လွန်ခဲ့တဲ့ဇွန်လက ကိုမိုးသီးဇွန်က အီးမေးလ်ပို့တယ်။ “ကိုမွန်းအောင်နဲ့ ခင်ဗျားကို ငွေရတု ဖိတ်ချင်တယ်၊ အထဲက အဖွဲ့ပေါင်းစုံက ကျနော့်ကိုပြောလာလို့ ဖိတ်ကြားရေး တာဝန်ယူနေတယ်။ ခင်ဗျားတို့တက်မယ်ဆို ဖိတ်စာပို့ပေးလိုက်မယ်” လို့ ရေးထားတယ်။ အဲဒီအချိန် ကိုမွန်းအောင်က ဂျာမဏီရောက်နေလို့ သူ့ကို စာရေးအကြောင်းကြားလိုက်တယ်။ ကိုမွန်းအောင် နော်ဝေးပြန်ရောက်တော့ “အောင်ပွဲရလို့ ကျင်းပနိုင်တဲ့ပွဲမှ မဟုတ်ပဲဗျာ၊ ပြီးတော့ ညီလာခံကနေ ရလဒ်ကောင်းတွေပေါ်လာဖို့၊ မှန်ကန်တိကျတဲ့ လုပ်ငန်းစဉ်တွေပေါ်လာဖို့က ပိုအရေးကြီးပါတယ်၊ ပျော်ပျော်ပါးပါး ဆုံစည်းတဲ့ပွဲမျိုး မဖြစ်သင့်ဘူး၊ ကျဆုံးသွားတဲ့ရဲဘော်တွေနဲ့ နဂိုရည်မှန်းထားတဲ့ပန်းတိုင်လည်း မရောက်သေးတော့ သွားဖို့မဝံ့ရဲဘူးဗျာ”လို့ ပြောပါတယ်။ ကျနော်ကိုယ်တိုင်လည်း အစောကတည်းက သွားဖို့မဖြစ်နိုင်ဘူးဆိုတာ ဆုံးဖြတ်ပြီးသားမို့ ကိုမိုးသီးဇွန်ကို သတိတရဖိတ်တာ ဝမ်းသာကျေးဇူးတင်ပေမယ့် ကျနော်တို့ မတက်နိုင်တော့ကြောင်း ဖုန်းဆက် ပြောပြတယ်။
ငွေရတုမနွှဲနိုင်တဲ့ ပြည်ပရောက် ၈၈ တွေ
ပြည်ပရောက်တွေထဲက မသွားနိုင်ကြသူတွေက လူအမျိုးမျိုး၊ အကြောင်းအထွေထွေ ရှိကြမှာပါ။ ဥပမာ… တချို့ကလည်း မိမိယုံကြည်ချက်ကြောင့်၊ တချို့က ငွေရေးကြေးရေး၊ တချို့ မိသားစုပြဿနာ၊ တချို့ အလုပ်အကိုင်အခြေအနေ၊ တချို့လည်း နိုင်ငံကူးလက်မှတ် ပြဿနာ စတဲ့ပြဿနာတွေထဲက တခုခုဖြစ်စေ၊ စုပြုံပြီးဖြစ်စေ အခြေအနေ အမျိုးမျိုးရှိမှာပါ။ သွားနိုင်သူတွေအတွက် ဝမ်းသာပါတယ်၊ သမ္မတဦးသိန်းစိန်က သေသေချာချာ ဥပဒေနဲ့၊ တရားဝင်ကြေငြာချက်နဲ့၊ တာဝန်ခံမှုနဲ့ ခေါ်တာမဟုတ်တာတောင် အူယားဖားယားပြေးဝင်နေတဲ့အချိန် အခုလို ကိုယ့်မျိုးဆက် နိုင်ငံရေးသမားတွေက ငွေရတုနွှဲဖို့ခေါ်တာမျိုးဆိုတော့ အာဏာရှင် ဝန်ကြီးချုပ်ဘဝပြောင်း သမ္မတရဲ့ လက်ကမ်းမှုထက်စာရင် ဂုဏ်သိက္ခာရှိတယ်လို့ ပြောနိုင်ပါတယ်။
မူလရည်မှန်းချက် မမေ့နဲ့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှာ မှန်းချက်နဲ့နှမ်းထွက် မကိုက်တာမျိုး ရှိတတ်ပါတယ်။ ကိုယ်ရည်မှန်းတာမျိုး ခုချက်ချင်း တင်းပြည့်ကျပ်ပြည့်ဖြစ်ရမယ်လို့ မျှော်လင့်လို့မရပါ။ အခြေအနေ အကြောင်းတရား အမျိုးမျိုးရှိကြမှာပါ။ ဒါပေမယ့် “ငါတို့မျှော်လင့်တဲ့အတိုင်း မဖြစ်တော့ဘူး၊ သူတို့ခင်းတဲ့လမ်းအတိုင်းပဲ ရေလိုက်ငါးလိုက် လျှောက်ကြတာပေါ့” တို့၊ “ဖြစ်သမျှအကြောင်း အကောင်းချည်းပဲ၊ ဖြစ်ချင်တာ မဖြစ်လာတော့၊ ဖြစ်သင့်တာပဲ လုပ်ရမှာပေါ့” တို့၊ “ ပါးပါးနပ်နပ် လိမ်လိမ်မာမာနဲ့ အသာချော့ပေါင်းပြီး အကျိုးရှိအောင် လုပ်ရမှာပေါ့” ဆိုတဲ့ အတွေးအခေါ်တွေကိုတော့ ကျနော်တို့ လက်မခံပါ။ အဲဒါကိုယ့်ရည်မှန်းချက်ကို ဘယ်တော့မှ အကောင်အထည်မပေါ်လာနိုင်စေတဲ့ အလျှော့ပေးရေး လမ်းစဉ်၊ ပျော့ညံ့တဲ့ ရေသာခိုစိတ်ဓာတ်၊ ကိုယ်ကျိုးရှာ အချောင်သမားစိတ်ဓာတ်တွေကို မြားဦးလှည့်သွားနိုင်ပါတယ်။
အနှစ်၂၀ ကျော်တိုက်ပွဲဟာ အချည်းအနှီးမဖြစ်ခဲ့ဘဲ တိုက်ပွဲ နည်းဗျူဟာတွေ ပြောင်းသွားတာကိုတော့ အားလုံးလက်ခံကြသလို ၈၈ က ကျနော်တို့မှန်းထားခဲ့တဲ့ ရည်ရွယ်ချက်တွေ မပြည့်သေးဘူးဆိုတာလည်း အားလုံး သိကြပါတယ်။ ၈၈ ရဲ့အခြေခံကျကျ ရည်မှန်းချက်တွေက (၁)အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ (၂) စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ပေါ်ထွန်းရေး၊ (၃)အဖိနှိပ်ခံပြည်သူတို့ လွတ်မြောက်ရေး တို့ဖြစ်တယ်။ နောက်ပိုင်း နိုင်ငံရေးရည်မှန်းချက်ထဲမှာ တိုင်းရင်းသားပေါင်းစုံ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးတို့ ပါလာတယ်။ အခု အဲဒီအခြေခံရည်မှန်းချက်တွေ ဘယ်နှခုများ ပြည့်စုံပြီလဲ မေးခွန်းထုတ်ကြည့်ပါ။ အဖြေက ရှင်းတယ်၊ တခုမှ မပြည့်စုံသေးဘူး။
၈၈ ကနေ ဘာတွေရခဲ့လဲ
၂၅ နှစ်တာကာလမှာ အချည်းအနှီးမဖြစ်ခဲ့ဘူးဆိုတာက ကျနော်တို့ပြည်သူတွေ အဖိနှိပ်ခံ၊ အဆင်းရဲခံ၊ သည်းညည်းခံပြီး အံကြိတ်လှုပ်ရှားလာခဲ့တဲ့၊ အသွေးတွေ၊ အရိုးတွေ၊ စိတ်ဓာတ်တွေနဲ့ ခင်းကျင်းပေးလိုက်တဲ့ ဒီမိုကရေစီလမ်းမပေါ် တလျှောက်လုံး ဒီမိုကရေစီကို အဆိုးမြင်နဲ့ပုံဖျက်ခဲ့ကြတဲ့ အာဏာရှင်တွေ မိချောင်းတွားသွား လှိမ့်တက်လာရတာပဲ ဖြစ်တယ်။ မချိသွားဖြဲနဲ့ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရကို ကမ္ဘာကြီးနဲ့လိုက်မီအောင် သုံးစွဲလာရတာပဲဖြစ်တယ်။ ဒီမိုကရေစီကို ကာကွယ်စောင့်ရှောက်မယ့် အာဏာရှင်စနစ်ကို တိုက်ဖျက်နေမယ့် တော်လှန်တဲ့လူတန်းစားတရပ် ပြည်သူတွေကြားမှာ အဆင်သင့်ဖြစ်ထွန်းလာတယ်။ မြန်မာ့နိုင်ငံရေးကစားပွဲကို နိုင်ငံတကာပရိဿတ်က သေချာကြည့်နေတယ်။ အသိသာဆုံးကတော့ မြန်မာပြည်မှာ အာဏာရှင်စနစ်ကို ဘယ်ခေတ်ကာလမှ လက်မခံနိုင်၊ သည်းညည်းမခံနိုင်တော့တဲ့အထိ ပြည်သူတွေ အာဏာရှင်တွေကို ရွံ့ရှာသွားတယ်။
ဘာတွေ ဆုံးရှုံးခဲ့သလဲ
ဆုံးရှုံးတာတွေက အများကြီး။ အုပ်ချုပ်ရေးစနစ်မကောင်းတာကြောင့် ထင်သာမြင်သာမှုတွေက အမျိုးသားညီညွတ်ရေး ဆုံးရှုံးတယ်၊ တိုင်းရင်းသားစည်းလုံးရေး ပြိုကွဲတယ်၊ တိုင်းပြည်ရဲ့ ပညာရေး၊ တရားဥပဒေနဲ့ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ သယံဇာတ အရာရာ ကစဥ့်ကလျားနဲ့ နိမ့်ပါးသွားတယ်။ ချက်ချင်း မမြင်နိုင်တဲ့ ဆုံးရှုံးမှုတွေက နိုင်ငံတော်လုံခြုံရေး၊ ပြည်သူတွေရဲ့ စာရိတ္တမဏ္ဍိုင်၊ ပြည်ပသြဇာ သက်ရောက်မှုနဲ့ လူသားအရင်းအမြစ် ဆုံးရှုံးမှုတွေဖြစ်တယ်။ ပြီးတော့ မပြောမဖြစ်ပြောရမှာက ကျနော်တို့ ဒီမိုကရေစီ အင်အားစုတွေ ပြိုကွဲတယ်။ တချိန်က ပြည်ပမီဒီယာတွေမှာ မိုးဦးကျ ဖားတွေလို တအုံးအုံး တအွမ်အွမ်နဲ့ အော်နေသူတွေ အစိုးရခါးပိုက်ထဲရောက်သွားလို့ အရိုးနင်နေတယ်။ ဒီထက်မကတဲ့ ဆုံးရှုံးမှုတွေ အများကြီးရှိအုံးမယ်။
ရည်မှန်းချက်နဲ့ ဘာတွေလွဲနေလဲ
ကျနော် အဆိုးမြင်သမားမဟုတ်သလို အကောင်းချည်းလည်း မမြင်တတ်ပါ။ အရှိတရားအတိုင်းပဲ ပြောချင်ပါတယ်။ ၈ လေးလုံးကရည်မှန်းချက်တွေ ဒီနေ့ထိ လက်တွေ့ဖြစ်မလာသေးဘူး။ ပြည်ပက လှမ်းမျှော်ကြည့်တဲ့ ကျနော့်ထက် ပြည်တွင်းက နိုင်ငံရေးသမားတွေ ပြည်သူတွေ အများကြီးသိပါတယ်။ နဂိုရည်မှန်းချက်တွေထဲက အာဏာရှင်စနစ် တိုက်ဖျက်ရေးကိုပဲ ပြန်လေ့လာကြည့်ပါ။ လွန်ခဲ့တဲ့ ၂၆ နှစ်က တပါတီအာဏာရှင်စနစ်ကို ပြည်သူတွေက တဗိုလ်တက် တဗိုလ်ဖြုတ် အောင်ပွဲခံခဲ့ကြပေမယ့် ဒီကနေ့ ၂၅ နှစ်ထိ တဗိုလ်ပြီးတဗိုလ်တက်လာတဲ့ စစ်အာဏာရှင်ဟောင်းတွေက သူတို့သဘော သူတို့ဆောင်ပြီး အုပ်ချုပ်နေဆဲဖြစ်တယ်။ ပြည်သူတွေကို မျက်လှည့်ပြ အုပ်ချုပ်တုန်းပဲ။
ဘော်လုံးစကားနဲ့ပြောရရင် တဖက်ပြိုင်ဘက်အသင်းဟာ ကွင်းကလည်း သူ့ကွင်း၊ သေချာ လေ့ကျင့်ပြင်ဆင်ထားတဲ့ ကစားသမားတွေ၊ ခွန်အားလည်း ကောင်း၊ သက်လုံလည်း ကောင်း၊ နောက်တန်းလည်း လုံတယ်၊ တိုက်စစ်လည်း ဆင်နိုင်တယ်၊ ကိုယ့်ကစားကွက်နဲ့ကိုယ် အချိတ်အဆက်လည်း မိတယ်၊ လူခွဲပြီးလည်း ကစားတယ်၊ အရံလူလည်း ပြည့်စုံတယ်၊ အသင်းကိုလည်း ခရိုနီတွေ ဓနအားနဲ့ မွန်းမံထားတယ်၊ ကဲ ဘာကျန်သေးလဲ။ မိမိတို့အင်အားစုတွေမှာကရော?... ဆက်မပြောလိုပါ။ စောစောက ဘောလုံးအသင်းနဲ့ ဆန့်ကျင်ဘက်ဖြစ်နေမယ်ဆိုတာ ကိုယ့်ဖာသာပဲ ဆက်ပြီးတွေးကြည့်ကြပါ။
ဒီမိုကရေစီစနစ်ထူထောင်ရေးကို ဆန်းစစ်ရင်လည်း ဒီမိုကရေစီကို ဦးတည်မယ့် အရပ်သားအစိုးရလို့ နာမည်ကင်ပွန်းတပ်ထားတာ ၃ နှစ်ကျော်လာပေမယ့် စစ်အစိုးရခေတ်မှာတောင် မဖြစ်ဖူးတဲ့၊ တရားဥပဒေမဲ့လုပ်ရပ်တွေ၊ အကြမ်းဖက်သတ်ဖြတ် ဆူပူလှုံ့ဆော်မှုတွေ တွေ့ရတယ်။ ပြည်သူတွေရဲ့ အခြေခံရပိုင်ခွင့်က ဘယ်ဆီနေမှန်းမသိသေးခင် လူ့အခွင့်အရေးကို ပျက်ရယ်ပြုသံတွေက ပိုပြီးကျယ်လောင်လာတယ်။ မီဒီယာလွတ်လပ်ခွင့်ရှိနေပြီဆိုလို့ ဝမ်းသာလို့ကောင်းတုန်း မီဒီယာအဖွဲ့အစည်းရဲ့ သဘောထားကိုဆန့်ကျင်တဲ့ နှိပ်ကွပ်ရေး ဥပဒေကို လွှတ်တော်က တဖက်သတ် အတည်ပြုလိုက်တယ်။ ပွင့်လင်းမြင်သာမှု ၊ တာဝန်ယူမှုရှိရမယ်ပြောပြီး ဝန်ကြီးတွေနဲ့ လွှတ်တော်ဥက္ကဋ္ဌကိုယ်တိုင် မိမိတို့ပိုင်ဆိုင်မှုကိုဖော်ပြဖို့ ငြင်းဆန်နေတယ်။
လူနှစ်သိန်းနီးပါး သေဆုံးခဲ့တဲ့ နာဂစ်မုန်တိုင်းကို လျှစ်လျူရှုပြီး မတရားအတည်ပြုခဲ့တဲ့ အာဏာရှင်ဝါဒသက်ဇိုးရှည်ရေးနဲ့ စစ်ရာဇဝတ်မှု အကာအကွယ်ပေးရေး ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဖို့ကလည်း နောက်ထပ်ဘုရားတဆူ ပွင့်ရဦးမယ်။ ၈ လေးလုံး ရည်မှန်းချက်တခုဖြစ်တဲ့ အဖိနှိပ်ခံပြည်သူတွေ လွတ်မြောက်ရေးဆိုတာကလည်း ကောင်းကင်က ကျလာတဲ့အပ်နဲ့ မြေကြီးပေါ်ထောင်နေတဲ့အပ် ထိမိမှဖြစ်မယ့်ကိစ္စလိုလို။
အစိုးရသက်တမ်းတခုက ကုန်တော့မယ် လယ်သမားတွေ လယ်ထွန်စရာမြေမရှိသလို အလုပ်သမားအခွင့်အရေး တောင်းဆိုမှုက ရှိနေတုန်း။ မမြင်ရတဲ့ ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတွေနဲ့ရောဂါကို ဓာတ်ရောင်ခြည်တွေနဲ့ ခွဲစိတ်နေတဲ့အချိန် ပြည်သူတွေက မမြင်ရတဲ့တန်ခိုးရှင်တွေကို ဆုတောင်းပြီး ကုနေရတယ်။ မဆလခေတ်ကတည်းက တနိုင်ငံလုံး စာတတ်မြောက်ပြီဆိုပေမယ့် ကကြီး၊ ခခွေး ပုတ်လောက်ရေးပြလို့ ဘာမှန်းမသိသူတွေ၊ ကိုယ့်တိုင်းရင်းသားစာတောင် ကိုယ်မသင်နိုင်တဲ့ဘဝတွေက ရှိနေတုန်း။ တိုင်းရင်းသားပြည်သူတွေဟာ မြန်မာပြည်က လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ မလောက်ငှလို့ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ မလေးရှားနိုင်ငံတွေအထိ အပိုဆုတွေ ယူနေရတယ်။
၈၈ ခေါင်းဆောင်မှုနဲ့ ဒီကနေ့
ခေါင်းဆောင်မှု ၈၈ က မိမိကိုယ်ကို မိမိကိုယ်မိမိပြဌာန်း၊ မိမိကိုယ်ကို မိမိတာဝန်ယူပြီး မိမိတို့ဖာသာ အခြေအနေသုံးသပ် လှုပ်ရှားခဲ့ကြတယ်။ ၁၃၀၀ ပြည့်အရေးတော်ပုံလို ဘယ်ခေတ်နဲ့မှမတူတဲ့ တမျိုးသားလုံး ညီညွတ်မှုကိုရခဲ့တယ်။ အာဏာရှင်တွေ စိတ်ဓာတ်ကစဥ့်ကလျားဖြစ်ပေါ်စေတယ်။ တိုက်ပွဲထဲက လူထုကို ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်တွေ ပေါ်လာတယ်။ တော်လှန်တဲ့ အလွှာအသီးသီးမှာ ခေါင်းဆောင်တွေ ပေါ်လာတယ်။ ဒါပေမယ့် အတွေ့အကြုံနဲ့ သမိုင်းသင်ခန်းစာတွေ အရမယူနိုင်ခဲ့လို့ တော်လှန်ရေးဟာ ခြေကုန်လက်ပမ်းကျခဲ့တယ်။ ဆန့်ကျင်ဘက်အင်အားစုအပေါ် အချိန်ပေးပြီး လက်ဦးမှုလည်းမယူနိုင်၊ ယုံကြည်မှုနဲ့ ညီညွတ်မှုကိုလည်း မတည်ဆောက်နိုင်လို့ အင်အားတွေ ပြိုကွဲခဲ့တယ်။ ဒီနေရာမှာ တဖက်အင်အားစုရဲ့ ရက်စက်မှု၊ ပြင်းထန်တဲ့နှိမ်နင်းမှုနဲ့ အာဏာကို အမိအရဆုပ်ကိုင်လိုမှုတွေက ပိုပြီး အခရာကျပါတယ်။
NLD ရဲ့ မျက်မှောက်အနေအထား
ဒီကနေ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ အတွေ့အကြုံနဲ့ စိတ်ဓာတ်ရေးရာကို အထူးအထွေပြောစရာမရှိပေမယ့် မိမိအင်အားကို မိမိတို့ ခိုင်မာအောင်မတည်ဆောက်နိုင်တာကို မျက်ဝါးထင်ထင်မြင်နေရတယ်။ ဥပမာ NLD ပါတီဟာ ၈ လေးလုံးက မွေးထုတ်ပေးတဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဖြစ်တယ်။ ကျောင်းသားလူငယ်တွေ တောခိုပြီး ပါတီပေါ်လာတာဖြစ်ပေမယ့် သူတို့ရဲ့တပ်ဦးပါတီလို သဘောထားခဲ့ကြတယ်။ အားပေးပံ့ပိုးခဲ့ကြတယ်၊ စည်းရုံး မဲဆွယ်ပေးကြတယ်။ နောက်ဆုံး ဒီမိုကရေစီတိုက်ပွဲအတွက် အားကောင်းမောင်းသန် ပါတီတခုဖြစ်အောင်ဝန်းရံပြီး သံတမန်လောက၊ မီဒီယာလောကထဲပါမကျန် ထိုးဖောက် မြှင့်တင်ခဲ့ကြတယ်။ ပြည်ပရောက်တွေ၊ ပြည်တွင်း အင်အားစုတွေဟာ NLD ပါတီဝင်တွေမဟုတ်ပေမယ့် အစွမ်းရှိသမျှ တပ်ဦးအလံကို အမြင့်ဆုံးရောက်အောင် လွှင့်ထူခဲ့ကြတယ်။
ဒါပေမယ့် နောက်ဆုံးမှာ သစ္စာဖောက်တာခံလိုက်ရတယ်လို့တောင် ခပ်ကြမ်းကြမ်း ဝေဖန်ကြတယ်။ ပြည်ပရောက် ၈၈ ကျောင်းသားလူငယ်တွေဟာ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ အလေးမထား၊ လျှစ်လျှူရှုတာလည်း ခံရ၊ NLD ရဲ့ ပြစ်ပယ်မှုလည်းခံခဲ့ရတယ်။ ဒီကနေ့ NLD ဟာ ခေါင်းတခြား ကိုယ်တခြား ရွေ့နေတယ်။ ညီညွတ်မှု ပျက်ပြားနေတယ်၊ မိမိတို့ပါတီထဲမှာတောင် အဆက်အစပ်လည်း မရှိ၊ ပါတီတွင်းစည်းရုံးရေးလည်း မရှိ၊ မဟာမိတ်အဖွဲ့တွေ၊ ညီနောင်အဖွဲ့တွေနဲ့လည်း တသီးတခြားနေပြီး ပူးပေါင်းဆောင်ရွက်မှုလည်း မရှိသလောက်ဖြစ်နေတယ်လို့ အားမလိုအားမရ ဝေဖန်သံတွေကြားရတယ်။
ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပါတီကို ပြန်လှည့်မကြည့်နိုင်။ လွှတ်တော်ရေးရာကိစ္စ၊ မိမိတာဝန်ယူထားတဲ့ အဖွဲ့အစည်းကိစ္စ၊ အစည်းအဝေးတွေ၊ ဧည့်သည်တွေနဲ့ လုံးချာရိုက်နေပြီ။ NLD ပါတီထဲမှာလည်း အရည်အချင်းကနည်းသလို ဗျူရိုကရက် အုပ်ချုပ်ရေးဆန်ဆန်တွေလည်း ပေါ်ပေါက်နေတယ်။ အသေးစိတ် မဖော်ပြလိုပါ။ ဥပမာ ပါတီတွင်းအစည်းအဝေးနဲ့ ဆုံးဖြတ်ချက်တွေ၊ ဆက်ဆံရေးတွေ၊ အရေးယူမှုတွေကိုလေ့လာရင် မြင်နိုင်တယ်။
ဆယ်ရီဗရယ်တီ ၈ လေးလုံးမျိုးဆက်
“အုတ်ရောရောနဲ့ ကျောက်ရောရော မောင်ဒီလိုနေတာကို ×× ပျိုလေးမိ အံ့သြပါတယ် ×× ရောတိရောရာ ×× ရောဆရာကြီးရယ် ×× ဆိုတဲ့ ရေဒီယိုအဆိုတော် ဒေါ်တင်တင်မြရဲ့ “ယောဆရာကြီး” သီချင်းပဲ ဆိုပြရမလိုဖြစ်နေတယ်။ အခမ်းအနားမှန်သမျှ သူတို့မပါ ပွဲမစည်။ ဂီတပွဲတော်၊ စာအုပ်ဖွင့်ပွဲ၊ ပြခန်းဖွင့်ပွဲ၊ ဆုပေးပွဲ၊ စာပေဟောပြောပွဲ၊ အလှူမင်္ဂလာနဲ့ နာမည်ပေးကင်ပွန်းတပ်ကအစ သူတို့မပါမဖြစ်လေတော့ အဆိုတော်တွေနဲ့ မော်ဒယ်တွေ၊ ဖက်ရှင်မယ်တွေထက် မျက်နှာပွင့်တဲ့ ဆယ်ရီဗရယ်ဒီတွေဖြစ်နေတယ်လို့ အထဲကမိတ်ဆွေတွေက ပြောပြတယ်။
ဝမ်းနည်းစရာကောင်းတာက ပြည်သူတွေ ကယ်သူမဲ့ အခွင့်အရေးမဲ့နေတဲ့ကိစ္စတွေမှာ တက်တက်ကြွကြွ မပါနိုင်တော့တာပဲ ဖြစ်တယ်။ အစိုးရနဲ့ ပလဲပနံသင့်အောင် အားထုတ်နေရတယ်။ ခရိုနီတွေ၊ NGO တွေနဲ့ အသက်ဆက်နေရတယ်။ အစိုးရ မျက်နှာတော်ညိုမှကို စိုးရိမ်နေကြပြီး မတရားအဖိနှိပ်ခံတွေနဲ့ ဖိနှိပ်သူတွေကြားက လေချိုသွေးလှုပ်ရှားနေရတယ်လို့ သိရတယ်။ တချိန်က ပြည်ပအင်အားစုတွေနဲ့ NGO တွေ လုံးထွေးပြီး မျက်စေ့လည်လမ်းမှားသလို ဒီကနေ့ ပြည်တွင်းအင်အားစုတွေလည်း ရွာလည်နေတယ်လို့ သတင်းထွက်နေတယ်။ သူတို့ ပြည်ပခရီးစဉ်တွေထွက်လာတော့ အများက သြဘာပေးကြတယ်။ အတွင်းအပြင် ချိတ်ဆက်မှုတွေ ကျကျနနလုပ်နိုင်တော့မယ်၊ အပြင်က နိုင်ငံရေး အတွေးအမြင်တွေနဲ့ အထဲက အနေအထားတွေကို ချိန်ဆနိုင်လိမ့်မယ်လို့ အများက တွေးထင်ထားကြတယ်။
တကယ်လက်တွေ့မှာတော့ နိုင်ငံရေးအကြောင်းဆိုလို့ မျက်နှာစုံညီ ဟောပြောပွဲနဲ့ တီဗွီ၊ ရေဒီယို အင်တာဗျူးတွေလောက်သာ အချိန်ပေးပြီး ပြည်ပမှာ အမှန်တကယ် လှုပ်ရှားနေသူတွေနဲ့ ဘာမှ ဟုတ်တိပတ်တိ ဆွေးနွေးသွားတာမရှိဘူးလို့ သိရတယ်။ နီးစပ်ရာ စတော်ခေါ်၊ မြှောက်ထိုးပင့်ကော်သမားတွေနဲ့ လုံးထွေးကြည်ဖြူကြတဲ့ အတွင်းသတင်းတွေ ပြန်ကြားရတယ်။ ဒါပေမယ့် ၈၈မျိုးဆက်တွေအတွက် ဒီကာလမှာ တခြားလမ်းရွေးစရာ မရှိပါ။ နိုင်ငံရေးလုပ်မယ်ဆို နိုင်ငံရေးသတ္တိမွေးရပါ့မယ်။ လက်ပံတောင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပြောတာ မှတ်မိသေးတယ်။ “နိုင်ငံရေးလုပ်တယ်ဆိုတာ လူကြိုက်များအောင်လုပ်တာ မဟုတ်ဘူး၊ နိုင်ငံကောင်းကြောင်းကို ရွေးချယ်လုပ်တာဖြစ်တယ်၊ ကိုယ့်နိုင်ငံကောင်းဖို့ဆို အမုန်းခံပြီးလုပ်ရဲတဲ့သတ္တိလည်း ရှိရမယ်”။
နိုင်ငံရေးလုပ်ချင်ရင် ပါတီထောင်ပါ
ဗိုလ်ချုပ်အောင်ဆန်းလည်း ကျောင်းသားသမဂ္ဂ အမှုဆောင်လှုပ်ရှားမှုကနေ တက္ကသိုလ်ပရဝုဏ်ထွက်ပြီး တို့ဗမာအစည်းအရုံးဝင် သခင်နိုင်ငံရေးသမားဘဝကို ခံယူတယ်။ လက်တွေ့ကျတဲ့ နိုင်ငံရေးသာ တလျှောက်လုံး လုပ်သွားတယ်၊ လွတ်လပ်ရေးတိုက်ပွဲတလျှောက် တော်လှန်ရေးသမား၊ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်ဘဝကနေ ဂျပန်အစိုးရထဲမှာရော၊ အင်္ဂလိပ်အစိုးရထဲမှာရော အတွေ့အကြုံတွေ အရယူတယ်၊ နိုင်ငံရေးအာဏာ ရအောင်ယူတယ်၊ နိုင်ငံရေးသမားဟောင်းတွေနဲ့ ပေါင်းရဲတဲ့သတ္တိလည်းရှိတယ်။ လူမှန်နေရာမှန်လည်း ရွေးချယ်တတ်တယ်။
ကျနော်တို့ မျိုးဆက်တွေဟာ အသက် ၅၀ တန်းထဲရောက်နေပြီ။ ရင့်ကျက်တဲ့ အတွေ့အကြုံနဲ့ ဖြတ်သန်းမှုလည်း ရှိကြတယ်။ စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ အဖွံ့ဖြိုးဆုံးအချိန်ဖြစ်တယ်။ စွန့်လွှတ်အနစ်နာခံမှုတွေကလည်း အတိုင်းအတာ တစုံတရာအထိ ရှိနေကြတယ်။ တိုင်းချစ်ပြည်ချစ်စိတ်နဲ့အတူ ဒီလူတွေရဲ့ တိုင်းပြုပြည်ပြုစိတ်ဓာတ်ကိုပါ ကျနော်တို့ အကြွင်းမဲ့ ယုံကြည်တယ်။ ဘဝရဲ့ အားအကောင်းဆုံးကာလတွေကို လက်တွေ့ကျတဲ့ ဖော်ဆောင်မှုတွေဆီ ဦးတည်သင့်တယ်။ နိုင်ငံရေးလုပ်မယ်ဆို ယောဆရာကြီးဘဝကို ကျေနပ်နေလို့ မဖြစ်ပါ။ စင်အောက်က လက်ခုပ်သံတွေမှာ မိန်းမောနေလို့ မရပါ။ ကျနော်တို့ မျှော်မှန်းတဲ့ ဒီမိုကရေစီနိုင်ငံဆီ ဦးတည်နိုင်ဖို့ ကျနော်တို့မှာ တရားဝင်လုပ်ပိုင်ခွင့်တွေ ရှိဖို့လိုတယ်၊ အခွင့်အာဏာရဖို့ လိုတယ်။ နိုင်ငံရေးအာဏာရှိမှ နိုင်ငံသစ်ကို အပြောင်းအလဲလုပ်ပေးနိုင်မှာဖြစ်တယ်။ နိုင်ငံရေးသမားဟာ နိုင်ငံရေးအာဏာအတွက် နိုင်ငံရေးပါတီထောင်ရုံကလွဲလို့ အခြားမရှိပါ။
ငွေရတုမှာ ဘာလုပ်မှာလဲ
၂၅ နှစ်ခရီးဟာ ဒဏ်ရာအနာတရတွေ၊ သင်ခန်းစာတွေ၊ ရင့်ကျက်မှုတွေ အသီးသီးနဲ့ပါ။ အပြင်ကလူနဲ့ အတွင်းကလူတွေ ဆုံတဲ့ပွဲဟာ လက်တွေ့ကျပြီး ထိရောက်တဲ့ဗျူဟာတွေ၊ လုပ်ငန်းစဉ်တွေ ချပြဆွေးနွေးနိုင်ဖို့ လိုတယ်။ မှန်ကန်တဲ့ လမ်းကြောင်းတခုကို သွားနိုင်ဖို့လိုမယ်။ လူများပြီး ပွဲမစည်တဲ့ကိန်းမျိုး ခဏခဏမဖြစ်စေချင်တော့ပါ။ ငွေသိန်းပေါင်းရာချီ အကုန်အကျခံပြီး ဖွတ်မရ ဓားမဆုံး မဖြစ်စေချင်၊ ခန်းခန်းနားနား အပြင်အဆင်၊ ထည်ထည်ဝါဝါ စင်မြင့်ကြီးနဲ့ မြူးမြူးကြွကြွ ဂီတ၊ အဆိုအကတွေကြား မိမိတို့ဘဝတွေ၊ အသက်တွေ၊ စိတ်ဓာတ်တန်ဖိုးတွေ ဖုံးလွှမ်းမသွားစေချင်ပါ။ စိန်ကောင်း ကျောက်ကောင်းနဲ့ ရတနာ အခင်းအကျင်းတွေကြား ဓားသွေးကျောက်လေးပဲ ပါလာမှာ စိုးရိမ်ပါတယ်။ ပြည်ပကနေ အခွင့်မသာမှု၊ ကိုယ့်ယုံကြည်မှုကြောင့်၊ အဆုံးအဖြတ်ကြောင့် မပါဝင်၊ မဆုံစည်းနိုင်ပေမယ့် ငွေရတု အင်အားစုတွေကို ပြည်ပရောက်တွေက အားပေးထောက်ခံနေမှာဖြစ်တယ်။ ကိုယ့်အသွေးအသားတွေလိုတန်ဘိုးထားနေမှာဖြစ်တယ်။ လက်သဲဆိတ်ရင် လက်ထိတ်နာနေအုံးမှာဖြစ်တယ်။
NLD နဲ့ ၈၈ တွေကို ဝန်းရံကြ
နောက်ဆုံးတော့ သူတို့ကလွဲလို့ အခြားမရှိပါ။ ကိုယ့်စိတ်အလိုနဲ့ ကိုက်ညီသည်ဖြစ်စေ၊ မကိုက်ညီသည်ဖြစ်စေ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စည်းရုံးရေးအမြင်၊ တိုက်ပွဲအမြင်၊ ညီညွတ်ရေးအမြင်အရ ပြည်သူတွေက သူတို့ကို အားပေးထောက်ခံမှာဖြစ်တယ်။ သူတို့ဟာ ပြည်သူတွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်နေတယ်၊ ခေတ်ဆိုးကြီးတလျှောက်လုံး အဖိနှိပ်ခံ၊ အနစ်နာခံပြီး စေတနာမှန်နဲ့ တည်ဆောက်လာကြသူတွေဖြစ်တယ်။ ပြည်သူတွေက အမြဲတမ်းတာဝန်ကျေတယ်၊ နိုင်ငံရေးအမြင်ရှိကြတယ်။ သူတို့အတွက် စေတနာမှန်နဲ့လုပ်ပေးမယ့် အင်အားစုလို့ ယုံကြည်ရင် အားပေးမှာပဲ။ “အကောက်ထဲမှာ အဖြောင့်ရှာ၊ ကွေးကွေးလေးက အကောင်းဆုံး” ဆိုတဲ့စကားလို NLD ကို အားမရလည်း NLD ကို အားပေးတာပဲ။ ယောဆရာတွေကို မကြိုက်လည်း သူတို့စွန့်လွတ်မှုနဲ့ စေတနာကို တန်ဖိုးထား အားပေးနေမှာပဲ။ အပြုသဘောဆောင်တဲ့ တည်ဆောက်တဲ့၊ တိုင်းပြုပြည်ပြု နိုင်ငံရေးယဉ်ကျေးမှုကို ဖွံ့ဖြိုးလာဖို့ သိပ်ကို လိုအပ်နေတယ်မဟုတ်လား…။ ။
ကိုညို (အော်စလို)
၂၇ ဇူလိုင် ၂၀၁၃
သရုပ်ဖော်ပန်းချီ - စစ်ငြိမ်းအေး
No comments:
Post a Comment