Monday, July 8, 2013

ကံ့ကော်ပွင့်၏ သံမဏိဝတ်ဆံ (ဆက်နိုင်မင်း) - ၎

အခန်း - ၅ 

ရဲရင့် ကျောက်ခက်တို့ ပြိုနေဆဲ… 
ငါ့အတွက် အဖြေရှာနေတုန်းပေါ့ 
တချို့တွေ နေနိုင်လွန်းတယ်။ 

(တေးရေး ကိုနေဝင်း၊ နောက်ဆုံးအိပ်မက်) 

သူတို့ရင်ခုန်သံကို သူတို့ပန်ကြားနေရသည်။ ထိုအချိန်သည် သူတို့ကံကြမ္မာကိုဆုံးဖြတ်မည့် တခဏဖြစ်သည်။ လုံထိန်းတွေ စစ်သားတွေသည် ရေချိုးခန်းကို စေ့စေ့စပ်ရှာဖွေလျှင် သူတို့ကို မိတော့မည်။ အကယ်၍ တံခါးကို ဝတ်ကျေတန်းကျေသာ ဖွင့်ကြည့်ပြီး လှည့်ပြန်သွားလျှင် သူတို့ လွတ်နိုင်သေးသည်။ 

မျက်နှာချင်းဆိုင်နံရံပေါ်တွင် မှန်ရှိသည်။ မှန်ထဲကနေ လှမ်းကြည့်လျှင် ရေချိုးခန်းဝင်ပေါက်ကို မြင်ရသည်။ ဝင်ပေါက်ကနေ ထိုမှန်ကိုကြည့်လျှင်လည်း သူတို့ကို မြင်ရမည်သာ။ သူတို့ စိတ်မလုံ။ ကိုယ်ကို တတ်နိုင်သမျှ ကျုံ့ထားကြသည်။ မလှုပ်ရဲကြ။ လှုပ်လျှင် မျက်လုံးထောင့်ကမြင်ရစေဦးတော့ သတိပြုမိသွားနိုင်သည်။ သည်တော့ တတ်နိုင်သမျှ ငြိမ်ငြိမ်နေကြရသည်။ အကယ်၍ ဝင်လာသူသည် မှန်ကိုမကြည့်ဘဲ အခန်းထဲကိုသာဝေ့ကြည့်ပြီး လှည့်ပြန်သွားလျှင် သူတို့ကို မြင်မည်မဟုတ်။ သူတို့ လွတ်နိုင်သေးသည်။ 

ရချိုးခန်းတံခါးသည် ကျွီခနဲ ပွင့်သွားသည်။ ကျယ်လောင်လှဘိတကား။ 


သို့သော် ရေချိုးခန်းထဲသို့ ဝင်လာသူသည် သူတို့ မျှော်လင့်ထားသလို စစ်သားတယောက်မဟုတ်ပေ။ ဆရာမ တယောက်ဖြစ်သည်။ ထဘီကို ရင်လျားထားသည်။ တဘက်တထည်ဖြင့် အပေါ်ပိုင်းကို လွှမ်းခြုံထားသည်။ လက်ထဲတွင် ရေခွက်၊ ဆပ်ပြာခွက်တွေနှင့်။ တချို့သူတွေ ပြေးနေကြဆဲ။ တချို့သူတွေ လိုက်နေကြဆဲ။ တချို့သူတွေက ပုန်းအောင်းနေကြသည်။ သို့သော် တယောက်သော သူကတော့ အေးအေးဆေးဆေး ရေချိုးဖို့ ရေချိုးခန်းထဲ ရောက်လာသည်။ လောကကြီးသည် သူစိမ်းဆန်လှချေသည်တကား။ 

ဆရာမသည် သူတို့ကို မမြင်။ သူတို့က ဆရာမ လုပ်နေသမျှကို မှန်ထဲက မြင်နေရသည်။ ဆရာမသည် တဘက်ကို တန်းပေါ်တင်လိုက်သည်။ ဆရာမ၏ ရင်ညွန့်ဝင်းဝင်းကို မြင်လိုက်ရသည်။ သို့သော် သူတို့ မျက်နှာ မလွှဲရဲကြ။ အသက်မရှူဘဲ မှန်ထဲသို့ စိုက်ကြည့် အကဲခတ်နေကြသည်။ ဆရာမသည် သီချင်းတပုဒ်ကို ခပ်တိုးတိုးညည်းလိုက်သေးသည်။ ရေတခွက်ကိုခပ်ပြီး လောင်းလိုက်သည်။ ထို့နောက် ဘာစိတ်ကူးပေါက်သည် မသိ။ ရေကန်တဖက်ခြမ်းသို့ လျှောက်လာသည်။ လူသုံးယောက်ကို ဘွားခနဲ သူတွေ့လိုက်လေသည်။ ဆရာမသည် အမလေး ဟု အလန့်တကြားအော်ပြီး ထွက်ပြေးလေသည်။ သူ့အသံသည် ဘယ်အထိပြေးသွားလေမည် မသိ။ 

သည်နေရာသည် မလုံခြုံတော့။ စိုးအောင်တို့ ရေချိုးခန်းထဲက ထွက်ရပြန်သည်။ ရုတ်တရက်တော့ ဘယ်သူမျှ ရောက်မလာ။ အဆောင်တခု၏ ထောင့်ချိုးကို သူတို့ အကာအကွယ်ယူပြီး လမ်းပေါ်သို့ အကဲခတ်ကြသည်။ လုံထိန်းတအုပ်စု ရောက်လာကြသည်။ အဆောင်ထောင့်ချိုးတွင် သူတို့ ငြိမ်နေကြသည်။ ထိုလုံထိန်းစစ်သားအုပ်စု ဖြတ်သွားသည်နှင့် သူတို့ အမြန်ထွက်ပြီး လမ်းတဖက်ကို ဖြတ်ကူးလိုက်ကြသည်။ 

သို့သော် သူတို့ ဖြတ်အကူးတွင် တခြားထောင့်ချိုးတခုမှ လုံထိန်းတွေ ဘွားခနဲ ပေါ်လာကြပြန်သည်။ နောက်ပြန်ဆုတ်ဖို့ အချိန်မမီတော့။ သူတို့ မျက်စိမှိတ်ပြီး ရှေ့ကို မြန်မြန်ပြေးကြသည်။ ကံကောင်းသည်။ လုံထိန်းတွေသည် သူတို့ကို မမြင်။ သူတို့သည် တခြားအဆောက်အဦတွေကို အကာအကွယ်ယူပြီး တနေရာပြီးတနေရာ ကူးလာကြသည်။ နောက်ဆုံးတော့ အတန်အသင့် လုံခြုံသောနေရာတခုသို့ ရောက်လာသည်။ 

ထိုနေရာသည် ဆောက်လက်စ အဆောက်အဦတခုဖြစ်သည်။ အဆောက်အဦထဲရောက်ပြီးမှ ပြင်ပကို ချောင်းကြည့် အကဲခတ်ကြရသည်။ စီးပွားရေးတက္ကသိုလ်ကျောင်းသား ဝင်းစိန်သည် အလုပ်သမားတန်းလျားတွင် အလုပ်သမားတွေကို ကူညီရင်း ထမင်းချက်၊ ကလေးထိန်းပေးနေသည်ကို မြင်ရသည်။ စောစောက လုံထိန်းတပ်သားတွေ အလုပ်သမားတန်းလျားဘက် ရောက်လာတာကို အဆောက်အဦထဲတွင် ပုန်းအောင်းရင်း စိုးအောင် မြင်နေရသည်။ မြင်ကွင်းကား စဉ်းစားကြည့်လျှင် အသဲယားစရာ မြင်ကွင်းပေတကား။ စွပ်ကျယ်ချိုင်းပြတ်နှင့် ကလေးကို တဖက်တွင် ခါးထစ်ခွင် ချီထားရင်း မီးဖိုကမီးကို တဖူးဖူးမှုတ်နေသော ဝင်းစိန်ဘေးမှ လုံထိန်းတွေ ဥဒဟို ဖြတ်သန်းသွားလာနေကြသည်ကို လှမ်းမြင်နေရသည်။ စိုးအောင် စိတ်ထဲက ကြိတ်ပြုံးမိသည်။ သည်လို အခြေအနေကို ဖြတ်သန်းဖို့ရာ သတ္တိကောင်းဖို့လိုသလို ဣနြေ္ဒကောင်းဖို့၊ မင်မောင်းကောင်းဖို့လည်း လိုသည်ဟု စိုးအောင်တွေးပြီး ချီးကျူးမိသည်။ 

******** 

ထိုအချိန်တွင် မောင်အေးတို့အုပ်စုက ရတနာဆောင်ထဲ ရောက်သွားသည်။ သို့သော် သူတို့အတွက်လည်း မလုံခြုံပါ။ ရဲလား စစ်သားလာမသိသော လုံခြုံရေးတွေက မိန်းကလေးဆောင်ထဲအထိ ဝင်ရောက် ရှာဖွေကြသည်။ မိန်းကလေးဆောင်၏ အိမ်သာနှင့် ထဘီသေတ္တာပါမကျန် အားလုံး လှန်လှောရှာဖွေကြလေသည်။ သို့သော် ကျောင်းသူတွေက ကျောင်းသားတွေကို လွယ်လွယ်နှင့် အဖမ်းမခံ။ ယောက်ျားလေးတွေကို မိန်းကလေးတွေက ဝိုင်းရံထားပြီး ကာကွယ်ထားကြသည်။ 

အဆောင်ရှေ့ကွက်လပ်တွင် ကျောင်းသားနှင့် ကျောင်းသူတို့သည် တယောက်ခြားစီ လက်ချင်းချိတ်ပြီး စက်ဝိုင်းပုံ ရပ်နေကြသည်။ ထိုစက်ဝိုင်း၏ အလယ်တွင် ကျောင်းသားတယောက်က ဂစ်တာတီးနေသည်။ ကျန်ကျောင်းသားကျောင်းသူတွေက ဝိုင်းပြီး သီချင်းသီဆိုကြသည်။ ကမ္ဘာမကြေ သီချင်း။ 

ထိုစက်ဝိုင်း၏ ဘေးတွင်လည်း အဆောင်ကျောင်းသူ အများအပြားက ထပ်မံဝိုင်းရံထားပြီး လုံထိန်းတွေက ခပ်လှမ်းလှမ်းက ချောင်းနေလေသည်။ 

လုံထိန်းတို့မှာ ရှေ့မတိုးသာ။ ရှေ့တိုးလျှင် အဆောင်ကျောင်းသူ မိန်းကလေးတွေကို အရင် ရိုက်နှက်ရပေလိမ့်မည်။ 

ပါမောက္ခချုပ် ဒေါက်တာချစ်ဆွေ ရောက်လာပြီး ကျောင်းသားတွေ လိုက်သွားကြဖို့ ဖျောင်းဖြသည်။ ကျောင်းသားတွေရော ကျောင်းသူတွေကပါ သဘောမတူ။ ကျောင်းသားတွေကို မဖမ်းဖို့ အာမခံပါသည်ဟု ဒေါက်တာချစ်ဆွေက ဆိုသည်။ ဒါဆို အချုပ်ကားနဲ့ မခေါ်နဲ့ ဘတ်စ်ကားနဲ့ ခေါ်လှည့်ဟု ကျောင်းသားတွေက တောင်းဆိုသည်။ ဒေါက်တာချစ်ဆွေက အာဏာပိုင်တို့နှင့် တိုင်ပင်ဆွေးနွေးသည်။ ထို့နောက် သူတို့ သဘောတူပြီး ဘတ်စ်ကား စီစဉ်ပေးသည်။ 

ဘတ်စ်ကားသည် ကျောင်းကိုပတ်ပြီး တက္ကသိုလ် ဓမ္မာရုံသို့ မောင်းသွားသည်။ တက္ကသိုလ်ဓမ္မာရုံထဲသို့ ရောက်သောအခါ မောင်အေးတို့အဖွဲ့ကို အချုပ်ကားထဲပြောင်းထည့်လိုက်သည်။ ငြင်းဆန် ကန့်ကွက်သူတို့ကို နံပါတ်တုတ်ဖြင့် ရိုက်နှက်သည်။ သေနတ်ဒင်နှင့် ထုသည်။ နောက်ထပ် တခြားကျောင်းသားတွေကိုလည်း သည်ကားထဲမှာပင် ထိုးသိပ်ထည့်သည်။ နောက်ထပ်ရောက်လာသော တချို့ကျောင်းသားတွေကို အသားတင်သော အလုံပိတ်ကားထဲတွင် ထိုးသိပ်ထည့်သွားသည်ဟု ဆိုသည်။ ထိုနေ့က သူတို့ကိုဖျောင်းဖျကြသော ပါမောက္ခချုပ်ဒေါက်တာချစ်ဆွေကို အာဏာပိုင်တို့က လိမ်လိုက်လေသလား။ ဒေါက်တာချစ်ဆွေကပင် သူတို့ ကျောင်းသားတွေကို လိမ်လိုက်လေသလားဆိုသည်ကိုကား သူတို့ မသိပါချေ။ ယနေ့တိုင် မသိပါချေ။ 

ထိုနေ့က ကားတွေထဲတွင် ကျောင်းသား တရာကျော် အသက်ရှူကြပ်သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့သည်။ ထိုသို့သတင်းတွေ ထွက်ပေါ်ပြီးနောက် ကားထဲတွင် ကျောင်းသား ၄၁ ယောက် သေဆုံးခဲ့သည်ဟု အစိုးရက နောက်ပိုင်းတွင် အတည်ပြုဝန်ခံခဲ့သည်။ 

******** 

 စိုးအောင်တို့ သုံးယောက်သည် ဆောက်လက်စ အဆောက်အဦကြီးထဲတွင် နာရီအတန်ကြာ ပုန်းအောင်းနေကြရသည်။ စိုးအောင်သည် ဟိုဟိုသည်သည် မျက်စိကစားကြည့်ရှူထားသည်။ သည် အဆောက်အဦထဲကို လုံထိန်းတွေဝင်လာလျှင် ဘယ်လို ဆက်ပြေးမည်၊ ဘယ်မှာ ပုန်းအောင်းမည်ဆိုသည်ကို စိတ်ကူးတွေးတောနေသည်။ 

အုတ်နီခဲတွေပုံထားတာ တွေ့ရသည်။ လုံထိန်းတွေဝင်လာပြီး သူတို့ကို ရိုက်နှက်လျှင် သည်အုတ်ခဲတွေနှင့် ခုခံ ကာကွယ်ရမည်လားဟု သူ စဉ်းစားသည်။ သိပ်မကောင်း။ လုံထိန်းတယောက်တလေကို သူ နိုင်ချင်နိုင်မည်။ သတိမေ့သွားအောင်လုပ်ချင် လုပ်နိုင်မည်။ သေချာသည်မှာကား သူမလွတ်နိုင်။ သေပင် သေသွားနိုင်သည်။ လုံထိန်းတွေသည် တယောက်ချင်း မလာ။ အုပ်စုနှင့်သာ လာကြ၊ လှုပ်ရှားကြသည်။ သူတို့သည် တိုက်ခိုက်ဖို့ရော၊ သတ်ဖြတ်ဖို့ရော လေ့ကျင့်ထားကြသူများဖြစ်သည်။ သူတို့ကို ခုခံလျှင် သူတို့က သတ်မည် မုချ။ သူတို့သည် သတ်ဖို့ အမိန့်ရထားပြီးသား ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့သတ်လျှင် တရားဝင်သည်။ ဥပဒေနှင့် ညီသည်။ ကိုယ်က သတ်လျှင်ကား လူသတ်မှု ဖြစ်သည်။ ဥပဒေဆိုသည်ကား သည်သို့ပါတကား။ စိတ်ထဲက ကြိတ်ပြီး သရော်လိုက်မိသေးသည်။ ခုခံဖို့ အကြံကို သူလက်လျော့လိုက်သည်။ ထောင်ကျတာကမှ လွတ်လမ်းရှိဦးမည်။ ခုခံတာက သေလမ်းဘက် ပိုများသည်။ လုံထိန်းစစ်သားတွေကို သတ်လိုက်ရလျှင်လည်း မိမိအတွက် ဘာမျှအကျိုးမရှိ။ သူတို့သည် ရန်သူမဟုတ်။ သူတို့သည် ရန်သူ၏ လက်ပါးစေမျှသာဖြစ်သည်။ မိမိတို့ တိုက်ဖျက်နေသည်မှာ ထိုသူတွေကို မဟုတ်။ စစ်အာဏာရှင်စနစ်ကိုသာ ဖြစ်သည်။ 

ဘိလပ်မြေအိတ်တွေပုံထားတာတွ့ရသည်။ ထိုဘိလပ်မြေအိတ်တွေကြားမှာ ပုန်းလို့ရနိုင်သည်။ ရွေဘော်ထိုးလက်စ အသားတို အသားစတွေကိုလည်း တွေ့ရသည်။ ဆောက်လက်စ ထိုအဆောက်အဦထဲတွင် အတိုအစတွေ ဆောက်လုပ်ရေး ပစ္စည်းတွေ ရှုပ်ပွေနေလေသည်။ 

ညနေစောင်းသည်အထိ လုံထိန်းတွေ ရောက်မလာကြ။ နေရောင်ကျသွားချိန်တွင် သူတို့၌ အခြားစိုးရိမ်စိတ်တမျိုး ဝင်လာပြန်လေသည်။ ညအချိန်ရောက်လျှင် ထပ်မံပြီး ပိုက်စိပ်တိုက် ရှာဖွေကြဦးမလားဆိုတာ သူတို့ စိုးရိမ်လာသည်။ ညအချိန် ထပ်မံစီးနင်းလျှင် ဘယ်သူမှ သိကြမည်မဟုတ်။ တခါတည်း ကိစ္စတုံး ဖျောက်ဖျက် သတ်ဖြတ်ပစ်တာမျိုးအထိ လုပ်ကောင်းလုပ်နိုင်သည်ဟု သူတို့ တွေးတောမိကြသည်။ သည်အဆောက်အဦထဲမှာ ညအိပ်ဖို့ ဘယ်လိုမှ မသင့်။ မမှောင်ခင် သူတို့ ထွက်ခွာဖို့ စီစဉ်ကြသည်။ 

သူတို့ အဆောက်အဦထဲက ထွက်လာသောအခါ ဝင်းစိန်တို့သည်လည်း အလုပ်သမားတန်းလျားမှ ပြန်ကြဖို့ ပြင်ဆင်နေလေပြီ။ ကျောင်းဝန်းထဲတွင် လုံထိန်းတို့ မရှိကြတော့။ သို့သော် ကျောင်းဝန်းပတ်ပတ်လည်ကို စစ်တပ်က ဝိုင်းထားတုန်းဖြစ်သည်။ 

အံ့သြစရာတော့ကောင်းသည်။ လွတ်နေသော ကျောင်းသားတွေ တော်တော်များသေးသည်။ ကျောင်းထဲတွင် လုံထိန်းတွေလည်း မရှိတော့သလို အပုပ်ချိန်လည်း ရောက်လာပြီမို့ ဟိုကသည်က အလျှိုအလျှို ထွက်လာကြသည်။ တကယ်တော့ တက္ကသိုလ်နယ်မြေသည် ကိုယ့်အိုးကိုယ့်အိမ်ဖြစ်သည်။ ထို့ကြောင့်လည်း လုံထိန်းတွေ ပိုက်စိပ်တိုက်ရှာဖွေသည့်တိုင် ကျောင်းသားတချို့ လွတ်အောင် ပြေးနိုင်ခဲ့ကြသည်ဟု ဆိုရမည်။ 

ကျာင်းဝန်းထဲကထွက်နိုင်ဖို့ သူတို့ အကြံထုတ်ကြရပြန်သည်။ ကျောင်းကိုဝိုင်းထားသော စစ်သားတွေကို ဘယ်လို ဖြတ်ကျော်ကြမည်နည်း။ သူတို့ အကြံထုတ်နေစဉ်မှာပင် အဆောင်နေ ကျောင်းသားအုပ်စုတစုသည် သေတ္တာတွေ အိတ်တွေ တနင့်တပိုးသယ်ဆောင်ပြီး အဆောင်ထဲကထွက်လာကြသည်။ 

“ဟေ့... ခင်ဗျားတို့ ဘယ်သွားကြမလို့လဲဗျ” 

“ကျောင်းပိတ်လိုက်ပြီလေ။ ခင်ဗျားတို့ မသိသေးဘူးလား။ ကျုပ်တို့ ဘူတာဆင်းကြတော့မလို့လေ” 

“ဟာ... ဟုတ်လား။ ပေး... ပေး။ ခင်ဗျားတို့ အိတ်တွေ ကျနော်တို့ ကူဆွဲပေးမယ်” 

စိုးအောင်တို့ထဲက တယောက်က သွက်သွက်လက်လက် ဝင်ပြောလိုက်သည်။ သူကား လင်းအောင်။ လင်းအောင်သည် အရေးကြုံလျှင် လှစ်ခနဲ ချက်ချင်းအကြံဉာဏ်ထွက်တတ်လောက်အောင် ဉာဏ်ကောင်းသူ ဖြစ်သည်။ ဉာဏ်ကောင်းသည်မှာ သိပ်မပြောလောက်သေး။ ချက်ချင်း ဉာဏ်ထွက်တတ်ခြင်း၊ ဉာဏ်သွက်ခြင်း၊ လှစ်ခနဲ လှစ်ခနဲ ပါးနပ်လိမ္မာတတ်ခြင်းမှာ ချီးကျူးလောက်သည်။ လူတကိုယ်တွင် တကွက်ကောင်း ရှိတတ်ကြလေသည်။ 

ဘူတာဆင်းမည့်ကျောင်းသားတွေကလည်း အခမဲ့ကူလီထမ်းမည့်သူတွေ ရောက်လာသောကြောင့် ဝမ်းသာကြသည်။ စိုးအောင်တို့ကလည်း ကျောင်းထဲကထွက်ဖို့ အခွင့်အလမ်းပေါ်လာသည့်အတွက် ဝမ်းသာကြလေသည်။ အပေါက်ဝတွင် စောင့်နေသော စစ်သားသည် ငယ်ငယ်ကလေးသာရှိသေးသည်။ ၁၆ နှစ်ပင် ပြည့်ဦးမည် မထင်ချေ။ ဘူတာဆင်းမည့် ကျောင်းသားများကို သူသည် ဘာမှ မစစ် မဆေးဘဲ သွားခွင့်ပြုလိုက်သည်။ အခက်အခဲကို အောင်မြင်စွာကျော်ဖြတ်နိုင်ပြီမို့ စိုးအောင် အူမြူးပြီး နောက်ချင်လာသည်။ လက်တဖက်က အိတ်ကိုဆွဲထားရင်း ကျန်လက်တဖက်က ဆေးပေါ့လိပ်ကို ထုတ်လိုက်သည်။ စစ်သားကလေး အနားသို့ ကပ်သွားပြီး သေနတ်ပြောင်းဝကို လက်ညှိုးထိုးပြရင်း … 

“ညီလေး မီးတို့လို့ရလား” 

စစ်သားလေးသည် အူကြောင်ကြောင်နှင့် ခေါင်းကိုယမ်းပြလေသည်။ 

အပြန်လမ်းပေါ်တွင် ထောက်လှမ်းရေးတွေ နောက်ကလိုက်လာလျှင် သူတို့ကို ကျောင်းသားမှန်း မရိပ်မိအောင်ဟုဆိုကာ စိုးအောင်နှင့် ညိုထွန်းက အရက်မူးသမားယောင်ဆောင်ပြီး ပေါက်ကရလေးဆယ် လျှောက်ပြောသည်။ လင်းအောင်က မင်းတို့လုပ်တာတွေက ရှက်စရာကြီးကွာဟု ကန့်ကွက်သည်။ နောင်တွင် ပြန်တွေးကြည့်သောအခါ တခါတလေ စိုးအောင် ရှက်သည်။ တခါတလေ စိုးအောင် ရယ်ချင်သည်။ မှန်သည်။ သူတို့တွင် ထောက်လှမ်းရေး တစ္ဆေခြောက်ခဲ့သည့် ကာလများရှိခဲ့ဖူးသည်။ ထောက်လှမ်းရေးကို ပိုတွက်မိသောကြောင့် သူတို့အချင်းချင်းအကြားတွင် မလိုလားအပ်ဘဲ သံသယပွားခဲ့ရတာတွေလည်းရှိသည်။ 

ဘာပဲပြောပြော ထိုနေ့ကလည်း စိုးအောင်တို့ လွတ်ခဲ့ပြန်သည်။ စိုင်ကို မုဆိုးက ပြေးနည်းသင်ခဲ့လေပြီ။ စိုးအောင်သည် ရှောင်တတ်တိမ်းတတ်သော ပါးပါးနပ်နပ် ကျောင်းသား နိုင်ငံရေးသမားတယောက် ဖြစ်လာသည်။ သူ ဘယ်လောက်ကြာအောင် တိမ်းရှောင်နိုင်မည်ဆိုတာကိုတော့ သူ မခန့်မှန်းတတ်ပါ။ 

မဆလ အစိုးရသည် ကျောင်းသားတို့ကို အကြိမ်ကြိမ် ရန်ငြိုးဖွဲ့ခဲ့ပြီ။ ပြည်သူလူထုကို အကြိမ်ကြိမ် စိမ်ခေါ်ခဲ့လေပြီ။ တောကြိုအုံကြား မကျန်၊ လှည်းနေလှေအောင်း မြင်းဇောင်းပါ မကျန် တနိုင်ငံလုံး အုံကြွလှုပ်ရှားကြမည့် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ ရှေ့ပြေးအချင်းအရာတို့ စုံလင်ခဲ့လေပြီ။ တိုင်းပြည် သိမ့်သိမ့်တုန်တော့မည်တည်း။ 

******** 

ဆက်လက်ဖော်ပြပါမယ်။ 

သူ့ရဲ့ဖေ့ဘုတ်က ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments: