Thursday, July 25, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၈

အခန်း - ၁၀ 

မြင်းခွာတချက်ပေါက်ရင် 
ဗမာတပြည်လုံး မီးဟုန်းဟုန်းတောက်စေရမယ်။ 

ဗကသခါင်းဆောင် ကိုဗဟိန်း 

၁၉၈၈ ခု သြဂုတ်လ၊ နိုင်ငံတဝန်း အခြေအနေ။ 

သြဂုတ်လ ၉ ရက်တွင် တနိုင်ငံလုံးရှိ မြို့ကြီး ၄၀ ကျော်တွင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သည်။ ထို့နောက် တဖြည်းဖြည်းဖြင့် တိုးပွားလာသည်။ 

ပဲခူး၊ သနပ္ပင်၊ ရေနံချောင်းတို့တွင် အရေးအခင်းအစပိုင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ချောက်မြို့၊ ဘိတ်မြို့၊ အထက်မင်းလှမြို့တို့တွင်လည်း ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ မော်လမြိုင်မြို့တွင်တော့ သြဂုတ်လ တတိယပတ်လောက်ကျမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ သို့သော် ဆုံးရှုံးမှုက ကြီးသည်။ လူအများအပြား သေဆုံးခဲ့သည်။ 

မန္တလေးတွင်လည်း ဆန္ဒပြပွဲအစောပိုင်း၌ ပစ်ခတ်မှုကြောင့် လူနှစ်ယောက် သေဆုံးခဲ့သည်။ နေရာအနှံ့၊ မြို့အနှံ့တွင် ပစ်ခတ်နှိမ်နင်းခဲ့သော်လည်း ဘယ်နေရာတွင်မှ ပစ်ခတ်ဖြိုခွင်းသောကြောင့် ငြိမ်သက်မသွား။ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားခဲ့လေသည်။ မန္တလေးတွင်လည်း ဆန္ဒပြပွဲသည် တန့်မသွား။ တန့်မသွားသည့်အပြင် သမဂ္ဂတွေ အစုံအလင် ထွက်ပေါ်လာသည်။ 

မင်းလှည်းအစီးပေါင်း တစ်ထောင်ကျော် မောင်းနှင်ဆန္ဒပြသော မြင်းလှည်းသမဂ္ဂ ဆန္ဒပြပွဲမှာ မန္တလေး တမြို့တည်းတွင်သာမြင်ရသည့် မြင်ကွင်းဖြစ်သည်။ မြင်းလှည်းသမဂ္ဂ ဆန္ဒပြပွဲကြီးမှာ လှပင်လှနေသေးတော့သည်။ ရှင်ပြု အလှူပွဲကြီး ကျင်းပနေသလားဟု ထင်မှတ်မှားရသည်။ 


ရွှခဲပွား လယ်သမားများက သိမ်းထားလယ်မြေပြန်ရရေး တောင်းဆိုဆန္ဒပြကြသည်။ လယ်မြေသိမ်းဆည်းမှုနှင့် လယ်သိမ်းဆန္ဒပြပွဲတွေမှာ ထိုစဉ်ကတည်းက ရှိခဲ့ခြင်းဖြစ်သည်။ 

စာသင်သံဃာတော် အများအပြားရှိသော မန္တလေးတွင် သံဃာတော်များမှာ ရှေ့တန်းက ဦးဆောင် ပါဝင်လာသည်။ ငြိမ်းချမ်းရေး စစ်ကြောင်းဆရာတော် ဦးကဝိန္ဒ၊ ဘုရားကြီးစစ်ကြောင်း ဆရာတော်ဦးရေဝတ၊ ဂဠုန်နီဆရာတော် ဦးကာဝိယတို့မှာ ရဟန်းရှင်လူတို့ လေးစားရိုသေကြသော ဦးဆောင်သံဃာတော်များ ဖြစ်လာကြသည်။ အိမ်တော်ရာ စစ်ကြောင်း၊ အောင်ဆန်းကြယ်နီ စစ်ကြောင်း၊ မြတောင်ကျောင်းတိုက်၊ ရှင်ဘို့မယ်ဘုရား၊ သကျသီဟဘုရားတို့မှလည်း သံဃာ အများအပြား ဦးဆောင်ထွက်ပေါ်လာသည်။ 

တာင်ကြီးမြို့တွင် ပအိုးဝ်တိုင်းရင်းသားများ ဦးဆောင်၍ လူပေါင်းသုံးသိန်းကျော် ဆန္ဒပြခဲ့ကြသည်။ ပအိုးဝ် ဦးကျော်သိန်းက ဆန္ဒပြပြည်သူတွေကို မိန့်ခွန်းပြောခဲ့သည်။ သပိတ်ကော်မတီဥက္ကဋ္ဌမှာ စဝ်စံထွန်း ဆေးရုံအုပ် ဆရာဝန်ကြီး ဖြစ်သည်။ 

ကယားပြည်နယ် ၆ မြို့နယ်ကျောင်းသားများက သြဂုတ်လအကုန်တွင် ဒီမိုကရေစီ ရှင်သန်ရေးအဖွဲ့ ဖွဲ့စည်းလိုက်သည်။ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းတို့၏ လူတန်းစားပေါင်းစုံ သမဂ္ဂဖွဲ့စည်း၍ ပြည်နယ်လုံးကျွတ် သပိတ်မှောက်ရန် ဆော်သြလာလေသည်။ 

ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားတွင်လည်း ဆန္ဒပြပွဲဖြစ်ပွားခဲ့သည်။ ချင်းပြည်နယ် ဟားခါးတွင်လည်း အလားတူ။ ရခိုင်ပြည်နယ်သည်ကား အတက်ကြွဆုံးဟုဆိုရမည့် ပြည်နယ်ဖြစ်သည်။ 

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် သံဃာများက “စိန်လွင် မပါ ဝေနေယျာ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ” ဟုမေတ္တာပို့ ဆုတောင်းခဲ့ကြသည်။ 

သြဂုတ်လ ၁၂ ရက်နေ့တွင် ဦးစိန်လွင် သမ္မတအဖြစ်မှ ပြုတ်ကျလေသည်။ ဦးစိန်လွင်၏ သမ္မတသက်တမ်းမှာ ၁၈ ရက်သာ ခံလေသည်။ လူတွေ အားတက်သွားကြသည်။ ဦးစိန်လွင် အုပ်ချုပ်သည့်ကာလအတွင်းတွင် ရန်ကုန်ပြည်သူ့ ဆေးရုံဝင်းကြီးအတွင်းအထိပင် ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် ဦးစိန်လွင်ကိုမုန်းသော လူထု၏အမုန်းမှာ ပြင်းထန်လှသည်။ 

ဦးစိန်လွင်ပြုတ်ကျသောအခါ သူ့ကိုမုန်းသော အမုန်းနှင့်ညီမျှလောက်အောင်ပင် လူတွေ ဝမ်းသာကြသည်။ ဆန္ဒပြသူတွေက စစ်သားတွေကို ဖက်ကကြသည်။ ထိုခေတ်က ဘရိတ်ဒန့်စ် ခေတ်ဖြစ်သည်။ စစ်သားတွေနှင့် ဆန္ဒပြသူတွေ လမ်းမပေါ်တွင် ဘရိတ်ဒန့်စ် ကကြသည်။ ပျော်စရာလည်း ကောင်းသည်။ ဝမ်းနည်းဖို့လည်း ကောင်းသည်။ ရင်နာဖို့လည်း ကောင်းသည်။ လူတွေသည် စစ်သားတွေကို စိတ်မနာနိုင်ကြသေး။ သို့မဟုတ် စိတ်နာပါလျက်နှင့် ချော့မြူစည်းရုံးဖို့ ကြိုးစားနေရဆဲဖြစ်သည်။ ပြည်သူ့စစ်သား တို့စစ်သားဟု လူထုတွေက အော်ဟစ်ကြွေးကြော်ကြသည်။ 

စစ်သားတွေကလည်း ထိုကာလကလေးတွင် တကယ်ပင် ပြည်သူ့စစ်သား ဖြစ်နေသကဲ့သို့ပင်။ လူထုနှင့် ပြေလည်မှုရသည်ကို သူတို့ ပျော်ရွှင်ကြသည်။ သို့သော် သည်လိုလမ်းပေါ်တွင် ဘရိတ်ဒန့်စ် အတူကနိုင်သော အခြေအနေမှာ သိပ်ကြာနိုင်မည်မဟုတ်သည်ကို သူတို့ မရိပ်စားမိကြ။ အရင်ကထက် ပိုမိုဆိုးဝါးသော အခြေအနေ အဖြစ်အပျက်တွေ ပေါ်ပေါက်လာလိမ့်ဦးမည် ဆိုသောအချက်ကိုလည်း ထိုစစ်သားနှင့် ထိုပြည်သူတွေ မရိပ်စားမိကြ။ အကယ်၍ ရိပ်စားမိသူရှိခဲ့မည်ဆိုလျှင်လည်း ထိုသူများမှာ စစ်တပ်ကို အမိန့်ပေးနိုင်သော အာဏာရှိသူများသာ ဖြစ်ပေလိမ့်မည်။ 

ဦးစိန်လွင် ပြုတ်ကျသွားပြီးနောက် သမ္မတအသစ် မတင်နိုင်ဘဲ မြန်မာနိုင်ငံသည် သမ္မတလက်မဲ့ဘဝနှင့် ၇ ရက် ကြာခဲ့လေသည်။ ထို့နောက်တွင်ကား လေသံပျော့ပျော့နှင့် နားချသိမ်းသွင်းတတ်သော ဒေါက်တာ မောင်မောင်သည် အစားထိုးဝင်ရောက်ပြီး သမ္မတဖြစ်လာသည်။ ဒေါက်တာမောင်မောင်သည် အလွန်ပျော့ပျောင်းသောလေသံဖြင့် ချော့မော့သည်။ လူထုစိတ်ဝင်စားလောက်စရာ ကတိတွေ ပေးသည်။ သမဂ္ဂအဆောက်အဦကြီးကို ပျော်ပျော်ပါးပါး အုတ်မြစ်ချကြရအောင်ဟု ဆိုသည်။ သို့သော် လက်တွေ့ ဘာမျှမပါ။ လူထုသည်ကား ပါးစပ်ကပေးသော ကတိစကားလောက်ကို နားမဝင်တော့လေပြီ။ မဆလ အစိုးရ၏ ကတိကဝတ်ကို လူထုက အယုံအကြည် ကင်းမဲ့ခဲ့လေပြီ။ 

ကျောင်းသားများသည် သမ္မတ ဒေါက်တာမောင်မောင်ကို မစောင့်တော့။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ကို ရန်ကုန်တက္ကသိုလ်အတွင်းရှိ သမဂ္ဂရင်ပြင်တွင် ကိုယ့်ဖာသာ ဖွဲ့စည်းလိုက်ကြသည်။ သမဂ္ဂ ဥက္ကဋ္ဌမှာ မင်းကိုနိုင်ဖြစ်ပြီး အတွင်းရေးမှူးမှာ မိုးသီးဇွန်ဖြစ်သည်။ မရှေးမနှောင်းမှာပင် မင်းဇေယျ၊ ဌေးကြွယ်တို့ ဦးဆောင်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ (မကသ) လည်း ပေါ်ထွက်လာသည်။ မန္တလေးမြို့တွင်လည်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် အထက်ဗမာပြည်သည် တချိန်တည်းလိုလိုပင် ပေါ်ထွက်လာခဲ့သည်။ 

အရေးတော်ပုံတောမီးသည် တနိုင်ငံလုံးသို့ တဟုန်းဟုန်းကူးစက် တောက်လောင်ခဲ့လေပြီ။ ကမ္ဘာတွင် အကြီးဆုံးသော ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး ပေါ်ပေါက်လာခဲ့ချေပြီ။ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၀၀ ကျော်တွင် ဆန္ဒမပြသောမြို့ဟူ၍ တမြို့မျှပင် မကျန်တော့ချေ။ 

ထိုသို့ နိုင်ငံတဝန်း လူထုအုံကြွမှုကြီး အရှိန်မြင့်တက်လာသော သြဂုတ်လကုန်ရက်ပိုင်းမှာပင် အင်းစိန်ထောင် အပါအဝင် မြို့ပေါင်း ၉ မြို့ရှိ ထောင်များမှ ရာဇဝတ်အကျဉ်းသား ကိုးထောင်ကျော်ကို လွှတ်ပေးလိုက်သည်။ ထို့နောက် အဆိပ်ခပ်သည်ဟူသော သတင်းများ၊ မီးကွင်းပစ်သည်ဟူသော သတင်းများ ထွက်ပေါ်လာကြသည်။ အခြေအနေသည် ကျီိးလန့်စာစားဖြစ်လာလေသည်။ 

စက်တင်ဘာလ ၁ ရက်နေ့တွင် ဗန္ဓုလပန်းခြံ၊ ကနေဒီကျွန်း၊ စမ်းချောင်း ပဒုမ္မာကွင်း၊ အလုံ သခင်မြပန်းခြံတို့မှ စစ်ကြောင်း လေးကြောင်းခွဲ၍ ချီတက်ဆန္ဒပြပွဲကြီး ပြုလုပ်ခဲ့သည်။ ထိုနေ့တွင် ရန်ကုန်မြို့၌ မိုးသည်းထန်စွာ ရွာသွန်းလေသည်။ မိုးရွာသော်လည်း ဆန္ဒပြသူတို့ လူစုမခွဲခဲ့ကြ။ မိုးထဲလေထဲတွင် မိုးနှင့်လေနှင့် အတူချီတက်ခဲ့ကြသည်။ နောက်ဆုံးတွင် မိုးစဲသွားသည့်တိုင် လူမစဲခဲ့ကြ။ ထိုနေ့က မိုးရေထဲတွင် ချီတက်ဆန္ဒပြသူ ၅ သိန်း ကျော်ခဲ့လေသည်။ ဆန္ဒပြသူတွေထဲတွင် ရဲတချို့ ယူနီဖောင်းဝတ်ဆင်ပြီး ပါဝင်ဆန္ဒပြလာကြလေသည်။ 

တနိုင်ငံလုံး အုန်းအုန်းကျွက်ကျွက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆန္ဒပြနေချိန်တွင် သမ္မတဦးမောင်မောင်က ယနေ့ဆန္ဒပြမှု၌ လူတိုင်းစေ့မပါ၊ လူနည်းစုသာဖြစ်သည်၊ အိမ်မှုတာဝန်ထမ်းဆောင်နေသူ များစွာကျန်သေးသည်ဟု ဆိုလိုက်သည်။ ထို့ကြောင့် ဆရာဝန်ကြီး ဒေါက်တာသာလှ၏ဇနီး ဦးဆောင်သော အိမ်ရှင်မများသမဂ္ဂသည်လည်း လမ်းပေါ်ချီတက်လာလေသည်။ အိမ်ရှင်မများသမဂ္ဂက “ကြားပြီလားဟေ့ မောင်မောင်ရေ၊ ဒီမိုကရေစီ ပေးလိုက်ပါလား” ဟု ကြွေးကြော်လေသည်။ ဒန်အိုး၊ ဒယ်အိုး၊ စကောများကို ကိုင်ဆောင် ဆန္ဒပြကြသည်။ စကောများတွင် “မဆလ ပါတီဟာ စကောလောက်မှ စောက်မနက်” ဟု ရေးသားထားကြလေသည်။ ထိုမျှသာလော။ မကသေးချေ။ 

“ဒီမိုကရေစီ ရရှိရေး၊ ဒို့အရေးလို့ဆို.... ဒို့အရေးလို့ဆို...” 

ထိုအသံကား အခြားမဟုတ်။ အလှဖန်တီးရှင်များသမဂ္ဂ၏ ကြွေးကြော်သံ ဖြစ်လေသည်။ 

စက်တင်ဘာလ ၄ ရက်နေ့တွင် စသုံးလုံးတွေကိုင်ဆောင်သော လက်နက်များကို အစိုးရက သိမ်းဆည်းလိုက်သည်။ မဆလ အစိုးရသည် ကိုယ်ကကျူးလျှင် ဒူးကိုပင် မယုံနိုင်တော့ချေ။ 

စက်တင်ဘာလ ၆ ရက်တွင် ထိုစဉ်က သက်ရှိထင်ရှားရှိနေသော ရဲဘော်သုံးကျိပ်ဝင် ၉ ဦးက စစ်တပ်ကို လူထုဘက်ရပ်ရန် တောင်းဆိုလိုက်သည်။ သက်ရှိထင်ရှား ရဲဘော်သုံးကျိပ်ဝင် ၁၁ ဦးအနက် ၉ ဦးက တောင်းဆိုလိုက်ခြင်း ဖြစ်သည်။ ကျန်နှစ်ဦးမှာ ဦးနေဝင်းနှင့် တရုတ်ပြည်တွင်ရောက်နေသော ဗိုလ်မှူးချုပ် ကျော်ဇောတို့ ဖြစ်သည်။ ထို့နောက် စက်တင်ဘာလ ၉ ရက်နေ့တွင် တပ်မတော်လေမှ စစ်သား ၂၀၀ ကျော် လူထုနှင့်အတူ ပူးပေါင်းဆန္ဒပြလာကြလေသည်။ တပ်မတော်(ရေ) ကလည်း ပူးပေါင်းပါဝင်မှုတွေလုပ်လာသည်။ 

******** 

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: