Monday, July 29, 2013

ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) အရေးတော်ပုံ တပ်သား (ညီစောလွင်)

“ကျနော် ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ခင်ဗျား နားလည်လောက်ပါတယ်” လို့ ဦးဝင်းတင်က ပြောတယ်။ သူပြောတဲ့ (အင်္ဂလိပ်) စကားက တိုးတိုးညင်သာ...။ တချက်တချက်လည်း တိမ်ဝင်သွားတတ်တယ်။ အပြင်မှာရွာနေတဲ့ မိုးစက်တွေက အိမ်ခေါင်မိုးပေါ်ကို တဖျောက်ဖျောက်နဲ့ ကျနေတယ်။ နေမြင့်လာချိန်မှာတော့ မိုးက တဖြည်းဖြည်းတော့ အရှိန်လျှော့ကျစပြုလာတယ်။ 

“ကျနော်က အိုပြီဗျ၊ မှတ်ဉာဏ်တွေလည်း မကောင်းတော့ဘူး။ စကားလုံးတွေ၊ အလင်္ကာတွေ၊ အသုံးအနှုန်း၊ အတွဲအစပ်၊ အတွေးအခေါ်တွေ မေ့ကုန်တာတွေလည်း အများကြီးပဲ” လို့ ဦးဝင်းတင်က ပြောတယ်။ 

ဦးဝင်းတင်ဆိုတာက ဝါရင့်သတင်းစာဆရာကြီး…။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သူရဲ့ ချွန်မြတဲ့ကလောင်ဟာ နိုင်ငံရေးအရေးတော်ပုံမှာ လက်နက်ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ကို ထူထောင်တယ်။ မြန်မာပြည်မှာ နိုင်ငံရေး ဝရုန်းသုန်းကား ကာလ...။ 

ဦးဝင်းတင်ဟာ အသက်ငယ်ငယ်အရွယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ဦးဆောင်နေတဲ့အချိန်၊ ၁၉၄၇ ကျတော့ လုပ်ကြံခံလိုက်ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တဒင်္ဂလေးတွ့လိုက်တဲ့ အဲဒီအဖြစ်အပျက်ကလေးက ဟံသာဝတီ ဦးဝင်းတင်ရယ်လို့ စာရေးဆရာဘဝကို ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုရမှာပါ။ နောက်ထပ် ရာစုနှစ်ဝက်လောက်အကြာမှာတော့ ဦးဝင်းတင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးနဲ့ ရေစက်ဆုံရပြန်တယ်။ ဒီတကြိမ်ကတော့ မြန်မာပြည်မှာ ၁၉၈၈ လူထုဆန္ဒပြပွဲတွေ ကြားထဲမှာ...။ စာရေးဆရာ ဦးဝင်းတင်ကလည်း အရေးတော်ပုံ တပ်သားဖြစ်နေပြီ။ ဒီလိုနဲ့ လုပ်လက်စအလုပ်တွေ မပြီးခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးဝင်းတင်ပါ စစ်အစိုးရရဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်သွားပြန်တယ်။ အဲဒီအချိန်တုန်းက ဦးဝင်းတင်က အသက် ၆၀၊ ဒေါ်အောင်ဆန်းစုကြည်က ၄၄ နှစ်။ 


နေအိမ်အကျယ်ချုပ်ဘဝမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တယ်။ နောက် မကြာခင်မှာပဲ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ မိသားစု နောက်ခံလည်း မရှိ၊ အောက်စဖို့သ်ကျောင်းထွက်လည်းမဟုတ်တဲ့ ဦးဝင်းတင်ကတော့ ထောင်ထဲမှာ နှစ်ပေါင်း ၂၀ ကြာအောင် နေခဲ့ရတယ်။ စစ်ခွေးတိုက်ရောက်လိုက်၊ ထောင်ပိတ်ခံလိုက်ရနဲ့ပဲ နှစ်ပါးသွားခဲ့ရတယ်။ ၂၀၀၈ ခုနှစ်မှာ ပြန်လွှတ်လာပေမယ့် ဦးဝင်းတင်ကတော့ ထောင်ဝတ်စုံ အပြာရောင်အဝတ်အစားကိုပဲ ဆက်ဝတ်တယ်။ တနိုင်ငံလုံး ထောင်ချခံထားရတဲ့ သင်္ကေတလို့ ပြောပြပါတယ်။ 

တချိန်က အင်္ဂလိပ်ကိုလိုနီ၊ နောက်တော့ ဂျပန်ကျူးကျော်မှု၊ နောက်တော့ လွတ်လပ်ရေး၊ နောက် စစ်အစိုးရ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့တဲ့ မြန်မာပြည်ဟာ အခုတော့ အရပ်သားတပိုင်း အစိုးရလက်အောက်က ရောက်နေတယ်လို့ အသက် ၈၃ နှစ်အရွယ် ဦးဝင်းတင်က မြင်တယ်။ ထောင်က လွှတ်ပြီးကတည်းက နှလုံးရောဂါနဲ့ ထောင်ထဲမှာ ရက်ရက်စက်စက် နှိပ်စက်ခံထားရတဲ့ဒဏ်တွေကြောင့် ဆေးရုံတက်နေရတာလည်း အကြိမ်ကြိမ်ပါပဲ။ ဇွန်လထဲမှာ အင်တာဗျူးလုပ်ဖို့ သူ့အိမ်မှာ တွေ့ကြတယ်။ သိပ်မကြာခင်ရက်တွေမှာပဲ ဆေးရုံကို နောက်တခေါက် တက်လိုက်ရပြန်တယ်။ 

ဦးဝင်းတင်ရဲ့အိမ်ဆိုတာကလည်း သေးသေးလေးပါ။ ရန်ကုန်မြို့မှာရှိတဲ့ သူ့မိတ်ဆွေတယောက် ခြံထဲမှာ ခဏငှားထားတဲ့ နေစရာလေးတခုပါပဲ။ ထောင်က လွတ်လာတဲ့အချိန်မှာ ဦးဝင်းတင်ဆီမှာ ငွေလည်းမရှိ၊ ပိုင်ဆိုင်မှုဆိုလို ဘာတခုမှ မရှိပါဘူး။ အိမ်က အစိမ်းရောင်နံရံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတချပ်ကို ချိတ်ဆွဲထားတယ်။ နယ်ခြားမဲ့ သတင်းသမားများအဖွဲ့ဆီကပို့ထားတဲ့ ဘောင်သွင်းထားတဲ့ ပိုစတာတချပ်ကိုလည်း နံရံမှာချိတ်ဆွဲထားတာ တွေ့ရတယ်။ ဦးဝင်းတင်ရဲ့ အသက် ၇၅ နှစ်ပြည့်မွေးနေ့နဲ့ ထောင်သက် ၁၆ နှစ်ပြည့်တဲ့ အထိမ်းအမှတ် ပိုစတာပါ။ 

အခု ဖော်ပြမယ့် အင်တာဗျူးမှာတော့ ကျစ်လစ်ရှင်းလင်းစေရန် အလို့ငှာ တည်းဖြတ်ထားတယ်ဆိုပေမယ့် ဦးဝင်းတင်ရဲ့ ကိုယ်တိုင်ပြောပြတဲ့ သူ့ဘဝတစိတ်တဒေသ၊ သူ့တိုင်းပြည်ရဲ့ နောက်ခံ၊ တိုင်းပြည် ကံကြမ္မာနဲ့ သူ့ကံကြမ္မာတို့ကြားထဲက ဆက်ထုံးကို တွေ့ရပါလိမ့်မယ်။ 

မး ။ ။ ဆရာ ငယ်ငယ်တုန်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံခဲ့တဲ့အကြောင်း၊ ဆရာ့ဘဝအပေါ် သက်ရောက်မှုရှိခဲ့တယ်လို့ဆိုတော့ အဲ့ဒီအကြောင်းကို ပြောပြပါဦး။ 

ဖြေ ။ ။ အဲဒါက ကြာခဲ့ပြီပေါ့ဗျာ။ အဲဒီအချိန်တုန်းက ကျနော် အင်မတန် ငယ်သေးတယ်။ အသက် ၁၅ နှစ်လောက်ပဲ ရှိဦးမယ်။ ကျနော်တို့တွေ ရွာကလေးတရွာမှာ နေကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ရှေ့တန်းထွက်နေတဲ့ အချိန်ပေါ့။ ကျနော့် ဦးလေးတယောက်ကလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ တပည့်တွေထဲက တယောက်ပါပဲ။ အဲဒီအချိန်မှာ မဟာမိတ် စစ်လေယာဉ်၊ စစ်သဘောင်္တွေကလည်း ပစ်နေခတ်နေတဲ့အချိန်ပေါ့ဗျာ။ သူတို့တွေ ညတွင်းကြီး ပြန်လာကြတယ်။ ပြီးတော့ ကျနော်တို့ ရွာမှာ ခဏတည်းခိုတယ်။ အဲဒီမှာ ဗိုလ်ချုပ်အောင်ဆန်းကို ကျနော်တွေ့တာပဲ။ သူကို စကားပြောရတာ မလွယ်ဘူးဗျ။ အင်မတန် စကားနည်းတဲ့ လူ။ 

ကျနော်က စစ်တပ်ထဲ ဝင်ချင်တယ်လို့ ပြောလိုက်တယ်။ အဲဒီအချိန်တုန်းက စစ်တပ်က အင်မတန် ခေတ်စားတယ်။ လူငယ်မှန်သမျှ စစ်တပ်ထဲ ဝင်ချင်ပြီးတော့ တိုက်ချင် ခိုက်ချင်ကြတယ်။ ကျနော်က အဲ့သလိုပြောလိုက်တော့ ဗိုလ်ချုပ်အောင်ဆန်းက တချက်စဉ်းစားပြီးတော့ ကျနော့်ကို ပြန်မေးတယ်။ ကျောင်းနေသလားတဲ့။ ကျနော်က နေတယ်လို့ ဖြေလိုက်တယ်။ ဗိုလ်ချုပ်က ဒါဖြင့်ရင် ကျောင်းပဲဆက်တက်ပြီး ပညာဆက်သင်တာက ပိုကောင်းမယ် တဲ့။ ငါတို့ အရေးတော်ပုံအတွက် စစ်တိုက်မယ့်လူတွေက အများကြီးရှိတယ်၊ ဒါပေမယ့် ပညာတတ်တဲ့လူတွေက လုံလောက်အောင် မရှိဘူးလို့ ပြောတယ်။ 

ကျနော့်ကို ပညာဆက်သင်ဖို့ပြောတဲ့စကားက ကျနော့် စိတ်ထဲမှာ စွဲသွားတယ်ဗျ။ အဲဒီအချိန်က စလို့ ကျနော် အလုပ်တဖက်နဲ့ ကျောင်းတက်တယ်။ လေ့လာတယ်။ စာရေးတယ်။ သတင်းစာသမားတယောက် ဖြစ်လာတယ်။ အန်အယ်ဒီ ပါတီထဲရောက်ပြီး နိုင်ငံရေးသမားတပိုင်းဖြစ်တဲ့ အထိဆိုပါတော့။ 

မး ။ ။ ဆရာဘဝမှာ အားကျရတဲ့ စံပြပုဂ္ဂိုလ်လို့ပြောရင် ဘယ်သူဖြစ်မလဲ။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အနာဂတ်နဲ့ပတ်သက်လို့ရော ဆရာက ဘယ်လောက်အထိ မျှော်လင့်ချက်ထားလဲ။ 

ဖြေ ။ ။ ကျနော် ဒီလို ဖြေချင်တယ်ဗျာ။ တကယ်တော့ ကျနော်က ငယ်စဉ်ကတည်းက နိုင်ငံရေးသမားတယောက် မဟုတ်ခဲ့ဘူးဗျ။ ကျနော့် အထက်တန်းကျောင်းသားဘဝမှာ ကျောင်းသားသမဂ္ဂမှာ ခေါင်းဆောင်တွေထဲက တယောက်ဖြစ်ခဲ့တယ်။ အသက် ၁၆-၁၇ လောက်မှာ ကျောင်းသားသမဂ္ဂမှာ ဥက္ကဋ္ဌဖြစ်လာတယ်။ ကျောင်းသားလှုပ်ရှားမှုတချို့မှာ ပါဝင်ခဲ့တယ်။ အဲဒါကလွဲလို့ ကျနော့်ဘဝမှာ နိုင်ငံရေးနဲ့ အချိန်အများကြီး မပတ်သက်ခဲ့ဘူး။ 

ကျနော့်ဘဝမှာ ကျနော်ဖြစ်ချင်တာက သတင်းစာဆရာ၊ စာရေးဆရာ၊ ကဗျာဆရာ။ ကျနော့် အသက် ၆၀ အထိလည်း ဒါပဲ လုပ်ခဲ့တယ်။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဒီမိုကရေစီအရေးတော်ပုံကြီး ပေါ်ပေါက်လာတဲ့အထိ ဆိုပါတော့။ စာရေးဆရာများသမဂ္ဂမှာ ကျနော် ဥက္ကဋ္ဌ လုပ်ခဲ့တယ်။ အဲဒီ တာဝန်ကြောင့်လည်း အန်အယ်ဒီကို စတင် ထူထောင်သူတွေထဲမှာ ကျနော်လည်း ပါဝင်ခဲ့တယ်။ အခုဆိုရင် ပါတီဖောင်ဒါတွေထဲက ဒေါ်အောင်ဆန်းစုကြည်ရယ်၊ ဦးတင်ဦးရယ်၊ ကျနော်ရယ် သုံးယောက်ပဲ ကျန်တော့တယ်။ ဒါကြောင့် ကျနော်လည်း ဆက်ပြီးတော့ လုပ်နေရဦးမယ်။ ဒါပေမယ့် ကျနော့်ရဲ့နှလုံးသားထဲမှာ ကျနော်ဟာ အမြဲတမ်း သတင်းစာဆရာပဲ။ ဘာကိုပြောချင်တာလဲဆိုရင် ကျနော့်ကိုယ် ကျနော် ဒီမိုကရေစီဘဝအတွက် ရပ်တည်တယ်။ ဒီမိုကရေစီက ကျနော့် နှလုံးသားထဲမှာ အမြဲတမ်းရှိတယ်။ ကျနော့်ဘဝကို ဒီမိုကရေစီအတွက်ပဲ ဦးတည်တယ်၊ ရှေ့ရှုတယ်၊ လုပ်ကိုင်တယ်။ 

ကျနော် ထုတ်ဖော်ချင်တာတွေကိုလည်း ဒီမိုကရေစီနည်းလမ်းအတိုင်းပဲ လွတ်လွတ်လပ်လပ် ထုတ်ဖော်တယ်။ ပါတီလိုင်းချည်းပဲ အမြဲတမ်း မရပ်တည်ဘူး။ နိုင်ငံရေးလှုပ်ရှားမှု၊ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ပတ်သက်လို့ ကျနော်မြင်တဲ့အမြင်က တခါတလေ ပါတီလိုင်းနဲ့ သွေဖည်တယ်။ တခါတလေ ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်နဲ့လည်း ခြားနားတယ်။ ကိစ္စမရှိဘူး။ ကျနော်က သတင်းစာဆရာ၊ သတင်းစာဆရာဆိုတာ ဒီမိုကရေစီကို ဦးတည်တယ်။ မြန်မာပြည်မှာ တနေ့တော့ ဒီမိုကရေစီ လူ့အဖွဲ့အစည်းကြီး ပေါက်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီအတိုင်းပဲ ယုံကြည်တယ်။ 

မြန်မာပြည်မှာ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ၊ ဒီမိုကရေစီပါတီတွေ၊ ဒီမိုကရေစီအစိုးရ၊ ဒီမိုကရေစီ ပါလီမန်တွေ ပေါ်ပေါက်လာမယ့် ဒီမိုကရေစီဘဝဆိုတာ တနေ့တော့ မုချပေါ်ပေါက်လာလိမ့်မယ်။ ဒီမိုကရေစီအတွက် မျှော်လင့်ချက်ဆိုတာက ကျနော်ဆီမှာ အမြဲတမ်းရှိတယ်။ ဒိမိုကရေစီအရေး ရုန်းကန်မှုတွေ၊ မလျှော့တဲ့ လုံ့လနဲ့ အားထုတ်မှုတွေဟာ အနာဂတ်မှာ သီးပွင့်လာလိမ့်မယ်။ 

မး ။ ။ ထောင်ကျနေတဲ့အချိန်တုန်းက ကိုယ့်အတွက်ရော၊ တိုင်းပြည်ရဲ့အနာဂတ်အတွက်ပါ မျှော်လင့်ချက်တွေ အားလျှော့နေခဲ့ဖူးလား။ 

ဖြေ ။ ။ ကျနော်က အိုပြီဗျ။ ကျနော့်ရဲ့ အနာဂတ်နဲ့ပတ်သက်လို့တော့ မဆွေးနွေးချင်တော့ဘူး။ ကျနော့် အနာဂတ်ဆိုတာက အလွန်တိုတောင်းပြီး အလွန်ဝဝါးနေပြီ။ ကျနော့်ဘဝတလျှောက်မှာ တပါတီစနစ်နဲ့ စစ်အစိုးရ အုပ်ချုပ်ရေးကာလတွေကို ဖြတ်သန်းခဲ့ရတာ မှန်တယ်။ ဒါပေမယ့် တနေ့ကျရင် မြန်မာပြည်မှာ ဒီမိုကရေစီ လူ့အဖွဲ့အစည်းတရပ် မုချထွန်းကားလိမ့်မယ်လို့ မျှော်လင့်နေတုန်းပဲ။ အခုတော့ မရသေးဘူး။ လူတွေ သေကြတယ်၊ ဒုက္ခရောက်ကြတယ်။ မြို့ကြီးတွေမှာရော၊ တောဘက် နယ်ဘက်တွေမှာတော့ လူတွေက ဒုက္ခအကြီးအကျယ် ခံစားနေရတယ်။ ကျနော်တို့လို တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေက ဒီမိုကရေစီအတွက် အမြဲတမ်း ရုန်းကန်တယ်။ တိုက်ပွဲက ရှည်ကြာပြီး ခက်ခဲတယ်။ 

ဒ်ါအောင်ဆန်းစုကြည်က နတ်ဘုရား မဟုတ်ဘူးဗျ၊၊ နိုင်ငံရေး နတ်ဘုရား မဟုတ်ဘူး။ အားနည်းချက်တွေ အများကြီးပဲ၊ အမှားတွေလည်း ရှိသလောက်ရှိတယ်။ ဒါပေမယ့် ဒီနေ့ ဒီအချိန်မှာ အန်အယ်ဒီမှ မဟုတ်ဘူး၊ မြန်မာပြည်သူတွေအတွက် ဒေါ်စုပဲ ရှိတယ်။ ဒေါ်စုမှာ ဉာဏ်ပညာ အမြော်အမြင်ရှိတယ်။ လုပ်နိုင်ကိုင်နိုင်တဲ့ အစွမ်းရှိတယ်။ နိုင်ငံရေးအရ တွေးခေါ် စဉ်းစားနိုင်တယ်။ ဒီနေ့အချိန်မှာ ပြည်သူတွေနဲ့ မျိုးဆက်သစ်တွေကို ဦးဆောင်မှုပေးနိုင်သူဆိုလို ဒေါ်စုတယောက်ပဲ ရှိတယ်။ ဒီလိုပဲ ကျနော်တို့ အခိုင်အမာ ယုံကြည်တယ်။ 

မး ။ ။ ဆရာနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတူတာတွေကို ရှင်းပြပါဦး။ 

ဖြေ ။ ။ ကျနော် အမြဲတမ်းပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြီးပြင်းရတဲ့ဘဝက ကျနော်တို့နဲ့ မတူဘူး။ ကျနော်က ရွာဇနပုဒ်၊ မြို့ငယ်မြို့သိမ်ကနေ လာတယ်။ မြန်မာပြည်မှာပဲ ပညာသင်ခဲ့ရတယ်။ ကျနော်တို့ ပညာရေးစနစ်ကလည်း သိပ်ပြီးတော့ အဆင့်မမြင့်လှဘူး။ ကြီးပြင်းလာတာကလည်း သူလို ငါလို ပုံမှန်ဘဝပဲ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အိန္ဒိယလိုမျိုး ဖွံ့ဖြိုးတဲ့နိုင်ငံမှာ ကြီးပြင်းခဲ့တယ်။ ပညာသင်တဲ့အခါမှာလည်း ထိပ်တန်းတက္ကသိုလ်တွေမှာ သင်ခဲ့တယ်။ ဒါက တချက်။ 

နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတော့ ဗိုလ်ချုပ်တွေ အသိုင်းအဝိုင်းမှာ ကြီးပြင်းလာရတယ်။ ဗိုလ်ချုပ်တွေရဲ့ နိုင်ငံရေးထဲမှာ ကိုယ်တိုင်ကိုယ်ကျ မပတ်သက်ခဲ့ပေမယ့် အလွန်သြဇာအရှိန်အဝါကြီးတဲ့ အနေအထားနဲ့ ဖြတ်သန်းခဲ့ရတယ်။ မြန်မာပြည်ကို ပြန်လာတဲ့အချိန်မှာ ဒေါ်စုရဲ့အသက်က ၄၀ ကျော်ကျော်လေးပဲ ရှိသေးတယ်၊ ကျနော်က အသက် ၆၀ ကျော်ပြီ။ ၁၉၈၈ လူထုအုံကြွမှုကာလမှာ တွေ့ရတယ်။ လူထုအုံကြွမှုကို ဦးဆောင်တာက ပြည်သူတွေပဲ။ ကျောင်းသားတွေ၊ လူငယ်တွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေက ဦးဆောင်ခဲ့ကြတယ်။ သာမန် ပြည်သူတွေပဲ။ အဲဒီအချိန်တုန်းက ခေါင်းဆောင်လည်း မရှိဘူး၊ အရေးတော်ပုံက ဦးတည်ရာလည်း မဲ့နေတယ်။ ကျနော်တို့က အရေးတော်ပုံကြီးထဲမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ပူးပေါင်းပါဝင်ခဲ့ကြတယ်။ ကျနော်တို့တွေ အတူတကွ ပူးပေါင်းခဲ့ကြတယ်။ 

ဒ်ါစုနဲ့ ကျနော်နဲ့ကြားထဲမှာ မတူညီတာတွေက အမြဲတမ်းရှိတယ်။ ကျနော်က တသက်လုံး စာရေးဆရာ၊ သတင်းစာဆရာပဲ လုပ်ခဲ့တယ်။ ကျနော့်ရဲ့ အသိပညာရေချိန်က မတူဘူး။ လူမှုဘဝရပ်တည်ချက်နဲ့ နိုင်ငံရေးအရ စိတ်ကူးစိတ်သန်းတွေမှာလည်း မတူဘူး။ ကျနော်ပြောခဲ့သလိုပဲ ဒေါ်စုက စစ်တပ်အသိုင်းအဝိုင်း၊ စစ်တပ် မိသားစုမှာ ကြီးပြင်းခဲ့တယ်။ 

မြန်မာပြည်မှာ စစ်အစိုးရတော့ မရှိတော့ဘူး။ ဒါပေမယ့် သမ္မတ ဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဝန်ကြီးတွေ စသဖြင့် သူတို့တွေအားလုံးက စစ်တပ်ကလူတွေပဲ၊ သူတို့က စစ်အုပ်ချုပ်ရေးကို အားပေးတဲ့လူတွေ၊ စစ်အတွေးအခေါ်၊ စစ်ဒဿန၊ စစ်စိတ်ကူးစိတ်သန်းတွေပဲ ရှိတယ်။ ဒါက ပြဿနာ၊ မြန်မာပြည်ဟာ ဒီမိုကရေစီကို ဦးတည်နေတယ်ဆိုပေမယ့် သူတို့ကိုယ်တိုင်က ဒီမိုကရေစီဘက်တော်သားတွေ မဟုတ်တာကိုတော့ ကျနော် စိုးရိမ်မိတယ်။ ဒီမိုကရေစီလို့ ဘယ်လောက်ပဲအော်အော် သူတို့ကိုယ်ထဲမှာ စစ်အပုပ်နံ့တွေက မစင်သေးဘူး။ ထိပ်တန်းခေါင်းဆောင်လို့ပြောတဲ့ သမ္မတတို့၊ လွှတ်တော်အမတ်တွေရဲ့ပါးစပ်ကနေ စစ်အနံ့တွေ တဟောင်းဟောင်း ခဏခဏ ထွက်နေတယ်။ 

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ စစ်တပ်နဲ့ပတ်သက်လာရင် အမြဲတမ်းပဲ ပူးပေါင်းဆောင်ရွက်ဖို့၊ ဖေးဖေးမမနဲ့ လိုက်လျှောလိုတဲ့ သဘောထားရှိတယ်။ ဒါက ကျနော်တို့ကြားမှာ မတူဘူး။ မြန်မာပြည်ရဲ့ ဒီမိုကရေစီ အပြောင်းအလဲ လှုပ်ရှားမှုတိုင်းမှာ စစ်တပ်ကိုလည်း ပူးပေါင်းပါဝင်စေချင်တယ်လို့ ဒေါ်စုက ပြောတယ်။ စစ်တပ်က ပူးပေါင်းဆောင်ရွက်တာ မလုပ်ရင် မြန်မာပြည်မှာ အပြောင်းအလဲတွေ ဘယ်တော့မှ ရမှာမဟုတ်ဘူးလို့ ပြောတယ်။ ကျနော့် အမြင်က ဒေါ်စုနဲ့ မတူဘူး။ ကျနော် ပြောတယ်၊ ဒီလို မဟုတ်ဘူး။ ဒီလို မဟုတ်သေးဘူး။ သူတို့တွေက အပြင်လူတွေပဲ၊ သူတို့က ကျနော်တို့ စည်းဝိုင်းရဲ့ အပြင်ဘက်က လူတွေပဲ၊ စစ်တပ်ကို ပြောင်းကိုပြောင်းရမယ်လို့ ကျနော် ပြောတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးကိစ္စတွေမှာ စစ်တပ်က လုံးဝ ပတ်သက်စရာအကြောင်းမရှိဘူးလို့ ကျနော် ပြောတယ်။ 

မး ။ ။ အဲဒီတော့ ဒေါ်စုက ဆုံးဖြတ်ချက်ချတဲ့အပိုင်းမှာ ဆရာနဲ့တိုင်ပင်နေသေးလား။ 

ဖြေ ။ ။ ကျနော်တို့ ပုံမှန်လိုလို တွေ့ပါတယ်။ တလ တကြိမ် စသဖြင့် တွေ့ဖြစ်ပါတယ်။ ဆက်ဆံရေးလည်း အလွန်ကောင်းတယ်။ ဒေါ်စုက အင်မတန်ယဉ်ကျေးတဲ့ ပုဂ္ဂိုလ်၊ အလွန်ဖော်ရွေတဲ့ ပုဂ္ဂိုလ်၊ အားလုံး ပုံမှန်ပဲ။ ကျနော်တို့ကြားမှာ ပဋိပက္ခ လုံးဝ မရှိဘူး။ ကျနော်က ကျနော့်အမြင်ကို တင်ပြတယ်။ သူကလည်း သူ့အမြင်ကို တင်ပြတယ်။ ကျနော်တို့က ကိုယ့်ပါတီကို အင်အားကြီးမားတဲ့ ပါတီ၊ အဖွဲ့အစည်းကြီး ဖြစ်စေချင်တယ်။ စစ်မှန်တဲ့ ဒီမိုကရေစီအတွက် ရည်မှန်းချက်ထားတယ်။ 

မး ။ ။ စစ်တပ်က အာဏာသိမ်းနိုင်တဲ့ အခွင့်အရေးရှိသေးတယ်လို့ ထင်နေသေးလား။ 

ဖြေ ။ ။  စစ်တပ်က အာဏာကို ပြန်ပြီးတော့ သိမ်းပိုက်နိုင်လိမ့်မယ်လို့တော့ ကျနော် မထင်တော့ဘူးဗျ။ ဒါက ကျနော့်ရဲ့ ယုံကြည်ချက်ပဲ။ ပြည်သူတွေအားလုံးက အာခံနေကြပြီ၊ ဆန္ဒပြကန့်ကွက်နေကြပြီ။ စစ်အာဏာကို ပြည်သူတွေ ခေါင်းတွင်တွင်ခါနေကြပြီ။ ပြည်သူတွေဆီက အစိုးရကိုပေးနေတဲ့ သတင်းစကားက ဒါပဲ။ ပြည်သူတွေက သိကြတယ်။ ဒါကို စစ်တပ်ကလည်း သိပါတယ်။ 

စစ်တပ်က အင်အားကြီးနေသေးတာတော့ မှန်တယ်။ အင်စတီကျူးရှင်းအရလည်း သူတို့တွေ လွှမ်းမိုးထားတာ မှန်တယ်။ ဒါပေမယ့် ပြည်သူတွေ ခေါင်းခါတယ်၊ တော်လောက်ပြီလို့ ပြောတယ်။ စစ်တပ်က ကြီးမားတဲ့ အဖွဲ့အစည်း၊ ကြီးမားတဲ့ အင်စတီကျူးရှင်း၊ အင်အားကြီးတယ်ဆိုတာကတော့ မှန်ပါတယ်။ တိုင်းပြည်စီးပွားရေးရဲ့ ၇၀ ရာခိုင်နှုန်းက သူတို့ လက်ထဲမှာ ရှိတယ်။ ဒါကြောင့် စစ်တပ်က အာဏာက ဆက်ရှိနေတယ်။ 

မး ။ ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကျရင် ဆရာတို့ပါတီက အများစုနိုင်မယ်လို့ ဘယ်လောက်အထိ ယုံကြည်ထားလဲ။ 

ဖြေ ။ ။ ကျနော်တို့ နေရာအများစုမှာ အနိုင်ရမယ်လို့ ယုံကြည်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း ကျနော်တို့ နေရာအများစုမှာ အနိုင်ရခဲ့တယ်။ အဲဒီအချိန်တုန်းက ကျနော်တို့ပါတီက ဖွဲ့စည်းခါစ၊ အခြေတည်ခါစ၊ သက်တမ်းက အလွန် နုသေးတယ်။ ကျနော်တို့ဆီမှာ အဖွဲ့အစည်းနောက်ခံဆိုလို ဘာဆိုဘာမှ မရှိသေးတဲ့အချိန်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ ပါတီကို ဖွဲ့ခဲ့တယ်။ ရွေးကောက်ပွဲက ၁၉၉၀ မှာ ကျင်းပတယ်။ အချိန်က အရမ်းတိုတယ်၊ ဒါပေမယ့် ကျနော်တို့ နိုင်ခဲ့တာပဲ။ 

အဲဒီအချိန်တုန်းက ကျနော်တို့ကို ဘယ်သူမှ မသိသေးဘူး။ ကျနော်တို့ရဲ့ နိုင်ငံရေးအမြင်တွေကိုလည်း လူတွေက ဘာမှ သေချာ ဘာမှမသိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတောင်မှ လူတွေ ကောင်းကောင်း သိသေးတာ မဟုတ်ဘူးဗျ။ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ဆိုတာလောက်ပဲ နာမည်ကို သိကြတာ။ ဒါတင်မကသေးဘူးဗျ။ အဲဒီအချိန်တုန်းက ကျနော်တို့တွေ ထောင်ထဲမှာ၊ သံတိုင်တွေ နောက်ကို ရောက်နေတယ်။ ကျနော်၊ ဦးတင်ဦးနဲ့ ခေါင်းဆောင်တော်တော်များများ သံတိုင်နောက်ကို ရောက်နေတယ်။ ခေါင်းဆောင်မှုဆိုလို ဘာမှ မရှိဘူး၊ ဒီလို အခြေအနေနဲ့ပဲ ကျနော်တို့ အနိုင်ရခဲ့တယ်။ ဒါကြောင့် ၂၀၁၅ မှာလည်း ကျနော်တို့ နိုင်မယ်လို့ မျှော်လင့်တယ်။ ကျနော်တို့ နိုင်မှာပါ။ ကျနော်တို့ သိတယ်။ တောင်ပြိုကမ်းပြို အနိုင်ရချင်မှ ရမယ်။ ဒါပေမယ့် ကျနော်တို့ နိုင်မှာပါ။ 

မး ။ ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တကယ်ပဲ အပြောင်းအလဲတွေကို မြင်ရမယ်လို့ မျှော်လင့်ထားလား

ဖြေ ။ ။  ၂၀၀၈ ခုနှစ်မှာ ကျနော်ထောင်ကနေ ထွက်လာတော့ မီဒီယာတွေ အများကြီးနဲ့ တွေ့ခဲ့တယ်။ ပထမဦးဆုံး ကျနော်ပြောတဲ့စကားက မြန်မာပြည်ဟာ ထောင်ထဲမှာ ကျနေတုန်းပဲ။ ပြည်သူလူထုတွေအားလုံး ထောင်ကြီးထဲမှာ ရောက်နေတယ်လို့ ကျနော် ထင်တယ်။ နိုင်ငံရေးအကျဉ်းသားတွေ အများကြီးလည်း သံတိုင်တွေနောက်မှာ၊ ထောင်ထဲမှာ ကျန်နေသေးတယ်။ ဒါကြောင့် အခုအထိ ကျနော် ထောင်ဝတ်စုံကိုပဲ ဆက်ဝတ်နေတာ။ အနည်းဆုံး ထောင်ဝတ်စုံ အရောင် အပြာရောင်ကို ကျနော် ဆက်ဝတ်နေတယ်။ 

အဲဒီအချိန်မှာ မီဒီယာကို ကျနော်ပြောခဲ့တာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို တစစီ ဖျက်ပစ်ရမယ်။ အသစ်ပြန်ရေးရမယ်။ အဲ့သလို ကျနော်ပြောခဲ့တာ လွန်ခဲ့တဲ့ ငါးနှစ်တုန်းက။ အခုအထိလည်း မအောင်မြင်သေးဘူး။ အခုလည်း ဒီအမြင်ပေါ်မှာပဲ ကျနော် ဆက်ပြီး ရပ်တည်တယ်။ 

ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လိုပုံစံနဲ့ ပြောင်းလဲမလဲဆိုရင်တော့ ပြောင်းဖို့ အလွန်ခက်ခဲတဲ့၊ အလွန်ပြင်းထန်တဲ့ ပုဒ်မတွေ ရှိတယ်။ ဥပမာဆိုရင် တပ်မတော်က နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ ပါဝင်ရေးဆိုတဲ့ အချက်ကို ပြင်ဆင်ဖို့ အလွန်ခက်တယ်။ ပြီးတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတဲ့အခန်းဆိုတာ ရှိတယ်။ အဲဒီ အခန်းမှာ ပြဌာန်းချက်တွေအရဆိုရင် စစ်တပ်အနေနဲ့ တိုင်းပြည်မှာ အရေးပေါ်အခြေအနေလို့ယူဆတဲ့ အခြေအနေမှာ အာဏာကို အချိန်မရွေး သိမ်းနိုင်တယ်လို့ ပြဌာန်းထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်နိုင်အောင် ပိတ်ပင်ထားတဲ့ ပြဌာန်းချက်တွေလည်း ရှိတယ်။ ဒါကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာကြီးကို မပြောင်းဘဲနဲ့ မြန်မာပြည်မှာ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်နိုင်ဖို့ အခွင့်အလမ်းရှိလိမ့်မယ်လို့ ကျနော် မထင်ဘူး။

မး ။ ။ မြန်မာပြည်မှာ ဒီမိုကရေစီအရေးတောင်းဆိုတဲ့ အာရပ်နွေဦးလှုပ်ရှားမှုလိုမျိုး ပေါ်ပေါက်လာနိုင်တယ်လို့ မျှော်လင့်လား။ 

ဖြေ ။ ။ ကျနော်တို့မှာလည်း ၁၉၈၈ တုန်းက ကျနော်တို့ရဲ့ နွေဦး အရေးတော်ပုံ ရှိခဲ့တယ်။ လူသန်းနဲ့ချီပြီးတော့ စစ်တပ်ကို ဆန့်ကျင်အုံကွခဲ့ကြတယ်။ ကျနော်တို့မှာ အရေးတော်ပုံ အတွေ့အကြုံက ရှိပီးသားပဲ။ အဲဒီနောက်ပိုင်းမှာလည်း ကျနော်တို့မှာ နွေဦးတွေ အများကီးရှိခဲ့တယ်။ ကျနော်တို့တွေ နွေဦးတွေ တခုပီးတခု၊ နွေဦးပေါင်း မြောက်များစွာကို ဖြတ်သန်းရမယ်။ တခုပဲရှိတာက ကျနော်တို့တွေ ရန်းကန်ခဲ့ပေမယ့် အဲဒီနိုင်ငံရေး အင်အားတွေက နောက်ပြန်လန်ကျနတယ်။ ပြည်သူတွေ နည်းနည်းတော့ ပင်ပန်းနေတယ်လို့ ကျနော် ထင်တယ်။ 

နာက်တခုကတော့ ကျနော်တို့ မီဒီယာလွတ်လပ်ခွင့်ဆိုတာက တခါမှ မရခဲ့ဖူးဘူး။ လွတ်လပ်စွာ တွေးခေါ် စဉ်းစားခွင့်ဆိုတာ တခါမှမရခဲ့ဘူး။ နှစ်ပေါင်း ၅၀ လောက် ဒီလိုအခွင့်အရေးတွေ တခါမှမရခဲ့ဘူး။ အခုတော့ ကျနော်တို့ စပြီးတော့ တွေ့နေရပြီ တခါတလေကျတော့ အစိုးရက ဝါဒမှိုင်းတိုက်တာတွေကို ပြည်သူတွေက တကယ်ထင်ပြီးတော့ တက်တက်ကြွကြွနဲ့ မရုန်းကန်ချင်ကြတော့ဘူး။ ဒါလည်း ပြဿနာတရပ်ပဲ။ ဒါပေမယ့် ကျနော်တို့ဆီမှာ အရေးတော်ပုံစိတ်ဓာတ်တွေက ရှိပြီးသားပဲ၊ ဒါကြောင့် နောက်ထပ် အရေးတော်ပုံတွေ လာပါလိမ့်မယ်။ 

မး ။ ။ ပါတီဝင်သစ်တွေကို စုဆောင်းတဲ့ကိစ္စရော ဘယ်လိုရှိလဲ။ 

ဖြေ ။ ။ မျိုးဆက် အပြောင်းအလဲ၊ မျိုးဆက်အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှုဆိုတာမရှိရင် ကျနော်တို့ ပါတီက ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်တောင်မှပဲ အခုဆိုရင် အသက် ၆၈ နှစ်ထဲကို ရောက်နေပြီ။ ၆၈ နှစ်ဆိုတာ မြန်မာပြည်မှာ အဖွားကြီး ဖြစ်ပြီဗျ။ ဒါကြောင့် ကျနော်တို့ မျိုးဆက်သစ်တွေ လိုအပ်နေတယ်။ 

ကျနော်တို့ မူဝါဒနဲ့ စည်းမျဉ်းစည်းကမ်းအရလည်း ခေါင်းဆောင်မှုအဆင့်မှာ (ယေဘုယျ) အနေနဲ့ အသက် ၅၀ တန်းကို လျှော့ချဖို့ ရှိတယ်။ ဒါပေမယ့် အခုအထိတော့ ကျနော်တို့ မလုပ်နိုင်သေးဘူး။ လောလောဆယ် ကျနော်တို့ရဲ့ ခေါင်းဆောင်တွေက ၇၀ ကျော်တွေချည်းပဲ။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်တုန်းက သူနဲ့ သူ့ သူငယ်ချင်းတွေရဲ့အသက်က ၃၀ တန်းတွေချည်းပဲ။ ကျနော်တို့ဆီမှာ အတွေ့အကြုံရှိတယ်၊ သမိုင်းကြောင်း ရှိတယ်၊ ဒါပေမယ့် ဒီနေ့မှာတော့ အားလုံးက အိုကုန်ကြပြီ။ ။ 

(A prisoner’s pursuit of democracy in Burma by Lillian Cunningham, July 17, 2013) 


 

No comments: