Tuesday, July 16, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၆

အခန်း - ၇ 

ကြည်နူးမှုရဲ့ အရိပ်ဝယ်၊
နှစ်သိမ့်စရာစကားတွေနဲ့ ဖောင်ဖွဲ့ကာပဲ 
အလွမ်းတွေ မပြေပါဘူးကွယ်၊ 
ကမ်းခြေဇေယျာဦးဝယ်။ 

(တေးရေး ကိုလှမိုး။ ကမ်းခြေဇေယျာဦး) 

၁၉၈၈ ခု သြဂုတ်လဆန်း၊ စစ်ကိုင်းမြို့။ 

 အေးစိမ့်သော ကျောက်စက်ရေတွေ မကြာခင်ကပင် ထည့်ထားခဲ့သည့် ဖလ်ခွက်တခွက်ထဲသို့ ကျိုက်ကျိုက်ဆူ လောင်မြိုက်သော ရေနွေးပူတွေ လောင်းချလိုက်သောအခါ ပို၍ ပြင်းထန်စွာ ပေါက်ကွဲဖို့ ဖြစ်လာလေသည်။ ပြုံးလဲ့ယဉ်၏အဖြစ်မှာ ထိုသို့နှင်နှင်သာတည်း။ 

******** 

ထိုနေ့သည် သူ့ဘဝတလျှောက်လုံးတွင် အမျှော်လင့်ကြီး မျှော်လင့်ပြင်ဆင်ခဲ့ရသော နေ့တနေ့ဖြစ်သည်။ သူ့ဘဝ၏ အချိန်တော်တော်များများကို ထိုနေ့အတွက်သာ ရည်စူးပြင်ဆင်ခဲ့လေသည်။ ထိုနေ့ကို အကောင်းဆုံးဖြတ်သန်းနိုင်ဖို့ အတွက် ရည်မှန်းကြိုးစားခဲ့လေသည်။ ထိုနေ့သည် ပြုံးလဲ့ယဉ်နှင့် ဇော်မြင့်တို့၏ မင်္ဂလာဦးနေ့ဖြစ်သည်။ 


အိမ်သစ်ကလေးသည် ခပ်သေးသေးသာဖြစ်သော်လည်း နှစ်ထပ်ဖြစ်သည်။ အိမ်ကလေးကို ဝါးထရံတို့ ကာရံထားသည်။ ဝါးထရံဆိုသော်လည်း ရိုးရိုးထရံ မဟုတ်၊ ဝါးအကြောဖြင့် ယက်ထားသော ကျူထရံအမာဖြစ်ပြီး ထရံပေါ်တွင် အကွက်ကလေးတွေ ဆေးခြယ်ထားသည်။ အမိုးကို ဝါးကပ်မိုးထားသည်။ သွပ်မိုးကို ပြုံးလဲ့ယဉ် မကြိုက်။ သွပ်မိုးသည် ခိုင်ခန့်သော်လည်း ပူလောင်လွန်းလှသည်။ ပြုံးလဲ့ယဉ်က အိမ်ကလေးကို ဆယ့်နှစ်ရာသီ အေးမြငြိမ်းချမ်းသော အိမ်ကလေးဖြစ်စေချင်သည်။ အစက အမိုးကို ထန်းရွက်မိုးဖို့ပင် စဉ်းစားသေးသည်။ သို့သော် ထန်းရွက်မိုးသည် အေးမြသော်လည်း မသပ်ယပ်။ ကျူထရံအကွက်ကလေးတွေနှင့် မလိုက်ဖက်။ ထို့ကြောင့် ဝါးကပ်မိုးကိုသာ မိုးလိုက်သည်။ သည်အိမ်ကလေးတခုလုံးမှာ ပြုံးလဲ့ယဉ်ကိုယ်တိုင် တယောက်တည်း စိတ်တိုင်းကျစီမံထားသော အိမ်ကလေးဖြစ်သည်။ မောင့်ကိုပင် မတိုင်ပင်ခဲ့။ အားလုံးပြီးစီးတော့မှ မောင် အံ့သြသွားအောင် ခေါ်ပြခဲ့ခြင်းဖြစ်သည်။ မောင်သည် အိမ်ကလေးကိုကြည့်ပြီး ရင်သပ်ရှုမောဖြစ်သွားခဲ့သည်။ သည်နေ့အထိလည်း နှစ်သက်မဆုံး တပြုံးပြုံးရှိနေဆဲပင်။ တကယ်တော့လည်း ဒါတွေကို ပြုံးလဲ့ယဉ်စီစဉ်ခဲ့သည်မှာ သည်နေ့ သည်ရက်အတွက်သာ ဖြစ်လေသည်။ 

အိမ်အပေါ်ထပ် ပြူတင်းတံခါးမှ မျှော်ကြည့်လိုက်လျှင် ဧရာဝတီမြစ်ရေပြင်ကို လှမ်းမြင်ရသည်။ မြစ်ရေပြင်တွင် လှိုင်းကြက်ခွပ်တို့ ငွေရောင်တလက်လက် တောက်ပနေသည်။ ခပ်ဝေးဝေးတွင် ညို့ဆိုင်း မှုန်ရီနေသော စစ်ကိုင်းတောင်ရိုးတန်းကြီးသည် ရှုမဆုံး၊ မျှော်မဆုံး။ မြစ်ပြင်တွင် ပျင်းရိပျင်းတွဲ့ လှော်ခတ်နေသော ငှက်တစီးကို မြင်ရသည်။ ကောင်းကင်တွင် တိမ်တွေ ရွှေရောင်တောက်ပနေလေသည်။ မြစ်ပြင်တွင်လည်း ရွှေရောင်မိုးတိမ်တို့ အရိပ်ထိုးထင်ဟပ်နေလေသည်။ သည်လိုလှပသော မြင်ကွင်းမျိုးကို လွှမ်းခြုံစီးမိုးပြီး မြင်ရသောနေရာသည် စစ်ကိုင်းမြို့မှာပင် များများမရှိလှ။ သည်နေရာလေးကို ပြုံးလဲ့ယဉ် ဘယ်လိုများ ရှာထားပါလိမ့်ဟု ဇော်မြင့် တွေးမိသည်။ 

“မလှဘူးလား မောင်။ ရှုခင်းလေးက သိပ်လှတာပဲနော်” 

“လှတာပေါ့ ပြုံးရယ်။ သိပ်လှတာပေါ့။ ဒါမျိုးနေရာကလေးကို ပြုံး ဘယ်လိုများရှာထားပါလိမ့်လို့ ခုပဲ မောင်တွေးနေတာ” 

“ရှာရတာပေါ့ မောင်ရယ်။ တသက်လုံးနေရမယ့် နေရာကိုးမောင်ရဲ့။ စိတ်တိုင်းကျတွေ့အောင် ရှာရတာပေါ့။ ပြီးတော့ မောင်က သိပ်ပင်ပန်းလှပြီလေ။ ဒီတော့ မောင့်အတွက် အေးအေးလူလူ အနားယူပြီး စာရေးလို့ကောင်းမယ့် နေရာတနေရာလိုတယ် မဟုတ်လား

“အင်း... မောင့်အပေါ်မှာ ပြုံးရဲ့ကျေးဇူးတွေ တော်တော်များနေပြီ။ မောင့်ဘက်က တာဝန်မကျေနိုင်တာတွေလည်း တော်တော်များနေပြီ ပြုးရယ်” 

“မောင်ကလည်းကွာ။ မောင်နဲ့ ပြုံးကြားမှာ ကျေးဇူးတရားဆိုတာ ရှိလို့လား။ မောင့်မှာ မောင့်နိုင်ငံရေး အလုပ်တွေနဲ့ ရှုပ်နေတဲ့အချိန်မှာ ပြုံးက သည်နေ့ သည်ရက်အတွက် ပြင်ဆင်ရတာပေါ့၊ ဟုတ်ဖူးလား” 

သည်နေ့သည် ဇော်မြင့်နှင့် ပြုံးလဲ့ယဉ်တို့၏ မင်္ဂလာဦးနေ့ဖြစ်သည်။ မင်္ဂလာဦးနေ့ဆိုသော်လည်း ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင်ခဲ့သည်တော့မဟုတ်။ သံဃာများကို မင်္ဂလာဆွမ်းကပ်ပြီး နှစ်ဖက် မိဘများနှင့် သိပ်ရင်းနှီးသော မိတ်ဆွေတွေကိုသာ ဖိတ်ကြားကျွေးမွေးခဲ့ခြင်း ဖြစ်သည်။ သူတို့သည် မင်္ဂလာဦးနေ့ကို အလုပ်များပင်ပန်းရသော နေ့တနေ့ မဖြစ်ချင်။ လက်ဖွဲ့ပစ္စည်းနှင့် လက်ဖွဲ့ငွေကြေးများကို တွက်ချေကိုက်မကိုက် ရေတွက် တွက်ချက်နေရသော နေ့တနေ့ မဖြစ်ချင်။ သူတို့မင်္ဂလာဦးနေ့သည် စိတ်ချမ်းသာပြီး ပူပင်ကြောင့်ကြကင်းသော နေ့တနေ့သာဖြစ်ချင်သည်။ ထို့ကြောင့်လည်း သူတို့ မင်္ဂလာပွဲကို တတ်နိုင်သမျှ အကျဉ်းချုံးကျင်းပခဲ့ခြင်းဖြစ်သည်။ ထိုသို့ အကျဉ်းချုံး ကျင်းပခဲ့သောကြောင့်လည်း အခုလိုညနေချမ်းတွင် သူတို့ အေးအေးလူလူ အနားယူနိုင်ကြခြင်းဖြစ်သည်။ 

သူတို့နှစ်ဦးမှာ ပျိုမြစ်နုနယ် ဖူးသစ်စအရွယ်ဟုဆိုကြသော ဆယ်ကျော်သက်ကတည်း ချစ်ခင်ကြင်နာလာခဲ့ကြသူများ ဖြစ်သည်။ သူတို့ အချစ်ဇာတ်လမ်းကို စစ်ကိုင်းမြို့တမြို့လုံး သိကြသလို နှစ်ဖက်မိဘတွေလည်း သိကြလေသည်။ တနေ့တွင် ပညာရေးဆုံးခန်းတိုင်သောအခါ သူတို့နှစ်ဦး ပေါင်းဖက်ကြလိမ့်မည်ဟုသာ အများက ရိုးရိုးစင်းစင်း နားလည်ထားခဲ့ကြသည်။ သို့သော် ရှေးလူကြီးတွေပြောသကဲ့သို့ပင် ဘဝလမ်းကြောင်း ဟူသည် တခါတရံတွင် မျှော်လင့်သလို မဖြောင့်ဖြူးသည်လည်း ရှိတတ်လေသည်။ 

ပုံးလဲ့ယဉ်ကသာ ဘွဲ့ရပြီး အစိုးရရုံးတွင် လက်ထောက်မန်နေဂျာ ဖြစ်လာခဲ့သည်။ ဇော်မြင့်က ပညာရေး ဆုံးခန်းမတိုင်ခဲ့။ ဇော်မြင့်၏ ပညာရေးရည်မှန်းချက်မှာ ရိုက်ချိုးဖျက်ဆီးခံခဲ့ရသည်။ သူတို့ တက္ကသိုလ်ရောက်ချိန်သည် ကျောင်းတော်တွင် တိမ်မည်းညိုဖုံးနေ၊ အရိပ်မိုးနေသော ကာလဖြစ်သည်။ ဦးသန့်အရေးအခင်း၊ အလုပ်သမား အရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းများသည် ချိန်ကိုက်ဗုံးများလို တလုံးပြီးတလုံး ပေါက်ကွဲခဲ့ကြသည်။ ဇော်မြင့်သည်လည်း ထင်ရှားသော ကျောင်းသားခေါင်းဆောင်တယောက်ဖြစ်လာပြီး မဆလ အကျဉ်းထောင်တွင် ငယ်ရွယ်နုပျိုသောဘဝ၏ သက္ကရာဇ်တချို့ကို ကုန်ဆုံးခဲ့ရလေသည်။ တက္ကသိုလ်မှလည်း ရာသက်ပန် ကျောင်းထုတ်ခံခဲ့ရလေသည်။ သည်လိုအကြောင်းတွေကြောင့် သူတို့ မင်္ဂလာရက်သည်လည်း တဖြည်းဖြည်း နောက်ဆုတ်ပေးခဲ့ရသည်။ ထို့ကြောင့်လည်း သူတို့ အသက် ၃၀ ကျော်တော့မှ မင်္ဂလာဆောင်နိုင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယခု သူတို့ မင်္ဂလာဆောင်သည့်ကာလသည်လည်း ငြိမ်းချမ်းသောကာလတော့ မဟုတ်ချေသေး။ 

ဇ်ာမြင့်သည် စန္ဒယားခလုတ်ကလေးများကို အသာအယာ တို့ထိဆော့ကစားကြည့်လိုက်သည်။ သည်စန္ဒယားသည် တအိမ်လုံးတွင် တခုတည်းသော အဖိုးတန်ပစ္စည်းဖြစ်သည်။ တကယ်တော့ ဇော်မြင့်တို့ခေတ်သည် စန္ဒယားခေတ် မဟုတ်တော့။ သူတို့ခေတ်သည် ဂစ်တာ ခေတ်ဦးဖြစ်သည်။ သို့သော် ဇော်မြင့်က အခြားသူတို့နှင့်မတူ။ စန္ဒယားကိုသာ ခုံခုံမင်မင် တီးတတ်သည်။ ထို့ကြောင့်လည်း သည်အိမ်ထဲတွင် စန္ဒယားတလုံးတခါတည်း ပါလာရေးကို ပြုံးလဲ့ယဉ် ကြိုးစားခဲ့သည်။ စင်စစ် ထိုခေတ်က စန္ဒယားတလုံးမှာ တော်တော်ပင် ဈေးကြီးသည်။ သို့သော် ပြုံးလဲ့ယဉ်သည် သူ့မင်္ဂလာဦးအိပ်မက်ကို ပြစ်မျိုးမှည့်မတင် တိမ်ကင်းစင်သော မင်္ဂလာဦးဖြစ်စေချင်သည်။ အစစအရာရာ ပြည့်စုံသော မင်္ဂလာဦးဖြစ်စေချင်သည်။ မောင် လိုချင်တာအားလုံး ရှိနေစေချင်သည်။ ထို့ကြောင့်လည်း မဖြစ်မနေ ပြည့်စုံအောင် ကြိုးစားခဲ့သည်။ 

“ညိုရောင်မှိုင်း... မို... မိုးတိမ်ယံက ဆိုင်း... ဆိုင်းခဲ့လေပြီ... သက်ထား... ဘယ်သောအခါများ နီးရပါမည်...” 

ချစ်မိုးကြီး သီချင်းကို ဇော်မြင့် တီးသည်။ ဇော်မြင့်သည် တခါတရံတွင် ပြုံးလဲ့ယဉ်ကို ချစ်မိုးကြီး သီချင်းထဲမှာ ပါသလို သက်ထားဟု ချစ်စနိုးခေါ်တတ်သည်။ တကယ်တော့ ပြုံးလဲ့ယဉ်နှင့် သက်ထားဆိုသော နာမည်မှာ ဝေးကွာလှသည်။ သို့သော် အသက်ကိုပုံပြီး အသက်ကို ထားအပ်ပြီး ချစ်မြတ်နိုးရသူမို့ သက်ထားဟု ဇော်မြင့်က ခေါ်ခြင်းဖြစ်သည်။ သည်နာမည်သည် ဇော်မြင့်တယောက်တည်း ခေါ်သောနာမည်မို့ ပြုံးလဲ့ယဉ်ကလည်း တန်ဖိုးထားသည်။

ပုံးလဲ့ယဉ်သည် စန္ဒယားတီးနေသော ဇော်မြင့်ကို တစိမ့်စိမ့်ကြည့်ရင်း ကျေနပ်နေသည်။ ဒါသည်ပင် သူ့အောင်မြင်မှုကို အရသာခံစားနေရခြင်းဟု သူ ခံယူလေသည်။ 

“ထာဝစဉ်အမြဲတန်း မမေ့နိုင်ပြီ... နေ့စဉ်ခင်မင် စွဲလမ်းသည်… လစန္ဒာ မြူနှင်းမှုန်တွေကင်းလို့ရယ် နှစ်ယောက်ချင်းလည်း အဖော်တူညီ ချစ်တင်းလည်း နှောခဲ့သည် ... ပျော်ပေမယ်လို့ ဒါမျိုး ရိုးမယ်မထင်ပါသည် ချစ်ပင်ချစ်မိုး ချစ်လက်စပျိုးခဲ့သည် ချစ်မိုးကြီး မစဲဘဲ သည်းသည်းမည်းမည်း အမြဲရွာသွန်းစေမည်” 

စန္ဒယားကို ခံစားချက်အပြည့်ဖြင့်တီးရင်း မောင်မယ်နှစ်ဖြာ ချစ်ရေယဉ်ကြောတွင် နစ်မျောနေစဉ်မှာပင် သာသနာဖျက် အနှောင့်အယှက်သမားတွေက အစုလိုက်အပြုံလိုက်ကြီး ရောက်လာကြသည်။ 

“ဟေ့... ဟေ့... အောင်မယ်... ချစ်မိုးကြီးက ဒီလို သည်းချင်တိုင်း သည်းလို့ရမလား။ သူငယ်ချင်းတွေကို မေ့ထားပြီး ကိုယ့်ဖာသာကိုယ် ချစ်မိုးကြီးသည်းနေရင် ခဲမိုးကြီးလည်း ရွာသွားမှာပေါ့။ ဟေ့ကောင်တွေ... မဟုတ်ဘူးလား” 

“ဟား... ဟား... ဟား... ဟုတ်တာပေါ့။ မင်းတို့က ငါတို့ကို ပစ်ထားပြီး ဒီလိုစောစောစီးစီး နှပ်နေလို့ ဘယ်ရမလဲ” 

ရုတ်တရက် အုန်းအုန်းကြွက်ကြွက် ဆူညံသောအသံများနှင့်အတူ သူငယ်ချင်းတွေ တဝုန်းဝုန်း တက်လာကြသောကြောင့် ဇော်မြင့် စန္ဒယားတီးပျက်သွားသည်။ သူငယ်ချင်းတွေသည် ရွှေဆွဲကြိုးတွေကိုဆက်ပြီး သူတို့ထိုင်နေသော စန္ဒယားဘေးကို ရွှေကြိုးတားလိုက်လေသည်။ 

“မင်းတို့တားချင်တားကြကွ။ ဒို့က ဒီနေရာကထမှာ မဟုတ်ဘူး။ ဒို့က ဒီမှာပဲ စန္ဒယားတီးရင်း သီချင်းဆိုနေကြမှာကွ” 

“အောင်မယ်... အပြောကတော့ ငသြပဲကွာ။ တော်နေကြာ ဒို့မရှိတော့မှ အခန်းတံခါးပိတ်၍ စန္ဒယားနှိပ်ကြလေသတည်း ဆိုတာမျိုး...” 

“အို... ကိုထွန်းခင်ကြီးကလည်း...” 

ပုံးလဲ့ယဉ်သည် မျက်နှာကလေးနီနီဖြင့် ခပ်တိုးတိုးဟန့်လေသည်။ သူငယ်ချင်းတွေက တဝါးဝါးဖြင့် ဝိုင်းဟားကြလေသည်။ 

“ပြုံးရယ်။ ဒီကောင်တွေ စားဖို့သောက်ဖို့ ထုတ်ပေးလိုက်စမ်းပါ။ ဒီကောင်တွေက သူများကို မနှောင့်ယှက်ရရင် အိပ်ပျော်စားဝင်တဲ့ ကောင်တွေ မဟုတ်ဘူး” 

“ပေးလိုက်တာနဲ့ ပြီးမလားကွ။ သတို့သားကိုယ်တိုင် လိုက်ပြီးပြုစုရမှာပေါ့။ ဟုတ်တယ်မဟုတ်လား” 

သူငယ်ချင်းတွေက ဇော်မြင့်ကို ဝိုင်းခေါ်ကြသည်။ ဇော်မြင့်က အားနာနာနှင့် ပေကပ်ငြင်းသည်။ သူတို့နှင့်လိုက်သွားလျှင် လိုက်သွားရုံနှင့်မပြီး၊ သူ့ကို မမူးမချင်း အရက်တိုက်ကြလိမ့်ဦးမည်။ သူ မူးနေသောကြောင့် ပြုံး၏ မင်္ဂလာဦးရက်ကလေး အလှအပပျက်သွားမှာကို ဇော်မြင့် မလိုလားပါ။ 

ဇော်မြင့်သည် စန္ဒယားကို ဘာသံစဉ်ရယ်မဟုတ်ဘဲ ခလုတ်များပေါ်တွင် ဟိုဟိုသည်သည် ခပ်ဖွဖွ စမ်းသပ် တီးခတ်နေလေသည်။ စန္ဒယားသံတိုးတိုးလေးနောက်ခံထားပြီး သူငယ်ချင်းတွေ တောင်းဆိုစကားကို ငြင်ငြင်သာသာနှင့် အဆက်မပြတ် ငြင်းဆန်နေလေသည်။ 

“ဒါနဲ့ ဇော်မြင့်” 

ကိုထွန်းခင်က နောက်ပြောင်နေရာမှ မျက်နှာထားကို ခပ်တည်တည်ပြင်လိုက်ရင်း စကားစသည်။ ဇော်မြင့်က စန္ဒယားခလုတ်ကလေးတွေပေါ်က လက်ကိုမခွာဘဲ ဘာလဲဟူသော သဘောဖြင့် မျက်စပစ်သည်။ 

“နောင်ရိုးလက်ဘက်ရည်ဆိုင်က ကိုတင်ဝင်းကိုတော့ ဆွဲသွားပြီကွ” 

စန္ဒယားခလုတ်ပေါ်က ဇော်မြင့်လက်တွေ ရပ်သွားသည်။ 

“ဘာအကြောင်းပြချက်နဲ့ ဆွဲသွားတာလဲဗျ” 

“နဂါးနီသီချင်းကို မနက်ကနေ ညအထိတနေကုန် ဖွင့်နေတာဟာ ၈ ရက်နေ့မှာ ဆန္ဒပြပွဲတွေဖြစ်အောင် လှုံ့ဆော်တာဆိုပြီး ဖမ်းသွားတာတဲ့ကွ” 

ဇ်ာမြင့် နှုတ်ဆိတ်သွားသည်။ စစ်ကိုင်းတောင်ကြီးကို လှမ်းမျှော်ငေးမောကြည့်နေလေသည်။ 

******** 

သြဂုတ်လ ၉ ရက်နေ့သည် အင်္ဂါနေ့ဖြစ်သည်။ ခွင့်ရက်ကုန်ဆုံးပြီး ပြုံးလဲ့ယဉ် ရုံးပြန်တက်သောနေ့လည်း ဖြစ်သည်။ မနေ့က သြဂုတ်လ ၈ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီး စတင်ခဲ့ပြီဖြစ်သော်လည်း သူတို့ရုံး မပိတ်သေး။ သူတို့ရုံးကလူတွေလည်း ဆန္ဒမပြကြသေး။ အရိပ်အခြေအနေကို ကြည့်နေကြဆဲသာရှိသေးသည်။ တနိုင်ငံလုံး ဆန္ဒပြကြလိမ့်မည်၊ ရုံးမတက်နှင့်တော့ဟု ဇော်မြင့်က မခွဲရက်နိုင်လှစွာ တားသေးပါသော်လည်း ပြုံးလဲ့ယဉ် ရုံးတက်ခဲ့သည်။ သို့သော် ပြုံးလဲ့ယဉ်သည်လည်း တနေကုန်ရုံးပြန်တက်ရသော်ငြား သူ့စိတ်သည်ကား အလုပ်ထဲတွင်မနေ။ အိမ်သို့သာ ပြန်ရောက်နေသည်။ ရုံးဆင်းချိန်ကိုသာ နာရီတကြည့်ကြည့်နှင့် မျှော်ရင်းမောရသည်။ သူ့ကိုယ်သူ အဖြစ်သည်းလွန်းသလားဟုတွေးရင်း တယောက်တည်း ကြိတ်ရှက်မိသေးသည်။ သို့သော် မတတ်နိုင် တနေကုန် မောင့်မျက်နှာကိုသာ မြင်နေမိသည်။ မောင့်မျက်နှာကို ရှစ်နာရီကြာအောင် မမြင်ဘဲနေရသည်ကပင် ပြုံးအတွက် ပင်ပန်းလွန်းလှသည်။ 

ရုံးဆင်းသည်နှင့် သူသည် အိမ်ကို အမြန်ဆုံးနှုန်းနှင့် ပြန်ပြေးလာခဲ့သည်။ သို့သော် သူအိမ်ပြန်ရောက်သောအခါ အိမ်တံခါး ပိတ်ထားသည်ကို ထူးဆန်းစွာ တွေ့လိုက်ရသည်။ သူတို့အိမ်ကလေးသည် တခါမျှ တံခါးပိတ်မထားဖူးသေး။ ဒီနေ့ ထူးထူးခြားခြား တံခါးပိတ်ထားသည်။ မောင် ဘယ်ကိုသွားနေသနည်း။ အိမ်ထဲကိုဝင်လိုက်သောအခါ ထူးဆန်းသော ခြောက်သွေ့တိတ်ဆိတ်မှုကို ခံစားလိုက်ရသည်။ မောင်မရှိသောအခါ အိမ်ကလေးသည် ဘာမှမရှိသော ဟင်းလင်းပြင်နှင့် မခြားပါတကား။ 

ထိုအချိန်တွင် ကိုထွန်းခင်သည် ကတုန်ကယင်နှင့် ရောက်လာသည်။ စကားပင် တော်တော်နှင့် မပြောနိုင်။ 

“ပြုံးလဲ့ယဉ်... ဇော်မြင့်လေ... ဇော်မြင့်” 

“ကိုထွန်းခင်... မောင်ဘာဖြစ်လို့လဲ။ ဘာဖြစ်လို့လဲဟင်” 

အဖမ်းခံထားရသော နောင်ရိုး ကိုတင်ဝင်းကိုလွှတ်ပေးရန် လူအုပ်က စစ်ကိုင်း အမှတ် (၁) ရဲစခန်းကို ဝိုင်းဝန်း ဆန္ဒပြခဲ့ကြသည်။ သူတို့တွင် လက်နက်မပါ။ သူတို့သည် အကြမ်းမဖက်။ သူတို့သည် ဘာကိုမျှ မဖျက်ဆီးခဲ့။ ထို့ကြောင့်လည်း သူတို့သည် ဘာတခုမျှ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်လာမည်ဟု မျှော်လင့်မထားခဲ့။ ဘာမျှလည်း ကြိုတင်ပြင်ဆင် မထားခဲ့။ သို့သော် စစ်ကိုင်းတိုင်း တိုင်းမှူး သူရကျော်စွာက လူထုကို ရက်ရက်စက်စက် ပစ်မိန့်ပေးခဲ့သည်။ လူထုကြားသို့ မောင်းပြန်ရိုင်ဖယ်များဖြင့် တည့်တည့် ပစ်ခတ်ဖြိုခွဲလေသည်။ ရဲစခန်းထဲက ထွက်ပြေးလာသူတွေကို ဇေယျာလမ်းထဲရှိ ပါတီယူနစ်ရုံးနှင့် ပိုးတန်းလမ်းပေါ်ရှိ အိမ်တအိမ်ထဲကနေပါ ဆီးကြိုပြီး ညှပ်ပူးညှပ်ပိတ် ပစ်ခတ်ကြသည်။ ကိုထွန်းခင်သည် လဲပြိုကျသွားသော ဇော်မြင့်ကို လှမ်းမြင်လိုက်သည်။ သို့သော် မိုးရွာသကဲ့သို့ တဖွဲဖွဲ တရစပ်ကျရောက်နေသော ကျည်ဆံများအကြားတွင် ဇော်မြင့်ရှိရာသို့ သူ ရောက်အောင်မသွားသာခဲ့။ သူ့အသက်အတွက် သူသာ မလွဲမရှောင်သာ ကိုယ်လွတ်ရုန်းခဲ့ရသည်။ လူအများအပြားသည် ထိုနေရာမှာပင် အသက်ဆုံးရှုံးခဲ့ကြရသည်။ တချို့က သေဆုံးသူ တရာကျော်သည်ဟု ဆိုကြသည်။ တချို့က သေဆုံးသူ သုံးရာလောက်ပင်ရှိသည်ဟု ဆိုကြသည်။ ဘယ်သူမှ အရေအတွက် တိတိကျကျ မသိ။ 

ပုံးလဲ့ယဉ်နှင့် ကိုထွန်းခင်တို့သည် ဆေးရုံသို့ ချက်ချင်းလိုက်သွားခဲ့ကြသည်။ သို့သော် ညမိုးချုပ်သည့်တိုင် ဆေးရုံထဲ ဝင်ခွင့်မရ။ 

တညလုံး ကြိုးစားပမ်းစား စုံစမ်းပြီးနောက် ထိုနေ့ည သန်းခေါင်ယံတွင် လျှို့ဝှက်သော သတင်းတခုကို သူတို့ရသည်။ သူတို့သည် ဆန်နီပစ်ကပ်ကားလေးကို စစ်ကိုင်းတံတားကြီးဆီသို့ အပြင်းမောင်းနှင်ခဲ့သည်။ သို့သော် သူတို့နောက်ကျခဲ့လေပြီ။ 

ဒုတိယ ဝါဆိုလပြည့်ကျော် ၁၂ ရက်နေ့ည၏ သန်းခေါင်ယံလမင်းသည် မရဲတရဲ မှုန်ပြပြသာ လင်းလေသည်။ ထိုမှုန်ပြပြ အလင်းရောင်အောက်တွင် ဧရာဝတီ မြစ်ရေသည် သွေးဖြင့်ချင်းချင်းနီလေပြီ။ သေဆုံးသူများကိုရော၊ သေလုမျောပါးလူများကိုပါ ဧရာဝတီမြစ်ထဲသို့ သွန်ချလိုက်ပြီဟုသာ သူတို့ နောက်ဆုံး ကြားသိရလေသည်။ ထိုလူများထဲတွင် ဇော်မြင့်ပါသွားခဲ့လေပြီ။ 

ဇ်ာမြင့်သည် ပစ်ခတ်စဉ်မှာပင် အသက်သေဆုံးခဲ့လေသလော။ သို့မဟုတ် အသက်မသေဘဲ ဝေဒနာ ပြင်းစွာခံစားရင်း ဧရာဝတီမြစ်ကြီးထဲတွင် ထပ်မံ ရေနစ်ခဲ့ရသေးသလော။ မသေမရှင် အသက်ငင်နေသောကာလတလျှောက်တွင် ဇော်မြင့်သည် သူ လာရောက်ကယ်တင်လိမ့်မည်အထင်ဖြင့် မျှော်လင့်စောင့်မျှော်နေခဲ့ သေးသလော။ ထိုအတွေးသည် ပြုံးလဲ့ယဉ်၏ရင်ကို ပွင့်ထွက်၊ ကွဲထွက်သွားလုမတတ် ပြင်းထန်နာကျင်စေလေသည်။ 

ထိုနေ့က ရုံးတက်ခဲ့မိသော သူ့ကိုယ်သူ အပြစ်တင်မဆုံးရှိလေသည်။ နောင်တရမဆုံးရှိလေသည်။ မောင်ပြောသလိုသာ ရုံးမတက်ဘဲနေခဲ့လျှင် သည်လိုအဖြစ်ဆိုးနှင့် ကြုံရလိမ့်မည် မထင်။ သူသာ ရုံးမတက်ခဲ့လျှင် မောင်သည်လည်း နိုင်ငံရေးတွင် ဘယ်လောက်ပင် စိတ်ဓာတ်ပြင်းထန်စေကာမူ လက်ထပ်ပြီးကာစ ဇနီးအသစ်စက်စက်ကလေးကို အိမ်တွင်တယောက်တည်း ထားရစ်ခဲ့ပြီး ဆန္ဒပြပွဲတွင် လိုက်ပါသွားချင်မှ သွားလိမ့်မည်။ ခုတော့...။ 

ပြီးခဲ့သော ရက်ပိုင်းအတွင်းမှာပင် ပြုံးလဲ့ယဉ်သည် အမြင့်ဆုံးနိဗ္ဗာန်ဘုံသို့ ရောက်ခဲ့သည်။ ခုတော့ အဆိုးဝါးဆုံးငရဲဘုံသို့ ရောက်ရှိရလေပြီ။ 

******** 

ဆက်လက်ဖော်ပြပါမယ်။ 

သူ့ရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: