အခန်း - ၃
အငိုဇာတ်လမ်း၊ ရင်နင့်ခန်းကို
ဆင့်ကမ်း ပြောပြပါလိမ့်မည်။
(အနှစ် (မန်းတက္ကသိုလ်)၊ မျက်ရည်စိုစို တက္ကသိုလ်)
၁၉၈၈ ခု၊ မတ်လ ၁၆ ရက်
ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့သို့ စိုးအောင်ရောက်သွားချိန်တွင် သူ့မှာ ယောင်တောင်တောင် ဖြစ်နေသည်။ ချိန်းဆိုထားသော ဘွဲ့နှင်းသဘင်ရှေ့တွင် လူသိပ်မများသေး။ စစ်တပ်က ကျောင်းဝန်းကို ဝိုင်းထားပြီးဖြစ်သောကြောင့် ကျောင်းသားတွေ ချင့်ချိန်နေကြပုံရသည်။ စိုးအောင်ကိုယ်တိုင်လည်း စစ်သားတွေစောင့်နေသော တံခါးပေါက်မှ ဝင်လာခဲ့ခြင်းပင် ဖြစ်သည်။ တက္ကသိုလ်နယ်မြေကို လက်နက်ကိုင်တွေ စောင့်ကြပ်နေခြင်းမှာ အရုပ်ဆိုး အကျည်းတန်လှသည်။
စက်မှုတက္ကသိုလ်သို့ ချီတက်ဆန္ဒပြမည့်အစီအစဉ် ဖြစ်မှဖြစ်ပါတော့မလားဟု စိုးအောင် စိုးရိမ်လာသည်။ သို့သော် ချိန်းဆိုထားချိန်ထက်နောက် ဆယ့်ငါးမိနစ်လောက်ကြာသောအခါ ရုတ်တရက်ဟု ဆိုရလောက်အောင်ပင် လူတွေက မြန်မြန်ဆန်ဆန် များပြားလာသည်။ ခဏအတွင်းမှာပင် လူအုပ်ကြီးဖြစ်လာသည်။ ထို့နောက် ဘွဲ့နှင်းသဘင်လမ်းမအတိုင်း စီးပွားရေးတက္ကသိုလ်ရှေ့မှ သူတို့ ချီတက်ခဲ့ကြသည်။ သူတို့ဦးတည်ရာ ရည်ရွယ်ချက်သည် လှိုင်တက္ကသိုလ်နှင့် သမိုင်ဝင်း အဆောင်တွေဆီ။ ထိုမှတဆင့် စက်မှုတက္ကသိုလ်သို့ ဖြစ်သည်။
မြန်မာစာ အဓိက ကျောင်းသား ညိုထွန်းက ခွပ်ဒေါင်းအလံကို ပစ်ပေးလိုက်သည်။ သူဘယ်က ရလာသည်ကို စိုးအောင် မသိ။ ဘယ်ကရတာပဲဖြစ်ဖြစ် ခွပ်ဒေါင်းအလံသည် သူတို့ထိပ်ဆုံးတွင် ကြွားကြွားဝင့်ဝင့် ဖြစ်သွားသည်။ သူတို့တွင် တပ်ဦးရှိသွားလေပြီ။ ဌေးကြွယ်တို့ အောင်မျိုးတင့်တို့အဖွဲ့က ရှေ့ပိုင်းက ချီတက်သွားသည်။ မိန်းကလေး အရေအတွက်သည်လည်း ယောက်ျားလေး အရေအတွက်ထက် သိပ်မနည်း။ သူတို့လုပ်သောအလုပ်သည် ရိုးရိုးကလေးသာ ဖြစ်သည်။ ငြိမ်းငြိမ်းချမ်းချမ်း ချီတက် ဆန္ဒပြခြင်းသာဖြစ်သည်။ သူတို့လုပ်သောအလုပ်သည် သိပ်မခက်ခဲလွန်းလှ။ သို့သော် စွန့်စားမှုက ကြီးသည်။ အန္တရာယ်ရှိသောအလုပ်ဆိုတာ လူတိုင်းသိကြသည်။ ငြိမ်းချမ်းစွာဆန္ဒပြခြင်းသည် ကမ္ဘာတွင် လွယ်ကူသော နိုင်ငံရေး ဖော်ထုတ်မှုတခုဖြစ်သော်လည်း မြန်မာနိုင်ငံအဖို့မှာမူ အသက်နှင့်ရင်းရသော စွန့်စားမှုဖြစ်သည်။ သို့သော် မိုးထဲရေထဲတွင် အားမနွဲ့တတ်သော မိန်းကလေးတွေကိုတွေ့ရသောအခါ စိုးအောင် အားတက်မိသည်။ ချီးလည်း ချီးကျူးမိသည်။
ပြည်လမ်းမှ မြောက်ဘက်သို့ချီတက်ပြီး လှိုင်တက္ကသိုလ်ဆီ ဦးတည်လိုက်ကြသည်။ သို့သော် အင်းယားကန် မြောက်ဖျားသို့ရောက်သောအခါ စစ်တပ်က ရှေ့ကနေ ပိတ်ဆို့လိုက်သည်။ ကျောင်းသားတွေ ရပ်ပေးလိုက်ကြသည်။ တချို့က အေးအေးလူလူပင် ပြည်လမ်းမကြီးပေါ်ထိုင်ပြီး အနားယူရင်း အမောဖြေသည်။ စိုးအောင်သည်လည်း ထိုသို့ အေးအေးလူလူ အမောဖြေနေသူတွေထဲတွင် တယောက်အပါအဝင် ဖြစ်သည်။ လူထုက လမ်းဘေးမှ ထွက်ကြည့်ကြသည်။ တချို့က ရေထွက်တိုက်ကြသည်။ တချို့က မုံ့ပဲ သွားရေ စာများ ကျွေးမွေးသည်။ လူထုသည် ကျောင်းသားနှင့် မပူးပေါင်းသေး။ ဘေးကနေ အားပေးသည့်အဆင့်သာ ရှိသေးသည်။ ကျောင်းသားတွေကလည်း လူထုကို ပါဝင်ပူးပေါင်းဖို့ မတိုက်တွန်းသေး။ လူထုတိုက်ကျွေးသော ရေတပေါက်၊ မုန့်တချပ်နှင့် ကျေနပ်နေကြသည်။
ထိပ်ဆုံးက ခေါင်းဆောင်တွေက စစ်တပ်နဲ့ အပေးအယူလုပ် ဆွေးနွေးညှိနှိုင်းဖို့ ကြိုးစားကြသည်။ သို့သော် ဆွေးနွေးမှုက ရေရေရာရာ မရှိလှ။ စစ်တပ်ဘက်တွင် ဆွေးနွေးဖို့ အခွင့်အာဏာ ပါလာပုံမရ။ ကျောင်းသားဘက်ကလည်း ခေါင်းဆောင်ရယ်လို့ တကယ်တန်း တူတူတန်တန်ရှိလှသည် မဟုတ်။ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စိတ်ကူးရသူက ရှေ့ထွက် ခေါင်းဆောင်နေခြင်းသာ ဖြစ်သည်။ ထိုသို့ဖြင့် ဆွေးနွေးပွဲ အီနေစဉ် နောက်ဘက်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ကြိမ်ဖြင့်လုပ်ထားသော ဒိုင်းတွေ ကိုင်ဆောင်ထားသည့် လုံထိန်းအဖွဲ့သည် အငိုက်ဖမ်းပြီး ကားနှင့်တိုးဝင်လာသည်။
ထိုစဉ်က သူတို့ကိုင်သော ဒိုင်းတွေသည် ကြိမ်ဖြင့်ယက်လုပ်ထားပြီး စကောလို အဝိုင်းတွေ ဖြစ်သည်။ တုတ်တွေကတော့ မာကျောပါဘိခြင်း။ ထိုမာကျောသော တုတ်များဖြင့် ကျောင်းသားတွေကို ဖြိုခွင်းရိုက်နှက်နေလေသည်။ ပြည်လမ်းမသည် သွေးဖြင့် ချင်းချင်းနီလေသည်။ ခေါင်းများကို အဓိက ချိန်ရွယ်ရိုက်နှက်ကြသည်။ ခေါင်းနှင့် တုတ်ထိသော တခွပ်ခွပ်အသံတွေကို အကြိမ်ကြိမ်ကြားရသည်။ တချို့ကျောင်းသားများကို တွန်းလှဲပြီး နှစ်ယောက်သုံးယောက် ဝိုင်းဝန်း ရိုက်နှက်ကြသည်။ အော်ဟစ်သံ၊ နာကျင်ငြီးငြူသံ၊ ဆဲဆိုကြိမ်းမောင်းသံတို့ဖြင့် ပွက်လောရိုက်ဆူညံနေသည်။ လူကို ဝက်သတ်သကဲ့သို့ သုံးလေးယောက် ဝိုင်းသတ်ကြသည်။ ဝက်သတ်ရုံကို ရောက်နေသကဲ့သို့ပင်။
ကျောင်းသားတချို့က လမ်းဘယ်ဘက်ခြမ်းက လူနေအိမ်တွေထဲ ဝင်ပြေးသူ ပြေးကြသည်။ အင်းယားကန်ဘောင်ပေါ် တက်ပြေးသူက ပြေးကြသည်။ အိမ်တွေထဲပြေးကြသူတွေမှာ ကံကောင်းသူတွေ ဖြစ်ကြသည်။ တော်တော်များများ လွတ်သွားကြသည်။ ကန်ဘောင်ပေါ်တက်ပြေးသူ တော်တော်များများမှာ ခွေးတွေ နွားတွေလို သဘောထားပြီး ရက်ရက်စက်စက် လိုက်လံရိုက်နှက်သောဒဏ်ကို ခံကြရသည်။ ရေထဲကန်ချတာကို ခံကြရသည်။ ချောင်ပိတ် ရိုက်နှက်ဖမ်းဆီးတာကို ခံရသည်။
စိုးအောင်က ပထမ ကန်ဘောင်ပေါ် တက်ပြေးသည်။ ကန်ဘောင်ပေါ်ရောက်ပြီး ဘေးဘယ်ညာကို ကြည့်လိုက်သောအခါ သူ့လိုပင် ကန်ဘောင်ပေါ်ရောက်လာသော သူ့အခန်းဖော် မျိုးသိန်းကို တွေ့လိုက်ရသည်။ ဒီနေ့ချီတက်ပွဲတွင် မျိုးသိန်း ပါလာသည်ကို သူ မသိ။ သူ ပါလာသည်ကိုလည်း မျိုးသိန်း မသိ။ တခန်းထဲနေသော အခန်းဖော်နှစ်ယောက်သည် တယောက်နှင့်တယောက် မတိုင်ပင်ကြဘဲ ကိုယ့်အစီအစဉ်နှင့်ကိုယ်လာကြ၍ အင်းလျားကန်ဘောင်ပေါ်တွင် ချောင်ပိတ်မိသောအခါကျမှ နှစ်ယောက်ဆုံကြလေသည်။
“စိုးအောင်… ကန်ဘောင်ပေါ်ရောက်လာတဲ့သူတွေ အခြေအနေမကောင်းဘူးကွ”
မျိုးသိန်းက ရှေ့နောက် ဝဲယာကိုကြည့်ပြီး ပြောလိုက်သည်။ ကန်ဘောင်၏တောင်ဖျားမှ လုံထိန်းတပ်သားများ ပြေးလာကြသည်။ ကန်ဘောင်၏ မြောက်ဖျားမှ စစ်သားများ ပြေးတက်လာကြသည်။ ကန်ဘောင်၏ အနောက်ဘက် ပြည်လမ်းပေါ်တွင်မူ လုံထိန်းကားက တောင်မြောက်လွန်းထိုးပြေးလွှားကာ ကျောင်းသားတွေကို ကားနှင့် လိုက်တိုက်နေသည်။ သူတို့ အရှေ့ဘက်တွင်ကား အင်းလျားရေပြင်။ သူတို့ ပိတ်မိနေပြီကို နှစ်ယောက်စလုံး ရိပ်မိလာသည်။ ထိုသို့ရိပ်မိခြင်းသည် သူတို့ ကံကောင်းခြင်းပင်ဖြစ်သည်။ အခြေအနေ မဟန်မှန်းသိသည်နှင့်တပြိုင်နက် သူတို့ စွန့်စားဖို့ ဆုံးဖြတ်လိုက်သည်။ ပြည်လမ်းပေါ်က လုံထိန်းကား နောက်ပြန်လှည့်သွားပြီး ဝေးသွားသည့်အခိုက်တွင် လမ်းကိုဖြတ်ကူးကာ တဖက်က ခြံဝန်းတွေဆီ သူတို့နှစ်ယောက် ပြန်ပြေးခဲ့သည်။ ရိုက်သံတွေ အော်သံတွေကို နောက်ဘက်မှာ ဆူဆူညံညံကြားရသည်။
ခြံဝန်းထဲကိုရောက်သည်နှင့် စိတ်မချရသေး။ နောက်က လိုက်လာနေသေးသည်။ ခြံဝန်းအုတ်တံတိုင်းဆီ သူတို့ ပြေးကြသည်။ ခြံဝန်းအုတ်တံတိုင်းကို စိုးအောင်လက်ဖြင့် စမ်းကြည့်လိုက်တော့ လက်ဆန့်တန်းပြီး မီနိုင်ရုံသာ ဖြစ်သည်။ စိုးအောင်သည် ရိန်းဘားကစားနေကျဖြစ်သည်။ သူ့လက်နှင့်မီသော ဘယ်နေရာကိုမဆို သူ့အနေနှင့် လွယ်လင့်တကူ ဆွဲခိုတက်နိုင်လေသည်။ သူသည် တခြားသူများကို ဂရုမထားမိဘဲ အုတ်တံတိုင်းပေါ်သို့ ဆွဲခိုတက်လိုက်သည်။ အုတ်တံတိုင်းပေါ်ရောက်မှ အောက်ကိုပြန်ငုံ့ကြည့်လိုက်သောအခါ မျိုးသိန်းနှင့် တခြားကျောင်းသားများသည် အုတ်တံတိုင်းအနီးရှိ အိမ်သာခေါင်မိုးမှတဆင့် အုတ်တံတိုင်းပေါ်သို့ကူးနိုင်ရန် တန်းစီစောင့်ဆိုင်းနေကြသည်။
မျိုးသိန်းအနီးတွင် မိန်းကလေးတယောက်သည် ငိုင်ပြီးရပ်နေသည်။ သူသည် သူ့အလှည့်ရောက်သော်လည်း အိမ်သာခေါင်မိုးပေါ်သို့ပင်ရောက်အောင် မတက်နိုင်။ ထို့ကြောင့် ရပ်ပြီးငိုင်နေသည်။ ကျောင်းသားများသည်လည်း ကိုယ့်အသက်ကိုယ်သာ လုယက်အလွတ် ရုန်းနေချိန်ဖြစ်သောကြောင့် သူ့ကို ဘယ်သူမှ မကူနိုင်အားကြ။ သို့သော် မျိုးသိန်းက ထိုမိန်းကလေး၏အခက်အခဲကို ကောင်းကောင်း သတိထားမိလေသည်။
“စိုးအောင် သူ့ကို အပေါ်ကဆွဲတင်ပေးကွ။ ငါ ဒီက တွန်းတင်ပေးမယ်”
မျိုးသိန်းက မိန်းကလေးကို အောက်ကနေ တင်ပါးတွန်းတင်ပေးသည်။ စိုးအောင်က အပေါ်ကနေ လက်ကို လှမ်းဆွဲရသည်။ သည်လိုနှင့် မိန်းကလေးလည်း အုတ်တံတိုင်းကို ကျော်နိုင်သွားသည်။ မျိုးသိန်းနှင့် စိုးအောင်တို့လည်း အုတ်တံတိုင်းတဖက် ရောက်သွားကြသည်။
သို့သော် အုတ်တံတိုင်းတဖက်မှာ သူတို့ မနားရဲကြသေး။ ထိုခြံဝန်း၏ အုတ်တံတိုင်းကိုကျော်ပြီး နောက်ထပ် ခြံဝန်းတခုထဲကို ဆက်ဝင်ရပြန်သည်။ ထိုသို့နှင့် ခြံဝန်းတွေတခုပြီးတခု ဖြတ်ကျော်ပြေးလွှားပြီးမှ နောက်ဆုံးတွင် အင်းစိန်လမ်းဘက်အထိ ရောက်ခဲ့ရသည်။
ထိုနေ့က သူ့ခြေသလုံးတွင် သံဆူကြိုးနှင့်ခြစ်မိပြီး ဒဏ်ရာရခဲ့သည်။ ထိုအမာရွက်ကို စိုးအောင်သည် ဆုတံဆိပ်တခုလိုပင် တသက်လုံး မြတ်နိုးတွယ်တာနေမိလေသည်။
********
အင်းစိန်လမ်းမပေါ်ရောက်တော့မှ သူတို့ စိတ်အေးသွားကြသည်။ စိုးအောင်နှင့် မျိုးသိန်းတို့ လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်သောက်ရင်း အမောဖြေကြရသည်။
“ဟေ့ကောင်။ စိုးအောင်... မင်းကတော့ အပြေးချန်ပီယံပဲ၊ သိလား။ ပြေးလိုက်တာ တန်းနေတာပဲ။ အတူတူ ပြေးတဲ့သူ နောက်က ကပ်ပါမလာတာကိုတောင် သတိမရဘူး”
မျိုးသိန်းက သူ့ကို စလေသည်။ မျိုးသိန်းသည် သူ ကျန်းမာနေသ၍ တယောက်ယောက်ကို စနေနောက်နေရမှ ကျေနပ်သူ ဖြစ်သည်။ မည်သူတဦးတယောက်ကိုမှ သူ မစ၊ မနောက်လျင် သူ နေမကောင်းနေတာဖြစ်ဖို့သာ များလေသည်။ ထို့ကြောင့်လည်း သူ့ကို မျောက်ဟု အပေါင်းအသင်းများက ခေါ်ကြသည်။ သို့သော် အခု မျိုးသိန်း နောက်သောစကားသည် အမှန်တရားလည်းဖြစ်နေတာမို့ စိုးအောင် နည်းနည်းရှက်သွားသည်။ စိုးအောင်သည် ရှက်ရယ်ရယ်လိုက်ပြီး …
“မင်းက ငါ့ကို လျှောက်အပြစ်ပြောနေတာပါကွာ။ ငါ မသိရင် ခက်မယ်။ မင်း ဟိုကောင်မလေးကို ဖင်ကိုင်ချင်လို့ နောက်ချန်နေခဲ့ပြီးတော့...”
“အောင်မာ”
မျိုးသိန်းသည် ရယ်နေသောကြောင့် စကားချက်ချင်း မဆက်နိုင်။
“အောင်မာ... မင်းလည်း ကောင်မလေး လက်ဆွဲတာပဲ မဟုတ်လား”
“အေးလေကွာ။ ငါက လက်ဆွဲရုံတင်ဆွဲတာ မင်းက ကောင်မလေးဖင်ကိုင်တာ မဟုတ်လား”
မျိုးသိန်းမျက်နှာသည် ထူအန်းအန်းဖြစ်လာသည်။ မျိုးသိန်း ရှက်မည့်သာရှက်သည်။ တကယ်တော့ သူသည် မိန်းကလေးတယောက်ကို အသက်ကယ်တင်ခဲ့ခြင်းဖြစ်သည်။ အနိမ့်ဆုံးအဆင့် အသက်ကို ကယ်တင်နိုင်ခြင်း မဟုတ်ဆိုလျှင်တောင်မှ ထောင်မကျအောင် ကယ်တင်ခဲ့သည်ဟုဆိုလျှင် သိပ်မမှားနိုင်။
သူတို့လိုချင်သည်ကား အမှန်တရား။ သူတို့တောင်းဆိုသည်ကား ဒီမိုကရေစီနှင့် လွတ်လပ်မှု။ သူတို့ရခဲ့သည်မှာ ဒဏ်ရာ၊ နာကျင်မှု၊ သွေးစက်နှင့် အချုပ်ကား။ ထိုနေ့က တချို့ အရိုက်ခံကြရသည်။ တချို့ အဖမ်းခံခဲ့ကြရသည်။ တချို့ သေဆုံးခဲ့ကြရသည်။
အမှန်အတိုင်း ဝန်ခံရလျှင် ထိုနေ့က ဘယ်နှယောက်သေ ဘယ်နှယောက် အဖမ်းခံရသည်ကိုမူ စိုးအောင် သေသေချာချာ မသိပါ။ ကိုယ့်အသက်ကိုယ်သာ ကိုယ်လွတ်ရုန်းခဲ့ရသည်။ သေသောသူ အရေအတွက်ကို သူ ရေတွက်မနေနိုင်။ အကယ်၍ ရေတွက်နေလျှင်သူလည်း အသက်နှင့်ကိုယ် အိုးစားမြဲခဲ့မည်မဟုတ်။ စစ်အစိုးရမှတပါး ဘယ်သူမှလည်း သေသောသူ အရေအတွက်ကို သေသေချာချာသိကြမည် မထင်။ အဖျောက်အဖျက်ခံထားရသော သမိုင်းတခုအဖြစ် ထိုအချက်အလက်တို့မှာ ယနေ့အထိ ငုပ်လျှိုးနေဆဲသာဖြစ်သည်။ တံတားဖြူသည် နီခဲ့လေပြီ။
********
ဆက်လက်ဖော်ပြပါမယ်။
သူ့ရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment