Tuesday, August 13, 2013

ကျနော် ရေခဲစက်သမား (ဆောင်းလူ)

ကျနော် ငယ်ငယ်တုန်းကပေါ့ ...။ ၅ တန်း ၆ တန်း ကျောင်းသားအရွယ်မှာ နွေကျောင်းပိတ်ရက် ၃ လအတွင်းမှာ အဖေ့မိတ်ဆွေရဲ့ မိသားစု ရေခဲချောင်း လုပ်ငန်းတခုမှာ ဝင်လုပ်ခဲ့ဖူးပါတယ်။ မိသားစု ရေခဲချောင်းစက်ဆိုပေမယ့် တမြို့လုံးနီးပါးလောက်ကို သူ့တို့ဆီက ဖောက်သည် ယူရပါတယ်။ အဲ့အချိန်က တကျပ် နှစ်ကျပ်ခေတ်ဆိုတော့ ...ပြား ရှစ်ဆယ်လောက်နဲ့ ဖောက်သည်ပေးရပါတယ်။ 

ကျနော်ရေခဲစက်မှာ ဝင်လုပ်ဖြစ်တာကလည်း မိသားစုစားဝတ်နေရေးကြောင့်တော့ မဟုတ်ပါဘူး ...။ သို့ပေမယ့်လည်း ကျနော့်မိဘများဟာလည်း ပြေလည်သူများ မဟုတ်ပါဘူး ...။ ကျောင်းနေအရွယ် သားသမီး လေးယောက်ဝန်ကိုထမ်းရင် ရုန်းကြ ကန်ကြရသူတွေပါ ...။ မိသားစု ခြောက်ယောက်မှာ အဖေ့ဝင်ငွေတခုတည်းကိုသာ မှီခိုနေရတာပါ။ တနှစ်လုံးမှာမှ ကျနော့်မှာ ကျောင်းဝတ်စုံ နှစ်ထည်ပဲရှိပါတယ်။ တထည်ကို နှစ်ရက်ကျဝတ် ...။ ပြီးရင် လျှော် ... ကျန်တဲ့တစုံကို ဝတ်ရပါတယ်။ 

ကျနော်ဝတ်ခဲ့တဲ့ ဒီဝတ်စုံတွေကလည်း နောင်နှစ်ကျရင် ကျနော့်ညီတွေ ဝတ်ကြရပါတယ်။ နောက်နှစ်ကျောင်းတက်ရင် ကျနော်က ကျောင်းဝတ်စုံအသစ်ကလေး လိုချင်တယ် ...။ ဒါ့ကြောင့် နွေရာသီကျောင်းပိတ်ရက် ၃ လအတွင်းမှာ ကျနော်တို့က ပိုက်ဆံရှာကြပါတယ်။ ကျနော်တို့ဆိုတာက ကျနော့်အောက်က ညီတယောက်လည်းရောပါ။ ညီအကိုတွေက အသက်သိပ်မကွာပါဘူး။ အဖေကတော့ သိပ်မကြိုက်ရှာပါဘူး ...။ ကျောင်းပိတ်ရက်မှ တခြားအတတ်ပညာလေး ရှာဖွေဆည်းပူးတာကို လိုလားပါတယ်။ 


ဒါပေမယ့် ကျနော် အဖေ့မိတ်ဆွေရဲ့ရေခဲစက်ထဲမှာ ဝင်လုပ်ခဲ့ပါတယ်။ ကျနော် ရေခဲချောင်း လုပ်ခဲ့ပါတယ်။ ရေခဲချောင်းမှာလည်း အမျိုးအစား အမျိုးမျိုးရှိပါတယ် ...။ သံပုရာပေါင်း၊ ဓားလှီး၊ ကူဖီးလ် (ကျနော်တို့အခေါ်ပါ ...။ တခြားအခေါ်တော့ မသိပါ) ... နောက် တုတ်တံလေးတွေ တပ်ထားတဲ့ ရေခဲချောင်း ...။ ကျနော် သိခဲ့ဖူးတာတော့ အဲ့ဒါတွေပါပဲ ...။ 

ကျနော်တို့နိုင်ငံမှာ အများသူငါ စားနေတဲ့ သံပုရာပေါင်း၊ ဇီးပေါင်းတို့ဆိုတာ ... တကယ်တော့ သဘာဝပစ္စည်းတွေ မဟုတ်ဘူးဗျ။ ဓာတုဗေဒ ဆိုးဆေးအမှုန့်တမျိုးကို ဆေးသကြားထည့် ရေနဲ့ဖျော်ပြီး .. ရေခဲချောင်းလုပ်တာ ...။ 

သူက လိမ္မော်ဆို အဝါ၊ သံပုရာဆို အစိမ်း၊ ဇီးဆို အနီ ... နို့အေးချောင်းဆိုရင်တော့ အဖြူပေါ့ ... မန်းကျည်းဆိုလည်း ဓာတုဗေဒ မန်းကျည်းအရောင်နဲ့ အချဉ်ပေါ့။ အဲ့လို အမျိုးမျိုးရှိပါတယ် ...။ အဲ့လို အရောင်တွေ အရသာတွေအတွက်လည်း ဓာတုဗေဒဆေးတွေပဲ သုံးပါတယ်။ ဒါ့အပြင် သူနဲ့လိုက်ဖက်မယ့် ရနံ့တွေလည်း ရှိပါသေးတယ်။ အဲ့ဒါလည်း ဓာတုဗေဒပါဆေးပါပဲ ...။ သူ့တော့ အများကြီး ထည့်မရပါဘူး ...။ ရေခဲချောင်း တထောင်ဆိုရင် တစက် နှစ်စက်ပဲ ထည့်ရပါတယ် ...။ 

တနေ့ တနေ့ကို ကျနော်တို့ ရေခဲချောင်း ထောင်နဲ့ချီပြီး လုပ်ရပါတယ်။ နွေဘက်ဆိုတော့ ပိုဆိုးတာပေါ့ ...။ ဖောက်သည်တယောက်ဟာ အနည်းဆုံး ရေခဲချောင်း နှစ်ရာ သုံးရာ ယူပါတယ် ...။ ကျနော်တို့က ပြား ရှစ်ဆယ်လောက်နဲ့ ပေးရပါတယ်။ တချို့လည်း နီးရင် နီးသလို ဝေးရင် ဝေးသလို ဈေးတင်ကြပါတယ်။ အနီးအနား ရောင်းသူဆို တစ်ကျပ်လောက် ရောင်းပါတယ်။ နည်းနည်းဝေးရင်တော့ နှစ်ကျပ် ...။ နှစ်ချောင်း ငါးကျပ် ... အဲ့လိုရောင်းပါတယ် ...။ 

ကျနော်လုပ်တဲ့နေရာက ရေခဲချောင်းစက်တွေက အုတ်နဲ့ ကန်လုပ်ထားပြီး အောက်မှာ ပန်ကာ တပ်ထားပါတယ် ...။ အပေါ်မှာတော့ သစ်သားနဲ့ အဖုံးလုပ်ထားတာပါ။ ပန်ကာက အထဲမှာပါ ...။ ပြီးရင် ဆားကြမ်းတွေထည့် ...ရေထည့်ပြီး မော်တာနဲ့လှည့်ရင် အေးလာပါတယ်။ ပန်ကာထားရှိတဲ့ဘက်ခြမ်းကိုတော့ အကန့်တခုထားပါတယ်။ နို့မဟုတ်ရင် ပန်ကာဒလက်တွေကြောင့် ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ 

ကျနော်တို့က ရေခဲချောင်း ထုတ်ပါတယ် ...။ ရေခဲချောင်းထုတ်ရင် ကန်တော့တချောင်းနဲ့ ခွက်တလုံး လိုပါတယ်။ နောက် ထုတ်မယ့်အိတ်အနေအထားလည်း လိုပါတယ်။ ဥပမာ သုံးလက်မ အရှည်လောက်လိုချင်တဲ့ ရေခဲချောင်းထုတ်ချင်တယ်ဆိုရင် အနည်းဆုံး အိတ်အရှည်ဟာ ငါးလက်မခွဲတော့ရှိမှ ဖြစ်ပါတယ် ...။ နို့မဟုတ်ရင် ချည်ဖို့က မလွယ်ပါဘူး ...။ သားရေပင်နဲ့လည်း ချည်လို့လည်း မရပါဘူး ...။ ဒီအတိုင်းပဲ ပြန်ချည်ရပါတယ်။ ဘာဖြစ်လို့ဆိုတော့ သားရေပင်က ဆားရည်နဲ့ထိတဲ့အခါကျရင် ပြန်ထွက်တတ်ပါတယ်။ နောက် တင်းနေအောင်လည်း ထုပ်မရပါဘူး။ တင်းလွန်းရင် ဆားရည်နဲ့ထိပြီး ခဲလာတဲ့အခါကျရင် ကွဲသွားတတ်ပါတယ်။ ကွဲသွားရင် ဆားရည်တွေဝင်သွားပြီဖြစ်တဲ့အတွက် ရေခဲချောင်းဟာ အပျက်စာရင်းဝင်သွားပါတယ်။ 

နောက် ထုပ်ပြီးသား ရေခဲချောင်းတွေကို ဆားကန်ထဲထည့်ပြီး ရေခဲချောင်းနပ်တဲ့အထိ ယောင်းမတချောင်းနဲ့ မွှေနေရပါတယ်။ မွှေလို့ ကျက်ပြီဆိုရင် ဆယ်ပြီး ရေနဲ့ တမိနစ်လောက် ဖြတ်ခနဲ စိမ်ရပါတယ်။ ဒါမှ ကပ်နေတဲ့ ဆားရေတွေ ကွာကျကုန်မှာပါ။ ဒါမှ စားတဲ့လူအတွက် အိတ်ဖောက်ကိုက်စားတဲ့အခါကျရင် ငံမနေတော့ဘဲ အဆင်ပြေနေမှာပါ။ ရေထဲ ကြာကြာစိမ်မိရင်လည်း ရေခဲထုတ်က ပျော်သွားပါတယ်။ စိမ်ပြီးသွားတဲ့ ရေခဲချောင်းတွေကို ဒီအတိုင်းထားလို့ မရပါဘူး။ နှပ်ရပါသေးတယ်။ တရက်တန်သည် နှစ်ရက်တန်သည် နှပ်ရပါတယ်။ သူ့အတွက်က ရေခဲသေတ္တာလို ကန်သပ်သပ်ရှိပါတယ်။ အဲ့အထဲမှာ ထည့်ပြီး နှပ်ရပါတယ်။ ဒါမှ ရေခဲချောင်းဟာ ရေခဲမှိုပွင့်တွေထ မာတင်ပြီး တရက် ဒါမှမဟုတ် နာရီ ၂၀ လောက် ခံနိုင်ရည်ရှိတာပါ။ ရိုက်ကြည့်ရင်တောင် တောင်နဲ့တောင် မြည်ပါတယ်။ ဒါက ရိုးရိုး ရေခဲချောင်း ထုတ်လုပ်တာပါ။ 

ရေခဲချောင်းထုတ်ပြီးသွားရင် ကျနော့်လက်တွေလည်း ဝါစိမ်းနီ အရောင်မျိုးစုံနဲ့ ရွံ့တွနေပါပြီ။ ပြီး ဆားရေထဲမှာ ရေခဲချောင်းဆည်ရတဲ့အတွက် အားလုံးပြီးတဲ့အချိန်မှာ ... လက်တခုလုံးဟာ ယောင်ကိုင်းနာကျင်လှပါတယ်။ ဒီကြားထဲ တခုခုထိလို့ ဆားရေထိရင် ပိုဆိုးသေးပါတယ်။ 

နောက်တခုကတော့ ထုတ်ထိုးဆိုတဲ့ ရေခဲချောင်းပါ ...။ မြင်ဖူးကြမှာပါ ...။ အမျိုးအစားတော့ ကွဲမှာပေါ့ ...။ လွန်ခဲ့တဲ့ ၁၆ ... ၁၇ နှစ်လောက်ကတော့ တုတ်ကို ဝါးပြားလေးတွေ သုံးပါတယ်။ ဝါးပြား တရာ ဘယ်လောက်ဆိုပြီး ဝယ်ရပါတယ်။ သူလည်း သိပ်တော့မခက်ပါဘူး။ အပေါ်က နည်းအတိုင်းပါပဲ ...။ ဒါပေမယ့် တခုက သူ့ကျတော့ အိတ်ထဲထည့်တာမဟုတ်တဲ့အတွက် တုတ်မှာမြဲနေဖို့ လိုပါတယ်။ ဒါ့အတွက် ကော်ထည့်ရပါတယ် ...။ ဒါကလည်း စားတဲ့ကော်ပါ ...။ ကပ်တယ် ... စေးတယ် ...။ နောက် ပဲချောင်းလုပ်ချင်ရင် ပဲထည့် ...။ သာကူချောင်းလုပ်ရင် သာကူထည့် ...။ ပဲချောင်း သာကူချောင်းက သိုးတတ်ပါတယ်။ သူတို့ကိုလုပ်ဖို့ ပုံစံခွက်ဆိုတဲ့ မိုတော့ လိုတာပေါ့ ..။ မိုထဲကိုထည့် တုတ်စိုက်ပြီး ဆားကန်ထဲမျှောထားလိုက်ရုံပါပဲ ...။ ဒါလှီးလည်း ဒီအတိုင်းပဲပါ ...။ ကော်ထည့်တယ် ...။ သူ့ကျတော့ နို့နံ့ရအောင် နို့မှုန့်နည်းနည်း ကြိုထည့်ပါတယ်။ ပြီး မွနေအောင် ပွဆေးထည့်ရပါတယ်။ ဒါမှ ဓားလှီးမွမွလေးတွေ ဖြစ်မှာပေါ့ ...။ စားဖူးကြမှာပါ ...။ ဒါပေမယ့် အားလုံးဟာ ဓာတုဗေဒဆေးတွေချည်းပဲ ...။ ဒါ့ကြောင့်လည်း ဗမာပြည် ကင်ဆာအဖြစ်များတာ ထင်ပါတယ်။ 

နောက်တခုက ကူးဖီးလ်လို့ခေါ်တဲ့ နို့အေးချောင်းတမျိုးပါ ...။ သူကတော့ နည်းနည်းအဆင့်မြင့်တယ် ...။ ဓာတုဗေဒဆေးကင်းအောင် လုပ်ပါတယ်။ ဒါပေမယ့်လည်း မကင်းပါဘူး ... အနံ့လောက်တော့ ထည့်ဖြစ်အောင် ထည့်ရပါတယ်။ သူက ကြက်ဥတို့ ... သပျစ်သီးချောက်တို့ ချက်နို့ဆီတို့နဲ့ လုပ်တာပါ ...။ အဆင့်မြင့်ရေခဲချောင်းပေါ့ ...။ လူကုံထံတွေလောက်ပဲ လာဝယ်စားပါတယ် ...။ ဈေးကလည်း ကွာတာကိုး ...။ အပေါ်မှာ ပြောခဲ့တဲ့ရေခဲချောင်းကတော့ ... ကျေးလက်နေ တောသူတောင်သားတွေနဲ့ ... လက်လုပ်လက်စား ပျံကျသမားတွေအတွက် ရည်ရွယ်သလားတောင် ထင်ရပါတယ်။ 

ဒါပေမယ့် ကျနော် ရေခဲချောင်းလုပ်ခဲ့ဖူးပါတယ်။ နောင်နှစ်တွေတော့ ကျနော် သွားမလုပ်တော့ပါဘူး။ ရေခဲချောင်းလုပ်တဲ့သူတွေကို ကြည့်လိုက်ရင် သူတို့ပတ်ဝန်းကျင်က အမြဲထိုင်းမှိုင်းပြီး ... အေးစက်နေပါတယ် ...။ ဓာတုဗေဒဆေးကို တခုမဟုတ်တခု အမြဲကိုင်တွယ်နေရတတ်ပါတယ် ...။ 

နောင်များမှာ ကျနော် တော်ရုံနဲ့ ရေခဲချောင်း မစားဖြစ်တော့ပါဘူး ...။           ။

ထိုင်းစံတော်ချိန် ... ၁၁း ၀၅ နာရီ 

(နောင်အလျဉ်းသင့်ရင်တော့ ကျနော် ရွာရိုးကိုးပေါက်လျှောက်ပြီး ဂျာနယ်ပွဲစားလုပ်ဖြစ်တဲ့အကြောင်းလေး ရေးပါဦးမယ်)


 

No comments: