုင်ဖက် ညီအစ်ကိုမင်နေတဲ့ ရဲဘော်ရဲဘက် မောင်နေသွင်ဆီပါ ...။ သူကနေ ကျနော့်ဆီ ငွေ (၂၀၀၀ လား .. ၃၀၀၀ လား .. သေချာမမှတ်မိ) ပို့ပေးလိုက်ပါတယ် ...။ နေတာကလည်း သူငယ်ချင်းဖြစ်တဲ့သူ ကိုအောင်ထွန်းအိမ်မှာပါ ...။
နောင်ရက်များတော့ ... ကျနော့်နောင်တော်တွေဖြစ်တဲ့ ကိုစိုင်းလိတ်နဲ့ ... ကိုစောထူးတို့ သိကုန်ပါတယ်။ ကျနော်ကလည်း မေးလ်ပို့လိုက်တာကိုး ... ဒီလို ဒီလုပေါ့ ...။
ကိုစိုင်းလိတ်က ဟ .. မင်းပိုက်ဆံမရှိပဲ မိန်းမယူရလားဆိုပြီး ငွေပို့ပေးလိုက်ပါတယ် ...။ နောက်ပိုင်းတော့ ဟိုလိုဒီလိုနဲ့ .. ကျနော်တို့ရဲ့ အယ်ချုပ်က ပြန်ခေါ်လို့ ... သူမနဲ့အတူ ကျနော်လည်း မိခင်ဌာနဆီ ပြန်ရောက်ခဲ့ပါတယ် ...။
အဲ့တော့ ... သူတို့မိဘတွေဆီပြန်အပ်ပြီး ... သွားတောင်းဖို့ စီစဉ်ရပါတယ် ...။ သူမကိုလည်း ဦးစွာ သူ့မိဘတွေနေထိုင်တဲ့ မယ်လဒုက္ခသည်စခန်းဆီ ပြန်ပို့ပေးထားလိုက်ပါတယ်။
သွားတောင်းမယ်ဆိုတော့ ... ငွေက လိုလာပြန်ရော ...။ အယ်ချုပ်ကိုလည်း အားနာလေတော့ ဘော်ဒါတွေ ရဲဘော်တွေဆီ အပူကပ်ရပါတယ်။ အမေရိကားရောက်နေတဲ့ မောင်ဉာဏ်နဲ့ မောင်ဝင်းဆီ အကူအညီတောင်းရပါတယ်။ သူတို့ကလည်း ချက်ခြင်းလက်ငင်း ပို့လိုက်ကြပါတယ်။ သို့ပေမယ့် ... ဘယ်အတွက်မှန်းတော့ မသိဘူး ...။ ချက်ခြင်းရောက်မလာပါဘူး ...။
နောက်ဆုံးတော့ ... ကျနော်တို့ရဲ့ အပူကပ်နေကြ အမကြီး မကြည်ကြည်ခင်ဆီ အပူကပ်ရပါတယ်။ ငွေ ၅၀၀၀ လောက်လိုလို့ ..ခဏချည်းပါ အမရယ်ပေါ့ ...။ အဲ့အချိန် သူကလည်း နော်ဝေရောက်နေတယ်လို့ ထင်ပါတယ်။ နောက်နေ့တော့ ... မကြည်ကြည်ခင်ရဲ့အိမ်ယာဖြစ်တဲ့ အေဘီတပ်ရင်းမှူးက (အမှန်တော့ ကျနော့်ဝမ်းကွဲအကိုပါပဲ ...။ မသိခဲ့ကြတာပါ) ကျနော့်ကို ငွေ ၅၀၀၀ လာပေးပါတယ် ...။ နောက်နေ့ စခန်းထဲ လစ်ဖို့ပေါ့ ...။ အဲ့မှာ တခုကျန်တာက ...
ကျနော့်မဟေသီက .. ကရင်စစ်စစ် .. ကျနော်က ဗမာ-ကရင်-အိန္ဒိယ ကပြား ...။ ကရင်ဆိုတော့ သိတဲ့အတိုင်းပဲ ... လူမျိုးမတူတဲ့ ကျနော်က ချည်းကပ်ဖို့လွယ်ကူအောင် ... အယ်ချုပ်က ရဲဘော်ထွန်းအောင်ကျော် (အဲန်ယ်အယ်ဒီ-အယ်အေ) ကို အကူအညီတောင်းပြီးမှ ကျနော်နဲ့ သူမတို့ တွေ့ရဖို့အရေးက နီးစပ်တာပါ။ အကူအညီတွေ အများကြီး ယူခဲ့ရပါတယ် ...။
သွားတောင်းတော့လည်း ပထမတော့ ... သူတို့ဘက်က ကရင်ဆိုလေတော့ .. မဟေသီရဲ့ဖခင်က သူ့ သူငယ်ချင်း ကေအဲန်ယူရဲ့တရားသူကြီးလား .. ဘာလားတော့ မသိ ပဒိုမန်းစိုးတင့်ကို အကူအညီ တောင်းပါတယ်။ ဖြစ်ချင်လေတော့ ကျနော့်တို့အယ်ချုပ် ကရင်ဆိုတော့ ချဉ်းကပ်ရတာ သိပ်မလွယ်ကူဘူးဆိုပြီး သူ့အသိဆီ အကူအညီတောင်းပါတယ် ...။ ဟိုကလည်း လာခဲ့ပါ ..စိတ်ချ ... စိတ်ချနဲ့ ...။ နောက်မှသိတာက အယ်ချုပ် မိတ်ဆွေကလည်း ပဒိုမန်းစိုးတင့်ပါပဲ ...။
အားလုံးဟာ စီစဉ်ထားရင်တောင် ကွက်တိကျမယ် မထင်ပါဘူး ...။ ကျနော့်ကို မိန်းမလိုက်တောင်းပေးခဲ့တဲ့သူတွေဖြစ်တဲ့ ... အယ်ချုပ်၊ ဦးပီတာလင်းပင်၊ ကိုထွန်းအောင်ကျော် (ရဲဘော်)၊ ဦးမြင့်သိဏ်း (ဘီအယ်လ်စီ) ...၊ နောက် ကျနော့်လုပ်ဖော်ကိုက်ဖက်တွေ ... သတိရပါတယ်။
နောင်များတော့ ကျနော်လည်း ဒုက္ခသည်စခန်းထဲမှာ ၄ လလောက်သွားနေရပါတယ် ...။
ခုတော့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ငါးပိမစားရလို့ ... ကျနော့်ကို ဂျီတိုက်နေပါတယ် ...။ ။
(မှတ်ချက် ။ ။ သူမ၏ ၂၃ နှစ်ပြည့် မွေးနေ့အမှတ်တရ)
No comments:
Post a Comment