Monday, August 12, 2013

သတင်းထောက်သတ္တိ (ကိုညို)

နိုင်ငံရေးသမားနဲ့ သတင်းသမား... ဆိုတာ သဘာဝခြင်း ကွဲပြားတယ်။ နိုင်ငံရေးသမားက နိုင်ငံရေးအကျိုးအမြတ်အပေါ် တည့်တည့်ကြည့်တယ်။ သတင်းသမားက သတင်းတန်ဖိုးနဲ့ ပြည်သူ့အကျိုး ပြုမပြုဆိုတဲ့အပေါ် ကြည့်တယ်။ 

နိုင်ငံရေးသမားက မှန်နေရင်တောင် အချိန်အခါ အခြေအနေက ပြောဖို့မတန်ရင် ငြိမ်နေတယ်။ သတင်းသမားက အများသိဖို့ လိုအပ်တယ်၊ မှန်ကန်တယ်ထင်ရင် ကာလသုံးပါးမရွေး ပြောရဲ ဆိုရဲရတယ်။ မပြောရင် သတင်းသမားတာဝန် မကျေဘူး။ 

နိုင်ငံရေးသမားက တကွက်မှားမှာ ကြောက်တယ်။ အမှားမကင်းပေမယ့် မှားမှာကို သတိထားတယ်။ အဖြစ်အပျက်၊ အခြေအနေက ဘယ်လောက်ပဲမှန်နေပါစေ၊ အများသူငှာ မကြည်ဖြူမှာ ဝေဖန်ကဲ့ရဲ့မှာကို စိုးရိမ်တယ်၊ မပြောရဲဘူး။ အကွက်စေ့အောင် ဒေါင့်စေ့အောင် ကြိုးစားပြီးမှ သူ့ဖို့တကွက်ချန် ကစားတယ်။ 

သတင်းသမားမှာ အကွက်မရှိဘူး။ အမှန်တရားပဲရှိတယ်။ ဘက်မရှိဘူး၊ တရားမျှတမှုပဲရှိတယ်။ မှန်ကန်တယ်၊ ပြောဖို့လိုအပ်တယ်၊ ပြောမှလည်းဖြစ်မယ်၊ အများအတွက် အကျိုးမယုတ်အောင်၊ မနစ်နာအောင် စေတနာနဲ့ဆိုရင် ဘာမှတွန့်ဆုတ်နေစရာမလိုဘူး၊ သတ္တိရှိရှိပြောရဲရမယ်။ အဲဒီအတွက် ခံစရာရှိရင်ခံသာခံလိုက်၊ ခံရဲတာလည်းသတ္တိပဲ။ ဘာမှကြောက်စရာမလိုဘူး။ 


အဲဒါ နိုင်ငံရေးသမားနဲ့ သတင်းသမားတွေရဲ့ သိသိသာသာ ကွာခြားချက်ဖြစ်တယ်။ ဒီထက် သိသာကွဲပြားချက်တွေလည်း အများကြီးရှိလိမ့်မယ်။ 

ဒီကနေ့ ပြည်တွင်းပြည်ပ သတင်းသမားတော်တော်များများဟာ သတင်းသမားအကျင့်ကို မကျင့်ကြံဘဲ နိုင်ငံရေးသမားလို ကျင့်ကြံနေတယ်၊ အဲဒါ လုံးဝမှားတယ်။ သတင်းသမားဟာ အခွင့်အရေးသမား မဖြစ်စေရဘူး။ အချောင်သမားလမ်းကြောင်းလည်း မလျှောက်ရဘူး၊ မိမိရဲ့ပညာနဲ့ ရပ်တည်ချက်အပေါ် တန်ဖိုးထားတတ်ရမယ်။ 

ငွေရေးကြေးရေး၊ စားဝတ်နေရေးသက်သက်နဲ့လည်း သတင်းသမားကောင်းမဖြစ်လာဘူး၊ နာမည်ကြီးချင်ရင်လည်း သတင်းထောက်အလုပ် ရေရှည်လုပ်လို့မရဘူး။ ဖြစ်ထွန်းမလာဘူး။ သတင်းသမားကျင့်ဝတ်ပျက်ရင်တော့ ဘယ်သူမှလေးစားယုံကြည်မှာ မဟုတ်ဘူး၊ ဒီတော့ သတင်းသမားတွေဟာ နိုင်ငံရေးသမားတွေလို မတွေးနဲ့၊ မကျင့်ကြံနဲ့၊ တာဝန်မဲ့ရာကျလိမ့်မယ်။ 

မိမိကိုယ်ကို သတင်းသမားလို့ခံယူရဲရင် အမှန်တရားနဲ့ အများပြည်သူအတွက်ဆို ဘာမှ စိုးရိမ်ကြောင့်ကြမနေနဲ့။ သတ္တိရှိရှိ၊ ဆင်ခြင်တုံတရားရှိရှိနဲ့ လုပ်ပေတော့...။ မိမိတင်ပြတဲ့ အမှန်တရားနဲ့ အကြောင်းအရာထဲမှာ ကိုယ်ကျိုးမချန်တဲ့ စိတ်စေတနာသာပါပလေ့စေ။ 

မကျေနပ်သူတွေက ရိုက်ချင်ရိုက်၊ ဖမ်းချင်ဖမ်းပလေ့စေ ရေးသာရေး။ အဲဒါမှ ဒီကနေ့တိုင်းပြည်ရဲ့ လိုအပ်ချက်အရ ခေတ်သစ်ကို ရဲရဲလျှောက်ရဲတဲ့ သတင်းသမားကောင်းတယောက်ဖြစ်တယ်။ တခေတ်တခါကလည်း သတင်းစာဆရာ၊ သတင်းထောက်နဲ့ ဂျာနယ်လစ်တွေ အများကြီးရှိခဲ့ဖူးပါတယ်။ နာမည်ကောင်းနဲ့ကျန်ရစ်ခဲ့သူတွေရဲ့ စိတ်ဓာတ်နဲ့ အရည်အသွေးတွေကို လေ့လာကြည့်ပေါ့။ သူတို့ရဲ့ အနှစ်သာရကို အခုလိုပဲ မြင်ရလိမ့်မယ်။ 

သတင်းသမားဘဝဖြတ်သန်းမှုကနေ တွေးမြင်မိတဲ့ အသိနဲ့ ရပ်တည်ချက်ကို ပြန်ပြောပြတာပါ...။ ပြန်ရှယ်တာပါ...။ ဖြစ်စေချင်လွန်းလို့ပါ...။ 

သတင်းလမ်းမပေါ် ဆက်လျှောက်နေအုံးမယ့် ... သတင်းထောက်... ကိုညို။



 

No comments: