Thursday, July 4, 2013

အာဇာနည်နေ့ကို ၁၉၆၀ ခေတ်တွေက ပုံစံအတိုင်းကျင်းပသင့်

ကြည်မင်းနှင့် တွေ့ဆုံမေးမြန်းခြင်း  

၁။ အာဇာနည်ကြီးများ လုပ်ကြံခံခဲ့ရသည့်ဖြစ်စဉ်နှင့်ပတ်သက်သည့် ဆရာအမြင်ကို သိချင်ပါတယ်။

- အဓိကကတော့ မနာလိုစိတ်ပါပဲ။ ဦးစောဟာ ရာနှုန်းပြည့်ဆိုးတာတော့ မဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်ကြီးဖြစ်စမှာ ဗြိတိသျှက မြန်မာပြည်ကို သူတို့ဘက်က ကူတိုက်ပေးစေချင်တယ်။ နန်းရင်းဝန် ဦးစောက အင်္ဂလန်သွားပြီး အရေးဆိုတယ်။ ကူတိုက်ပေးမယ်၊ အဲဒီအတွက် စစ်ကြီးပြီးတာနဲ့ မြန်မာပြည်ကို လွတ်လပ်ရေး ချက်ချင်းပေးရမယ်။ အဲဒါကို ဗြိတိသျှပါလီမန်က အင်းမလှုပ် အဲမလှုပ် လုပ်တယ်။ ဦးစောက ဥရောပကိုကူးသွားပြီး ပေါ်တူဂီရောက်တော့ လစ္စဘွန်းမှာရှိတဲ့ ဂျပန်သံရုံးကိုသွားတယ်။ အမှန်တော့ ၁၉၃၅ ဝန်းကျင်လောက်တည်းက ဦးစောဟာ ဂျပန့်လူဖြစ်နေတာ။


ဂျပန်သံရုံးသွားတဲ့ကိစ္စကို ဗြိတိသျှ ထောက်လှမ်းရေးကသိပြီး ဦးစောကို ဆွဲလိုက်တယ်။ ပြီးတော့ ယူဂန်ဒါမှာ အကျယ်ချုပ်နဲ့ ထားတယ်။ ဒုတိယကမ္ဘာစစ်ပြီးမှ ဦးစောလွတ်တာ။ ဒုတိယကမ္ဘာစစ်တစ်လျှောက်လုံးမှာ မြန်မာပြည် အဝေးရောက်အစိုးရ ဆင်းမလားမှာရုံးစိုက်လို့ ဆင်းမလားအစိုးရ လို့ ခေါ်တယ်။ အဲဒီအစိုးရအဖွဲ့ရဲ့ နန်းရင်းဝန်က ဆာပေါ်ထွန်း။ ဦးစောက သူသာ တရားဝင် နန်းရင်းဝန်ဆိုပြီး ပြန်လာတဲ့အချိန်မှာ မြန်မာပြည်ရဲ့ နိုင်ငံရေးမြင်ကွင်းက ပြောင်းနေပြီ။ ဟိုတုန်းက သခင်ပေါက်စ ထောင်ခြောက်လဆိုပြီး သူ ထိပ်ပုတ် ခေါင်းပုတ်လုပ်ခဲ့တဲ့ လူငယ်လေးက ပြည်သူ့အချစ်တော် ဗိုလ်ချုပ်အောင်ဆန်းဘဝ ရောက်နေပြီ။

ဦးစောဟာ ချစ်တီးတွေဆီက လယ်မြေတွေပြန်သိမ်းတာတို့၊ ကုလားပြည်က ကုလားတွေ ရွှေ့ပြောင်းလုပ်သားအဖြစ်ဝင်လာတာတို့ကို ရပ်ပစ်တာတွေ လုပ်နိုင်ခဲ့တယ်။ သူက ဒီလောက်လုပ်ခဲ့ လွတ်လပ်ရေးအတွက် အရေးဆိုခဲ့ ဒုက္ခခံခဲ့ပါလျက်နဲ့ အချိန်တန်တော့ နေရာမရဘူး။ ပလ္လင် ပျောက်သွားတယ်။ အဲဒီမှာ မြန်မာပြည်ကိုလွတ်လပ်ရေးမပေးချင်တဲ့၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစိုးရအဖွဲ့ကို အပြတ်ရှင်းချင်နေတဲ့ ဗြိတိသျှတွေနဲ့ပေါင်းမိရာက အာဇာနည်နေ့ကြီး ဖြစ်လာရတာပါပဲ။

၂။ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရခြင်း၏ နောက်ဆက်တွဲအကျိုးဆက်ကို ရှင်းပြပေးပါ ဆရာ။

- အကျိုးဆက်ကတော့ ရှင်းပါတယ်။ တိုင်းပြည်မှာ အခုထိ ဒုက္ခရောက်နေရတာကိုပဲ ကြည့်။ သိပ်အရေးကြီးတဲ့အချက်က တိုင်းပြည်ရဲ့ အာဏာလမ်းကြောင်းမှာ mentality ပြောင်းသွားတာပဲ။ ဒီမိုကရေစီနည်းနဲ့ တည်ဆောက်တဲ့ ပါလီမန်ဆိုပေမယ့် လက်နက်ရှိသူက လက်နက်အားကိုးနဲ့ ဒီမိုကရေစီကို ဖျက်ဆီးနိုင်တယ်ဆိုတဲ့ အတွေးအခေါ်ကြီး ဝင်သွားတာ။ အလံနီတို့၊ ဗကပ တို့မှာ အဲဒါဟာ ယုံကြည်ချက်ကြီးဖြစ်လာတယ်။ နောက်တော့ ဆိုရှယ်လစ်တွေလည်း ဒီလမ်းလိုက်သွားကြတာ တွေ့ရတယ်။ အဲဒီလိုနဲ့ မျောသွားတဲ့ဇာတ်ဟာ ခုထိ အဖတ်ဆယ်လို့ မပြီးနိုင်သေးဘူး။

၃။ အာဇာနည်နေ့ အခမ်းအနား၊ အာဇာနည်နေ့ အထိမ်းအမှတ်များကို မည်ကဲ့သို့ ကျင်းပသင့်ကြောင်း ဆရာသဘောထားကို သိချင်ပါတယ်။

- အရင်တုန်းက ကျွန်တော်တို့နိုင်ငံဟာ တစ်ပြည်လုံး လှုပ်ရှားခဲ့ကြတယ်။ အာဇာနည်နေ့ကျရင် နိုင်ငံတော်အလံကို တိုင်ထိပ်တင်ပြီးမှ တိုင်ဝက်ရောက်အောင် ပြန်ချကြရမယ်ဆိုတာ သိနေကြတယ်။ ဒါဟာ နိုင်ငံတကာရဲ့ နိုင်ငံတော် ဝမ်းနည်းမှု သင်္ကေတပဲ။ အဲဒါ ၁၉၈၉ က စလို့ ပျောက်သွားတယ်။ ခုဆိုရင် ဖွဲ့စည်းပုံဥပဒေမှာကိုပဲ နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်း မပြုရဆိုတာမျိုး ထည့်ထားပြီ။ ဟိုတုန်းကတော့ ဗိုလ်ချုပ်တို့ကျဆုံးချိန်ဖြစ်တဲ့ နံနက် ၁၀း၃၇ မှာ ဥသြတွေ ၂ မိနစ်လောက် ဆွဲရတယ်။ မီးရထားနဲ့ လေယာဉ်ပျံကလွဲလို့ ယာဉ်တွေအားလုံးရပ်ပြီး ဟွန်းတီးကြရတယ်။

ဒါဟာ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ကျေးဇူးကို မမေ့အောင်လုပ်တာ။ အာဇာနည်နေ့တစ်နေ့လုံးလည်း အာဇာနည်နေ့နဲ့ပတ်သက်တာတွေ လွှင့်တယ်။ ညကျတော့ ဗိုလ်ချုပ်ရဲ့ အကောင်းဆုံးမိန့်ခွန်းဖြစ်တဲ့ ၁၉၄၇ ဇူလိုင် ၁၃ မြို့တော်ခန်းမ မိန့်ခွန်းကို အသံလွှင့်တယ်။ မဆလခေတ်ရောက်တော့ ကီးလျှော့လာတယ်။ မိန့်ခွန်းကိုလည်း အဖြတ်အတောက်တွေ အသံတု အစားထိုးတာတွေ ရှိလာတယ်။ ခုဆို ဗိုလ်ချုပ်ရဲ့ မူရင်းမိန့်ခွန်းတိပ်ခွေ (မူရင်းကတော့ ဝိုင်ယာခွေပါ၊ အဲဒီတုန်းက ဝိုင်ယာ ရီကော်ဒါ သုံးကြတဲ့ခေတ်) အဲဒီတိပ်ခွေတွေတောင် ရှိမှရှိသေးရဲ့လား မသိဘူး။

ဘယ်လိုကျင်းပစေချင်သလဲဆိုတော့ ၁၉၆၀ ခေတ်တွေက ပုံစံအတိုင်း ပြန်ကျင်းပစေချင်တာပါပဲ။ ဥပဒေကို ပြင်သင့်ပြင်ပေါ့။ ဒါဆိုရင် ဦးသိန်းစိန်အစိုးရအဖွဲ့ရဲ့ သြဇာနဲ့သိက္ခာ ပြန်တက်လာစရာ ရှိပါတယ်။

အယ်ဒီတာအဖွဲ့
၂၀၁၃၊ ဇူလိုင်လ၊ ရနံ့သစ်



No comments: