ကျနော့်ဘဝဟာ အာဇာနည်နေ့မှာ အစပြုခဲ့သလို အာဇာနည်နေ့မှာ လူဖြစ်လာတာပါ။ ကျနော့်ကို မွေးဖွားပေးခဲ့တဲ့ ကရင်သူနာပြုဆရာမကြီးက မွေးမွေးချင်း ‘အာဇာနည်မောင်’ လို့ နာမည်ပေးခဲ့တယ်။ သူပေးတဲ့နာမည်ကို မိသားစု ညီအကိုမောင်နှမတွေကရော၊ ရပ်ကွက်ထဲက သူငယ်ချင်းတွေကရော ဘယ်သူမှမခေါ်သလို အသိအမှတ်လည်း မပြုဘူး။
ဒါပေမယ့် ကျနော့်ကိုမွေးပေးခဲ့တဲ့ ကရင်သားဖွားဆရာမကြီးကတော့ ကျနော်အရွယ်ရောက်လာတဲ့အထိ ဆေးရုံမှာဖြစ်စေ၊ လမ်းမှာဖြစ်စေ တွေ့တိုင်း ‘အာဇာနည်မောင်’ လို့ အားရပါးရခေါ်ပြီး နှုတ်ဆက်တတ်တယ်။ သူအဲလို လူကြားသူကြားထဲခေါ်ရင် ကျနော် နည်းနည်းရှက်တတ်တယ်။ ဒါပေမယ့် စိတ်ထဲမှာတော့ ကြိတ်ပြီးသဘောကျနေသလို၊ အာဇာနည်လို့ အပြောခံရတာကို ဂုဏ်ယူနေတယ်။ ကိုယ့်မွေးနေ့မို့ အာဇာနည်နေ့ကိုလည်း မေ့စရာမလိုတော့ဘူး။ ငယ်သူငယ်ချင်းအများစုကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းပြည်ခေါင်းဆောင်တွေ ကျဆုံးတဲ့နေ့၊ ဝမ်းနည်းစရာကောင်းတဲ့နေ့မှာမွေးလို့ ကျနော်ဟာ ကံမကောင်းဘူး၊ လာဘ်လည်း မကောင်းဘူးလို့ စကားနာထိုးတတ်ကြတယ်။
ဟုတ်ပါတယ်။ ကျနော်တို့မျိုးဆက်ဟာ ဒီနေ့အထိ အမှောင်ကျပြီး ကံမကောင်းတဲ့မျိုးဆက် ဖြစ်နေပါတယ်။ ပညာရေးမှာလည်း အကြိမ်ကြိမ် စမ်းသပ်မှုတွေ၊ စနစ်အပြောင်းအလဲတွေနဲ့ A B C D ကိုတောင် ၅ တန်းရောက်မှ သင်ခဲ့ရတယ်။ နိုင်ငံရေးမှာလည်း ပြည်တွင်းစစ်ကိုပဲ တလျှောက်လုံးကြုံခဲ့ရပြီး၊ တဘဝလုံး အာဏာရှင်ရဲ့ တွင်းနက်ကြီးထဲ လဲကျခဲ့ရတယ်။ ကျနော်ဆို ဒီအသက်အရွယ်ထဲရောက်နေပေမယ့် တကြိမ်တခါမှ မဲမပေးခဲ့ဖူးဘူး။
ငယ်ငယ်တုန်းက အာဇာနည်နေ့တွေ …
ငယ်ငယ်က အာဇာနည်နေ့မနက်တိုင်း အကိုလတ်က အိမ်ရှေ့မှာ ဝါးလုံးရှည်ကြီးစိုက်ပြီး ကြယ်ငါးပွင့် ပြည်ထောင်စုအလံကို တဝက်ထူလေ့ရှိတယ်။ ကျနော်တို့ရပ်ကွက်က အိမ်အတော်များများ အလံထက်ဝက်ထူလေ့ရှိတယ်။ အဲဒီနေ့မနက်ဆို မြန်မာ့အသံက အာဇာနည်နေ့ ဂုဏ်ပြုတေးတွေချည်း တနေကုန်ထုတ်လွှင့်တယ်။ တကယ်တော့ အာဇာနည်နေ့မတိုင်ခင် တရက် နှစ်ရက်လောက်ကတည်းက အာဇာနည်နေ့နဲ့ပတ်သက်တဲ့ သီချင်းတွေ၊ အစီအစဉ်လေးတွေပါ ထုတ်လွှင့်ပေးတယ်။ အဲဒီနေ့မှာတော့ ကျောင်းတွေ၊ ရုံးတွေလည်းပိတ်တာမို့ ရေဒီယိုက အာဇာနည်နေ့ ကလေးများအတွက် အထူးအစီအစဉ်တွေ၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဇာတ်လမ်းပမာတွေလာသလို မနက်ပိုင်းနဲ့ ညပိုင်းတွေမှာလည်း ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းတွေ လွှင့်ထုတ်ပေးတယ်။
အဖေက ဗိုလ်ချုပ်မိန့်ခွန်းဆို သိပ်သဘောကျတာ၊ ကျနော်တို့မောင်နှမတွေ အဖေနဲ့အတူ ရေဒီယိုနားကကပ်ပြီး ဗိုလ်ချုပ်မိန့်ခွန်းကို နားထောင်လေ့ရှိတယ်။ ဗိုလ်ချုပ်ရဲ့မာန်ပါပါနဲ့ ဟောပြောချက်တွေကို ပရိဿတ်က လက်ခုပ်တီးတဲ့အချိန် အဖေကလည်း ... အင်း ... ဟုတ်တယ် ... မှန်တယ် လို့ အသံထွက်ထောက်ခံပြီး ခေါင်းတညိတ်ညိတ်နဲ့ပါ …။
အာဇာနည်နေ့နီးပြီးဆို ကျနော်တို့ကျောင်းတွေမှာ စာစီစာကုံးပြိုင်ပွဲတွေ လုပ်တတ်သလို ကျောင်းတွင်းနံရံကပ် စာစောင်တွေလည်း လုပ်လေ့ရှိတယ်။ ပြီးတော့ အာဇာနည်နေ့အကြို ဟောပြောပွဲ၊ စကားရည်လုပွဲတွေလည်း ကျင်းပလေ့ရှိတယ်။ ပြီးတော့ အာဇာနည်နေ့မနက်ပိုင်းမှာ ကျောင်းကို စောစောသွားရတယ်၊ အဲဒီနေ့မှာ စာမသင်ဘူး။ ကျနော်တို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသားဘဝတလျှောက်လုံး ကိုယ့်အတန်းအလိုက် တန်းစီပြီး မြို့ထဲက အာဇာနည်ကျောက်တိုင်ရှိရာကိုသွားပြီး အလေးပြုကြတယ်။ လွမ်းသူ့ပန်းခွေချကြတယ်။ ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့အချိန် ၁၀ နာရီ ၃၇ မိနစ်ဆို ရေဒီယိုထဲကရော ... ကျနော်တို့မြို့က စက်ရုံကရော ဥသြဆွဲလေ့ရှိတယ်။ အဲလိုဥသြဆွဲသံကြားရင် လမ်းပေါ်မှာ ဆော့နေတဲ့ ကျနော်တို့ကလေးတွေလည်း သတိဆွဲပြီး ရပ်တတ်ကြတယ်။ လမ်းသွားလမ်းလာတွေလည်း ဥသြသံကြားရင် ရပ်လေ့ရှိတာကို အခုထိ မျက်စေ့ထဲမြင်နေသေးတယ်။
မူလတန်းကျောင်းသားအရွယ် အဲဒီကာလတွေက ဘာမှလေးလေးနက်နက် မသိပေမယ့် ဗိုလ်ချုပ်နဲ့ တိုင်းရင်းသားခေါင်းဆောင်ကြီးတွေကို ရက်ရက်စက်စက် အသတ်ခံရတာကိုတော့ ဝမ်းနည်းစိတ်၊ သနားစိတ်တွေ ခံစားခဲ့ရတယ်။ ခေါင်းဆောင်ကြီးတွေကို စိတ်ထဲက ကြည်ညိုနေတယ်။ ဆရာ ဆရာမတွေရဲ့ အာဇာနည်နေ့အကြို ဟောပြောမှုတွေ အကျိုးကျေးဇူးနဲ့ ငယ်စဉ်ကတည်းက ဗိုလ်ချုပ်ရဲ့ရိုးသားမှု၊ အမှန်အတိုင်းပြောတဲ့စရိုက်၊ ဆုံးဖြတ်ချက်အတိုင်း မဖောက်မပြန် လုပ်တတ်တဲ့အကျင့်၊ ကိုယ်ကျိုးစွန့်ပြီး အများအကျိုးကို ဦးစားပေးတတ်တဲ့ စိတ်ဓာတ်တွေကို အားကျစေခဲ့တယ်။
ငယ်ငယ်က သင်ရတဲ့ ပြည်သူ့နီတိက ယဉ်ကျေးလိမ္မာဖို့နဲ့ ကိုယ်ကျင့်တရား ကောင်းမွန်စေတယ်ဆို၊ ဗိုလ်ချုပ် အပါအဝင် ခေါင်းဆောင်ကြီးတွေရဲ့ အထ္ထုပ္ပတ္ထိတွေကို သင်ကြားခဲ့ရတာကလည်း ခေါင်းဆောင်တယောက်ရဲ့ စိတ်ဓာတ်အရည်အသွေးနဲ့ စွမ်းဆောင်အားတွေကို အတုယူဖို့ ဖြစ်စေခဲ့တယ်။ ဗိုလ်ချုပ် သက်ရှိထင်ရှားစဉ်ကာလကို မသိမမီခဲ့ရပေမယ့် ဗိုလ်ချုပ် ဝိဉာဉ်စိတ်ကို သွတ်သွင်းပေးတဲ့ ဆရာ ဆရာမကောင်းတွေနဲ့ သိမီလိုက်ရတာကိုတော့ အခုထိ ဂုဏ်ယူနေရတယ်။
ဗိုလ်ချုပ် အမြင်
ကျနော်တို့ စတုတ္ထတန်း ကျောင်းသုံးစာအုပ်နောက်ဆုံးနားက ဗိုလ်ချုပ်အောင်ဆန်း ဂျပန်စစ်ဝတ်စုံနဲ့ မြင်းစီးပန်းချီလေးနဲ့အတူ ဗိုလ်ချုပ်အောင်ဆန်းသီချင်းကို သင်ရ ဆိုရတယ်။ မှတ်မိသေးတယ်၊ ဆရာမ နော်အေးချစ်ကျော်က အသံကြီးပြီး အာပြဲတဲ့ကျနော့်ကို အတန်းရှေ့ရပ်ပြီး ဦးဆောင် ဆိုခိုင်းတတ်တယ် ...။
×× ဗမာ့လွတ်လပ်ရေးအတွက် ×× တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ် ... အစချီပြီး ငါတို့ဗမာပြည်ဝယ် ××× မိဘတိုင်းကရယ် ××× ဗိုလ်အောင်ဆန်းလို ×× သူရဲကောင်းတွေ မွေးရမယ် ××× လို့ ဆိုရတဲ့ သီချင်းလေးပါ …။
ကျနော်က မာန်ပါပါနဲ့ဆိုတာကို ဆရာမက သိပ်သဘောကျတယ်။
ရာဇဝင် အထ္ထုပ္ပတ္ထိလည်း ရှိရမယ် ×× မော်ကွန်းလည်းထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ် ×× လို့ ဘေးဝဲယာက အတန်းဖော်တွေ လက်ကလေးပိုက် သံပြိုင်ဆိုကြတာပါ ...။
မှတ်မိနေတာတခုက အဲဒီတုန်းက ကျောင်းသုံးစာအုပ်မှာ ပြဌာန်းပုံနှိပ်တဲ့ သီချင်းစာသားမူရင်းနဲ့ အခုနောက်ပိုင်းဆိုနေတဲ့ စကားလုံးနှစ်လုံး ကွဲပြားသွားတာပဲဖြစ်တယ်။ အခုအများဆိုနေကြတဲ့ သီချင်းရဲ့နောက်ဆုံးအပိုဒ်က ...
×× မြန်မာနိုင်ငံ ×× ထူထောင်ရန်နဲ့ ×× မျိုးရိုးမတိမ်အောင် ×× ကြံဆောင်လေတယ် ×× ဖြစ်တယ်။
အရင်က ကျနော်တို့ဆိုခဲ့တာက ×× အာရှနိုင်ငံ ×× ထူထောင်ရန်နဲ့ ×× မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ် ×× လို့ မှတ်သားမိပါတယ်။
အဲဒီတုန်းက ဂျပန်တွေရဲ့ ‘အာရှတိုက် သာတူညီမျှကောင်းစားရေး’ ဆိုတဲ့ ဝါဒဖြန့်ချိမှုကိုပဲ တေးပြုဆရာ သဟာရဆရာတင်က ရည်ရွယ်သလား၊ ဒါမှမဟုတ် ဗိုလ်ချုပ်ရဲ့ အဲဒီတုန်းက အာရှယူနီယံကြီး (ယခု အာစီယံလို အသင်းအဖွဲ့ကြီး) ဖွဲ့စည်းလိုတဲ့ စိတ်ကူးရည်မှန်းချက်ကို ဆိုလိုတာလားတော့ မပြောတတ်ဘူး။ သေချာတာကတော့ စစ်မီးတောက်နေတဲ့ ဟိုတချိန်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းဟာ ခေတ်မီပြီး ကမ္ဘာ့နိုင်ငံရေးခြေလှမ်းသစ်တွေကို မျက်ခြေမပြတ် အာရုံရောက်နေတယ်ဆိုတာပါပဲ။ ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်ကို ဆက်လုပ်မယ်ဆိုတဲ့ လက်တွေ့ကျကျ စနစ်တကျ စိတ်ကူးစီမံချက်တွေ၊ နိုင်ငံရေးရည်မှန်းချက်တွေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖခင်ဆီမှာ ရှိခဲ့ပါတယ်။
ဗိုလ်ချုပ်ပေတံ
၁၉၈၈ ဒီမိုကရေစီတော်လှန်ရေးအတွက် ကျနော်တို့ တိုင်းပြည်ပြင်ပမှာနေထိုင်ခဲ့ရစဉ် ဗိုလ်ချုပ်ကို စံပြတော်လှန်ရေးသမားအရာထားပြီး ကျင့်ကြံနေထိုင်ကြတယ်။ ဗိုလ်ချုပ်လို ခေါင်းဆောင်ဆိုတာ ကိုယ်ကျိုးစွန့်တယ်၊ စေတနာပါပြီး အနစ်နာခံတယ်၊ ကျောသားရင်သား မခွဲခြားဘူး၊ ဆင်ခြင်တွေးခေါ်မှုနဲ့ ရှေ့ကို ကြိုမြင်နိုင်တဲ့ ဉာဏ်အမျှော်အမြင်လည်းရှိတယ်ဆိုတော့ ကိုယ်က အဲလို မကျင့်ကြံနိုင်တောင် အဲလိုဂုဏ်အင်နဲ့ ခေါင်းဆောင်မျိုးကို လိုလားနေတယ်။ ဗိုလ်ချုပ်အကြောင်း အဆိုးတွေမကြားဖူးဘဲ အကောင်းစားစိတ်ဓာတ်တွေချည်းပဲ ဖတ်ခဲ့ ကြားခဲ့ရတော့ ဗိုလ်ချုပ်ဟာ ကျနော်တို့အတွက် ခြောက်ပြစ်ကင်း သဲလဲစင် ဒဏ္ဍာရီထဲက တန်ခိုးရှင်မင်းသားတယောက်လို မသိစိတ်မှာ စွဲငြိနေတယ်။
ဒီတော့ ကျနော်တို့ကို ခေါင်းဆောင်တဲ့လူကို ဗိုလ်ချုပ်ပေတံနဲ့ တိုင်းထွာပြီး အမှတ်တွေ ပေးနေမိတယ်။ စပြီးတိုင်းကတည်းက စံမီကိုက်မီ အရည်အချင်းပြည့်မီတဲ့ ပေတံဆိုတော့ အဲဒီစံနှုန်းနဲ့မကိုက်ရင် အမှတ်တွေ လျှော့၊ ပေမမီ ဂိုက်မမီစာရင်းသွင်းလိုက်ကြတော့ ခေါင်းဆောင်ကောင်းကို ဘယ်တော့မှ ရှာမတွေ့တော့ဘူး။ ဖြစ်သင့်တာက လူဆိုတာ ခြွင်းချက်ရှိတတ်တာကို အရင်ဆုံး လက်ခံပေးပြီး သူ့ရဲ့အရည်အသွေးကို မြှင့်တင်ပေးဖို့သာဖြစ်တယ်။ အားပေးထောက်ပံ့ ကူညီဝန်းရံပေးဖို့ဖြစ်တယ်။
မုန်တိုင်းကြားမှာ ခေါင်းဆောင်အားနည်းချက်ကို မရှာနဲ့
တခါတုန်းက ကျနော် ဆရာကြီး ဒဂုန်တာရာကို ဗိုလ်ချုပ်နဲ့ပတ်သက်လို့ တယ်လီဖုန်းကနေ လှမ်းပြီး အင်တာဗျူးလုပ်ရင်း မေးခွန်းတခု မေးဖူးတယ်။ အဲဒါက ဗိုလ်ချုပ်ရဲ့ကိုယ်ရံတော် စာရေးဆရာ တက္ကသိုလ်နေဝင်းကလည်း ကျနော်တို့မြို့က စာပေဟောပြောပွဲမှာ “လူတိုင်းမှာ ခြွင်းချက်ဆိုတာရှိတယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဟာ ခြွင်းချက်နဲ့လူတယောက်လို့ ကျနော် ပြောချင်တယ်၊ အဲလိုပဲ ကျနော် ယုံကြည်တယ်၊ ဘာကြောင့်လဲဆို ဗိုလ်ချုပ်ဟာ ပြည်သူတွေရဲ့ဆန္ဒနဲ့ ကင်းကွာသူမဟုတ်သလို အများကောင်းကျိုးအပေါ်အခြေခံတဲ့ စိတ်စေတနာနဲ့ အလုပ်လုပ်သူ ဖြစ်လို့ပဲ” လို့ ပြောဖူးပါတယ်။ ဆရာကရော ဘယ်လိုမြင်သလဲ ဗိုလ်ချုပ်ဟာ နိုင်ငံရေးမှာ ခြွင်းချက်မရှိသူတယောက်လား၊ သူဟာ လူမှုရေးတခုသာ အားနည်းသူလား၊ နိုင်ငံရေးမှာရော အားနည်းချက်တွေ မရှိဘူးလား၊ ဗိုလ်ချုပ်ရဲ့ အားသာချက်တွေကြီး ကျနော်တို့ ဖတ်ခဲ့ရတယ်၊ ဗိုလ်ချုပ်ရဲ့အားနည်းချက်က ဘာတွေလဲလို့ မေးကြည့်ခဲ့ဖူးတယ်။
ဆရာ ဒဂန်ုတာရာက ချက်ချင်း အဖြေမပေးဘူး၊ တအောင့်နေမှ “ကျနော် ဗိုလ်ချုပ်ကို အားနည်းတဲ့ ချို့ယွင်းတဲ့ဘက်က တခါမှ မကြည့်ဖူးဘူး၊ မစဉ်းစားဖူးဘူးဗျာ၊ အဲဒီအမြင်ဘက်ကလည်း ကြည့်ရကောင်းတယ်လို့ ဟိုတုန်းက မစဉ်းစားမိခဲ့ဘူး၊ အခု ခင်ဗျားပြောမှ ကျနော် စဉ်းစားမိတယ်” လို့ ပြန်ဖြေပါတယ်။ တကယ်တော့ ဆရာကြီး ဒဂုန်တာရာရဲ့အဖြေက ကျနော်တို့ လူငယ်မျိုးဆက်တွေကို တိုင်းပြည်အတွက် အရေးကြီးတဲ့အချိန် မိမိ ခေါင်းဆောင်တယောက်အပေါ် ဘယ်လိုသဘောထားမျိုးနဲ့ ရှုမြင်သင့်တယ်ဆိုတာကို ထောက်ပြလိုက်တာပါပဲ။ အဲဒီကာလက ဗိုလ်ချုပ်ဟာ ပြည်သူချစ်တဲ့ ခေါင်းဆောင်၊ ပြည်သူလေးစားတဲ့၊ ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ပါ။ လွတ်လပ်ရေးအရယူဖို့သာ အရေးကြီးနေတဲ့ အချိန်ကာလမျိုးမှာ မိမိယုံကြည်တဲ့ ခေါင်းဆောင်တယောက်ရဲ့ အားနည်းချက်တွေ တကူးတက ရှာမကြည့်ဖြစ်ခဲ့ဘူး လို့ ကျနော့်ကို အဖြေပေးခဲ့တာဖြစ်တယ်။
မိမိခေါင်းဆောင်ကိုသာ ဝန်းရံပါ
ကျနော်တို့တတွေဟာ ကိုယ့်တိုင်းပြည်အတွက် အရေးကြီးနေတဲ့ကာလမျိုးမှာ အများပြည်သူ ယုံကြည်လေးစားပြီး အားကိုးမျှော်လင့်တဲ့ ခေါင်းဆောင်တယောက်ကို ဝိုင်းဝန်းပံ့ပိုး ဝန်းရံစောင့်ရှောက်ဖို့ သိပ်ကိုလိုအပ်ပါတယ်။ ကိုယ့်လူထုခေါင်းဆောင်ကို ကိုယ်ကမှ မယုံကြည်ဘဲ အပြစ်တွေချည်း လိုက်ရှာမယ်ဆိုရင် အပြစ်သေးသေးမွှားမွှားလေးတွေကအစ မှန်ဘီလူးမလိုဘဲ ရှာတွေ့နေမှာဖြစ်တယ်။
ဗိုလ်ချုပ်ရဲ့သမီး ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်အဖြစ် စင်ပေါ်တင်ပြီး အရူးအမူးဖြစ်ခဲ့ကြတာလည်း ကျနော်တို့ပဲဖြစ်တယ်၊ ပြီးတော့ ဒီခေါင်းဆောင်ကိုပဲ ကိုယ့်စိတ်အလိုနဲ့မကိုက်လို့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ အကြောင်းအကျိုး ကင်းမဲ့တဲ့အပြစ်တွေ မြင်ကြတာလည်း ကျနော်တို့ မျိုးဆက်တွေပဲ ဖြစ်တယ်။ ကျနော်တို့တင်ခဲ့တဲ့ ခေါင်းဆောင်ကိုမှ ကျနော်တို့မယုံကြည်တော့ရင် ကျနော်တို့ ဘယ်တော့မှ အောင်ပွဲရမှာ မဟုတ်ပါဘူး။ မိုးထဲလေထဲက ရှားရှားပါးပါးရထားတဲ့ ခေါင်းဆောင်တယောက်ကို ကျနော်တို့ နားလည်စာနာမှုအပြည့်နဲ့ ဝန်းရံသင့်ပါတယ်။
ကျနော်တို့တိုင်းပြည်မှာ ခေါင်းဆောင်ကောင်း ရှားပါးသလို နောက်လိုက်ကောင်းလည်း နည်းလွန်းတာကို သတိပြုသင့်တယ်။ တိုးတက်ဖွံ့ဖြိုးတဲ့ ဥရောပနိုင်ငံတွေကိုကြည့်လိုက်ရင် ပြည်သူနဲ့ခေါင်းဆောင် ရင်းရင်းနှီးနှီးနဲ့ အပြန်အလှန်လေးစားမှုရှိပြီး ပြည်သူဘက်ကလည်း မိမိတို့လိုအပ်ချက်တွေကို လွတ်လွတ်လပ်လပ်တင်ပြကြသလို အစိုးရနဲ့ ခေါင်းဆောင်တွေကလည်း အများပြည်သူသိလိုတဲ့ အရာတွေကိုဖုံးကွယ်မထားဘဲ အမှန်အတိုင်း အရိုးသားဆုံး ရှင်းလင်းပြောဆိုတတ်တယ်။ မီဒီယာတွေကလည်း မိမိတို့အခွင့်အလမ်းရဖို့၊ ကြီးပွားချမ်းသာဖို့ထက် အများအကျိုးနဲ့ ဂုဏ်သိက္ခာမြင့်မားဖို့ကို ပိုပြီး အာရုံစိုက်တတ်တယ်။
အပြုသဘောဆောင်တဲ့ နိုင်ငံရေး
ဗိုလ်ချုပ်တို့ကျဆုံးတာ ၆၆ နှစ်ရှိခဲ့သလို တိုင်းပြည်ရဲ့ ညီညွတ်မှုပြိုကွဲနေတာလည်း အနှစ် ၆၀ ကျော်ပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းဟာ ယခင်ခေတ်အဆက်ဆက် မြန်မာနိုင်ငံကို ထူထောင်ခဲ့တယ်ဆိုတဲ့ ပဒေသရာဇ်မင်းတွေနဲ့တော့ လုံးဝ ခြားနားပါတယ်။ ဗိုလ်ချုပ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ ချေမှုန်းရေး၊ သိမ်းပိုက်ရေး၊ သုတ်သင်ရေးကို ဦးစားမပေးဘဲ စည်းရုံးရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ပြုပြင်တည်ဆောက်ရေးတွေသာ တွေ့ရမှာပါ။ လွတ်လပ်ရေးအတွက် လန်ဒန်သွား ဆွေးနွေးပြီး တနှစ်အတွင်း လွတ်လပ်ရေး သဘောတူညီချက်အရယူခဲ့တာ၊ မြေပြန့်တောင်ပေါ် ညီညွတ်မှုတည်ဆောက်ခဲ့တာတွေဟာ ဆွေးနွေးအဖြေရှာ ညှိနှိုင်းမှုသက်သက်ကနေ ရခဲ့တာဖြစ်တယ်။
တနည်းပြောရရင် အပြုသဘောဆောင်တဲ့ နိုင်ငံရေးဖြစ်တယ်။ မိမိနဲ့ တချိန်က ဆန့်ကျင်သူ၊ အယူအဆမတူသူတွေကိုလည်း ညီညွတ်ရေးနဲ့ ပြန်လည်တည်ဆောက်ရေးဗျူဟာအရ ရာထူးနေရာ ပြန်လည်ချပေးတာကိုလည်း တွေ့ရမှာပါ။ ဗိုလ်ချုပ်ရဲ့နိုင်ငံရေး စွမ်းဆောင်ချက်တွေထဲက ဒီနေ့အထိ လွမ်းမောစရာကောင်းအောင် တသသဖြစ်နေရတဲ့အရာကတော့ ပင်လုံစိတ်ဓာတ်နဲ့ ပြည်ထောင်စုအရေးပဲဖြစ်ပါတယ်။ ဗိုလ်ချုပ်ကျဆုံးသွားတာနဲ့ ပြည်ထောင်စုကြီးပြိုလဲဖို့ အစ ဖြစ်သွားပါတယ်။
ဒီကနေ့အထိ ပြည်ထောင်စု သွေးစည်းညီညွတ်ရေးကို ဗိုလ်ချုပ်လို လှလှပပ မျှမျှတတ အကောင်အထည်မဖော်နိုင်သေးတာ ဘာကြောင့်လဲ... ဘာတွေလိုအပ်နေလဲ… ဘာတွေအားနည်းနေသေးလဲဆိုတာ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့ ကာယကံရှင် အစိုးရနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက တိုင်းပြည်ကို ပွင့်ပွင့်လင်းလင်း အစီရင်ခံသင့်တယ်။
အရှုံးထဲက ထပ်မရှုံးဖို့
ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ အရှုံးထဲကနေ အကြိမ်ကြိမ် ထပ်ရှုံးခဲ့တာတွေ သတိပြုမိတယ်။ အဲဒါတွေကို အခုထိ အဖတ်ဆည်လို့ မရသေးဘူး။ ဗိုလ်ချုပ်ကျရှုံးပြီးတာနဲ့ ပင်လုံ သွေးစည်းညီညွတ်မှုပါ ကျဆုံးခဲ့တယ်။ ဗိုလ်ချုပ်နဲ့ ပြည်ထောင်စုဆိုတာ ငွေဒင်္ဂါးတခုရဲ့ ခေါင်းနဲ့ပန်း ဖြစ်တယ်။ နောက်ထပ်အရှုံးတခုက ဗိုလ်ချုပ်ဝိဉာဉ်ကို ဖျောက်ဖျက်ခံရတာဖြစ်တယ်။ အဲဒါ တိုင်းပြည်ရဲ့ မျိုးဆက်တဆက် ကျဆုံးသွားတာဖြစ်တယ်။ တပ်မတော်မျိုးဆက်ကပါ ဗိုလ်ချုပ်ကို ကျေးဇူးရှင်လို့ မတွေးတော့ဘူး။ ကျနော်တို့မျိုးဆက်က ဗိုလ်ချုပ်ကို သိမီခဲ့သေးတယ်။
တခါက ဘီဘီစီကလွှင့်ပေးတဲ့ ဗိုလ်ချုပ်မိန့်ခွန်းကို တပ်ပြေးရဲဘော်တယောက်က “အဲဒါ ဗိုလ်ချုပ်အောင်ဆန်းအသံလား” လို့ တအံ့တသြနဲ့ မေးတာတွေ့ဖူးတယ်။ သိပ်ဝမ်းနည်းစရာကောင်းတယ်။ ကျဆုံးသွားတဲ့ တိုင်းပြည်ခေါင်းဆောင်တယောက်ကို ထိုက်ထိုက်တန်တန် နေရာမပေးတာဟာ မိမိတို့နိုင်ငံနဲ့လူမျိုးဂုဏ်သိက္ခာကို ကျဆင်းစေတယ်။ မြန်မာ့နိုင်ငံရေးဟာ စစ်အာဏာရှင်စနစ်အောက်မှာ အောက်ကျနောက်ကျ အတွေးအခေါ်တွေနဲ့ ဂုဏ်သိက္ခာညှိုးခဲ့ရတယ်။ အခုပြည်သူလူထုရဲ့ ညီညွတ်မှုနဲ့ ဆုံးဖြတ်ချက်က ပဓာနကျတဲ့အဆင့်မှာ ရောက်နေပါပြီ ...။ ကျနော်တို့ ထပ်ပြီးအရှုံးပေါ်လို့ မဖြစ်ပါ။ အရှုံးထဲက အမြတ်ထုတ်ယူဖို့ အချိန်ကျနေပါပြီ။
ဗိုလ်ချုပ်ဝိဉာဉ်ကို ပြန်မွေးမြူကြရအောင်။
ကိုယ့်ခေါင်းဆောင်ကို ဝန်းရံကြရအောင်။
ကိုညို (အော်စလို)
၁၆ ဇူလိုင် ၂၀၁၃။
၆၆ နှစ်မြောက် အာဇာနည်နေ့ ဂုဏ်ပြုဆောင်းပါး
No comments:
Post a Comment