Wednesday, July 3, 2013

အာဏာရှင်တွေ ဒေါသူပုန်ထလို့ (နိဂုံးပိုင်း) - ကိုညို


၇ ဇူလိုင် (သို့) အာဏာရှင်ရဲ့ သတ်ဖြတ်မှုနိဒါန်း

“ညနေ ၅ နာရီကျော်လောက်မှာ ဗိုလ်နေဝင်းရဲ့ ကိုယ်ရံတော် သနက(၄) စစ်တပ်က ဝင်လာတယ်။ တက္ကသိုလ်တလျှောက် စစ်သားတွေ ဖြန့်ကျက်နေရာယူထားတယ်။ ကျောင်းသားတွေကလည်း အစောပိုင်းကပဲ ဆန္ဒပြခဲ့ ခဲနဲ့ပေါက်ခဲ့လို့ မောပြီး တချို့ကမြက်ခင်းမှာ၊ တချို့ကလည်း ရပ်ပြီးနားနေတဲ့အချိန်၊ သေနတ်နဲ့ တန်းစီချိန်ထားတဲ့စစ်သားတွေကို တချို့က ငေးမောကြည့်နေတာပေါ့။ မန္တလေး၊ ရာမည၊ အမရပူရ၊ တောင်ငူက စာသင်ဆောင်တွေ မဟုတ်ဘူး၊ ကျောင်းသားအဆောင်တွေ၊ ကျောင်းသားတော်တော်များများက အဆောင်တွေပေါ်က လှမ်းအကဲခတ်ကြည့်နေတယ်။ စာတိုက်ဘက်က ပုဂံတို့ တကောင်းတို့က ကျောင်းသားတွေကလည်း ငေးကြည့်နေတယ်။ အဲ… အဲဒီအချိန်မှာ အေးအေးဆေးဆေးပဲ၊ ပစ်မယ်ခတ်မယ်လို့ ဘယ်သူမှ မထင်ဘူး” 

ရှင်းပြနေတဲ့သူ့အသံက တယ်လီဖုန်း စကားပြောခွက်ထဲမှာ နည်းနည်းမာပြီး ကျယ်သွားလို့ သူ့ဘေးက တယောက်ယောက်က သတိပေးလိုက်ဟန်တူတယ်၊ သူ့အသံ နည်းနည်းတိုးသွားတယ်။ 

“ခန့်မှန်းခြေ ၆ နာရီ ၁၅-၂၀ မိနစ်လောက်ရှိမယ်၊ ကားတစီးရောက်လာပြီး စစ်ဗိုလ်တယောက်က ကျောင်းရှေ့မှာကွပ်ကဲနေတဲ့ ဒုဗိုလ်မှူးကြီး စိန်လွင် (၁၉၈၈ သမ္မတ၊ သားသတ်သမားလို့ နာမည်ကြီး) ဒုဗိုလ်မှူးကြီး လှမြင့် (သနက၄ တပ်မှူး၊ သံချပ်ကာယန္တယားတပ် ညွှန်မှူး)ကို စာရွက်တရွက်ပးလိုက်တယ်၊ သိပ်မကြာဘူး၊ စစ်ဗိုလ်တယောက်ရှေ့ထွက်လာပြီး လက်ကို ၃ ကြိမ်ဝိုက်ပြီး ရမ်းပြတယ်။ ကျနော်တို့ကတော့ ဘာအချက်ပေးမှန်းသိမှ မသိဘဲဗျ၊ ဒါနဲ့ သူတို့လက်ထဲက ဂျီသရီးတွေနဲ့ ဒလစပ်ပစ်တော့တာပဲဗျာ…” 


တယ်လီဖုန်းထဲကအသံကို အသံဖမ်းစက်နဲ့ဖမ်းယူနေတဲ ကျနော်ကိုယ်တိုင် အသက်ရှူဖို့ မေ့နေတယ်၊ ဖုန်းလိုင်းထဲက သူ့အသံ ပြတ်ကျမသွားဖို့ စိတ်ထဲမှာ တချိန်လုံး ဆုတောင်းနေမိတယ်။ ဗမာပြည်ဆက်တဲ့ ဖုန်းလိုင်းတွေက အနှောက်အယှက် ပယောဂရှိတတ်တယ်။ 

“ဂျာမဏီထုတ် ဂျီသရီးကို ဗမာပြည်က ရန်ကုန်တက္ကသိုလ်ဝန်းမှာ စမ်းသပ်ပစ်ခတ်တာပေါ့ဗျာ… ကျည်တကပ်ပစ်ပြီး အသစ်လဲရင် ကျနော်တို့က ထပြေးလိုက်၊ နောက်တကပ်နဲ့ထပ်ပစ်ရင် မြေပေါ်ဝပ်ချလိုက်၊ ကျည်ကပ်လဲတုန်း ထပြေးလိုက်ပေါ့… သေလား ရှင်လားတွေလည်း မသိဘူး၊ လဲပြိုကျတဲ့လူ အတုံးအရုံးလည်း ဘယ်ကြည့်နိုင်မှာလဲ… ကိုယ်တောင် အသက်လုပြေးရတာပဲဗျာ” 

သူ့အသံနားထောင်ပြီး ကျနော်ပါ မောနေတယ်။ အဲဒီနေ့က၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်ဖြစ်တယ်။ အာအက်ဖ်အေ ရေဒီယိုကနေ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးအခင်း နှစ် ၄၀ အထူးအစီအစဉ်ဆောင်းပါး အသံလွှင့်ဖို့ သတင်းထောက်ဖြစ်တဲ့ ကျနော်ဟာ နယူးဒေလီကနေ ရန်ကုန်က အသိမိတ်ဆွေတချို့နဲ့ ချိန်းဆိုပြီး တယ်လီဖုန်းအင်တာဗျူး လုပ်နေတာဖြစ်တယ်။ 

၁၉၆၂ ခုနှစ်၊ ဇူလိုင် ၇ ရက်မှာ ကိုယ်တွေ့ကြုံခဲ့တဲ့အဖြစ်အပျက်တွေကို ဟိုတုန်းက ကျောင်းသား ကျောင်းသူတွေက ကျနော့်ကို ပြန်ပြောပြခဲ့တာဖြစ်တယ်။ သူတို့နာမည်တွေကို မပြောပြဘူး။ ကျောင်းသူဟောင်းတယောက်ကိုတော့ ဒေါ်ခင်မာအေး (ကွယ်လွန်)ဆိုတာ ကျနော် မှတ်မိနေတယ်။ ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးအဖွဲ့ဝင်လည်းဖြစ် အိုးဝေမဂ္ဂဇင်း တာဝန်ခံလည်းဖြစ်တဲ့ ကျောင်းသားခေါင်းဆောင် ကိုလှရွှေ (နိုင်ငံရေးအကျဉ်းသားဟောင်း)ရဲ့ ဇနီးဖြစ်တယ်။ 

ကျောင်းသားသမဂ္ဂ လှုပ်ရှားမှုအတွင်းမှာ ဖူးစာဆုံခဲ့ကြတဲ့ ငယ်ရွယ်နုပျိုတဲ့ ချစ်သူနှစ်ဦးဟာ ဇူလိုင် ၇ မတိုင်ခင် ၂ ရက်အလို ဇူလိုင်လ ၅ ရက်နေ့မှာ လက်ထပ်ခဲ့ပြီး လက်ဖွဲ့ပစ္စည်းလေးတွေကို သမဂ္ဂအဆောက်အဦထဲ သိမ်းဆည်းထားရာက ဇူလိုင် ၈ ရက် မနက်သမဂ္ဂကြီး ဗုံးနဲ့ဖြိုဖျက်ခံရမှုနဲ့အတူ ပါသွားခဲ့တယ်လို့ ပြောပြဖူးခဲ့တယ်။ 

ကျာင်းသားတွေကို ဘာ့ကြောင့်မုန်း 

၇ ဇူလိုင် အရေးအခင်းဟာ ၁၉၆၂၊ မတ်လ ၂ ရက် ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ စစ်အာဏာသိမ်းပြီး ဗွေဆော်ဦးအနေနဲ့ ကျောင်းသားတွေကို ဦးချိုးတဲ့ သတ်ဖြတ်မှုဖြစ်တယ်။ 

အမှန်တော့ စစ်အာဏာသိမ်းပြီး ၂ ရက်အကြာမှာပဲ လူထု တရားဝင်ရွေးကောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို လက်နက်အားကိုးဖြုတ်ချလို့ တကသ၊ ရကသ၊ ဗကသ တို့က ကန့်ကွက်ခဲ့တယ်။ တော်လှန်ရေးကောင်စီကို ထောက်ခံကြောင်း လက်မှတ်ထိုးထုတ်ပြန်တဲ့ ဗကသ ဥက္ကဋ္ဌ ကိုခင်မောင်အုန်းကိုလည်း ဗကသအမှုဆောင် အစည်းအဝေးကဖြုတ်ချပြီး ဒုဥက္ကဋ္ဌ ကိုသက် ကို (၇ ဇူလိုင် မတိုင်ခင် ဖမ်းခံရ) ဥက္ကဋ္ဌ တင်လိုက်တယ်။ အာဏာသိမ်းအစိုးရက ဝါဒဖြန့်ကောင်းပေမယ့် ကျောင်းသားအများစုက မထောက်ခံဘူး။ အာဏာသိမ်းတုန်းကလည်း ကျောင်းသားတွေရဲ့ စာမေးပွဲရာသီကြီး။ စာမေးပွဲအပြီး ကျောင်းပိတ်လိုက်တာဆိုတော့ ကန့်ကွက်မှုတွေ မကျယ်ပြန့်ခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် အာဏာသိမ်းစစ်အစိုးရအဖို့ တက္ကသိုလ်ကျောင်းသားဆိုတာ လည်ချောင်းထဲ စူးဝင်နေတဲ့ ဆူးတချောင်း။ 

တက္ကသိုလ် သြဇာ 

အဲဒီကာလက တက္ကသိုလ်ဆိုတာကလည်း ဒီခေတ် နိုင်ငံတကာက တက္ကသိုလ်တွေလိုပါပဲ။ နိုင်ငံရေးဂိုဏ်းပေါင်းစုံတယ်။ ဆိုရှယ်နီတွေ၊ ကွန်မြူနစ်ထောက်ခံသူတွေ၊ ဖဆပလ ထောက်ခံသူတွေ၊ နိုင်ငံရေးရောင်စုံပဲ။ ဒါကို တော်လှန်ရေးကောင်စီက ဖြိုချင်တယ်။ ပညာတတ် နိုင်ငံရေးခေါင်းဆောင်တိုင်း တက္ကသိုလ်ကထွက်တဲ့ အစဉ်အလာရှိတယ်။ 

တက္ကသိုလ်မှာ ၁၉၂၀ ကတည်းကပြဌာန်းထားတဲ တက္ကသိုလ်အက်ဥပဒေဆိုတာ ရှိတယ်။ ဒီဥပဒေအရ တက္ကသိုလ်အုပ်ချုပ်မှုဟာ သီးသန့်လွတ်လပ်မှုရှိတယ်။ တက္ကသိုလ်ကောင်စီနဲ့ တက္ကသိုလ်ဆီးနိတ်ဆိုပြီး ဦးဆောင်အဖွဲ့ ၂ ခုကပဲ ထိန်းထားတယ်။ အုပ်ချုပ်ရေးရော ဘဏ္ဍာရေးရော သီးခြားလွတ်လပ်မှုရှိတယ်။ တက္ကသိုလ်ဆီးနိတ်ကတော့ ပါမောက္ခတွေ၊ ဆရာတွေရဲ့ ကိုယ်စားလှယ်တွေပါပြီး စာသင်ကြားရေး၊ စာမေးပွဲ၊ စာအုပ်စာတမ်းထုတ်ရေး စတဲ့ ပညာရေးကိစ္စတွေ လုပ်တယ်။ တက္ကသိုလ်ကောင်စီကတော့ နိုင်ငံရေးပါတယ်။ ကိုယ်စားလှယ်လည်း အလွှာစုံတယ်။ ပြင်ပစီးပွားရေးနယ်ပယ်နဲ့ ကုန်သည်တွေလည်း ကိုယ်စားလှယ်ပါတယ်။ တက္ကသိုလ်ဌာနအသီးသီးက ပါမောက္ခတွေနဲ့ ကျောင်းသားသမဂ္ဂက ကိုယ်စားလှယ် ၂ ယောက်လည်း ပါတယ်။ တက္ကသိုလ်ကောင်စီဟာ တက္ကသိုလ်လောကနဲ့ နိုင်ငံရေးအတွက်ပါ အရေးပါတဲ့အဆင့်မှာ ရှိတယ်။ 

ဖိနှိပ်တဲ့ ဥပဒေ 

တ်ာလှန်ရေးကောင်စီတက်တော့ သူ့လည်ချောင်းမှာစူးနေတဲ့ဆူးကို အရင်ဆုံးထုတ်ဖို့ ကြိုးစားတယ်။ ဘာမှ မစဉ်းစားဘူး၊ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်းလိုက်တယ်။ အာဏာသိမ်းပြီး နောက်တလမှာပဲ (မေလ ၁၁ ရက်) တက္ကသိုလ်ကောင်စီဝင်တွေကို ဒဂုံရိပ်သာထဲဖိတ်ခေါ်ပြီး ဆရာတွေက အကျင့်ပျက်တယ်၊ ကျောင်းသားတွေအကြား နိုင်ငံရေး ပယောဂဝင်တယ်ဆိုပြီး တက္ကသိုလ်ကောင်စီကို ဖျက်လိုက်တာပဲ။ တကယ်တော့ အိမ်နီးချင်း အိန္ဒိယနဲ့ တကမ္ဘာလုံးက တက္ကသိုလ်ကျောင်းသားတွေ မိမိယုံကြည်တဲ့ အယူအဆနဲ့ နိုင်ငံရေးလှုပ်ရှားကြတာပါပဲ။ 

တက္ကသိုလ်ကောင်စီကို အဓိပတိအဖြစ် ဗိုလ်မှူးချုပ်သန်းဖေ၊ အဖွဲ့ဝင် ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး တင်စိုး၊ ဗိုလ်မှူးကြီး သိန်းစိန်တို့ကိုဆွဲထည့်ပြီး ဖိနှိပ်ရေးမူဝါဒအသစ်တွေ ရေးဆွဲတယ်။ အာဏာရှင်တွေထုံးစံအတိုင်း ဖိလက်စနဲ့ ခေါင်းမထောင်အောင် ဆက်တိုက်ပဲ ဖိနှိပ်ခဲ့တယ်။ ဇွန်လ ၁၈ ရက် ကျောင်းဆောင်စည်းကမ်း ၂၂ ချက် ထွက်လာတယ်။ တက္ကသိုလ်ကျောင်းသားတွေကို အကျယ်ချုပ်ချလိုက်တဲ့ စည်းကမ်းတွေအဖြစ် ဒေါသသူပုန်ထကြတယ်။ တက္ကသိုလ်ဆန္ဒပြမှုဟာ အဲဒီကျောင်းဆောင်စည်းကမ်းက အစပြုတာဖြစ်တယ်။ 

အာဏာသိမ်း စစ်ကောင်စီက တက္ကသိုလ်အုပ်ချုပ်ရေးကိုပါ အာဏာသိမ်းလိုက်ပြီး ပညာရေးလောကထဲ ဝင်ရှုတ်တာ။ အဲဒီကနေ အစဉ်အလာလို ဖြစ်သွားတာပဲ။ တက္ကသိုလ်ပညာရေးကဏ္ဍဟာ အဲဒီကစလို့ နိဂုံးရဲ့ အစဖြစ်ခဲ့တယ်။ အာဏာရှင်တွေထုံးစံအတိုင်း ဖိလက်စနဲ့ ဆက်တိုက်ပဲ ဖိနှိပ်လာခဲ့တယ်။ တချို့ကောက်နှုတ်ပြောရရင်… ကျောင်းဝင်ခွင့်၊ အဆောင်နေခွင့်ကို လုံခြုံရေးနဲ့ အုပ်ချုပ်မှုကော်မတီခွင့်ပြုမှရမယ်၊ မိဘအုပ်ထိန်းသူရဲ့ ဝန်ခံကတိနဲ့ ကျောင်းအပ်ရမယ်၊ ည ၈ နာရီဆို အဆောင်မှာရှိရမယ်၊ ၃ ကြိမ်ပျက်ရင် အဆောင်က ထုတ်မယ်၊ သက်သတ်လွတ်စားရင် တနှစ်လုံးစားရမယ်… စတဲ့ ကျောင်းသားတွေရဲ့ သီးခြားလွတ်လပ်ခွင့်ပါ ပိတ်လာတော့ ပြဿနာမီးမွှေးတာနဲ့ တူနေတယ်။ ဒီဥပဒေတွေထုတ်ပြန်ဖို့ အရင်ဆုံး ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသာလှကို နှုတ်ထွက်ခိုင်းတယ်၊ စစ်တပ်နဲ့ပိုနီးစပ်တဲ့ ဦးကာ (သင်္ချာ ကထိက)ကို ပါမောက္ခချုပ် အစားထိုးတယ်။ 

“တင်းကြပ်တဲ့စည်းကမ်းတွေကြောင့် ထောင်မှာနေရသလိုဖြစ်နေတယ်၊ ညပိုင်းအပြင်ထွက်တာလည်း မရတော့ဘူး၊ တကသ ကလည်း ကျောင်းသားတွေကိုယ်စားတင်ပြဖို့ ကိုယ်စားလှယ်က မရှိတော့ဘူး” သပိတ်မှောက်ကျောင်းသားဟောင်းက ရှင်းပြတယ်။ 

တကသ ကျောင်းသူဟောင်း ဒေါ်ခင်မာအေးကလည်း “ကျမတို့အမျိုးသမီးဆောင်တွေဆိုရင် ညနေ ၆ နာရီထိုးပြီး နာမည်စာရင်းခေါ်ပြီးရင် ၇ နာရီနောက်ပိုင်း တခန်းနဲ့တခန်း မကူးရဘူး၊ စာကျက်ရမယ်၊ ည ၉ နာရီနောက်ပိုင်း အခန်းတံခါးမီးမှိတ် အိပ်ရတယ်၊ အဲဒီကြားထဲ ကျောင်းဆောင်ရရှိရေး အခက်အခဲကလည်း ရှိနေတယ်၊ အဆောင်တိုးချဲ့ရေးကိုလည်း ဘာမှမလုပ်ပေးဘူး၊ အဆောင် မလုံလောက်၊ ဆရာ မလုံလောက်ဖြစ်နေတယ်”။ 

အာဏာဖီဆန်ပြီ 

နောက်တော့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ (ရကသ)က သမဂ္ဂခန်းမမှာ ကမောက်ကမ ပညာရေးစနစ် ဖျက်သိမ်းရေး၊ မတရား အဆောင်စည်းကမ်း ရုတ်သိမ်းရေး တောင်းဆိုဆန္ဒပြပွဲကို ဇူလိုင် ၃ ရက်နေ့မှာ လုပ်တယ်။ ဇူလိုင် ၆ ရက်နေ့မှာတော့ ရွှေဘိုဆောင်မှာ ညပိုင်း သဟာရနဲ့ စာဖတ်အသင်း ဖွဲ့တယ်၊ အဖွဲ့ကကွဲတော့ မကျေနပ်တဲ့ ကျောင်းသားတွေက ခံစားချက်တွေ ထအော်တယ်၊ မတရား အဆောင်စည်းကမ်းအပေါ် တအုံနွေးနွေးဖြစ်နေတော့ တခြားအဆောင်က ကျောင်းသားတွေလည်း အဆောင်စည်းကမ်း မကျေနပ်လို့ ဆန္ဒပြကုန်ပြီလို့ထင်ပြီး ဝန်းဝိုင်းကြတယ်၊ အဆောင်စည်းကမ်း ဖျက်သိမ်းရေး ကြွေးကြော်သံအော် ဆန္ဒပြတယ်။ တက္ကသိုလ်အုပ်ချုပ်ရေးမှူး ဦးယုခင်နဲ့ ပါမောက္ခ ဦးကာအိမ်ကို ဝိုင်းဆန္ဒပြတယ်။ 

အဲဒီ ဇူလိုင် ၆ ရက်ည ဆန္ဒပြပွဲဟာ နောက်တနေ့ ဇူလိုင် ၇ ရက် နေ့လည် တနာရီ သမဂ္ဂခန်းမမှာကျင်းပမယ့် ကျောင်းသားထုအစည်းအဝေးကို တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်။ ဇူလိုင် ၇ ရက် သမဂ္ဂအစည်းအဝေးမှာ အာဏာသိမ်းအစိုးရရဲ့ တက္ကသိုလ် အက်ဥပဒေ ဖျက်သိမ်းရေး၊ မတရားအဆောင်စည်းကမ်း ရုတ်သိမ်းရေး ဆုံးဖြတ်ချက်ချပြီး ကျောင်းဝန်းထဲ လှည့်ပတ်ဆန္ဒပြတယ်။ နေ့လည် ၂ နာရီခွဲလောက် ကျောင်းဝန်းထဲ ရဲတွေရောက်လာပြီး ဗကသ ဥက္ကဋ္ဌ ကိုသက်၊ တကသ ဥက္ကဋ္ဌ ကိုဗဆွေလေး၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်းနဲ့ ကျောင်းသားခေါင်းဆောင်တချို့ကို ဖမ်းခေါ်သွားတယ်။ အဲဒီမှာ ကျောင်းသားတွေ ဟစ်အော်ဆန္ဒပြပြီး အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ ထိပ်တိုက်တွေ့တယ်။ ပစ်ခတ်မှုဖြစ်ပေမယ့် ထိခိုက်ဒဏ်ရာရတာကလွဲလို့ အသေအပျောက် မရှိဘူး။

နာက်ပိုင်း ကျောင်းသားထုက ပိုတက်ကြွလာတယ်။ ညနေ ၄ နာရီနောက်ပိုင်း ကျောင်းဝန်းတလျှောက် လက်နက်ကိုင် စစ်သားတွေ ရောက်လာတော့တာပဲ။ အဲဒီနောက်ပိုင်း စောစောက ဆန္ဒပြမှုမှာပါဝင်ခဲ့တဲ့ ကျောင်းသားဟောင်းကြီး ပြောပြသလို ပစ်ခတ်မှုတွေ ဖြစ်ကုန်တယ်။ ကျဆုံး သေကြေသူတွေ ၄၀ လောက်ရှိပြီး တချို့ ဒဏ်ရာအပြင်းအထန်တွေ ရကုန်တယ်လို့ သိရတယ်။ အာဏာပိုင်တွေကတော့ ကျောင်းသား ၁၇ ယောက်သာ သေဆုံးတယ်လို့ ဆိုတယ်။ အဲဒီတုန်းက မန္တလေးဆောင်တခုထဲတင် စာရင်းအရ ၁၇ ဦး သေဆုံးတယ်လို့ သိရတယ်။ မန္တလေးဆောင်နံရံမှာ မြောင်းမြက ကျောင်းသားကိုကျော်ဝင်း သူ့ခန္ဓာကသွေးနဲ့ ရေးသွားတဲ့ “၇-၇-၆၂ မမေ့ကြနဲ့” ဆိုတဲ့စာသားဟာ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘဝထိ မရိုးနိုင်တဲ့ သူရဲကောင်း ပုံပြင်တပုဒ်လို ကြားခဲ့ဖူးတယ်။ 

သမိုင်းဝင် သမဂ္ဂအဆောက်အဦ ဖြိုခွဲမှု 

“ဇူလိုင် ၈ ရက်နေ့ မနက်အိပ်ကောင်းတံး အုံးခနဲ ပေါက်ကွဲသံကြီးနဲ့ ကျမ အဆောင်တခုလုံးနဲ့ မြေကြီးဟာ တုန်လှုပ်သွားတယ်၊ ကျမ ချက်ချင်းသိလိုက်တယ်။ ဟာ… ဒီကောင်တွေ သမဂ္ဂအဆောက်အအုံကို ဖြိုခွဲလိုက်တာပဲ၊ မိုက်ရိုင်းလိုက်ကြတာလို့တွေးပြီး နှမြောတတစိတ်နဲ့ မျက်ရည်တွေတောင် တောက်တောက်ကျခဲတယ်” တယ်လီဖုန်းထဲမှာကြားနေရတဲ့ ဒေါ်ခင်မာအေးရဲ့အသံဟာ ခံစားချက်နဲ့ပြောနေမှန်း သိသာတယ်၊ မာဆတ်ပြီး တုန်ခါနေတယ်။ 

၁၉၉၈ ခု၊ ဇူလိုင်လ ၈ ရက် VOA နဲ့ အင်တာဗျူးတခုမှာ ဗိုလ်ချုပ်အောင်ကြီးက “သမဂ္ဂမှာ ကျောင်းသားတွေက လက်နက်ကိုင်တဲ့လူတွေရှိတယ်၊ လူနာတွေဆွဲပြီး တံခါးတွေပိတ်သွားတယ် ဘာညာဆိုတော့ ညနေစောင်းမှာ ဥက္ကဋ္ဌကြီး (ဗိုလ်ချုပ်နေဝင်း)က ပြည်ထဲရေးဝန်ကြီးကို တကယ်လို့ ညမိုးချုပ်သွားရင် အဲဒီအပေါ် ပစ်လားခတ်လားလုပ်ရင် တို့လူတွေ သေမယ်၊ အဲဒီတော့ အသေမခံနဲ့၊ ရကွိုင်းလက်စ်ဂန်းနဲ့ သမဂ္ဂကို ပစ်ခိုင်းလိုက်တာ” လို့ ပြောခဲ့တယ်။ ဦးနေဝင်းကလည်း ၁၉၈၈ ဇူလိုင်လ သူရာထူးက အနားမယူခင် မဆလ အရေးပေါ်ညီလာခံမှာ သမဂ္ဂဖြိုခွဲမှုဟာ သူနဲ့မပတ်သက်ဘူးလို့ ပြောသွားတယ်။ 

ဘယ်လိုပဲဖြစ်စေ ကျွဲကူး ရေပါ ဆိုသလို အဲဒီတုန်းက ကျောင်းသားအရေးကို အရေးယူဆောင်ရွက်နေတဲ့ စစ်ခေါင်းဆောင်တွေအားလုံးမှာ တာဝန်ရှိပါတယ်။ ဒီလိုသမိုင်းဝင် အဆောက်အဦတခုကို မစဉ်းစား မဆင်ခြင် ဖြိုဖျက်လိုက်တာဟာ နိုင်ငံရဲ့ သမိုင်းဝင်အဆောက်အဦတခုထဲ ပြိုကျသွားတာမဟုတ်ဘဲ တိုင်းပြည်အနာဂတ်တခုလုံး လဲပြိုသွားတာဖြစ်တယ်။ ကျောင်းသားသမဂ္ဂပြိုကွဲပြီးနောက် ဒီနေ့အထိ နိုင်ငံရဲ့ခေါင်းဆောင်ပညာတတ် မျိုးဆက်ပြတ်သွားတယ်။ နိုင်ငံရေးမျိုးဆက်ပြတ်သလို ပညာရေးလည်း ပျက်ဆီးသွားတယ်။ 

“ကျနော်တို့ဟာ ဒီအဆောက်အဦကြီးကို သိပ်ပြီးသံယောဇဉ်ကြီးခဲ့တယ်၊ မြန်မာ့ လွတ်လပ်ရေးသမိုင်းလည်း ဒီအဆောက်အဦက စခဲ့တာကိုး၊ ကျောင်းသားခေါင်းဆောင်တွေ၊ ကျနော်တို့ခေတ်က ဒီအထဲမှာ ကျောင်းသားအရေးသာမဟုတ် ပြည်တွင်းငြိမ်းချမ်းရေးပါ လုပ်ခဲ့ကြတာပေါ့။ သမဂ္ဂကြီးပြိုသွားလို့ သိပ်နှမြောတာ၊ အဲဒီတုန်းက ကျနော်တို့ကျောင်းသားတွေ မျက်ရည်တောင်ကျခဲ့ကြတယ်” နောင်တော် ကျောင်းသားဟောင်းကြီး ခံစားချက်နဲ့ ပြောသွားတဲ့အသံတွေ ဒီဂျစ်တယ်တိပ်နဲ့ အသံသွင်းထားလို့ အခုအထိ မပျောက်မပျက်ရှိနေသေးတယ်။ 

သူပြောပြလို့ အဲဒီသမဂ္ဂအဆောက်အဦထဲမှာ အဖိုးတန်စာအုပ်တွေ၊ မှတ်တမ်းမှတ်ရာတွေ၊ သမိုင်းဝင် ကျောင်းသားလှုပ်ရှားမှု ဓာတ်ပုံတွေ စာရွက်စာတမ်းနဲ့ ဖိုင်တွေအပြင် ပန်းချီဆရာကြီး ဦးနန်းဝေရဲ့ လက်ရာမြောက်တဲ့ ပန်းချီကားကြီးတွေလည်း ပျက်ဆီးဆုံးရှုံးရပါတယ်။ 

နိုင်ငံရေးမျိုးဆက်ပြတ်၊ ပညာရေး မျိုးဆက်ပြတ် 

ဒီလို သမိုင်းဝင် အဆောက်အဦတခုကို မစဉ်းစားမဆင်ခြင် ဖြိုဖျက်လိုက်တာဟာ နိုင်ငံရဲ့ သမိုင်းဝင်အဆောက်အဦတခုထဲ ပြိုကျသွားတာမဟုတ်ဘဲ တိုင်းပြည်အနာဂတ်တခုလုံး လဲပြိုသွားတာဖြစ်တယ်။ ကျောင်းသားသမဂ္ဂပြိုကွဲပြီးနောက် ဒီနေ့အထိ နိုင်ငံရဲ့ ခေါင်းဆောင်ပညာတတ် မျိုးဆက်ပြတ်သွားတယ်။ နိုင်ငံရေးမျိုးဆက်ပြတ်သလို ပညာရေးလည်း ပျက်ဆီးသွားတယ်။ အာဏာရှင်အဆက်ဆက်က ခေတ်မီတက္ကသိုလ်ပရဝုဏ်ထဲကသာ ပညာပြည့်ဝတဲ့ နိုင်ငံရေးသမားတွေ ထွက်လေ့ရှိတာကို ရိပ်စားမိလို့ တက္ကသိုလ်ပညာရေးကို ချိုးနှိမ်ခဲ့တယ်။ မိမိတို့အာဏာခိုင်မြဲရေးနဲ့ တိုင်းပြည်အနာဂတ် တိုးတက်ရေးကို သတ္တိကြောင်စွာ အလဲအလှယ်လုပ်ခဲ့တယ်။ 

တပ်မတော်မျိုးဆက်တွေကိုတော့ စနစ်တကျပျိုးထောင်ပြီး နိုင်ငံခြားပညာသင်တွေ စေလွှတ်ခဲ့တယ်။ အရပ်ဘက် ပညာတတ်နိုင်ငံရေးသမားတွေကို မျိုးဆက်တိမ်ကောအောင်လုပ်ပြီး တပ်မတော် မျိုးဆက်သစ်ကို ကြီးပွားအောင်မြှင့်တင်ခဲ့တယ်။ ဒါပေမယ့် တက္ကသိုလ်က နိုင်ငံရေးမျိုးဆက်က မပျောက်သွားသလို နလံထပြီး ပိုပြီးခိုင်မာနေတာကို ဒီခေတ်ထဲအထိ တွေ့နေရတယ်။ 

မီးမလောင်တဲ့ အိုးဝေ 

ဒီနေရာမှာ အနာဂတ်ရဲ့နမိတ်ပုံလို့ပဲ ပြောရမလား… ၁၉၆၂ တကသ ကျောင်းသူ ဒေါ်ခင်မာအေး ပြောခဲ့တဲ့ သမဂ္ဂအဆောက်အဦ ပြာပုံကြားက အိုးဝေမဂ္ဂဇင်းလေးအကြောင်း သူပြန်ပြောပြတာလေးနဲ့ပဲ ဖောက်သည်ချခဲ့ပါရစေ။ 

“အင်မတန်အံ့သြစရာကောင်းတာက သူတို့တတွေ (စစ်အာဏာပိုင်များ) သမဂ္ဂမီးလောင်ပြင်ကို သတင်းစာ၊ စာနယ်ဇင်းသမားတွေကိုခ်ါပြတဲ့အချိန် ပြာပုံတွေအပျက်အစီးတွေကြားကနေပြီး မီးမကျွမ်းဘဲ အကောင်းပကတိနဲ့ စာအုပ်လေးတအုပ်ကို တွေ့ရတယ်၊ အဲဒီစာအုပ်လေးက အိုးဝေ မဂ္ဂဇင်းပါ။ ကျောင်းသားသမဂ္ဂရဲ့ နောက်ဆုံးထုတ် အိုးဝေ မဂ္ဂဇင်းလေးပါ၊ ကျမကတော့ အဲဒီအိုးဝေ မဂ္ဂဇင်းကို အံ့ဖွယ် အိုးဝေလို့သာ နာမည်ပေးလိုက်ချင်ပါတယ်။ သူတို့ ဘယ်လိုပဲ ဖျက်ဆီးပလေ့စေ မပျက်ဆီးပါဘူး၊ သမဂ္ဂစိတ်ဓာတ်ဟာ အမြဲရှင်သန်နေအုံးမယ့် နမိတ်ပုံလေးပါ”။ ။ 

ကိုညို (အော်စလို) 

မှီငြမ်း ကိုးကား.. 

၁။ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှုသမိုင်းအကျဉ်း (အောင်စောဦး) 
၂။ ၇ ဇူလိုင် မှတ်တမ်း (အလင်းအိမ်စာစောင်-ဂျပန်) 
၃။ အင်တာဗျူး ဒေါ်ခင်မာအေး၊ ၇ ဇူလိုင် မျက်မြင်ကျောင်းသားဟောင်းတဦး (အာအက်ဖ်အေ- စိတ်ယဉ်ကျေးမှုမှတ်စုများ အစီအစဉ်) 
၎။ ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ (ဦးခင်အောင်) 


 

No comments: