Wednesday, August 7, 2013

မြစ်ကြီးနား ရဲ့ ၈၈၈၈ (ကိုကျော်)

ရှစ်လ ရှစ်ရက် ရှစ်ဆယ့်ရှစ် ... အင်း ဘာလိုလိုနဲ့ ၂၅ နှစ်တောင် ပြည့်ခဲ့ပြီပေါ့။ ကျောင်းသားတွေ ဦးဆောင်စခဲ့ကြတဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကတော့ ၈၈၈၈ နေ့မှာပဲ ဆယ်တန်းကျောင်းသားတစ်စုက ဦးဆောင်ပြီး မြို့ထဲထွက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ မြစ်ကြီးနားကောလိပ် (အဲဒီတုန်းက တက္ကသိုလ် မဖြစ်သေး) ကျောင်းသားများက ဦးစီးပြီး ပိုမိုကျယ်ပြန့်တဲ့ဆန္ဒပြပွဲကိုတော့ ၈၈၈၈ ပြီးနောက် ၃ ရက်လောက်မှာ (သြဂုတ် ၁၁ သို့မဟုတ် ၁၂) မှ စတင်ခဲ့ပါတယ်။ 

မတိုင်ခင်နှစ်ရက်လောက်က မြစ်ကြီးနားကောလိပ်မှာ အင်္ဂလိပ်စာဌာနက ဆရာညီညီ ဦးဆောင်ပြီး အထက်တန်းကျောင်းသားအုပ်စုတွေနဲ့ ချိတ်ဆက်ပြီးတော့ တမြို့လုံးထွက်ဆန္ဒပြဖို့ စီစဉ်ခဲ့ကြပါတယ်။ အဲဒီတုန်းက ကျနော်လည်း ဒုတိယနှစ် ကောလိပ်ကျောင်းသားဆိုတော့ အများနည်းတူ ပါခဲ့တာပေါ့။ ချိန်းချက်ထားတဲ့ ရှမ်းစုတောင်ရပ်ကွက်က ဘုန်းကြီးကျောင်းတစ်ခုမှာ မနက်စောစော ၈ နာရီလောက်ဆို ရောက်ခဲ့တယ်။ ကချင်ရိုးရာကွက်ပုဆိုး၊ ရှပ်အင်္ကျီအဖြူ ဝတ်ထားပြီး၊ ခေါင်းစွပ်ဖို့ စွပ်ကျယ်တစ်ထည်ကို ထိပ်ကိုချည်ပြီးတော့ မျက်လုံးအတွက် အပေါက်နှစ်ပေါက် ဖောက်ထားတယ်။ ဘုန်းကြီးကျောင်းရောက်တော့ မျှော်လင့်မထားဘဲ တခြားကျောင်းသားတွေ တော်တော်များများ ကြိုရောက်နေတာတွေ့ရတော့ အားတော်တော်တက်သွားတယ်။ အထက်တန်းကျောင်းသားတွေက လက်ဖက်ရည်ဆိုင်တချို့မှာ စုကြတယ်လို့ သိရတယ်။ 


တိုင်ပင်ထားတဲ့အတိုင်း ၉ နာရီလောက်မှာ အဝေးကနေ ဒို့အရေး ဒို့အရေး လို့ အော်ဟစ်ချီတက်လာတဲ့ ကျောင်းသားထုကြီးရဲ့အသံကို ကြားနေရပြီး သံပြိုင်ကြွေးကြော်သံတွေက တဖြည်းဖြည်းနဲ့ ကျယ်လောင်လာပြီး ဘုန်းကြီးကျောင်းဆီကို ဦးတည်ချီတက်လာတဲ့ ကျောင်းသားအုပ်စုကိုမြင်ရတာနဲ့ ကျနော်တို့လည်း ဘုန်းကြီးကျောင်း အုတ်တံတိုင်းကနေ အပြင်ဘက်ကို ကျော်တက်ခုန်ချပြီး ဘေးကလမ်းမကြီးပေါ်မှာ နေရာယူတန်းစီကြတော့တယ်။ 

အူကြောင်ကြောင်နဲ့ ကြုံသလို တန်းစီလိုက်တော့ ကျနော်က ထိပ်ဆုံးနေရာ ရောက်သွားတယ်။ ပြီးတော့ ချက်ခြင်းဆိုသလိုပဲ ခေါင်းစွပ်နဲ့ကျောင်းသားတယောက်က ကျနော့်လက်ထဲကို မြန်မာနိုင်ငံ အလံတော်ဟောင်း ကြယ်ငါးပွင့်အလံတိုင်ကို ထည့်ပေးလိုက်တော့ ရုတ်တရက် ကျနော့်စိတ်ထဲမှာ "ဟိုက် ... သေပြီ" လို့ ရေရွတ်မိခဲ့ပါသေးတယ်။ 

စစချင်းတော့ ကျောင်းသားတွေ သုံးလေးရာလောက်ရှိမယ် ထင်တယ်။ ထိပ်ဆုံးမှာ ကျနော်က အလံတော်ကိုင်လို့ ဟန်ချက်ညီညီ ခြေလှမ်းဘယ်ညာ ကြွေးကြော်ချီတက်နေရင်း နောက်ကိုတချက်လှည့်ကြည့်တော့ အဖြူနဲ့အစိမ်း ဆင်တူဝတ်ထားတဲ့ ကျောင်းသားထုကြီးကို လှပခမ်းနားစွာ မြင်ရပါတယ်။ ရှမ်းစုတောင်ကနေ ရှမ်းစုမြောက်ရပ်ကွက်ကို ကမ်းနားလမ်းမကြီးအတိုင်း ချီတက်လာခဲ့တယ်၊ လမ်းဘေးတလျှောက် အားပေးကြည့်ရှုနေကြတဲ့ လူထုပရိသတ်လည်း များလာတယ်။ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံအကျော်လောက်မှာ လက်ခုပ်တီးအားပေးနေတဲ့ အသက်ကြီးကြီးလူတစ်ယောက်က "... သေချာကြည့်၊ ထိပ်ဆုံးပိုင်းက ကျောင်းသားတွေက မြစ်ကြီးနားက မဟုတ်ဘူး ... သူတို့က ရန်ကုန်ကဆင်းလာတဲ့ ကျောင်းသားခေါင်းဆောင်တွေ ..." တဲ့။ ဟိဟိ .. ခေါင်းစွပ်ထဲကနေ ကျနော်က မပြုံးဘဲမနေနိုင် ဖြစ်သွားရသေးတယ်။ အော် အရေးတော်ပုံကာလထဲမှာ ဒီလို ရယ်စရာတွေလည်း ကြုံတတ်တာ မမျှော်လင့်ခဲ့ဘူး။ 

တဖြည်းဖြည်းနဲ့ ပူးပေါင်းလာကြတဲ့ ကျောင်းသားပြည်သူတွေ များများလာပြီး နောက်ကိုလှည့်ကြည့်ရင် လူတန်းကြီးရဲ့အဆုံးကိုတောင် မတွေ့ရတော့ပါဘူး၊ လူပေါင်းထောင်ချီသွားမယ် ထင်တယ်။ ဒီလိုနဲ့ပဲ ရှမ်းစုမြောက်ရပ်ကွက်ကတဆင့် မင်းရပ်ရပ်ကွက်ကို ဖြတ်၊ ပြည်သူ့ဈေး (၁) နဲ့ ဧရာဦးပန်းခြံတွေကို ချီတက်ကျော်ဖြတ်လာပြီး မြို့မရပ်ကွက် ဈေး (၂) နဲ့ ဈေး (၁) ကြား ရေစင်ကြီး အနားရောက်တော့ ဘယ်ဘက်ကိုချိုး စာကြည့်တိုက်ရှိရာဘက်ကို ဆန္ဒပြတဲ့လူတန်းရှည်ကြီးက ကွေ့ဆင်းလာပါတော့တယ်။ 

ဈေးနှစ်ခုကြားနဲ့ ညဈေးတန်းလမ်းမကြီးဆုံတဲ့နေရာလောက်မှာ ဟောပြောပွဲလုပ်မယ်ဆိုတော့ အဲဒီမှာခဏ ရပ်နားလိုက်ကြပါတယ်။ တအောင့်လောက်အကြာမှာ ခေါင်းစွပ်နဲ့ အမျိုးသမီးကျောင်းသူတယောက်က ကျနော့်လက်ထဲက အလံတော်ကြီးကို လက်ပြောင်းလွှဲယူခဲ့ပါတယ်။ အဲဒီတော့မှ ကျနော်လည်း စိတ်ထဲကနေ "ဟူး ... တော်သေးတယ်" ဆိုပြီး အနားယူရတော့တယ်။ ဆက်ပြီးတော့ ချီတက်သွားကြတာ တမြို့လုံးနှံ့ခဲ့ပြီး ညနေပိုင်း လေးနာရီလောက်မှ လူစုကွဲသွားကြပါတယ်။ အဲဒီပထမနေ့ လူထုဆန္ဒပြပွဲမှာ အတားအဆီးမရှိ၊ အပစ်အခတ်မရှိ အဆင်ပြေစွာနဲ့ ပြီးဆုံးခဲ့ပါတယ်။ 

မြစ်ကြီးနားမြို့ ဒီမိုကရေစီအရေးတော်ပုံလူထုလှုပ်ရှားမှုမှာ အမှတ်တရတွေများစွာရှိပေမယ့် မမေ့နိုင်သေးတဲ့အရာ တချို့ကိုတော့ ပြောချင်သေးတယ်။ 

၁။ အလွန်ဝမ်းသာတဲ့နေ့က (ဦးနေဝင်း ရဲ့) တစ်ပါတီစနစ် ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဖျက်သိမ်းလိုက်ကြောင်း ရေဒီယိုကနေ ကြေညာတဲ့နေ့ပါ။ 

၂။ ကြက်သီးထမတတ် ပျော်ရွှင်တက်ကြွတဲ့နေ့က မြစ်ကြီးနားဘူတာရုံအရှေ့မှာ ဧရာမစင်အကြီးကြီး ဝါးပင်အမြင့်ကြီးတွေ လှလှပပစိုက်ထားပြီးလုပ်ခဲ့တဲ့ ဒီမိုကရေစီ ဂီတပွဲ။ အဲဒီမှာ ဂီတပညာရှင်တွေ ကချင်ဂီတသမားတွေ (ကိုအောင်ပန်း အပါ) နဲ့ ဆရာကိုသူရ (မွန်းအောင် ရဲ့ ၈/၈၂ ခွေမှာ Lead တီးခတ်ပေးသူ) သူတို့တီးခတ်ဖျော်ဖြေပေးခဲ့တယ်။ လွတ်လပ်မှုအပြည့်နဲ့ သီဆိုတီးခတ်ထာကြောင့် သိပ်နားထောင်လို့ကောင်း တက်ကြွစရာကောင်းလှပါတယ်။ 

၃။ ရယ်ရတဲ့နေ့တစ်နေ့က အက်ဖ်အာစီသမားတွေ၊ (နိုင်ငံသားမှတ်ပုံတင်ကဒ် မရှိသေးတဲ့သူ သို့မဟုတ် လျှောက်ထားပြီး မရသေးသူများ) အထူးသဖြင့် မင်းရပ်ရပ်ကွက်ထဲက တရုတ်လူငယ်အုပ်စုတစ်စုက လူထုဆန္ဒပြပွဲတစ်ရက်မှာ မြစ်ကြီးနားမြို့နယ်ကောင်စီရုံးရှေ့မှာ "မှတ်ပုံတင်ကဒ် အမြန်ရရှိရေး ... ဒို့အရေး ... ဒို့အရေး" လို့ ခုန်ပေါက်ပြီး လက်သီးလက်မောင်းတန်းပြီး အော်ဟစ်ဆန္ဒပြခဲ့တာကို ပြန်မြင်ယောင်ပြီး ...။ 

ကချင်ပြည်နယ်နဲ့ မြန်မာပြည်သူလူထုအားလုံး နေ့စဉ်နေ့တိုင်း အိပ်ရာဝင်အိပ်ရာထမှာ ပူပင်ကြောင့်ကျမှုကင်းပြီး အေးချမ်းတဲ့ဘဝ အမြန်ရောက်ရှိကြပါစေလို့ ... ၈၈၈၈ ငွေရတုမှာ ဆန္ဒပြုရင်း ...။ ။ 

(၈. ၇. ၂၀၁၃)


 

No comments: